Monday, January 30, 2012

အစိုးရသစ်မူဝါဒသစ်နဲ့ ဒေါ်စုရဲ့ နည်းဗျူဟာသစ်




၂၀၁၀ခုနိုဝင်ဘာ (၇) ရက်မှာ လွှတ်တော် ရွေးကောက်ပွဲတွေကို စစ်ကောင်စီက ကျင်းပပေးခဲ့တယ်။ လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲတော့ မဟုတ်ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ကို သပိတ်မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ်ကို ကုလသမဂ္ဂ အပါအ၀င် အနောက်နိုင်ငံတွေက အသိအမှတ် မပြုကြပါ။

(၁၃.၁၁.၂၀၁၀) နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးခဲ့တယ်။ (၃၀.၃.၁၁) နေ့မှာ ပြည်ထောင်စုလွှတ်တော်က ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်ကို တင်မြှောက်လိုက်ကြတယ်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်မှသမတကြီး ဦးသိန်းစိန် ဖြစ်လာပါတယ်။ သမတသစ်မိန့်ခွန်းမှာ လူထုတွေ ကြိုက်နှစ်သက်မယ် ထင်တဲ့အကြောင်း အချက်တွေကို စကားလုံးလှလှတွေ သုံးပြီး အစိုးရသစ်ရဲ့ မူဝါဒသစ်အဖြစ် ပြောဆိုသွားခဲ့ပါတယ်။

မူဝါဒသစ်မှာပါဝင်တဲ့အကြောင်းအချက်တစ်ချို့ကိုလဲ သူရဲ့ သက်တမ်း (၁၀) လ၀န်းကျင်မှာ ပြောင်းလဲမှု တစ်ချို့ ဖေါ် ဆောင်ပေးခဲ့တယ်။ လူထု အစိတ်အပိုင်း တစ်ချို့ကလဲ နှစ်သက် သဘောကျပုံရပါတယ်။

အစိုးရသစ်ဆိုတာ စစ်အာဏာရှင်စနစ်မှတစ်ပါတီအာဏာရှင်စံနစ်အဖြစ် ပုံဖေါ် ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။ ပြောင်းလဲမှုတစ်ချို့ ဆိုတာက နိုင်ငံခြား သံတမန်များနဲ့ ဆက်ဆံရေးစိပ်လာတာ စာနယ်ဇင်း လွတ်လပ်ခွင့် တစ်ချို့ရလာတာ ဒေါ်စု ဦးဝင်းတင်တို့က မီဒီယာတွေနဲ့ ဆက်ဆံမှု များပြားလာတာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက် ထုတ်ပြန်တာတို့ ဖြစ်ပါတယ်။

အစိုးရ သစ်ဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဝယ်ပိုက်ထွေးပြီး ပေါ်ပေါက်လာတဲ့ အရပ်သားအစိုးရ မျှသာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၅၀) ကျော် အာဏာရှင်စနစ် အောက်မှာ နေခဲ့ရတဲ့ မြန်မာပြည်သူတွေအဖို့ ဘာတစ်ခုမျှ ရေရေရာရာ အကျိုးခံစားရတာ မရှိသေးပါဘူး။ လူထုကြီးက မိမိတို့ လိုလားချက်တွေကို အရေးဆိုကြရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလဲ လူထုကြီးရဲ့ နိုင်ငံရေး ရေချိန်မြင့်မားမှုကို မီဒီယာတွေက တစ်ဆင့် လှုံ့ဆော် အားပေးနေပါတယ်။ သူမ ကိုယ်တိုင်လဲ ပညာရေးကျမ္မာရေး ယဉ်ကျေးမှုနယ်ပယ်တွေမှာ တိုက်ရိုက် ပါဝင်လှုပ်ရှားနေပါတယ်။ ဒီလှုပ်ရှားမှုတွေက ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးမှာ ဘယ်ရွေ့ဘယ်မျှ ထိရောက်နိုင်ပါသလဲ?

ဒေါ်စုက တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းတွေက တဆင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် လုံးပမ်း အားထုတ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) အတွင်းသူမရဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေက တဆင့် အောင်ပွဲရလိမ့်မယ် ဆိုတဲ့ ယုံကြည်မှုကို စွန့်ပစ်လိုက်ပြီး စားပွဲဝိုင်း ဆွေးနွေးပွဲတွေဆီ ဦးတည်လိုက်ပုံရပါတယ်။ ဆန္ဒပြလှုံ့ဆော်မှုတွေဟာ အရင်းအနှီးတွေ ကြီးမားပြီး အောင်မြင်မှုမရခဲ့လို့ နည်းဗျူဟာ လမ်းစဉ်သစ်ကို ကူးပြောင်းလိုက်တယ်လို့ ခန့်မှန်းကြည့်မိပါတယ်။

သူမ လွတ်မြောက်လာပြီး ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ပါတယ်။ အခုတော့ ပါတီ မှတ်ပုံတင်မယ် ရွေးကောက်ပွဲ ၀င်မယ်လို့ ပြည်သူတွေကို အသိပေး ကျေညာလိုက်ပါပြီ။ မဲဆန္ဒ နယ် (၄၈) နေရာမှာ ဒီ/ချုပ်ပါတီက အများစု အနိုင်ရနိုင်တယ်လို့ ခန့်မှန်း တွက်ဆနေကြပါတယ်။ နိုင်မနိုင်ဆိုတာက လွတ်လပ် ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဟုတ်မဟုတ် အပေါ်မှာ မူတည်နေပါတယ်။

လွှတ်တော်နိုင်ငံရေးဆိုတာက ပါတီစုံဒီမိုကရေစီစံနစ်မှာ နိုင်ငံရေးစင်မြင့် အမှတ် (၄) လောက်သာ ရှိပါတယ်။ ကြံ့ဖွံ့အမတ်များနဲ့ ယူနီဖောင်းဝတ် ဗိုလ်မှူး အမတ်မင်း အများစုတို့ရဲ့ ထောက်ခံ အားပေးမှု မရှိခဲ့ရင် ဒေါ်စု ဘာတစ်ခုမျှ စွမ်းဆောင်နိုင်စွမ်းရှိမှာ မဟုတ်ပါ။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်တာဥပဒေသစ်တွေ ပြဋ္ဌာန်းတာ အဆိုပြုချက်တွေ တင်သွင်းရာမှာ (၇၀) ရာခိုင်နှုံးကျော် အမတ်များက ထောက်ခံကြမှသာ ဒေါ်စုရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒီချုပ်ပါတီဟာ လွှတ်တော် နိုင်ငံရေး အပြင်ဖက်မှာ ဘာတွေ လုပ်ကိုင် ဆောင်ရွက်နိုင်ပါသလဲ?

၁/အဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံတင်အသစ်တင်လိုက်တာကြောင့် စည်းရုံးရေး ပါတီ တည်ဆောက်ရေးတို့ကို အသစ်တစ်ဖန် ပြန်လည် ဆောင်ရွက်ဖို့ လိုပါတယ်။ နှုံးစံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ပါတီကေဒါတွေ ပါတီဝင်တွေကို စုစည်းရမဲ့ တာဝန် ရှိပါတယ်။ ဒီတာဝန်ဟာ အလွန်ကြီးလေးပါတယ်။
၂/လူထုလူတန်းစားအဖွဲ့အစည်းတွေပေါ်ပေါက်အောင် ကြိုးပမ်းရမဲ့ တာဝန်တွေလဲ ရှိပါတယ်။ အလုပ်သမားတွေ လယ်သမားတွေ လူငယ် ကျောင်းသားတွေ အမျိုးသမီးတွေကို ခေါင်းဆောင်မှု ပေးနိုင်စွမ်း ရှိရပါ့မယ်။
၃/ပြည်တွင်းပြည်ပစာနယ်ဇင်းသမားတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိရပါလိမ့်မယ်။ ဒါ့အပြင်လဲ လူမျိုးစု ခေါင်းဆောင်တွေနဲ့လဲ ညီညွတ်မှု ရရှိအောင် ကြိုးပမ်းရမဲ့ တာဝန်လဲ ရှိပါတယ်။

ဒါ့ကြောင့်မို့လွှတ်တော်နိုင်ငံရေးဆိုတာ စင်မြင့်တစ်ခုဖြစ်ပေမဲ့ စတုတ္ထတန်း တစ်နေရာလောက်သာ ရှိပါတယ်။

ဒီနေ့ခေတ်မြန်မာ့နိုင်ငံရေးဟာ အသွင်ကူးပြောင်းရေး ကာလကို ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည် သွေးစည်း ညီညွတ်ရေးကို ပြန်လည် သင့်မြတ်ရေးကို လုံးပမ်း အားထုတ်နေရချိန်ဖြစ်ပါတယ်။ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်ဟာ ဦးနေ၀င်း ဦးသန်းရွှေ ဦးခင်ညွန့်တို့ရဲ့ အတွေးအခေါ် အယူအဆ အမူအကျင့် စရိုက်တွေကို လုံးဝ စွန့်ပစ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ရိုးသားဖြောင့်မတ်ဖို့ သတ္တိရှိဖို့ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ် မွေးမြူဖို့ အထူး လိုအပ်ပါတယ်။ နယ်ပါယ်စုံမှာ ရဲရဲရင့်ရင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ပြည်သူတွေက တောင်းဆိုနေပါတယ်။ ၂၀၁၂ ခုနှစ် နှစ်ဆန်းကာလမှာ ပြည်သူတွေ ကြည့်မြင်တာက ပြဿနာကြီး (၂) မျိုးကို ဖြေရှင်းပေးဖို့ဖြစ်ပါတယ်။

၁/အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။
၂/ကချင်ပြည်နယ်မှာဆင်နွှဲနေတဲ့ထိုးစစ်တွေကို ချက်ချင်းရပ်စဲပြီး အထွေထွေ အပစ်အခတ် ရပ်စဲရေးကို ကျေညာဖို့ဖြစ်ပါ တယ်။ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ အခြေခံအကြောင်း အချက်ကြီး (၃) မျိုးရှိပါတယ်။

၁/အစိုးရ နဲ့ တောတွင်းအဖွဲ့အစည်း အားလုံးတို့ဟာ ဈေးကွက်စီးပွားရေး စနစ်ပါတီစုံ ဒီမိုကရေစီစနစ်တို့ကို အားလုံးက လက်ခံ ယုံကြည်ကြတယ်။
၂/လူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို လက်ရှိ အစိုးရ က လက်ခံ သဘောတူကြတယ်။ လူမျိုးစုတွေကလဲ ပြည်မကြီးမှ ခွဲမထွက်ကြဘူး ဆိုတာ ကမ္ဘာသိ ကျေညာထားကြတယ်။
၃/ပင်လုံစိတ်ဓါတ်ကိုအခြေခံပြီး (၂၁) ရာစုသစ်မှာ အမျိုးသား သွေးစည်းညီမှု တည်ဆောက်ကြဖို့ အားလုံးက သဘောတူပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ဖေါ်ဆောင်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပြောကြားထားပြီးဖြစ်ပါတယ်။
ဒီကနေ့မြန်မာပြည်သူတွေရဲ့ ကံကြမ္မာဟာ သမတ ဦးသိန်းစိန်နဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဉာဏ်အမြှော်အမြင် ကြီးမြတ်မှုအပေါ်မှာ အခြေခံတယ်လို့ ယူဆပါတယ်။

ကိုးကိုးကျွန်းပြန်တစ်ဦး
၁၀.၁.၁၂

No comments: