Tuesday, January 31, 2012

အစိုးရ နှင့် SSA တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်


by Burma VJ Media Network on Sunday, January 29, 2012 at 11:01am
By ဇာဏီ ၊ ဇန္နဝါရီလ ၂၉ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

ဇန္နဝါရီလ၂၈ရက်နေ့ နံနက်၁၀နာရီအချိန်ခန့်မှ စတင်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့  SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ)၊ SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရဘက်မှ  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဘက်မှ  ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်လာတဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှ အဖွင့်စကားကို အခုလိုပြောကြားသွားပါတယ်။

"ကျနော်တို့ ဒီနေ့ ရှမ်းပြည်နယ် အစိုးရရုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ SSPP၊ နောက် SSA  တပ်မတော်မှ ဦးခေတိုင်း ဦးစီးသော ကိုယ်စားလှယ်အဖွဲ့ကို  ကျနော်တို့  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆွေးနွေးမည့်အဖွဲ့က လှိုက်လှဲစွာ ကြိုဆိုပါတယ်။ အခုလို ကြွရောက်လာတဲ့အတွက်လည်းပဲ အထူးပဲ ကျေးဇူးလဲ တင်ပါတယ်။ လေးစားပါတယ်လို့ ပဏာမ ကျနော် ပြောလိုပါတယ်။ ဒီဆွေးနွေးပွဲ တက်ရောက်လာတဲ့ ဦးခေတိုင်းနဲ့ အဖွဲ့ကို ကျနော်တို့ နိုင်ငံတော် သမ္မတကြီးကလဲ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်။ ဗိုလ်ချုပ် ပန်ဖနှင့် အဖွဲ့လည်းပဲ ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်ကောင်းတဲ့ အကြောင်း ပြောကြားပေးဖို့ ကျနော့ကို မှာကြားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်းပဲ အောင်မြင်ပါစေလို့ မျှော်လင့်ထားကြောင်းလည်းပဲ မှာကြားပါတယ်။ ဒီကနေ့ လမ်းပန်းဆက်သွယ်ရေး အရ ပင်ပင်ပန်းပန်း လာခဲ့ရတာလည်းပဲ ကျနော်တို့အနေနဲ့ သိရှိပြီးတော့ အားနာပါတယ်၊ကိုယ်ချင်းစာမိပါတယ်လို့ ပြောလိုပါတယ်။ အဲတော့ ဒီဆွေးနွေးပွဲ အောင်မြင်ဖို့လည်းပဲ နိုင်ငံတော် သမ္မတကြီး အနေနဲ့လည်းပဲ အထူးပဲ စိတ်ဝင်စားပါကြောင်း မှာကြားပြောတာလေးကို ကျနော်တဆင့် ပြန်လည်ပြီးတော့ တင်ပြပါတယ်။ အလားတူပဲ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကလည်းပဲ ဒီဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ လူတွေအားလုံး ကျန်းမာချမ်းသာစေကြောင်း ၊ ဒီမြေ ဒီဒေသမှာ သူကလည်းပဲ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အတွက် ဒေသ သံယောဇဉ်အရ ကြွရောက်လာတဲ့ ပုဂ္ဂိုလ်တွေကိုလည်းပဲ အထူးပဲ ကျနော်တို့ လေးစားပါကြောင်းနဲ့ ဒီမြေဒေသအပေါ်မှာလည်းပဲ သူ့အနေနဲ့ ခင်တွယ်မှုရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်စေချင်ကြောင်း၊ ငြိမ်းချမ်းစေချင်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့လည်း မှာကြားတာကို ကျနော့ကိုပြောပေးဖို့ ဖြစ်ပါတယ်။ နောက် ဒီလိုဆွေးနွေးတဲ့နေရာမှာလဲ တယောက်နဲ့တယောက် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်တယ်လို့ ပြောကြားပေးဖို့ မှာကြားပါတယ်။ နောက် SSA ဝမ်ဟိုင်း အဖွဲ့အနေဖြင့်လည်းပဲ ဝမ်ဟိုင်းမှာ အခြေပြုပြီးတော့မှ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားစေလိုကြောင်းလည်း မှာကြားပါတယ်။ နောက် ဒီကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တပ်မတော် အနေနဲ့ စစ်ရေးအရ ဆောင်ရွက်မှာ မဟုတ်ကြောင်း နဲ့ စစ်ရေးအရ ဆောင်ရွက်ဖြေရှင်းမှုကို မလုပ်ကြောင်း ၊ နောက် ဒီ SSPP ၊ SSA အဖွဲ့တွေရဲ့ လုံခြုံရေးကိုလည်းပဲ တာဝန်ယူမှာ ဖြစ်ကြောင်း ၊ နောက် ဒီဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုံတွေ တည်ဆောက်မယ် ဆိုရင်လည်းပဲ ကာကွယ်ရေး ဦးစီးချုပ်က ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မှာကြားပါတယ်။ ဒါတွေလည်းပဲ ကျနော့အနေနဲ့ တဆင့် တင်ပြလိုပါတယ်။ " ဟု ဦးအောင်သောင်းမှ အဖွင့်စကားပြောကြားခဲ့ပါသည်။

အဲဒီနောက်မှာ နှစ်ဖက် အဖွဲ့ဝင်များ မိတ်ဆက်စကားများ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစီအစဉ်မှာ ပဏာမ ပြည်နယ်အဆင့် သဘောတူညီမှု ရရှိအောင် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့လည်းပဲ ကြိုတင်ပေးပို့ထားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့မှ ဦးခေတိုင်းတို့ ဘက်မှ စတင်ဆွေးနွေးပေးဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။"လို့ အစိုးရဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်လာတဲ့ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ပဏာမအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ဟူ၍ အချက် ၇ ချက်စီ ခွဲခြား တောင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပဏာမအဆင့်ဖြစ်တဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ  SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က အောက်ဖော်ပြပါ အချက်(၇)ချက်ကို တောင်းဆိုသွားခဲ့ပါတယ်။

(၁) စစ်ရပ်စဲရန် ( နိုင်ငံတော်အစိုးရမှ တပြည်လုံး အတိုင်းအတာအရ စစ်ရပ်စဲရေး ကြေငြာပေးရန်၊ တချို့အဖွဲ့ကို စစ်ရပ်စဲပြီး၊ တချို့အဖွဲ့ကို တိုက်ခိုက်နေခြင်းမျိုး မပြုလုပ်ရန်)

(၂) လိုအပ်သည့် နေရာများတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည် တပ်မတော်(SSA)၏ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ခွင့် ပြုသွားနိုင်ရန် ( စစ်ရပ်စဲ ပြီးတဲ့နောက်မှာ နိုင်ငံရေး ပြဿနာများကို ဆက်လက်ဆွေးနွေးနိုင်ရန် ဆက်ဆံရေးရုံးများကို ဖွင့်လှစ်မှသာ ဖြစ်နိုင်တဲ့အတွက်ကြောင့် ဖွင့်လှစ်ခွင့် ပြုရေး)

(၃) တပြည်လုံးသို့ လွတ်လပ်စွာ သွားလာလှုပ်ရှား ဆောင်ရွက်နိုင်ခွင့် ရှိရေး ( အဲတာမှလည်း ကျနော်တို့ဟာ မိသားစု စားဝတ်နေရေး ပြဿနာတွေ၊စီးပွားရေး လုပ်ငန်းတွေ၊ မိမိအဖွဲ့အစည်း ရပ်တည်နိုင်ရေးအတွက် လှုပ်ရှားသွားလာနိုင်ခွင့် ပြုမှသာလျှင် ဖြစ်မှာပါ။)

(၄) နိုင်ငံရေးကိစ္စရပ်များကို ကျနော်တို့ ဆက်လက်ဆွေးနွေးသွားရန် (နိုင်ငံရေး ကိစ္စများကို ဆွေးနွေးတဲ့နေရာမှာလဲ ကျနော်တို့ဟာ ညီရင်းအကိုတွေ ဖြစ်တဲ့အတိုင်း တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ အပြန်အလှန် လေးစား၊ တန်းတူ၊ မျှတ ပွင့်လင်းစွာဖြင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေးကို ဒါအကောင်အထည်ဖော်သွားနိုင်ရမယ်)

(၅) ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ( ဒါကလဲ ကျနော်တို့နိုင်ငံတော်ကနေပြီးတော့ ပံ့ပိုးကူညီမှုအောက်မှာ ဆောင်ရွက်သွားရန်ဖြစ်ပါတယ်)

(၆) တပြည်လုံးရှိ ဒီမိုကရေစီပါတီ အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ပြည်သူလူထုများအား လွတ်လွတ်လပ်လပ် ဆက်သွယ်ဆွေးနွေးသွားနိုင်ရန် ( ဒါကလဲ နိုင်ငံရေးကိစ္စနဲ့ ပတ်သတ်တဲ့ ကိစ္စများကို ကျနော်တို့ အားလုံးနဲ့ ပြေပြေလည်လည် ကျေကျေလည်လည် ဖြစ်သွားဖို့ ရည်ရွယ်ပြီးတော့ တောင်းဆိုခြင်းဖြစ်ပါတယ်)

(၇) စစ်ဒဏ်ကြောင့် အလဟဿ မြေဇာပင် ဖြစ်ပြီးတော့မှ သေကြေဒဏ်ရာရ ၊ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးသွားရသည့် ရဟန်းရှင်လူ မိဘ ပြည်သူလူထုများနှင့် စစ်ပြေးဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် နိုင်ငံတော် အစိုးရမှ ပြန်လည်ကူညီ ပံ့ပိုးပေးသွားရန်  တောင်းဆိုသွားပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာမှာတော့

(၁) ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ လူတန်းစား လူ့အလွှာ အသီးသီးမှ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုနိုင်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မတီအား ကျယ်ပြန့်စွာဖွဲ့စည်း၍ တွေ့ဆုံဆွေးနွေးအကောင်အထည်ဖော်သွားရန်၊

(၂) အနာဂတ် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အကျဉ်းကျ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊

(၃)  မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ် လိုအပ်သဖြင့် တရားဥပဒေ စိုးမိုးရေးအတွက် လွတ်လပ်ပြီး တရားမျှတသော တရားရေးမဏ္ဍိုင် တည်ဆောက် အကောင်အထည်ဖော်သွားရန် ၊

(၄) မြန်မာနိုင်ငံအတွင်း အမျိုးသား သွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်ရန်အတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားရန် ၊

(၅)  မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများနှင့် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝ ခံစားခွင့်ရရေးအတွက် လုပ်ဆောင်သွားရန် ၊

(၆) နိုင်ငံရေး ကိစ္စကို တွေ့ဆုံဆွေးနွေးရာတွင် အပြန်အလှန်လေးစား တန်းတူမျှတ ပွင့်လင်းစွာနဲ့ ဆွေးနွေးပြီး တူတာကို တွဲလုပ် ၊ မတူတာကို အချိန်ယူပြီး ပြန်လည်ဆွေးနွေးကာ တူအောင် တဖြေးဖြေး ညှိနှိုင်းသွားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားရန်

(၇) နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဖြစ်ရပ်မှန်များကို ရဟန်းရှင်လူ ပြည်သူလူထုများ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ကြေငြာသွားရန် တောင်းဆိုသွားခဲ့ပါတယ်။

အစိုးရဘက်မှ  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း (တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် - ဦးသိန်းဇော် (မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် အဖွဲ့ဝင်များ အဖြစ် ဦးအုန်းမြင့် (သမဝါယမ နှင့် မွေးမြူရေး၊ရေလုပ်ငန်း ဝန်ကြီး)၊ ဦးဝင်းထွန်း (ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ သစ်တောရေးရာ ဝန်ကြီး) ၊ ဦးမောင်မောင်သိမ်း (ခရမ်းမြို့နယ် မဲဆန္ဒနယ်မြေမှ လွှတ်တော်ကိုယ်စားလှယ်)၊ စပ်အောင်မြတ် (ရှမ်းပြည်နယ် ဝန်ကြီးချုပ်)၊ ဗိုလ်ချုပ် အောင်ကျော်ဇော (အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)၊ ဗိုလ်ချုပ် မြတ်ထွန်းဦး (အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်)၊ ဗိုလ်ချုပ် ဇော်ဝင်း ( နယ်စပ်ရေးရာ ဒု-ဝန်ကြီး)၊ ဦးထွန်းထွန်းဦး (ဒု-ရှေ့နေချုပ်)၊ ဦးစိုးတင့် (ဆောက်လုပ်ရေး ဒု-ဝန်ကြီး) (ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့် ကိုယ်စားတက်ရောက်)၊ ဗိုလ်ချုပ် အောင်မင်း ( ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး)၊ ဒုတိယ ဗိုလ်မှူးကြီး ဇော်နိုင်ဦး (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး) (ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စားတက်ရောက်) တို့ ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ ဗိုလ်ချုပ်ဆေထင် ( ရှမ်းပြည် တိုးတက်ရေးပါတီ နာယက) ၊ စ၀်ထီးတိုင်း (ရှမ်းပြည် တိုးတက်ရေးပါတီ ဒုတိယ အထွေထွေအတွင်းရေးမှူး - ၁ ) နှင့် ဦးခေတိုင်း (ရှမ်းပြည် တပ်မတော်)တို့က ရှမ်းပြည် တိုးတက်ရေးပါတီ နှင့် ရှမ်းပြည်နယ် တပ်မတော်မှ အဆင့်မြင့်အရာရှိများ ပါဝင်တဲ့အဖွဲ့ကို ဦးဆောင်လာခဲ့ပါတယ်။

 ဇန္နဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အစိုးရဘက်မှ  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) နှင့် SSA (ရှမ်းပြည် တပ်မတော်)မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ တာဝန်ရှိသူများက အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။



Photo Credit and Thank to Messenger News Journal
အစိုးရ နှင့် SSA တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်

No comments: