Saturday, February 18, 2012

ဖေ့ဘုတ်ဆိုတာ ၀င်္ကပါ




      ခုခေတ်ခုခါ ဤကမ္ဘာမှာ
ပညာတက်လမ်း ဥာဏ်စခန်းတွေ
တင့်ဆန်းဖြိုးဝေ တိုးတက်လေတော့
အိမ်နေနေကျ အိမ့်ရှင်မပင်
စလိုက်မိရင် အိမ်ပြင်ကိုပင်
မထွက်ချင်တော့ အပြင်မမက်
အင်းတက်နက်သာ
စုံမက်ခုံမင် ဖေ့ဘုတ်ဝင်ပြီး
လိုချင်ရာရှာ တွေ့ရာလူပြော
မမောနိုင် မပန်းနိုင်
ထိုင်လည်းမညောင်း
နာရီပေါင်းကြာလည်း
ကြာမှန်းမသိ ချက်(Chat)မိတဲ့မိတ်ဆွေ
လေကြောရှည်ရင် နေ၀င်သည်တိုင်
မပြီးနိုင် ထိုင်နေရာမှ ထမသွားလည်း ပြဲပြဲစင်စင်
ကမ္ဘာတခွင်ကို ပတ်ချင်သလိုပတ်
မရပ်မနား လှည့်ပတ်သွားရင်း
ပျော်ခြင်းအဖုံဖုံ ရင်ခုန်ခြင်းအမျိုးမျိုးနဲ့
ဗဟုသုတတွေတိုး
တခါတရံ အကြံမတူ
ရန်သူတွေလို အလိုမကျ ဒေါတွေပွ
ခဏခဏကြုံတိုး စိတ်တွေဆိုးလည်း
ပိုးဖလံမျိုး မီးကိုတိုး
ကိုယ်ကျိုးနည်းမှန်းသိလျက်
မတက်ဘဲ မနေနိုင်
ဇွဲခိုင်ခိုင် စွဲပိုင်ပိုင်နဲ့ မရပ်မနား
စွဲသွားတဲ့ဘိန်းစားသမားလို
ဝင်သွားပြီးရင် မထွက်ချင်
တက်မိရင်လည်း မဆင်းနိုင်
ဖတ်ပြီးရင်းဖတ်နေချင်
အမှတ်မထင်အချိန်များ
ကုန်သွားလို့လည်း ကုန်မှန်းမသိ
မိုးလင်းထိအောင် စွဲတဲ့ပွဲ
ဖေ့ဘုတ်ဆိုတာ ၀င်္ကပါပဲ
စွဲပြီးရင်းစွဲနေ နေ့တိုင်းပေ
မသွေခေါ်မှာ ၀င်္ကပါ-ပါ။

အိုးဝေအောင်၏တိုက်တွန်းချက်ဖြင့်
ဤကဗျာကိုရေးဖြစ်သွားပါသည်။

တက္ကသိုလ်ဘုန်းကြွယ်(၂-၁၇-၂၀၁၂)









No comments: