Friday, January 27, 2012

အီရန်၊ ဟော်မုဇ်ရေလက်ကြားနှင့် အမေရိကန်လေယာဉ်တင် သင်္ဘောများ

Carriers15
 

Daniel Kane ၊             

၊အမေရိကန်လေယာဉ်တင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားအား
မဝင်ရန် အီရန်အစ္စလာမ်မစ်နိုင်ငံ၏ စကားလုံးကြီးကြီးများနှင့် ခြိမ်းခြောက်မှုများရှိနေသော်ငြား
အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln အနေနှင့် ပြဿနာတစုံတရာမရှိပဲ 
ဗြိတိသျှနှင့်ပြင်သစ်တိုက်ရေယာဉ်များခြံရံ၍ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)
အား တနင်္ဂနွေနေ့တွင် ဖြတ်သန်းသွားခဲ့သည်။
USS Abraham Lincoln (CVN 72) ဦးဆောင်သော အမှတ်(၉)လေယာဉ်တင်တိုက်ခိုက်ရေးတပ် (CSG-9)
ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် USS Abraham Lincoln
(CVN 72) လေယာဉ်တင်သင်္ဘောအနေနှင့် ဟော်မုဇ်ရေလက်ကြားအား ပုံမှန်အတိုင်းဖြတ်သန်းခဲ့သည်ဟု
(US Central Command) အမေရိကန်အလယ်ပိုင်းဒေသကြီးစစ်ဋ္ဌာနချုပ်၏ရေတပ် (USNAVCENT) မှ
ထုတ်ပြန်ကြေငြာခဲ့သည်။ အခြားလေယာဉ်တင်သင်္ဘောတစီးဖြစ်သည့် USS Carl Vinson လက်ရှိတပ်စွဲ
ထားသော ပင်လယ်ကွေ့ဒေသအတွင်း၌ USS Lincoln ထပ်မံရောက်ရှိလာခဲ့ပြီး၊ ၄င်းမှာ အမေရိကန်ရေတပ်၏ အဆင့်အတန်းသတ်မှတ်ချက်တခုဖြစ်သော ဒေသတခုအတွင်း လေယာဉ်တင်သင်္ဘောနှစ်စီး တပြိုင်တည်း
တပ်စွဲမှုဖြစ်သည်။

အဆိုပါလေယာဉ်တင်သင်္ဘော တစီးချင်းစီတွင်ပါရှိသော လေယာဉ်များ၏ စစ်အင်အားသည် အီရန်လေတပ်
တခုလုံးထက်ပင် သာလွန်နေ၏။ ယခုနှစ်စီးရှိနေသောကြောင့် အကယ်၍သာ စစ်ဖြစ်လာပါက အီရန်လေတပ်
အနေနှင့် အချိန်ပိုင်းအတွင်း၌ ချေမှူန်းခံရမည်ဖြစ်၏။

နိုင်ငံတကာဥပဒေအရ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်နှင့်စပ်လျဉ်း၍ နိုင်ငံတကာမှပြတ်သားသော
ရည်ရွယ်အားထုတ်မှုအား ထင်ရှားစေရန် ဟော်မုဇ်ရေလက်ကြားအား တိုက်လေယာဉ်၊
ထောက်လှမ်းရေးလေယာဉ်နှင့် ရဟတ်ယာဉ် အစီး (၉၀) ခန့်အားတင်ဆောင်ထားသော USS Abraham
Lincoln လေယာဉ်တင်သင်္ဘောအား USS Cape St George နှင့် အခြားဖျက်သင်္ဘောနှစ်စီး၊
ဗြိတိသျှဖရီးဂိတ်စစ်ရေယာဉ်ဖြစ်သော HMS Argyll နှင့် ပြင်သစ်တိုက်ရေယာဉ်တစီးတို့မှ
ခြံရံ၍ဖြတ်သန်းခဲ့သည်ဟု ဗြိတိသျှစစ်ဘက်ပြောရေးဆိုခွင့်ရှိသူတဦးမှ ဆိုသည်။



ပင်လယ်ကွေ့လုံခြုံရေးအတွက် မိမိတို့၏ တသမတ်တည်းပံ့ပိုးလုပ်ဆောင်မှု၏ တစိတ်တဒေသအနေနှင့် ဒေသတွင်း
တည်ရှိမှုအား ဗြိတိန်နိုင်ငံအနေနှင့် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူမှ
ပြောကြားခဲ့သည်။ အဓိပ္ပာယ်မှာ အီရန်အနေနှင့် ဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့မည်ဆိုပါက
အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများ၏ လက်တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟုဆိုခြင်းဖြစ်သည်။

အထက်ပါသုံးနိုင်ငံလုံးအနေနှင့် ပါရှန်ပင်လယ်ကွေ့အတွင်း၌ စစ်ရေးအရတည်ရှိနေသော်လည်း
၎င်းတို့၏ရေတပ်များမှ ဟော်မုဇ်ရေလက်ကြားအား ယခုလိုပူးတွဲဖြတ်သန်းသွားခြင်းမျိုးမှာ အတော်ကြီးထူးခြားနေ၏။
ယခုသုံးနိုင်ငံပူးတွဲစစ်ရေယာဉ်အုပ်သည် အီရန်ကမ်းရိုးတန်းအနီး မိုင်အနည်းငယ်အကွာမှ ဖြတ်သန်း
သွားခဲ့ကြရမည်ဖြစ်သည်။

USS Abraham Lincoln (CVN 72) နှင့် USS John Stennis (CVN 74) တို့အား အာရေးဘီးယန်းပင်လယ်အတွင်း၌တွေ့ရစဉ်

လွန်ခဲ့သော လပေါင်းအတန်ကြာက USS John Stennis လေယာဉ်တင်သင်္ဘောမှ ပါရှန်ပင်လယ်ကွေ့အားဖြတ်သန်း၍
အနောက်ပစိတ်ဖိတ်ဒေသသို့ ဦးတည်ထွက်ခွာသွားခဲ့ပြီးနောက်၊ အမေရိကန်ပြည်ထောင်စုအနေနှင့် နောက်ထပ်လေယာဉ်
တင်သင်္ဘောများ ထပ်မံစေလွှတ်ခြင်းမပြုရန် အီရန်အစ္စလာမ်မစ်အစိုးရမှ သင်္ကြန်အမြောက်ပစ်ကာ ခြိမ်းခြောက်ခဲ့သေး၏။

Interpol မှ အလိုရှိနေသောအီရန်အကြမ်းဖက်သမားငါးဦးတွင်အပါအဝင်ဖြစ်သော အာမက်ဗာဟီဒီ
နိုင်ငံတကာတပ်ဖွဲ့များ ပင်လယ်ကွေ့ဒေသ၌ရှိနေခြင်းသည် မိမိတို့အတွက် ပြဿနာများကိုဖြစ်စေနိုင်သောကြောင့်
ပင်လယ်ကွေ့ဒေသပြင်ပရှိနိုင်ငံများ၏ တပ်ဖွဲ့များ အနေနှင့် ပါရှန်ပင်လယ်ကွေ့တွင်း၌ ရှိနေရန်မလိုအပ်ကြောင်း
မိမိတို့မှ အမြဲတစေဆိုခဲ့သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး အာမက်ဗာဟီဒီ (Ahmad Vahidi) မှ ယခုနှစ်
ဇန်နဝါရီလအစောပိုင်း၌ ပြောခဲ့သည်ဟု အီရန်အစိုးရနှင့် ပတ်သက်သော Fars News Agency သတင်းဖေါ်ပြခဲ့သည်။

အာမက်ဗာဟီဒီသည် လူပေါင်း (၈၅) ဦးသေဆုံးခဲ့ရပြီး၊ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုဆိုင်းရက်စ်တွင် (၁၉၉၄) ခု ဇူလိုင်
(၁၈) ရက်နေ့၌ဖြစ်ပွားခဲ့သော ဂျူးလူမျိုးများဆိုင်ရာအဆောက်အဦးဗုံးခွဲမှုအား ကြံစည်လုပ်ဆောင်ခဲ့သောကြောင့်
နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နှင့် အာဂျင်တီးနားအစိုးရတို့မှ အလိုရှိနေသော အီရန်အကြမ်းဖက်သမား (၅)
ယောက်တွင် အပါအဝင်ဖြစ်၏။

ရှီယာမူစလင်ဖြစ်ပြီး မြောက်ကိုရီးယားကဲ့သို့ နျူကလီးယားလက်နက်ထုတ်ပြီး ဒေသတွင်းခြိမ်းခြောက်၍ဗိုလ်လုပ်ချင်သော
အီရန်အစ္စလာမ်မစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးသော သဘာဝဓါတ်ငွေ့သိုက်များနှင့် တတိယအများဆုံးသော ရေနံသိုက်များကိုပိုင်ဆိုင်၍ ရေနံတင်ပို့ရောင်းချသောနိုင်ငံများ အဖွဲ့ (OPEC) တွင်
ဒုတိယနေရာ၌ရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာ နိမ့်ကျမှုကြောင့် မိမိပြည်တွင်း၌သုံးရန် ဓါတ်ဆီကိုပင်
အလုံအလောက်ချက်လုပ်နိုင်စွမ်း (Crude Refinery) မရှိပေ။

ရေနံနှင့် ဓါတ်ငွေ့ပေါများနေပြီး ဓါတ်ဆီပင်ကောင်းစွာမချက်နိုင်သော်ငြား၊ သာမန်အခြေခံအဆောက်အဦး
(Infrastructure) များကိုပင် ကောင်းစွာပြုပြင်ထိန်းသိမ်းနိုင်စွမ်းမရှိပဲ စွမ်းအင်အတွက် နျူကလီးယားစက်ရုံ
တည်ထောင်လိုပါသည်ဟု ဆိုခြင်းမှာ ပတ်ဝန်းကျင်အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့အပါအဝင် နိုင်ငံ
တကာအတွက် သတိထားစရာဖြစ်လာ၏။ လက်ရှိတွင် ဟစ်ဇဘိုလာကဲ့သို့သော အကြမ်းဖက်အဖွဲ့များကို
ထောက်ပံ့နေသည့် အီရန်လိုနိုင်ငံမျိုး အနေနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်လာလျှင်
အကြမ်းဖက်အဖွဲ့များလက်သို့ နျူကလီးယားလက်နက်များကိုပံ့ပိုးပြီး အကြမ်းဖက်မှုဖြင့် နိုင်ငံရေးကစား
လာတော့မည်ဖြစ်သည်။ အီရန်ကဲ့သို့သောဖွတ်သာ မိချောင်းဖြစ်လာလျှင် မြစ်မချမ်းသာသည်သာမကပဲ
မြစ်ကြီးမီးဟုန်းဟုန်းပင် တောက်သွားနိုင်၏။

သဘောတရားမှာ မြန်မာနိုင်ငံတွင် ပညာမတတ်၊ နိုင်ငံရေးနကန်းတလုံးမှမသိပဲ လက်နက်အားကိုးနှင့်
အာဏာသိမ်းပြီး တက်အုပ်ချုပ်သောအခါ ခုနစ်ရက်သားသမီး ကိုယ်ကျိုးနည်းကြရပုံနှင့် အလားတူပင်ဖြစ်လာ
မည်ဖြစ်၏။

ယခုမြန်မာနိုင်ငံတွင် သမ္မတတက်လုပ်နေသော စစ်ဗိုလ်ချုပ်ဟောင်း သိန်းစိန်ဆိုလျှင် အင်္ဂလိပ်စကားကိုပင်
လိပ်ပတ်လည်အောင် မပြောနိုင်ပဲ ၄င်း၏ပညာရေးနောက်ခံအား လူသိမခံရဲပေ။ အလားတူပင် သန်းရွှေနှင့်
မောင်အေး ဦးဆောင်သော ပညာမတတ်၊ စာမတတ်သည့် ဗာလနံ မြန်မာစစ်ဗိုလ်ချုပ်များသည်လည်း
နျူကလီးယားထုတ်လုပ်ရန် ကြိုးပမ်းခဲ့သေးသော်လည်း စစ်အစိုးရလက်ထက် သိပ္ပံနှင့်နည်းပညာဝန်ကြီး
ဦးသောင်းမှအစရှိသည့် အရည်အချင်းမရှိသော တတ်ယောင်ကားဝန်ကြီးများနှင့် ဗာလနံစစ်ဗိုလ်ချုပ်များ၏
ကျေးဇူးကြောင့် မအောင်မြင်ခဲ့ပေ။ အောင်မြင်ခဲ့လျှင် ပြည်သူများ၊ တိုင်းရင်းသားများနှင့် အိမ်နီးချင်းနိုင်ငံများ
အပါအဝင် ခုနစ်ရက်သားသမီးတို့ စိတ်ဆင်းရဲကြရဦးမည်ဖြစ်သည်။

အီရန်မှပိတ်ဆို့မည်ဟုခြိမ်းခြောက်နေသော ဟော်မုဇ်ရေလက်ကြား

(၁၉၇၈) အစ္စလာမ်မစ်တော်လှန်ရေးတွင် ဖြုတ်ချခံလိုက်ရသော ရှားဘုရင်လက်ထက် အီရန်နိုင်ငံ၏စီးပွားရေးသည်
လက်ရှိအီရန်နိုင်ငံ၏စီးပွားရေးထက် သာလွန်ခဲ့သည်။ ရှီယာမူစလင်များဖြစ်ပြီး ပါရှန်လူမျိုးများ၏နိုင်ငံဖြစ်သော
အီရန်နှင့် ဆွန်နီမူစလင်များဖြစ်ပြီး (ဆီးရီးယားမှလွဲ၍) အာရပ်လူမျိုးများဖြစ်ကြသော ဆော်ဒီ၊ ယူအေအီး၊
ကူဝိတ် နှင့် အခြားသောဒေသတွင်း အာရပ်နိုင်ငံများအကြား နိုင်ငံရေးနှင့် ဘာသာရေးအရ မသင့်မြတ်ကြပေ။

|၄င်း၏ မရိုးသားသော နျူကလီးယားစက်ရုံလည်ပတ်၍ နျူကလီးယား လက်နက်ထုတ်လုပ်နေခြင်းအား နိုင်ငံတကာမှ မျက်လုံးဒေါက်ထောက်စောင့်ကြည့်မှုများ မြင့်တက်လာနေပြီး၊ အီရန်၏စီးပွားရေးအသက်သွေးကြောဖြစ်သည့်
ရေနံတင်ပို့မှုအား နိုင်ငံတကာမှ ထိရောက်စွာပိတ်ဆို့ခြင်းကိုခံနေရသော အီရန်အစ္စလာမ်မစ်အစိုးရအနေနှင့် အီရန်၊
ယူအေအီးနှင့် အိုမန်နိုင်ငံများနှင့် ထိစပ်နေသည့်  ပါရှန်ပင်လယ်ကွေ့မှ ဝင်ရောက်ဖြတ်သန်းသွားနိုင်သော တခုတည်းသောရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့မည်ဟု လေသံပစ်ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်စွမ်းအင်ဆိုင်ရာသတင်းဋ္ဌာန (U.S. Energy Information Agency) ၏မှတ်တမ်းများအရ (၂၀၁၁) ခုနှစ်အတွင်း ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားသော ရေနံပမာဏမှာ တရက်လျှင် စည်ပေါင်း (၁၇) သန်းခန့်ရှိခဲ့သည်။
နိုင်ငံတကာတွင်သုံးစွဲရန် ပင်လယ်ရေကြောင်းလမ်းဖြင့် ပို့ဆောင်နေသော ရေနံပမာဏ၏ (၃၅%) ခန့်သည်
ဟော်မုဇ်ရေလက်ကြားမှ နေ့စဉ်ဖြတ်သန်းနေ၏။

အီရန်အစ္စလာမ်မစ်နိုင်ငံအနေနှင့် ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှုကို ပိတ်ဆို့လာခဲ့လျှင်
နောက်ဆုံးသည်းခံနိုင်သော အတိုင်းအတာဖြစ်သည့် အနီရောင်စည်း (Red Line) အား ကျော်လွန်သွားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ၏တုံ့ပြန်မှုကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး
လီယွန်ပဲန်နက်တာမှပြောကြားခဲ့ပြီး၊ ပင်လယ်ကွေ့ဒေသတွင်းရှိ အမေရိကန်ရေတပ်နှင့် စစ်ရေးတည်ရှိမှုမှာ
အပြောင်းအလဲရှိမည်မဟုတ်ပဲ ယခုလက်ရှိအနေအထားသည် ဖြစ်လာနိုင်ဖွယ်ရာရှိသော မည်သည့်အရေးအခင်းမဆိုအား
ရင်ဆိုင်ဖြေရှင်းရန် လုံလောက်မှုရှိသည်ဟု လီယွန်ပဲန်နက်တာမှ ဆိုခဲ့သည်။

ကမ္ဘာတဝှမ်းရှိ ပထဝီမြေမျက်နှာပြင်ဆိုင်ရာ အမေရိကန်တိုက်ခိုက်ရေးစစ်ဋ္ဌာနချုပ် (၆) ခုမှ တာဝန်ယူရသောဒေသများ
ကမ္ဘာတဝှမ်းရှိ ပထဝီမြေမျက်နှာပြင်ဆိုင်ရာ အမေရိကန်တိုက်ခိုက်ရေးစစ်ဋ္ဌာနချုပ် (၆) ခုမှ တာဝန်ယူရသောဒေသများ
ပင်လယ်ကွေ့ဒေသသည် အမေရိကန်တပ်မတော်၏ လက်အောက်ရှိ (Unified Combatant Commands) ကမ္ဘာလုံးဆိုင်ရာ
တိုက်ခိုက်ရေးစစ်ဋ္ဌာနချုပ် (၉) ခုလက်အောက်ရှိ ပထဝီမြေမျက်နှာပြင်ဆိုင်ရာ တိုက်ခိုက်ရေးစစ်ဋ္ဌာနချုပ် (၆)
ခုအနက်မှ တခုဖြစ်ပြီး၊ အမေရိကန် ဖလော်ရီဒါပြည်နယ် (Florida)၊ တမ်ပါမြို့ (Tampa) တွင် အခြေစိုက်သော
အမေရိကန်အလယ်ပိုင်းဒေသကြီးစစ်ဋ္ဌာချုပ် (US Central Command) နှင့်သက်ဆိုင်သော စစ်နယ်ဝှမ်းအတွင်း၌
တည်ရှိပြီး Central Command ၏ စစ်ဦးစီးချုပ် (CINC) မှာ မရိန်းဗိုလ်ချုပ်ကြီး ဂျိမ်းစ်မက်တစ် (Gen. James Mattis)
ဖြစ်သည်။ အမေရိကန်ရေတပ်၏ ရေတပ်ဖွဲ့ခြောက်ခုအနက် တခုအပါအဝင်ဖြစ်ပြီး ဘာရိန်းနိုင်ငံ၊ မနာမာမြို့တွင်အခြေစိုက်သော
အမေရိကန်အမှတ် (၅) ရေတပ် (US Fifth Fleet) သည် Central Command ၏ လက်အောက်ခံရေတပ်ဖြစ်သည်။
ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာအနောက်ဘက်ခြမ်းတွင် လှုပ်ရှားနေသော အမေရိကန်စစ်ရေယာဉ်
အားလုံးအား အမှတ် (၅) ရေတပ်မှကွပ်ကဲထိန်းချုပ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပဲန်နက်တာ

ပင်လယ်ကွေ့ဒေသတွင်းမှာ အလွန်ပဲအားကောင်းလှတဲ့တည်ရှိနေမှုကို ကျနော်တို့အနေနဲ့ အမြဲတမ်းထိန်းသိမ်းထားခဲ့ပါတယ်။
ကျနော်တို့ရဲ့ရေတပ်တခုဒီမှာရှိနေပြီး၊ စစ်ရေးတည်ရှိမှုလည်း ဒေသတွင်းမှာရှိနေပါတယ်။ ပင်လယ်ကွေ့ဒေသတွင်းမှာ ငြိမ်းချမ်းမှုရှိနေစေရန်ကူညီပံ့ပိုးဖို့ ဖြစ်နိုင်တာမှန်သမျှကို ကျနော်တို့အနေနဲ့ လုပ်ဆောင်
သွားမှာဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားဖြစ်စေဖို့အတွက်၊ မိမိတို့ရဲ့ဒေသတွင်းအခိုင်အမာတည်ရှိနေမှုကို
ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်

ဟု အီရန်၏ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပဲန်နက်တာမှ ယခုလအစောပိုင်း၌
ရှင်းလင်းပြောကြားခဲ့သည်။

အခြေအနေသိပ်မကောင်းဟု သဘောပေါက်၍ ထိုအချိန်မှစ၍ နိုင်ငံရေးအရတင်းမာမှုများကို လျော့ကျသွားရန် ကြိုးစားနေခဲ့သော အစ္စလာမ်မစ်အီရန်အနေနှင့် ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့ရန် ဘယ်တုန်းကမှမကြိုးစားခဲ့ပါ၊ မိမိတို့အနေနှင့်
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုသာ အလိုရှိပါသည်ဟု လွန်ခဲ့သောအပတ်က အီရန်နိုင်ငံခြားရေးဝန်ကြီး
အလီအက္ကဘာဆလယ်ဟီ (Ali Akbar Salehi) မှပြောလာခဲ့၏။

ဥရောပသမဂ္ဂနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများ

တနင်္လာနေ့တွင် ဘယ်လ်ဂျီယန်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံခဲ့ကြသော ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများမှ
အစ္စလာမ်မစ်အီရန်နိုင်ငံ၏ ဗဟိုဘဏ်အား ပိတ်ဆို့ပြီး၊ အီရန်နိုင်ငံ၏ရေနံတင်ပို့ရောင်းချမှုအား ထပ်မံပိတ်ဆို့ရန်
သဘောတူကြလိမ့်မည်ဟု ယူဆရသည်။ အစ္စလာမ်မစ်အီရန်အစိုးရနှင့်ဆက်စပ်နေသော လုပ်ငန်းပေါင်း (၄၃၃)
ခုနှင့် လူပေါင်း (၁၁၃) ယောက်တို့၏ပိုင်ဆိုင်မှုများအား အသွင်းအထုတ်မရအောင် ကန့်သတ်ထိန်းချုပ်ခဲ့အပြီး၌
ရေနံနှင့်သဘာဝဓါတ်ငွေ့ဆိုင်ရာလုပ်ငန်းကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြုခြင်းတို့အား ထပ်မံကန်
့သတ်တားမြစ်သွားမည့် အရေးယူမှုအသစ်များကို EU နိုင်ငံခြားရေးဝန်ကြီး (၂၇) ဦးတို့မှ သဘောတူကြမည့်
အနေအထားတွင်ရှိနေကြ၏။ အခြားသော ပိတ်ဆို့မှုများတွင် ရွှေ၊ စိန် နှင့် အဖိုးတန်သတ္တုများ ရောင်းချမှုများနှင့်
လတ်တလော သွန်းလုပ်/ရိုက်နှိပ်ထားသည့် ဒင်္ဂါးများနှင့် ငွေစက္ကူများအား ပေးပို့ခြင်းများလည်း ပါဝင်လိမ့်မည်
ဟု ယူဆရသည်။

အကယ်၍ ပိတ်ဆို့မှုအသစ်များမှ ၄င်း၏ရေနံတင်ပို့မှုကို ပိတ်ပင်ခဲ့လျှင် အစ္စလာမ်မစ်အီရန်နိုင်ငံအနေနှင့် ပါရှန်ပင်
လယ်ကွေ့သို့ အဝင်လမ်းအား ပိတ်ဆို့ထားမည်ဟု အီရန်လွှတ်တော်အထက်တန်းအရာရှိတဦးမှ တနင်္လာနေ့
၌ပြောပြန်သည်။ အီရန်ရေနံရောင်းချမှုနှင့်ပတ်သက်၍ မည်သည့်အဟန့်အတားမျိုးကိုမဆိုကြုံလာလျှင်
ဟော်မုဇ်ရေလက်ကြားအား လုံးဝပိတ်ဆို့မည်ဖြစ်သည်ဟု အီရန်လွှတ်တော်၏နိုင်ငံခြားရေးနှင့် လုံခြုံရေးကော်မတီ၏
ဒုတိယအကြီးအကဲဖြစ်သော မိုဟာမက်ကော်ဆာရီ (Mohammad Kossari) မှ Far News Agency အား
တနင်္လာနေ့တွင်ပြောခဲ့သည်။

အီရန်နိုင်ငံနှင့်ပတ်သက်ပြီး တင်းမာမှုများမြင့်တက်လာနေချိန်အတွင်း အစ္စရေးနိုင်ငံအား ရန်သူသဖွယ်သတ်မှတ်ထားသော အီရန်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုသည် အစ္စရေးနိုင်ငံအပေါ်၌ ခြိမ်းခြောက်မှုတရပ်ဟု အစ္စရေးအစိုးရမှ
ရှုမြင်သုံးသပ်ထားပြီး အီရန်အပေါ်၌ လက်ဦးမှုယူ၍ စစ်ရေးအရအရေးယူတိုက်ခိုက်နိုင်ခြင်းအား ရွေးချယ်စရာတခုအဖြစ်
သတ်မှတ်ထားဆဲဖြစ်သည်။ အီရန်နှင့် အစ္စရေးနိုင်ငံများ၏ စစ်တပ်ချင်းသာ ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်လည်း
ကမ္ဘာပေါ်တွင် စတုတ္ထမြောက် တိုက်စွမ်းရည်အမြင့်ဆုံးဖြစ်သည့် အစ္စရေးတပ်မတော်အား အီရန်စစ်တပ်အနေနှင့်
ရေရှည်ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပါ။ အီရန်စစ်တပ်အနေနှင့် သိပ်မကြာလှသောအချိန်ုအတွင်း ချေမှူန်းခံရလိမ့်မည်ဖြစ်၏။

အစ္စလာမ်မစ်အီရန်အစိုးရမှ အဓိကအားထားသော တပ်ဖွဲ့များမှာ သမရိုးကျလက်နက်ကိုင်တပ်ဖြစ်သော
အီရန်တပ်မတော်မဟုတ်ပဲ၊ (Islamic Revolutionary Guard Corps, IRGC) ဟုခေါ်သည့် အီရန်
တော်လှန်ရေးအစောင့်တပ်များနှင့် ဟစ်ဇဘိုလာကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းများသာ ဖြစ်သည်။

အကယ်၍သာ အီရန်အနေနှင့် ဟော်မုဇ်ရေလက်ကြားကို မိုင်းခင်း၍သော်လည်းကောင်း၊ အခြားသော စစ်ရေး
အင်အားဖြင့်လည်းကောင်းပိတ်ဆို့မည်ဆိုပါက ပိတ်ဆို့နိုင်မည်ဖြစ်သော်လည်း ရက်ပိုင်းမျှသာပိတ်ဆို့နိုင်လိမ့်
မည်ဖြစ်၏။ အီရန်အနေနှင့် ၄င်း၏စစ်သင်္ဘောများနှင့် မြေပြင်မှပစ်လွှတ်သော သင်္ဘောဖျက်ဒုံးကျည်များနှင့်
တိုက်ပွဲဝင်လာနိုင်မည်ဖြစ်ပြီး ထိုတိုက်ခိုက်မှုတခုချင်းစီအား နိုင်ငံတကာတပ်ဖွဲ့များမှ လေယာဉ်တင်သင်္ဘော
အခြေစိုက် လေယာဉ်များအားအသုံးပြု၍ တုံ့ပြန်ကာကွယ်သွားမည်ဖြစ်သည်။ ထို့နောက် အီရန်၏ရေတပ်များမှာ လုံးဝ ဖျက်ဆီးချေမှူန်းခံရမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအား နိုင်ငံတကာတပ်များမှ ပြန်လည်ဖွင့်ပေးကြမည်သာ ဖြစ်၏။

မြန်မာသမ္မတသိန်းစိန်နှင့် ရုရှားဝန်ကြီးချုပ်ပူတင်တို့ကဲ့သို့ ရွေးကောက်ပွဲတွင်မဲခိုး၍ အီရန်ပြည်သူများမှ
ဆန့်ကျင်နေကြသော အမာဒီနီဂျက်ဦးဆောင်သည့် အီရန်အစ္စလာမ်မစ်အစိုးရအနေနှင့် လူထုအုံကြွမှုသာ
အချိန်ကိုက်ဖြစ်ပွားလာလျှင် ပြုတ်ကျသွားနိုင်ပြီး၊ အယာတိုလာခိုမေနီစတင်ခဲ့သော အီရန်နိုင်ငံနှင့် ပြည်သူ
အားအကျိုးမပြုပဲ IRGC မှ အကျင့်ပျက်စစ်အရာရှိများ၊ အကျင့်ပျက်အစိုးရအရာရှိများနှင့် လူ့မလိုင်လက်တ
ဆုပ်စာလောက်ကိုသာ ချမ်းသာကြွယ်ဝနေစေသော လက်တွေ့အလုပ်မဖြစ်သည့် ၄င်းတို့၏ (၁၉၇၈)
အစ္စလာမ်မစ်တော်လှန်ရေးကြီးလည်း နိဋ္ဌိတံသွားမည့် အလားအလာရှိနေပေ၏။

Ref:
  1. 1.     After Iran threat, U.S. aircraft carrier goes through Strait of Hormuz without incident – CNN
  2. 2.     US carrier in Gulf after passing Strait of Hormuz – Bangkok Post
  3. 3.     Iran threatens to close Strait of Hormuz over EU oil sanctions – The Telegraph

No comments: