Sunday, January 29, 2012

မြန်မာနိုင်ငံရဲ့စစ်ကြောရေးစခန်း ကိုယ်တွေ့မှတ်တမ်း "စစ်ကြောရေး"(၃)


ထိုအချိန်က တဆိတ်ရှိရင် ဖေါက်ခွဲရေးသမား ဆိုပြီး ပြည်တွင်းပြန်ဝင်တဲ့ ကျောင်းသားတွေကို စွပ်စွဲတယ်။ ကျနော်တို့ဟာ ပြည်သူအတွက် အသက်စွန့်ပြီး လက်နက်မဲ့ အကြမ်းမဖက် တော်လှန်သူခဲ့သူတွေပါ။ ကျနော်တို့တွေချစ်တဲ့ ပြည်သူတွေ အသက်တွေ သေကြေစေမယ့် ဖေါက်ခွဲရေး လုပ်ငန်းတွေကို လုပ်လိမ့်မယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလို ပြည်သူတွေကြားမှာ ဖေါက်ခွဲရေးလုပ်ဖို့ဆိုတာ သတ်ရဲတဲ့ သတ္တိရှိရပါ့မယ်။ မိဘဆွေမျိုးတွေ သူငယ်ချင်းတွေ မိတ်ဆွေတွေ နေ့စဉ်မြင်တွေ့နေရတဲ့ အပြစ်မဲ့လူတွေကို သတ်ရဲတဲ့ သတ္တိမျိုး ကျနော်တို့မှာ မရှိပါဘူး။

သေရဲတဲ့ သတ္တိတော့ ကျနော်တို့မှာ ရှိပါတယ်။

သေရဲတဲ့သတ္တိကို ကျနော်တို့ပြသခဲ့ပြီးပါပြီ။ ဆက်လက်ပြီးတော့လဲ ပြသနေတုန်းပါပဲ။
သေရဲတဲ့သတ္တိနှင့် တိုက်ပွဲဝင်နေကြသော အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရိုသေစွာ ဦးညွှတ်ပါသည်။
သေရဲတဲ့ သတ္တိနှင့် တိုက်ပွဲဝင်ပြီး ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ ၀ိဥာဉ်ကို ရိုသေစွာ ဦးညွှတ်ပါသည်။


-------

"ဟေ့ကောင် မင်းဘယ်တုန်း စပြီးတော့ ဆူပူမှုတွေကို ပါဝင်ပတ်သက်ခဲ့တာလဲ"
"ရှစ်လေးလုံးတုန်းကပါ" ။  ဖြောင်းခနဲနေအောင် ပါးရိုက်ခံလိုက်ရတယ်။
ဘာကြောင့်ရိုက်လဲ မပြောဘူး။ ကျနော်အထင်တော့ ရှစ်လေးလုံးဆိုတဲ့ ဝေါဟာရ ကို သူတို့ နားဝင်ပီယံ ဖြစ်ပုံမရဘူး။

" မင်းတို့ ဘာရည်ရွယ်ချက်နှင့် တထောင့်ကိုးရာရှစ်ဆယ့်ရှစ်မှာ ဆူပူမူတွေ လုပ်တာလဲ" မေးတော့


"မဆလ အစိုးရကို မကြိုက်လို့ပါ"
"ဘာလို့ မကြိုက်တာလဲ"
 ကျနော်လည်း ဘယ်လိုဖြေရရင်ကောင်းမလဲတောင် မစဉ်းစားတတ်တော့ဘူး။ မေးခွန်းကိုက ရိုက်ချင်လို့ မေးနေတာလေ။

စိတ်ကိုတင်းပြီး........

"ပိုက်ဆံတွေ သိမ်းလိုက်တာနှင့် ကျောင်းသားတွေ သတ်တာကို မကြိုက်လို့ပါ" လို့ ကျနော်ဖြေချ လိုက်တယ်။
စိတ်ထဲမှာတော့ နောက်ပါးတချက်လို့ တွေးလိုက်မိတယ်။ ဒါပေမယ့် သူတို့က ဒီတခါတချက်တော့ မရိုက်ဘဲ ဆက်ပြောတယ်။


"အေး.. ကောင်းပြီ အခု တပ်မတော်က နိုင်ငံတော်အာဏာကို လွဲပြောင်းယူပြီး ဖြေရှင်းပေးနေပြီလေကွာ"

"မင်းတို့ ဘာကြောင့် အာခံနေသေးလဲ" ကျနော်တော့ နာပြီလို့ သိလိုက်ပါတယ်။ အကောင်းဆုံးအဖြေကို ကျနော်ရွေးလိုက်တယ်။
"........." ကျနော်မဖြေတော့ဘူး။
"ဟေ့ကောင် ဖြေလေကွာ"
" မင်း မဖြေဘူးလား"
"........" ကျနော်ငြိမ်နေတယ်။

ကျနော်တို့ တိတ်ဆိတ်သွားတယ်။ ကြောက်စရာကောင်းတဲ့ တိတ်ဆိတ်ခြင်းကြောင့် အချိန် တမိနစ်ဟာ တကမ္ဘာလောက်ကြာတယ်လို့ ခံစားရတယ်။ ကျနော့်ကို ထိုးထားတဲ့ မီးစလောင်းက ကျီး ဆိုပြီး မြည်နေတဲ့ အသံကလွဲလို့ တခြားဘာသံမှ မကြားရဘူး။

    ဒီ့နောက်တော့ သူတို့အပြင်ထွက်သွားကြတယ်။
ကျနော် တယောက်တည်းပဲ မီးမောင်းတွေ အပြင်းထိုးခံနေရရင်းနဲ့ ကျန်ခဲ့တယ်။ ခန္ဓာကိုယ် အတွင်းက အဖျားအပူရှိန်ရော၊ အပြင်က မီးထိုးခံထားရတဲ့ အပူရှိန်ကြောင့်ပါ ကျနော့်တကိုယ်လုံး ပူလောင်လာတယ်။ ရေကလည်း မခံမရပ်နိုင်အောင် ငတ်လာတယ်။ စူးရှတဲ့ မီးမောင်းဒဏ်ကို ခံနိုင်ဖို့ မျက်လုံးတွေကို ကြိုးစားပြီး ပိတ်ထားပေမယ့်လည်း ခဏပါပဲ။ ကျနော့် မျက်နှာ တခုလုံး ပူကျက်လာပြီး မီးမြှိုက်နေသလို ခံစားရတယ်။ မရတော့ဘူး။ ကျနော်ဘယ်လိုမှ မခံနိုင်တော့ဘူး။


.................." အား "....................

မခံနိုင်တော့တဲ့ အဆုံးမှာတော့ ခန္ဓာကိုယ်ထဲက ရှိရှိသမျှ အင်အားတွေကိုစုစည်း ညှစ်ထုတ်ပြီး အသားကုန်ကို အော်ပစ်လိုက်တယ်။
အဓိပ္ပာယ်မဲ့ အသံတွေ ကျနော့်ဆီက စူးရှကျယ်လောင်စွာ ထွက်သွားတယ်။ ကိုယ့်ကိုကိုယ်လည်း ဘာမှန်းမသိတော့ဘူး။
ကျနော် ဘယ်လောက်ကြာအောင် အော်နေမိမှန်း မသိတော့ပါဘူး။ အခြေအနေကတော့ ဘာမှထူးမလာခဲ့ဘူး။ နောက်ဆုံးမှာ အော်နိုင်တဲ့ အင်အားမရှိတော့လို့ ကျနော် အလိုလိုရပ်သွားတယ်။ မောဟိုက်ပြီး ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေချိန်မှာတော့ အခန်းထဲကို  ၀ုန်းဝုန်း ဒိုင်းဒိုင်းနဲ့ လူတယောက်ဝင်လာတယ်။


"ဟေ့ ဒီကောင်လေးကို ဘယ်သူ စစ်ကြောနေတာလဲ"

"ဘယ်မှာလဲ ဒီကောင်တွေ"
အာဏာရှိပုံရတဲ့ စောစောက ဝင်လာတဲ့ လူက မေးတယ်။ နောက်က လိုက်လာတဲ့ လူတွေအသံနဲ့အတူ ဖြေနေတာတွေကိုပါ ခပ်တိုးတိုး ကြားနေရတယ်။ ခဏကြာသွားတယ်။ နောက်တော့ အဲဒီလူကြီးက " မီးတွေ ပိတ်လိုက်စမ်းကွာ" တဲ့။


မီးတွေပိတ်လိုက်တော့ မီးကျီခဲကို ရေနဲ့လောင်းလိုက်သလိုပါပဲ။ ကျနော့် ခန္ဓာကိုယ်ထဲက  အငွေ့တွေထွက်နေသလိုမျိုး ခံစားလိုက်ရတယ်။

" ဟေ့ ကောင်လေး မင်းကို ငါပြောမယ် သေသေချာချာနားထောင် မင်းကို အခု ရေတိုက်မယ် ထမင်းကျွေးမယ် ဟုတ်ပြီလား" ကျနော် ကြိုးစားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
"အေး မင်းကို မသေစေချင်ဘူးကွာ ဟုတ်ပြီလား။ ငါ့သားတွေတောင် ဗိုလ်ကြီးတွေ၊ နိုင်ငံတော်ကို ကာကွယ်နေတာ"
" မင်းက ငါ့သားလောက်တောင် မရှိဘူး။ ငါသနားလို့ ဟုတ်ပြီလား"
"မင်း လုပ်ခဲ့သမျှကို မင်းထိုင်စဉ်းစား၊  မင်းကို စာရွက်နှင့် ဘောလ်ပန် ပေးမယ် မင်းအကုန်ရေး"
" မင်း ဘာလိုလဲ ရေချိုးမလား၊ မင်းလုပ်ချင်တာ အကုန်လုပ် မင်းရေးတာတော့ မှန်ကန်ပါစေ၊ အေး.... မင်း မမှန်မကန်ရေးရင်တော့ ငါလည်း မတတ်နိုင်ဘူး"
"မင်းဆီ ဟိုအဖွဲ့တွေ ပြန်လာလိမ့်မယ်"
" ကြားလား " လို့ကျနော်ကို ပြောပါတယ်။ ကျနော်လည်း
  "ဟုတ်ကဲ့" လို့ အသံထွက်အောင် ကြိုးစားပြီး ပြောလိုက်ပါတယ်။

ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း..... ကျနော် ရေသောက်ရတော့မယ်။

ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း..... ကျနော် ရေသောက်ရတော့မယ်။


သည့်နောက်မှာတော့ သတိဆွဲ အလေးပြုသံ၊ ခြေထောက်ရိုက်သံတွေ ကျနော့် ပတ်ဝန်းကျင်မှာ ထွက်လာသည်။ ထိုလူကြီး ထွက်သွားပုံရသည် တံခါးပိတ်သွားတာနဲ့

အခန်းထဲက လူတွေ တီးတိုးတီတိုး စကားပြောသံတွေကြားရပြန်ရော။ အခန်းတံခါးကို သော့မခတ်ထားလို့ တယောက်နှင့် တယောက် အပြစ်တင်နေတာတွေလည်း ကြားရတယ်။  ကျနော့်ကို စာရေးဖို့ ပြောသွားတဲ့ လူကြီးကို မကျေမနပ်ဖြစ်နေကြပုံရတယ်။
 ရုတ်ချည်းဆိုသလိုပဲ ကျနော့် ခေါင်းတွေ မူးတက်လာတယ်။  စိတ်လှုပ်ရှားသွားတဲ့ ဒဏ်ကို မခံနိုင်လို့ဖြစ်မယ်။ သူတို့က
ကျနော့်ကို ထိုင်ခုံနဲ့ လက်ထိပ်ကို ဖြုတ်ပြီးဆွဲထူလိုက်တော့  ကျနော် ပုံရက်သား ခွေကျသွားတော့တယ်။ ကြိုးစားပြီး ပြန်အထမှာတော့ အနောက်ကနေ

"မအေ+ိုးလေး စောက်ပိုလုပ်မနေနဲ့ ငါရိုက်သတ်လိုက်ဦးမယ် ဂြိုလ်ကောင်" လို့ပြောပြောဆိုဆိုနဲ့ ကန်ထည့်လိုက်တယ်။

ကျနော် ဝုန်းကနဲဆိုပြီး အရုပ်ကြိုးပြတ် ပြိုလဲကျသွားတယ်။ ကျနော်တကယ်ပဲ မရပ်နိုင်တာပါ။ ရပ်ဖို့ ကြိုးစားလိုက်တိုင်း ခြေထောက်တွေက တဆတ်ဆတ် တုန်နေတယ်။ တကယ် မဟန်နိုင်တဲ့အကြောင်းကို ရှင်းပြဖို့ အသံလည်း မထွက်တော့ပါဘူး။

ကျနော့်ကို ခေါင်းစွပ်ပြန်စွပ်ပြီး အကျီချွတ်လိုက်တယ်။ နောက် ပုဆိုးပါ ဆွဲချွတ်လိုက်တယ်။ လက်ထိပ်လည်း နောက်ပြန်ခတ်လိုက်တယ်။


ပြီးတော့ တယောက်တဖက်ဆီမပြီး ဆွဲခေါ်သွားတယ်။ ဘယ်ကိုလဲ။ ဘာလုပ်ကြဦးမှာလဲ။ ကျနော် စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ ရောပြွန်းပြီး အရမ်းကို ဝမ်းနည်းသောက ရောက်ရပါတယ်။ စဉ်းစားကြည့်လေ။ အခုဆို ကျနော့ကိုယ်မှာ ဗလာကျင်းနေပြီ။ လူတွေကြားထဲ ခေါ်ထုတ်သွားမှာလား၊ တကိုယ်လုံးချွတ်ပြီး ဘာလုပ်မှာလဲ......


ထိုအခိုက်မှာ ရုတ်တရက်ဆိုသလိုပဲ လတ်ဆတ်တဲ့ ပြင်ပလေထုက ကျနော့်ခေါင်းစွပ် ညှီစို့စို့ ကို တိုးဝှေ့ပြီးဝင်လာတယ်။  တောင်တောင်အီအီ စဉ်းစားမနေတော့ဘဲ လေရှူဖို့ အခွင့်အရေးရခိုက် ခေါင်းစွပ်ထဲကနေပဲ ပြင်ပလေကို အငမ်းမရ ရှူပစ်လိုက်တယ်။ ဒီလိုနဲ့ သူတို့ဆွဲခေါ်ရာကို ဒရွတ်ဆွဲပြီး ပါသွားတယ်။ ခဏကြာတော့ ကျနော့်ကို နေရာတခုမှာ ထိုင်ခိုင်းတယ်။ ကြမ်းကစိုစွတ်ပြီး ချောနေတယ်။ ပတ်ဝန်းကျင်မှာ ရေရှိတဲ့ အနေအထားမျိုး အေးမြမြ ခံစားရလိုက်ရတယ်။ ကျနော် အကြီးအကျယ် တုန်လှုပ်သွားတယ်။  မမြင်နိုင်မှန်း သိပေမယ့် ခေါင်းစွပ်ထဲကနေ မျက်လုံးကို အစွမ်းကုန် ပြူးကြည့်မိတယ်။ ကြောက်စိတ်ကြောင့် ရင်တွေကို တဒိန်းဒိန်း ခုန်လာတယ်။ ဘုရား ဘုရား....ရေတွေရှိရာကို ခေါ်လာတာပဲ။ ရေတွေ......ရေတွေ......ဘာလုပ်မလို့ပါလိမ့်။

သူတို့ ကျနော့်ကို ဘာများ လုပ်ကြဦးမလို့ပါလိမ့်။

ထိုအချိန်မှာပဲ........


" ဟေ့ကောင် ခေါင်းငုံထား မော့မကြည့်နှင့် ဘေးဘယ်ညာမကြည့်နဲ့"

"ဘာမှလုပ်ဖို့ မကြိုးစားနဲ့။  ပစ်သတ်လိုက်မယ် ကြားလား" လို့ ငေါက်သံနဲ့အတူ  သေနတ်မောင်းတင်တဲ့ အသံကိုပါကြားလိုက်ရပါတယ်။
ပြီးတော့ ကျနော့် ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည်။ အေးမြလတ်ဆတ်တဲ့ သဘာဝလေနုအေးက ကျနော့်မျက်နှာကို ညင်သာစွာ ပွတ်သတ်လိုက်သလိုပါပဲ။ ဘ၀မှာ မကြုံစဖူး ကောင်းလိုက်တဲ့ လေနုအေးရဲ့ အထိအတွေ့။
ဒါတောင် သူတို့ပြောသလို ခေါင်းငုံထားရလို့ပေါ့နော်။ မျက်နှာကို မော့ပြီးသား အားရပါးရ ခံစားလိုက်ရရင်.................

ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ပြောတဲ့ အတိုင်း ခေါင်းကို ငုံ့ထားပါတယ် ။ ဘေးဘီကို ကြည့်ဖို့လည်း ကျနော် မကြိုးစားဘူး။ ရေပုံးနဲ့ ရေခပ်လိုက်သံကြားလိုက်ရတယ်။ ပြီးတော့ ကျနော့်ကိုယ်ပေါ်ကို ရေတွေ ဗွမ်းကနဲ ကျလာတယ်။  တဗွမ်းဗွမ်းနဲ့ သုံးလေးပုံး ဆက်တိုက်ကျလာတယ်။ ကျနော်ဝမ်းသာလိုက်တာ။ တကိုယ်လုံးကို လန်းသွားတာပဲ။  လောင်းတဲ့သူကလည်း ဆက်တိုက် လောင်းနေတယ်။ ကျနော်ချမ်းတက်လာတဲ့အထိ ဆက်လောင်းနေတယ်။


ထိုအခိုက်မှာပဲ "ဘာလုပ်တာလဲ " လို့တယောက်က လှမ်းအော်မေးသံ  ကြားရတယ်။ ကျနော့်ကို ရေလောင်းနေတဲ့ လူက အဘဆိုလား အဘကြီးဆိုလား ခိုင်းတာလို့ ပြန်ဖြေတာသံပါ ကြားလိုက်ရတယ်။ မေးတဲ့ လူကဆဲဆိုပြီး ထွက်သွားတယ်။ ပြီးတော့ ကျနော်ကို ခေါင်းစွပ်ပြန်စွပ်ပြီး အထဲကို  ပြန်ခေါ်သွင်းလာတယ်။ အခန်းထဲရောက်တော့ ကျနော့်ကို စောစောကချွတ်ထားတဲ့ ပုဆိုးနဲ့ အကျီ င်္ကို ပြန်ဝတ်ပေးပြီး ခုံမှာထိုင်ခိုင်းတယ်။  လက်တဖက်ကိုတော့ ထိုင်ခုံနဲ့တွဲပြီး လက်ထိပ်ခတ်လိုက်တယ်။


ကျနော့်ရှေ့က စားပွဲပေါ်မှာတော့ စစ်စိမ်းရောင် သံပန်းကန်ပြားတချပ်ထဲမှာ ချဉ်ဟင်းဆမ်းထားတဲ့ ထမင်းကို ဘဲဥတလုံး။ ထို့အပြင် ဝမ်းသာစရာ အကောင်းဆုံး မြင်ကွင်းကတော့ အတူ စစ်မက်ခွက်နဲ့ ထည့်ထားတဲ့  ရေတခွက်ပါ။  ကျနော် ဝမ်းသာအားရနဲ့  ရေကိုအရင်ဆုံး ကောက်သောက်လိုက်ပါတယ်။ ရေဟာ ခြောက်သွေ့အက်ကွဲနေတဲ့ လည်ချောင်းတလျှောက်ကို အက်စစ်စီးကြောင်းလို ဖြတ်ဆင်းသွားတယ်။ လည်ချောင်းတွေ ဆူးပြီး ရှလိုက်တဲ့ ဒဏ်ဟာ နားထဲအထိကို ထိုးတက်သွားပြီး မချိမဆန့်ခံလိုက်ရတယ်။ " အား ".. ဆိုပြီး ကျနော်အသံတောင် ထွက်သွားတယ်။


ဘေးကတယောက်က သနားတဲ့ ဂရုဏာသံနှင့်  "ကောင်လေး ဖြေးဖြေး သောက် လည်ချောင်းစိုရုံလောက် သောက်" လို့ ပြောတယ်။ နားကြားများ လွဲသွားသလားလို့တောင် ထင်ရတယ်။ အရိုင်းတွေကြားက ဂရုဏာသံတခု။  ကျနော်က အသံလာရာဖက်ကိုလှည့်ကြည့် မလိုဖြစ်သွားတော့ "ဟိတ် ကောင် မင်းသေချင်လား မင်းကိုကျွေးတာကို မြန်မြန်မျိုကွ" ဆိုတဲ့ ရိုက်နှက်နေတုန်းက ကြားနေကျ အသံတခုထွက်လာတယ်။ ကျနော်လည်း အရှေ့က ထမင်းပန်ကန်ကို လက်ထိပ်ဖွင့်ထားတဲ့ လက်နဲ့ လှမ်းနှိုက်လိုက်တယ်။ ထမင်းလုပ်ကို ဆုပ်ထားတဲ့ ကျနော့် လက်တွေ တုန်နေတယ်။ ထမင်းလုပ်ကို ပါးစပ်ထဲရောက်အောင် မနည်းကြိုးစားသွင်းပြီးသွင်းလို

က်တယ်။ အမလေး ဆိုးလိုက်တဲ့ ဝေဒနာ။  သံမှိုအထွေးလိုက် မြိုချလိုက်သလိုမျိုး နာကျင်ဆူးရှစွာ လည်ချောင်းထဲကို ဆင်းသွားတဲ့ ခံစားမှုကို ရလိုက်တယ်။ မျက်လုံးကိုမှိတ်၊ စိတ်ကိုတင်းပြီး နောက်တလုပ် ထပ်ထည့်၊ နောက် တလုပ် ထပ်ထည့်နဲ့ တဖြည်းဖြည်း ကျနော့်ဗိုက်တွေ ဆာလာပြီး အရမ်းစားချင်စိတ်တွေ ဖြစ်လာတယ်။

အဲဒီအချိန်မှာ တံခါးက" ၀ုန်း "ဆိုပွင့် လာပြီး "ဟာ" ဆိုတဲ့ အသံနက်ကြီးနဲ့ ကျနော့်ထမင်းပန်ကန်ရှိတဲ့ စားပွဲကို ကန်ပစ်လိုက်တယ်။ ထမင်းပန်ကန်တွေက လွင့်ပျံကျပြီး ကျနော့ရှေ့က စားပွဲလည်း ဘေးကိုရောက်သွားတယ်။ ထိုလူက ကျနော့်ကို ဆက်ကန်လိုက်တယ်။ ကံကောင်းလို့ ရင်ဝကို မထိပဲ ဗိုက်ကို ထိပြီး ကျနော်နဲ့တွဲပြီး လက်ထိပ်ခတ်ထားတဲ့ ခုံက ဘေးတိုက် လဲပြိုကျသွားတယ်။

"ဘယ်မအေ+ိုးက ကျွေးတာလဲ ဘယ်ကောင်လဲ မင်းတို့ ဘယ်သူအမိန့်ရလဲ"
" ဒါငါ့ကေ့စ် ငါ့စိုစ့်ကွ ငါ့တာဝန် ဘယ်ကောင်ရှုပ်တာလဲ ငါ+ိုးမသားတွေ"
"ငါက +++လှမ်း ကို ရီပို့တင်ရတော့မှာ အချိန်မရှိတော့ဘူး ဘယ်ကောင် ဆရာလုပ်တာလဲ"
(ကျနော်မမှတ်မိတော့ဘူး သူပြောတာ ကကလှမ်း ဆိုလား ဘာလား မသေချာဘူး)

ပြောဆိုကြိမ်းမောင်းရင်း ဘေးစောင်းခုံနဲ့အတူ လဲကျနေတဲ့ ကျနော့်ကို ထပ်ကန်ပါတယ်။ ခေါင်းကိုထိပြီး ကျနော်ခေါင်းထဲ မိုက်ခနဲဖြစ်ပြီး မူးနောက်တက်သွားတယ်။


ကျနော့်ကို ခုံနဲ့အတူ ပြန်ထောင်လိုက်တယ်။ ခုံနှင့်တွဲထားတဲ့ လက်တဖက်က လက်ကောက်ဝတ်ကနေ ပြုတ်ထွက်သွားပြီလားလို့တောင် ထင်လိုက်ရသည်။ ပြီးတော့ ကျနော့ဝမ်းဗိုက်ကို ဆက်တိုက်ထိုး လေးငါးချက်လောက် ထိုးသွင်းလိုက်တာ ကျနော်ကြိုးစားပြီး စားထားသမျှ ရေနဲ့ ထမင်းစေ့တွေ ပြန်အံထွက်လာတယ်။ အွန့်  အွန့် ဆိုပြီး ကျနော့် တကိုယ်လုံး တုန်ခါနေပြီး အသက်ဆက်ရှုလို့ မရတော့ဘူး။  ဘေးကနေ တယောက်က  ကျနော့် ဂုတ်ပိုးကို ဖုန်းဖုန်း နှင့် ရိုက်ပေးတော့မှ အသက်ပြန်ရူလို့ရသွားတယ်။


"သေပေ့စေ ထားလိုက် သေသွားရင် မင်းတို့ ဒီဖိုင်ကို မင်းတို့ဆက်ရေး ငါ++မသားတွေ"

" သွားထွက်သွားကြစမ်း ငါ+++++ " အဲဒီလူအတော်သောင်းကျန်းတာ။ ကျန်တဲ့ လူတွေကလဲ တလုံးမှ မရှင်းပြဘူး။ ဘာမှမပြောဘူး ကြောက်လိုက်ကြတာ ငြိမ်နေတာပဲ။ တံခါးပြန်ပိတ်သွားတော့ အဲဒီလူက စားပွဲကို တကျီကျီ မြည်အောင် ပြန်ဆွဲလိုက်ပြီး အောက်က ထမင်းပန်ကန်နှင့် ရေခွက်တွေကို သူအားရပါးရ ဂလုံဂလန်မြည်သံတွေ ဆူညံသွားအောင် ကန်လိုက်တယ်။ ခွက်က ကလောင်လောင်နှင့် လည်နေတဲ့ အသံတောင် ကြားရသည်။

သူက ကျနော်ရှေ့ကို ရောက်နေတဲ့ စားပွဲစောင်းမှာ ထိုင်ပြီး ကျနော့်ဆံပင်ဆွဲပြီး ပြောလိုက်တယ်။


"ဟေ့ကောင် မင်း well-train ဆိုတာ ငါသိတယ် မင်းကို ဘယ်သူသင်ပေးလဲ ငါသိတယ်"

"ငါ့ကို ဘာမှ မူယာမာယာတွေ များဖို့ မကြိုးစားနဲ့"
" မင်းတို့ ဘယ်မှာ ဖေါက်ခွဲမှာလဲ နောက်ထပ် ဘယ်သူတွေ ကျန်သေးလဲ ငါ့ကို ပြော" သူက အံကြိတ်ပြီး ကျနော့်ကို လေးလေးနက်နက် ပြောလိုက်တယ်။ ကျနော် အတော်ကြောက်သွားတယ်။
" ဗျာ... ကျနော် ကျနော် ဘာကိုမှ ဖေါက်ခွဲဖို့ လာတာမဟုတ်ပါဘူး ဗျာ"
"ကျနော် အကြမ်းမဖက်တဲ့လိုင်းကပါ" လို့ တုန်တုန်ရီရီနှင့် ပြောလိုက်တော့ ကျနော့် ပါးကို ဖြောင်းဖြောင်းနေအောင် ဘယ်ပြန်ညာပြန်ရိုက် လိုက်တယ်။ ပြီးတော့ သူထလိုက်ပြီး သူထိုင်တဲ့ စားပွဲကို ကန်တွန်းလိုက်သည်။

"မင်းအေးဆေးဆေး ပြောလိုက်ရင် မင်းကို ငါအစိုးရသက်သေ အဖြစ်ထားပေးမယ်"

"မင်းဘ၀အေးအေးဆေးဆေး မင်းအိမ်ပြန် မင်းအဖေနဲ့ နေလို့ရမယ် ပုံမှန်ပေါ့ကွာ"
"မင်းကို နိုင်ငံတော်က ထောက်ပံ့ကူညီမယ် မင်းဘာမှမပူရဘူး အကုန်စီစဉ်ပေးမယ်"
"ဘယ်လိုလဲကွ ကောင်လေး မင်းပြောလိုက် အကုန်အေးအေးဆေးဆေး ပြီးသွားမယ်"
"မင်းလဲ အသားမနာတော့ဘူး မသေတော့ဘူး ဘယ်လိုလဲ ပြောပြမလား"လို့ ကျနော့ကို သူမေးလိုက်တယ်။

"ဗျာ.. တကယ်ကို ကျနော်ဘာမှ မသိပါဘူး။ ကျနော် ဘာသင်တန်းမှလဲ မတက်ဖူးတာ အမှန်ပါ"

သူဒေါသတကြီး ကျနော့် ခြေထောက်ကို ပစ်ကန်လိုက်သည်။ ပြီးတော့ လှမ်းအော်လိုက်တယ်။
" အပြင်က ဟိုကောင်တွေ စက်ယူလာခဲ့ ကြိုးအပိုပါဆွဲလာ"
" မင်းက ငါ့ကို စမ်းတယ် ဟုတ်လား မအေ+++လေး"
သူပြောနေရင်း ဆေးလိပ်ထုတ်သောက်လိုက်သည်။

"မင်းစဉ်းစား စဉ်းစား ငါ့ဆေးလိပ်ကုန်ရင် မင်းအချိန်စေ့ပြီ" သူသောက်နေချိန်မှာပဲ လူသုံးယောက်လောက် ၀င်လာသည်။ စားပွဲကို ဆွဲလိုက်သည်။ စားပွဲပေါ်မှာ တစုံတခုကို တင်လိုက်တယ်။ ပြီးတော့ ကလိနေတယ်။ ခဏနေတော့ လှည့်လိုက်ရင် " ဝေါ " ဆိုပြီး ဒိုင်နမို အရာမျိုး လေးလေးပင်ပင် လည်သံလိုတခု ကြားလိုက်တော့ ကျနော်ထင်လိုက်တယ်။ ငါ့ကို ကျဉ်စက်ဆိုတာနဲ့ စစ်ပြီလို့။

သူပြောတာတွေ ဖြေရအောင် ကျနော်မှ ဘာသင်တန်းမှ မတက်ဖူးသလို၊ ဘယ်နေရာမှလဲ ဖေါက်ခွဲဖို့  တိုင်ပင်ဖိုနေနေသာသာ မစဉ်းစားဖူးပါဘူး။ ဘာတွေပြောရမှာလဲ ကျနော် ကိုယ်တိုင်တောင် မသိဘူး။ ကျနော်ရင်ထဲပြီး ဆို့နင့်လာတယ်။ သေနတ်တွေပစ်နေတဲ့ အချိန်မှာ လမ်းမပေါ်ကို ကျနော် တက်ရဲခဲ့ပေမယ့်၊ အခုလို နှိပ်စက်နေတာမျိုးတော့ မခံနိုင်ဘူး။ ဒါပေမယ့်လည်း မခံချင်လို့မှမရတာ။ ဘုရားတရားသာ အာရုံပြုထားလိုက်တော့တယ်။
(ဆက်ရေးပါမည်)

( ကျနော့်တို့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခဲ့တဲ့ သနက(၄)တပ်လဲ နောက်တော့ ဂိုဏ်းတွေကွဲတဲ့အခါ အာဏာရှင်ဗိုလ်ချုပ်တွေ ကိုယ်တိုင်က တပ်အစိတ်စိတ် အမွှာမွှာခွဲ ပစ်လိုက်တာပါပဲ။ တချိန်က ကျောင်းသားလူငယ်တွေကို နှိပ်စက်ပြီး ရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အဖြစ်ပြောဆိုခဲ့တဲ့သူတွေ နိုင်ငံတော်သစ္စာစောင့်သိသူတွေ အဖြစ်ရင်ကော့ခဲ့ကြသူတွေ သနက(၄)မှ စစ်ထောက်လှမ်းအရာရှိတွေ အခုတော့ လူကြီးမင်းတို့ စောင့်သိခဲ့သော သစ္စာတွေ သတ္တိတွေ ရက်စက်မှုတွေ လက်မရွံ့မှုတွေက နိုင်ငံတော်အတွက်လား လက်တဆုပ်စာ လူတန်းစားအတွက်လား ဆိုတာကို သိနေလောက်ပြီလို့ ထင်ပါတယ်။)


ခင်မင်လေးစားလျက်

ရဲမင်းထွန်း

ပန်းချီလက်ရာကို အသုံးပြုခွင့်ပေးတဲ့အကိုကြီးထိန်လင်း(ပန်းချီထိန်လင်း) ကျေးဇူးတင်ရှိပါသည်။ သတ်ပုံအမှားများကို ပြုပြင်ပေးတဲ့ မအေးနန္ဒာအောင်(လမ်းပြကြယ်-ဂျပန်)ကို ကျေးဇူးတင်ရှိပါသည်။

No comments: