Tuesday, January 31, 2012

ကျားနှင့် ကြံ့သူတော် မြန်မာ့မြေပေါ်မှ မကြာမီ ပျောက်ကွယ်သွားနိုင်


ဓါတ်ပုံ (Google Images)
တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ကြံ့မျိုးသုဉ်း ပျောက်ကွယ်သွားပြီဟု ယူဆနိုင်ပြီး ကျားနှင့် ကြံ့သူတော်များလည်း မကြာမီ ပျောက်ကွယ်နိုင်ကြောင်း  သဘာဝ ပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးဌာန၊ ညွှန်ကြားရေးမှူးက ပြောသည်။

“ကြံ့ဆိုရင် တရားဝင် မကြေညာသော်လည်း တောထဲမှာ မျိုးသုဉ်း ပျောက်ကွယ်သွားပြီလို့ ယူဆထားပါတယ်။ ဘယ်လိုမှ သတင်းမရဘူး။ နောက်ဆုံး သတင်းကတော့ ထမံသီဘက်မှာ ကြားပြီးတော့ ပျောက်သွားပါတယ်” ဟု သဘာဝပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးဌာန၊ ညွှန်ကြားရေးမှူးက BANCA အသင်းမှ ပြုလုပ်သည့် မုတ္တမကွေ့အား ရေတိမ်ဒေသအဖြစ် အဆိုပြု ဆွေးနွေးပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အခြားသော သတ္တဝါများလည်း တဖြည်းဖြည်းဖြင့် မြန်မာ့မြေပေါ်မှ ပျောက်ကွယ်နေကြောင်း ၎င်းက ပြောသည်။ “ကျားနဲ့ ကြံ့သူတော်တွေ အကောင်ရေ တဖြည်းဖြည်း ကျနေတယ်။ မြန်မာနိုင်ငံမှာတော့ မျိုးသုဉ်းလုနီးပါး သတ်မှတ်ထားတယ်။ တစ်ကမ္ဘာလုံးမှာတော့ မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ ခြိမ်းခြောက် ခံရတဲ့ အဆင့်လောက်ပဲ သတ်မှတ်ထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။ မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံ မျိုးကွဲများ အနေဖြင့် အပင်မျိုး ၁၁၈၀၀ ၊ကြိမ် ၃၇ မျိုး၊ ဝါး ၉၆ မျိုး၊ ဆေးဖက်ဝင် အပင်များ ၈၄၁ မျိုး၊ နို့တိုက်သတ္တဝါများ ၂၅၁ မျိုး၊ တွားသွား သတ္တဝါများ ၂၇၂ မျိုး၊ ကုန်းနေရေနေ သတ္တဝါများ ၈၂ မျိုး၊ ငှက် ၁၀၉၆ မျိုး၊ ပင်လယ်ငါး ၄၆၅ မျိုး ရှိသည့်အနက် အပင် ၁၃ မျိုး၊ ငါး ၁၀ မျိုး၊ တွားသွား သတ္တဝါ ငါး မျိုး၊ ငှက် ခုနစ်မျိုးနှင့် နို့တိုက်သတ္တဝါ တစ်မျိုးသည် မျိုးသုဉ်းရန် အစိုးရိမ်ရဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း ဇီဝမျိုးစုံမျိုးကွဲ စာရင်းများအရ သိရသည်။ ဇီဝမျိုးစုံ မျိုးကွဲများသည် နေထိုင်ကျက်စားရာ နေရာ ပျက်စီး ပျောက်ဆုံးခြင်း၊ လိုအပ်သည်ထက် ပိုမို ဖမ်းဆီး ထုတ်လုပ်ခြင်း၊ ပြင်ပမှ မျိုးစိတ်သစ် ရောက်ရှိခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် အနည်ကျခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းတို့ကြောင့် မျိုးသုဉ်း ပျောက်ကွယ်လျက်ရှိပြီး ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ အတွင်း ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မျိုးစိတ် တစ်မျိုးမှ နှစ်မျိုး မျိုးသုဉ်း ပျောက်ကွယ်လျက် ရှိကြောင်း အထူးသဖြင့် လူသားတို့၏ လုပ်ဆောင်ချက် များကြောင့် မျိုးစိတ်များ မျိုးသုဉ်း ပျောက်ကွယ်မှုမှာ သတိပြုရမည့် နှုန်းထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဇီဝမျိုးစုံ မျိုးကွဲ မှတ်တမ်းများအရ သိရသည်။ “မြန်မာနိုင်ငံမှာ လက်ရှိရှိနေတဲ့ တိရစ္ဆာန်မျိုးစိတ်တွေက သစ်ထုတ်လုပ်မှု လွန်ကဲတာနဲ့ ဒေသခံတွေရဲ့ အမဲလိုက်တာတွေကြောင့် မျိုးသုဉ်းမှုတွေ ဖြစ်နေရတယ်။ တချို့ ဒေသတွေမှာဆိုရင် သစ်ထုတ်လုပ်ရေးက အသံတွေကြောင့် တိရစ္ဆာန်တွေ ထွက်ပြေး သွားကြတာလည်း ရှိတယ်။ သစ်တော ပြုန်းတီးလာတော့ တိရစ္ဆာန်တွေ နေစရာ မရှိ ဖြစ်လာတယ်” ဟု ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောသည်။         
ရတနာပုံ

No comments: