Friday, January 27, 2012

ကော့မှူးဒေသခံ ထောင်နှင့်ချီ၍ NLD အဖွဲ့ဝင်များအား ကြိုဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက မဲဆွယ်စည်းရုံးရေး ခရီးထွက်ခဲ့ရာ ရာပေါင်းများစွာသော လူထုက ကြိုဆိုခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်အတွင်း ကျေးရွာတရွာတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီဦး စည်းရုံးဟောပြောနေစဉ် (ဓာတ်ပုံ - NLD)
“ဒေါ်အောင်ဆန်းစုကြည် မပါတာတောင် အိုးစည်ဗုံဗောင်းနဲ့ ကြိုကြတာ၊ အရမ်းအားရဖို့ ကောင်းပါတယ်” ဟု NLD မဲဆွယ်စည်းရုံး ရေး ခရီးစဉ်တွင် ပါဝင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီဦးကပြောသည်။
ကိုညီညီဦးအပါအ၀င် NLD ပါတီဝင် ၃ ဦးနှင့် ကော့မှူးဒေသခံ ပါတီဝင် ၂၈ ဦးတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ စေလွှတ်မှုဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါဒေသသို့ သွားရောက် ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်အပိုင် ၀ါးသင်္ခ ကျေးရွာတွင် သန်းခေါင်စာရင်း ၀င်ထားသည်။
ဒေသခံများက စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးပြီး လူသိနည်းသည့် မိမိတို့မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းသာနေကြောင်း၊ NLD စည်းရုံးရေးအဖွဲ့ဝင်များကို မြို့ခံ ၂၀၀ ခန့်က ဆိုင်ကယ်များဖြင့် ၀န်းရံကာ အဆိုပါ ကျေးရွာများသို့ လိုက်လံပို့ဆောင်ကြောင်း သိရသည်။
“တချို့ရွာတွေက မေးခွန်းတွေမေးတယ်၊ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ သူတို့ NLDကို မဲပေးတယ်၊ အခု အဲဒီမဲတပြားက ဘယ်ရောက်သွားပြီလဲ ဆိုတာမျိုးပေါ့” ဟု ကိုညီညီဦးက ပြောသည်။
ကော့မှူးမြို့နယ်ရှိ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံဖွံ့ပါတီ) က ဓာတ်မီးတိုင်များ ထူပေးခြင်း၊ လမ်းခင်းပေးခြင်း၊ ငွေချေးခြင်းတို့ကို ပြုလုပ်ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
NLD ပါတီအနေဖြင့် ပြည်သူလူထုအား မဲဆွယ်ရာတွင် မည်သည့် ကတိက၀တ်မှ ပေးအပ်ခြင်းမရှိသော်လည်း လုပ်သင့် လုပ်ထိုက်သည် များကို အားလုံးအတွက် လုပ်ကိုင်ပေးမည်ဟုသာ ပြောဆိုခဲ့သည်ဟု ကိုညီညီဦးက ရှင်းပြသည်။
လာမည့် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLDပါတီက လစ်လပ်နေရာ ၄၈ နေရာ၌ ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများတွင် ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သကဲ့သို့၊ NLD ပါတီဝင်မဟုတ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ပါတီကို ထောက်ခံ သူများ သာမက လူငယ်များနှင့် အမျိုးသမီးများ၊ ဟစ်ပ်ဟော့ပ်အဆိုတော် ကိုဇေယျာသော် ကဲ့သို့သောသူများလည်း ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်  ဇန်န၀ါရီ ၂၉ ရက်နေ့တွင် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်သို့ နေ့ချင်းပြန်ခရီး စည်းရုံးရေး သွားရောက်မည် ဖြစ်သကဲ့သို့ ပါတီနာယက ဦးတင်ဦးကလည်း မနက်ဖြန်တွင် ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ကျောက်တံခါး စသည့်မြို့နယ် များသို့ သွားရောက်ကာ စည်းရုံးရေး ခရီး စတင်မည်ဖြစ်သည်။
ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူမြို့နယ်မှ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ် ခံထားရသည့် ဦးအောင်စိုးမြင့်ကလည်း မိမိတို့ အနေဖြင့် မကြာသေးမီကမှ စည်းရုံးရေးလုပ်ငန်းများကို တိတိလင်းလင်း ပြန်လည် လုပ်ကိုင်နိုင် ကြောင်း၊ အာဏာရ ကြံ့ဖွံပါတီကမူ ငွေကြေး ချေးငှားခြင်းဖြင့် စည်းရုံး လုပ်ကိုင်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ကဲ့သို့ ကြိုတင်မဲ ကောက်ခံခြင်း မရှိကြောင်း ပြောဆိုသည်။
“ပွင့်လင်းနေတဲ့ နိုင်ငံရေးအခြေအနေကို မသိဘဲ အကြောက်တရား ဖုံးနေတဲ့ရွာတွေ အများကြီးပဲ။ အဲဒီလူထုကို ပြန်စည်းရုံးနေရ တယ်” ဟု ၎င်းက ဆိုသည်။
ဦးအောင်စိုးမြင့်မှာ ၁၉၉၀ ရွေးကောက်ပွဲတွင် တောင်ငူမြို့နယ် အနောက်ခြမ်း မဲဆန္ဒနယ် အမှတ် ၂ မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည်။
ယခင် ၁၉၉၀ ရွေးကောက်ပွဲတွင် တောင်ငူမြို့နယ်အား အရှေ့ခြမ်း၊ အနောက်ခြမ်းခွဲကာ မဲဆန္ဒနယ် နှစ်နယ် သတ်မှတ်သော် လည်း ယခုအခါ ပေါင်းစည်း သတ်မှတ်လိုက်သည့် အတွက် စည်းရုံးရေးနယ်မြေ ပိုမိုကျယ်ပြန့်လာသည့်ရာ ပိုမိုအားစိုက် စည်းရုံးနေ ရကြောင်း၊ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုပေးခြင်း မရှိသေးသည့်အတွက် မဲဆွယ် စည်းရုံးမှုကို တိတိလင်းလင်း မလုပ်နိုင်သေးကြောင်း ဦးအောင်စိုးမြင့်က ဆက်ပြောသည်။
တောင်ငူမြို့နယ်တွင် NLD ပါတီ၏ အဓိက ပြိုင်ဘက် ကြံ့ဖွံပါတီ၏ လွှတ်တော်ကိုယ်စားလှယ်မှာ ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း၏ဇနီး၊ ၀န်ကြီးဟောင်း ဦးစိုးသာ၏ နှမ ဒေါက်တာ ဒေါ်ဝေေ၀သာ ဖြစ်သည်။
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မင်းကမူ    “ကြံဖွံ့ထက် စည်းရုံးရေးမှာ နောက်ကျပေမယ့် ကျနော်တို့ အားကောင်းတယ်၊ အားလုံးက ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက သူတို့ကို ပိုစိတ်ပျက်နေ ကြတယ်” ဟု ဆိုသည်။
လက်ပံတန်း မြို့နယ်တွင် NLD ပါတီအား မြို့မိမြို့ဖများက ၀ိုင်းဝန်းအားပေးကြသည်အပြင် ကျေးရွာများရှိ အိမ်များတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို ချိတ်ဆွဲထားပြီး NLD ပါတီကို မဲပေးရန် အဆင်သင့်ရှိ နေကြောင်း၊ ၂၀၁၀ ပြည့် ရွေးကောက်ပွဲတွင် ကြံ့ဖွံပါတီ၏ ကြိုတင်မဲနှင့် မဲမသာမှုများကို ဒေသခံများက ကြိုက်နှစ်သက်ခြင်း မရှိကြောင်း၊ အနိုင်ရ ကြံ့ဖွံပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များမှာ ဒေသ အကျိုးကို ပြန်လည် ကြည့်ရှုခြင်း မရှိသည့်အတွက် NLD အနိုင်ရမည်ဟု ထင်ကြောင်း သူက ဆက်ပြောသည်။

No comments: