Thursday, April 5, 2012

“ကျောင်းသားတပ်မတော်ရဲ့သမိုင်းနဲ့ ဂုဏ်သိက္ခာကို ထိမ်းသိမ်းနိုင်ကြဖို့”


(ကျောင်းသားတပ်မတော်ကရဲဘော်ရွှေသန်းဆိုသူရဲ့ အာဘော်ပါ။ ဒီစာမှာရဲဘော်ရွှေသန်းပြောချင်တာက
(၁)ခုလိုအချိန်မှာ မြောက်ပိုင်းလူသတ်မှုကိုဖော်ထုတ်နေမှုဟာ သွေးရိုးသားရိုးမဟုတ်ဘူး
(၂)ရန်သူကိုအလျှော့ပေးပြီးဆွေးနွေး ညှိနှိုင်းရတယ်ဆိုတာဟာလည်း အင်မတန်ရှက်စရာကောင်းတဲ့ နိုင်ငံရေးအောက်တန်း ကျမှုဖြစ် တဲ့အတွက်ရန်သူနဲ့ မညှိနှိုင်းစတမ်းတိုက်ပွဲဆက်ဝင်သွားကြဖို့ ဆိုတဲ့နှစ်ချက်ပါ။  မြောက်ပိုင်းမှာဖမ်းဆီးနှိပ်စက်ခံရတဲ့သူလျှို စာရင်းထဲ မှာသူမပါခဲ့လို့ ဒီလိုစာမျိုးတွေသူရေးနိုင်နေတာလား၊ သေနတ်မကိုင်ပဲအင်တာနက်ကိုင်ပြီးတိုက်နေရလိုရန်သူ နဲ့  မညှိနှိုင်း စတမ်း တိုက်ပွဲဆက်ဝင်နိုင်တာလားဆိုတာကတော့ အတွေးပွားစရာပါ။ သူ့ အီးမေးက thissarshin2012@gmail.com ပါ တဲ့။ )


လက်ရှိ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းမှာ မကဒတ (ABSDF)ကျောင်းသားတပ်မတော်ရဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိပါးစေမဲ့ အကြောင်းရာနှစ်ရပ်ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

တစ်ခုက ၁၉၉၂ခုနှစ်ကာလက ကချင်ပြည်နယ်(ABSDF-NB) မှာဖြစ်ပွားခဲ့တဲ့ ကျောင်း သားတပ်ဖွဲ့ဝင် အချင်းချင်းကို ရန်သူ့ထောက်လှမ်းရေးတွေပါလို့စွပ်စွဲပြီး အင်မတန်ကြမ်းတမ်းရက်စက်တဲ့ ညှင်းပန်းနှိပ်စက် မှုတွေနဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ကိစ္စကိုရှင်းလင်းဖို့ ၊ ကိုယ်တိုင်နာကျင်ခံစားခဲ့ရသူတွေ ရဲ့ဖွင့်ဟ ချက်ဖြစ်ပြီး နောက်တစ်ခုကတော့ နိုင်ငံရေးလှေကြုံစီး ရေစုန်မျှောသလိုလုပ်ရပ်မျိုးဖြစ်တဲ့ ရန်သူ(စစ်အုပ်စု)နဲ့ အပစ်ရပ်ရေးဆွေးနွေးပြီး ပြည်တော်ဝင်မဲ့ကိစ္စဖြစ်ပါတယ် ။

အဲဒီအကြောင်းအရာနှစ်ရပ်အကြောင်း ဆွေးနွေးတင်ပြမှုမတိုင်ခင်မှာ မကဒတ (ABSDF) နဲ့ ကျောင်းသား တပ်မတော်ရဲဘော်တွေရဲ့ ကောင်း မွန်တဲ့သမိုင်းကြောင်းကို အရင်ဆုံးတင်ပြချင်ပါတယ် ။ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ၁၉၈၈ ခုနှစ်ထဲက ပါဝင်ဆောင်ရွက်ခဲ့သူတွေအနေနဲ့ သိထားပြီးသားတွေပါ ဆိုပေမဲ့ အဆိုးတွေကိုပဲဖေါ်ပြနေကြတဲ့ခေတ်ရောက်မှ မကဒတ(ABSDF) အကြောင်းကိုသိခွင့်ရခဲ့တဲ့ မျိုး ဆက်သစ် ကျောင်းသားလူငယ်တွေ အမြင်ရှင်းဖို့ရာကတော့ မကဒတ(ABSDF) နဲ့ ကျောင်းသားတပ် မတော် ရဲဘော်တွေရဲ့ စွန့်လွှတ်ပေးဆပ်ခဲ့မှု ၊ နိုင်ငံရေးရပ်တည်ချက်ဆိုတာတွေကို ရှင်းပြပြောဆိုရ မှာပဲဖြစ်ပါတယ် ။

၁၉၈၈ခုနှစ် ၊ စက်တင်ဘာလ (၁၈)ရက်နေ့မှာ ရှစ်လေးလုံးအရေးတော်ပုံဆင်နွှဲနေတဲ့ပြည်သူလူထုကြီးကို ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်နှိမ် နှင်းပြီး စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်လိုက်ပြီဆိုတော့ “လက်နက် ကိုင်တော်လှန်ရေးသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးလိုအပ်ချက်ဖြစ် သည်” ဆိုတဲ့ယုံကြည်ချက် နဲ့ ကျောင်းသားလူငယ်အမြောက်အများ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရှိရာ နယ်စပ်ဒေသ ကိုထွက်ခွာ ခဲ့ကြတယ် ။ ၁၉၈၈ခုနှစ် ၊ နိုဝင်ဘာလတစ်ရက်နေ့မှာ ညီလာခံတစ်ရပ်စတင်ကျင်းပပြီး (၁)အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ် အောက်ကလွတ်မြောက်ရေး (၂)ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေး (၃) ပြည်တွင်း ငြိမ်းချမ်းရေး (၄)ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ ဦးတည် ချက်လေးရပ်နဲ့ ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြတယ် ။

အဲဒီအချိန်ကထဲက ကျောင်းသားတပ်မတော်ရဲဘော်တွေဟာ မိသားစုသံယောဇဉ်ဆိုတာတွေကို စွန့်လွှတ် ခဲ့ကြရတယ် ။ နွေးထွေးတဲ့ မိဘ အရိပ်အာဝါသအောက်ကနေ အနေဆင်းရဲ ၊ အစားဆင်းရဲ ၊ ပင်ပန်းမှု မျိုးစုံအခြေအနေထဲကို ရဲရဲဝံ့ဝံ့တိုးဝင်ခဲ့ကြတယ် ။ သူတကာတွေ ပညာ သင်ကြားနေချိန်မှာ စစ်လက်နက် ပစ္စည်းတွေကိုထမ်းပိုးပြီး တစ်တောဝင်တစ်တောင်တက် မြွေ ကင်း သဘာဝဘေးအန္တရာယ်တွေကြား ၊ နင်းမိုင်း တိုက်မိုင်း ဆွဲမိုင်း တွေကြား ၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မဲ့ရန်သူတွေကြား ချီတက်သွား လာကြရတယ် ။ ရန်သူနဲ့တိုးလို့ ရင်ဆိုင်တိုက်ပွဲတွေဆင်နွှဲကြချိန်မှာလည်း အသက်တွေ ၊ ကိုယ်ခန္ဓာတွေ စတေးပြီး သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ကြတယ် ။ စားစရာမလောက်ငှမှု မပြောနဲ့ တစ်ခါတစ်လေ သောက် စရာရေတောင်မလုံလောက်တဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ကြရတယ် ။ ထမင်းစားတာတောင်ပန်းကန်နဲ့ ၊ ဟန်းကောနဲ့စားရတာမျိုးမဟုတ်ပဲ ပလတ်စတစ်စပေါ်ထမင်းပုံပြီး ရဲဘော်လေးငါးယောက်ဝိုင်း စားရတာ မျိုး ဖြတ်သန်းခဲ့ကြရတယ် ။ အနိမ့်ဆုံး ၀ဲရောဂါကနေစပြီး ၊ ၀မ်းရောဂါ ၊ ငှက်ဖျားရောဂါ ၊ အသည်းရောင် အသားဝါရောဂါ ၊ အစာအိမ်ရောဂါဆိုတဲ့ ရောဂါမျိုးစုံကိုလည်း ကြုံတွေ့ ခံစားခဲ့ကြရတယ် ။

တစ်ယောက်လျော့သွားရင်တစ်ယောက်အစားပြန်ထိုးဖို့ နည်းမျိုးစုံနဲ့စစ်အင်အားစုနိုင်နေတဲ့ ၊ ခေတ်မှီစစ် လက်နက်အပြည့်အစုံနဲ့ စစ်သည် လေးသိန်းလောက်ရှိတဲ့ ရန်သူ့တပ်ကို စစ်ပညာ ၊ စစ်လက်နက် ၊ စစ်အင် အား ဘယ်နေရာမှာမှ မမှီတဲ့အခြေအနေမှာ ပြည်သူတွေအတွက် ၊ အမှန်တရားအတွက် ၊ ငြိမ်းချမ်းရေး အတွက်ဆိုတဲ့ စိတ်ခွန်အားတစ်ခုထဲနဲ့ရပ်တည်ခဲ့ကြရတယ် ။ ကိုယ်ပိုင်နယ်မြေမရှိပဲ တိုင်းရင်းသား လက် နက်ကိုင်အင်အားစုတွေကို မဟာမိတ်ပြုပြီး မှီခိုရပ်တည်ခဲ့ကြရချိန်မှာ ကျောင်းသားတပ်မတော်ကို အများဆုံး ပံ့ပိုးမှုပြုခဲ့တဲ့ KNU ထဲကနေ ၊ DKBA ၊ KPF ၊ KNLA ၊ သံတောင်အထူးဒေသ ၊ ဟောင်သရောအထူးဒေသ စသဖြင့်နာမည်အမျိုးမျိုးနဲ့ ခွဲထွက်ကြတဲ့အဖွဲ့တွေက ရန်သူနဲ့ အပစ်ရပ် ရွှေရည်စိမ်ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ကြပြီး ၊ အဲဒီအထဲကတချို့အဖွဲ့စည်းတွေဟာ ရန်သူ့အလိုကျ KNU နဲ့ ကျောင်းသားတပ် မတော်ကို ထိထိရောက်ရောက်ပြန်တိုက်ခိုက်ခဲ့တာတွေတောင် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ကြရပါတယ် ။ အခုမှသနားစရာရုပ်ဖမ်းပြနေတဲ့ ခင်ညွှန့် ရဲ့ မက်လုံးပေးမြှူဆွယ်မှုတွေအောက်မှာ မွန် ၊ ကချင် ၊ ၀ ၊ ကိုးကန့် စသဖြင့် တော်တော်များများအပစ်ရပ်ပူးပေါင်းသွားခဲ့ကြလို့ ကျောင်းသား တပ်မတော် အတွက် ဘေးကြပ် နံကြပ်ဖြစ်ခဲ့ရတဲ့အချိန်မျိုးတွေမှာတောင် ရန်သူနဲ့ စေ့စပ်ဆွေးနွေးရေး(လုံးဝ)မစဉ်းစားခဲ့ကြပဲ ရပ်တည်ချက်/ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ အခြေအနေဆိုးတိုင်းကိုကြံ့ကြံ့ခံရင်း တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ် ။

အဲဒီအတွက် ရာနဲ့ချီသေခဲ့ကြတယ် ။ ရာနဲ့ချီပြီးကျဆုံးခဲ့ကြတယ် ။ ရာနဲ့ချီပြီး ခြေပြတ် လက်ပြတ် မျက်လုံး ကန်း တွေဖြစ်ခဲ့ကြတယ် ။ ရိက္ခာအခက်အခဲ ၊ ကျည်ဆံအပါအ၀င် စစ်လက်နက်ပစ္စည်းအခက်အခဲ ၊ ဆေးဝါး အခက်အခဲ ၊ ဦးထုတ် ၊ ဖိနပ် ၊ ခါးပတ် ၊ အီကွေ့မင့် ၊ စစ်ဝတ်စုံ မပြည့်စုံမလောက်ငှမှု ၊ လျှပ်စစ်မီးမပြောနဲ့ ဖယောင်းမီးတောင်ထွန်းမအိပ်ရတဲ့ မှောင်မဲမဲညတွေ ၊ အိပ်စက်ခွင့်မရပဲ မိုးထဲရေထဲမှာ ကင်းစောင့် နေကြ ရတဲ့ညတွေ ၊ နေစရာ စခန်းမရှိ ၊ အိပ်စရာ အမိုးအကာအခင်းမရှိတဲ့နေ့တွေ ၊ တစ်နေ့တစ်ရက် တစ်ခဏ မဟုတ်ဘူး ။ ၂၄ နှစ် ဖြတ် သန်းခဲ့ကြရတာ ။ အဲဒါသမိုင်း ။ အဲဒါ မကဒတ(ABSDF)ရဲ့ သမိုင်း ။ ကျောင်းသား တပ်မတော်ရဲဘော်တွေရဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုသမိုင်း တွေ ။ ပုံပြင်မဟုတ်ဘူး ။ ဖန်တီးပြောဆိုလို့ရတဲ့ ဇတ်လမ်းမဟုတ်ဘူး ။

မကဒတ (ABSDF) အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲပေါင်းစည်းရေးကို ၂၄နှစ်တာ လုံး ကြွေးကြော်ခဲ့တာဖြစ်တယ် ။ ၁၉၉၀ ခုနှစ်မှာ ပြည်တွင်းအင်အားစုတွေ စစ်အုပ်စု ခင်းပေး တဲ့ ရွေးကောက် ပွဲလမ်းကြောင်းကိုလျှောက်ကြချိန် မကဒတ(ABSDF)က မဆန့်ကျင်ခဲ့ဘူး ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ်သဘောတူလက်ခံခဲ့သလို ဒေါ်စုနဲ့NLD ကိုဝန်းရံကြရေးမူကိုလည်း လက်ခံခဲ့တဲ့အဖွဲ့ အစည်းဖြစ်တယ် ။ ၁၉၉၆ ၊ ၁၉၉၉ ကျောင်းသားတိုက်ပွဲတွေ ၊ ၂၀၀၇ စက်တင်ဘာသံဃာတော်တွေ ရဲ့ တိုက်ပွဲဝင်မှုတွေကို ထောက်ခံအား ပေးခဲ့တယ် ။ လက်နက်စွဲကိုင်ထားနိုင်မှ ခုခံစစ်ဆင်နွှဲနိုင် မှာဖြစ်တယ် ဆိုတဲ့ယုံကြည်ချက်အရ လက်နက်ကိုင်ကျောင်းသားတပ်မတော်အဖြစ် ရပ်တည်ခဲ့ကြရပေမဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)နဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ကိုလည်း တစ်စိတ်တစ်သဘောထဲ ထောက်ခံအားပေးခဲ့တယ် ။

အဲဒီလို နိုင်ငံရေးရပ်တည်ချက်တွေအရဖြစ်စေ ၊ ရဲဘော်တွေရဲ့စွန့်လွှတ်ပေးဆပ် မှုတွေကြောင့်ဖြစ်   စေ ကျောင်းသားတပ်မတော်ဟာ နိုင်ငံတ ကာ အသိုင်းအ၀ိုင်းအလယ်မှာရော ဗမာပြည်နိုင်ငံရေး သမိုင်း မှာပါ ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ၂၄ နှစ်တာရပ်တည်လာနိုင်ခဲ့ တာဖြစ်တယ် ။

၂၀၁၂ခုနှစ်ရဲ့ ဗမာပြည်နိုင်ငံရေးအချိုးအကွေ့မှာတော့ အထက်မှာဖေါ်ပြခဲ့သလို ကျောင်းသားတပ်မတော်ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာကို အကြီး အကျယ်ထိပါးစေမဲ့ အကြောင်းရာနှစ်ရပ်ပေါ်ထွက်လာပါတယ် ။ သမိုင်းခေတ်ရဲ့အလိုအရကို ကျောင်းသားတပ်မတော်ရဲ့ခံနိုင်ရည်ကို မှတ် ကျောက်ထပ်တင်ဖို့ ဖြစ်လာတာ လား ။ ကျောင်းသားတပ်မတော်ကို အစဉ်တစိုက်ဖြိုခွဲဖို့ကြိုးစားနေသူတွေနဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေလိုသူတွေ ကပဲ ရည်ရွယ်ချက်ရှိရှိဖန်တီးလေသလား ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကျောင်းသားတပ်မတော်ရဲ့သမိုင်းနဲ့ဂုဏ်သိက္ခာကိုထိမ်းသိမ်းဖို့ သတိနဲ့ ဖြေရှင်းကြ ရမဲ့ အကြောင်းရာနှစ်ရပ်ကိုတော့ မကဒတ(ABSDF)အနေနဲ့ အသေအချာကြုံတွေ့နေကြရပြီဖြစ်ပါတယ် ။

၁၉၉၂ခုနှစ်ကာလက ကချင်ပြည်နယ်(ABSDF-NB) မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်မှုကို ပြန်ဖေါ်နေကြတဲ့ကိစ္စ

ဖြစ်ခဲ့တာက နှစ်၂၀ရှိပြီ ။ ကျောင်းသားတပ်မတော်ရဲ့အနာဂတ် အတွက် ဘေးကြပ်နံကြပ်အဖြစ်ရဆုံးဆိုတဲ့ အချိန်မှာမှ အစပြန်ဖေါ်ဖြေရှင်းခိုင်း ကြတာ သွေးရိုးသားရိုးမှဟုတ်ရဲ့လားလို့ စဉ်းစားစရာအခြေအနေဖြစ် တယ် ။ အဲဒီဖြစ်စဉ်မှာကိုယ်တွေ့ခံစားခဲ့ကြရသူတွေရဲ့ဖေါ်ထုတ်ပြော ကြားမှုတွေထက် ကြက်တူရွေး ကတော်တော် မယ်တော်ကကဲကဲဆိုတာမျိုး ဘေးတီးအာချောင်နေကြတာ များနေတာတွေ့နေရတယ် ။ အဆိုး ဆုံးက အဲဒီရိုင်းစိုင်းရက်စက်မှုကိုကျူးလွန်ခဲ့ကြတဲ့ ၊ အဲဒီအတွက်တာဝန်ရှိတဲ့ ဒေါက်တာနိုင်အောင် အပါအ၀င် ရော်နယ်အောင်နိုင်တို့လိုလူတွေ ကို ပြစ်တင်ပြောဆိုမှုမျိုးထက် ကျောင်းသား တပ်မတော် ရဲ့ သမိုင်းမှားဆိုတာမျိုး ဖန်တီးပြောဆိုနေကြတဲ့ကိစ္စပဲ ။

အဲဒီကိစ္စကိုအခြေပြုပြီး ဝေဘန်ပြောဆိုနေကြတဲ့သူတွေအနေနဲ့ (ကိုယ်တိုင်ခံခဲ့ရတဲ့ ကာယကံရှင်တွေပဲဖြစ် ပစေ) ကျောင်းသားတပ်မတော်နဲ့ ဗမာပြည်တော်လှန်ရေးအပေါ် စိတ်ထားမှန်ရဲ့လား ဆိုတာ သေချာစီ စစ် ဖို့လိုတယ် ။ ကျောင်းသားတပ်မတော်အပေါ်စိတ်စေတနာမှန်ရင် ကျောင်းသားတပ်မတော် ဆက်လက်ရပ် တည်နိုင်ဖို့အတွက် အရေးကြီးတဲ့အကြောင်းအရာတွေကို ဦးစားပေးဆွေးနွေးရမဲ့အချိန်မှာ ၊ ဗမာပြည် တော် လှန်ရေးခရီးအတွက်လည်း အရေးကြီးနေပါတယ်ဆိုတဲ့အချိန်မှာ အာရုံရှုတ်ထွေးမှုတွေဖြစ်ပြီး လမ်းလွဲစေမဲ့ ၊ ကျောင်းသားတပ်မတော် အပေါ် ၀န်းရံမှုတွေလျော့ကျစေမဲ့ ခုလို ရန်သူ့အကြိုက်အကြောင်းအရာကို လိုင်းမတင်လာသင့်သေးပါဘူး ။ နှစ် ၂၀ ကြာအောင်တောင် စောင့်နိုင် မျိုသိပ်နိုင်ခဲ့ကြသေးတာပဲ ။

မကဒတ (ABSDF) ရဲ့လက်ရှိအခြေအနေမှန်ကို တော်တော်များများကသိနေကြတာပဲ ။ မြို့တွေပေါ်မှာပဲ မိသားစုတွေနဲ့နေပြီး တနှစ်နေလို့ ရဲဘော်တွေရှိရာတစ်ခေါက်မရောက်တာမျိုး ၊ စစ်ဆင်ရေးကိစ္စတွေအတွက် တပ်လိုအပ်ချက်တွေကိုဖြည့်စည်းပေးဖို့ ၊ တပ်ကိုဦးစီးဖို့ မျက်နှာ ချင်းဆိုင်ဆွေးနွေးပြောဆိုကြဖို့မပြောနဲ့ တယောက်နဲ့တယောက်ဖုန်းတွေ ၊ အွန်လိုင်းဆက်သွယ်မှုတွေတောင် ပုံမှန်မရှိကြတာမျိုး ဗဟိုကော်မ
တီဝင်တွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍအားနည်းချက်တွေကို မယုံကြည်တော့တဲ့ရဲဘော်တွေ ရဲ့အခြေ အနေတွေကြောင့် လက်နက်ကိုင်ရဲဘော် အရေအတွက် တစ်နေ့ထက်တစ်နေ့လျော့နည်းလာပြီး ၊ ထိုင်းမြန် မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေ ၊ NGO အဖွဲ့ အစည်းတွေ ၊ Project  အမျိုးမျိုးပြပြီး နိုင်ငံတကာ ကနေ အလှုခံစားနေတဲ့အဖွဲ့အစည်းတွေဆီကို ရဲဘော်တွေရောက်ကုန်ကြတဲ့အချိန်မှာ အဓိကအားကိုးအားထားပြု   နေရရာ KNU တစ်ဖွဲ့လုံးအနေနဲ့ပါ ရန်သူနဲ့အပစ်ရပ်ရေးဆွေးနွေးပြီဆိုတော့ ရှေ့ဆက် ဘယ်လိုရပ် တည်ကြမလဲလို့ ကျောင်းသားတပ်မတော် အပေါ်စိတ်စေတနာအမှန်နဲ့ ဆွေးနွေးကြရမဲ့အချိန်ဖြစ်ပါတယ် ။

DKBA က စစ်အုပ်စုကိုပြန်တိုက်ပြီဆိုလို့ ရှိတဲ့ရဲဘော်လေးစုပြီးသွားပေါင်းနေတုန်းမှာပဲ DKBA က ပြန် အပစ် ရပ်သွားတော့ သူတို့စိုးမိုးရာနယ် မြေကနေ စစ်အုပ်စုကိုဆက်တိုက်လို့မရဖြစ်ခဲ့ရတာမျိုး ၊ KNU တစ်ဖွဲ့လုံး ကအပစ်ရပ်ပြီဆိုတော့ သူတို့အပိုင်နယ်မြေထဲကနေ စစ်အုပ်စုကို ဆက်တိုက်ဖို့ ဖြစ်နိုင် မဖြစ်နိုင်ဆွေးနွေးကြ ရတော့မယ် ။ တိုင်းရင်းသားတွေတော်လှန်ရေးမလုပ်တော့ရင် ကိုယ့်တော်လှန်ရေးလုပ်မရသလိုဖြစ် နေတဲ့ ကိုယ်ပိုင်နယ်မြေမရှိတဲ့တော်လှန်ရေးတပ်အဖြစ်ကနေ ဘယ်လိုပြောင်းလဲမလဲ ၊ ၀ိုင်းစဉ်းစားဆွေးနွေးကြ ရမယ် ။ စစ်အုပ်စုဟန်ပြဖန်တီး ထားတဲ့ အပစ်ရပ်ရေးဆွေးနွေးပွဲကို မကဒတ(ABSDF)အနေနဲ့ တက်သင့် မတက်သင့် ၊ တက်ခဲ့ရင် ဘယ်အချက်တွေကိုမလိုက်လျောမချင်း အပစ်ရပ်ဖို့ သဘော မတူသင့်ဘူး ဆိုတဲ့ အကြောင်း ၊ တပ်တည်ထောင်ခဲ့ကထဲကဆုတ်ကိုင်ခဲ့တဲ့ရပ်တည်ချက်ကို ဘယ်လောက်ထိထိမ်းမယ် မထိမ်း ဘူးဆိုတာတွေနဲ့ လျော့လျဲနေတဲ့ ဗဟိုကော်မတီကို ဘယ်လိုပြန်တည်ဆောက်သင့်တယ်ဆို တာတွေ ကျောင်း သားတပ်မတော်ကိုတန်ဖိုး ထားသူတိုင်း ၀ိုင်းဆွေးနွေးကြရမဲ့အချိန်မှာ ဟိုးလွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က ကိစ္စ ကိုဖေါ်ထုတ်ပေးဖို့ဖိအားပေးလာကြတာ လုံးဝမဖြစ်သင့်သေး တာပါ ။

ခုချိန်မှာ မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စက လိုင်းတင်ဆွေးနွေးဖို့မသင့်သေးဘူးဆိုပေမဲ့ လိုင်းတင်အော်ဟစ်တဲ့ သူတွေကအော်ဟစ်လိုက်ပြီဆိုတော့ ကျွန်တော်ပြောလိုတဲ့ ကျောင်းသားတပ်မတော်ရဲ့သမိုင်းနဲ့ ဂုဏ်သိက္ခာ ကိုကာကွယ်ဖို့ ကြိုးစားကြရပါမယ် ။ ဒီကိစ္စဟာ မျိုးဆက်သစ် ကျောင်း သားလူငယ်တွေ ၊ ၈၈မျိုးဆက်ကျောင်း သားတွေ ၊ ပြည်တွင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ကျောင်းသားတပ်မတော်ကို အထင် အမြင်လွဲ မှားစေမဲ့ကိစ္စ ၊ လူထုတိုက်ပွဲနည်းဆောင်ရွက်နေတဲ့ကျောင်းသားတွေနဲ့ လက်နက်ကိုင်လမ်းစဉ် မှာရပ်တည် သူနေကြတဲ့ ကျောင်း သားတွေရဲ့ကြားက ညီညွတ်ရေးကိုပျက်စီးစေမဲ့ကိစ္စဖြစ်တယ်ဆိုတာ သတိထားကြ ရပါမယ် ။ အဲဒီတော့ “ အဖြစ်မှန်စုံစမ်းဖေါ်ထုတ် ရေးကော်မတီ ” ဆိုတာမျိုး တကယ်အဖြေထွက်လာမှာ မဟုတ်တဲ့ ဟန်ပြလုပ်ဆောင်မှုမျိုးထက် ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာ အတွက်ရှင်း လင်းချက် ဆိုတာမျိုးသာ စနစ်တကျထုတ်ပြန်သင့်တာဖြစ်ပါတယ် ။

ဘာကြောင့် “အဖြစ်မှန်စုံစမ်းဖေါ်ထုတ်ရေးကော်မတီ ” ဆိုတာမျိုးက တကယ်အဖြေထွက်လာမှာမဟုတ်ဘူး လို့ပြောရလဲဆိုတော့ အဖြစ်မှန်ဆို တဲ့ကိစ္စက သက်ဆိုင်သူအားလုံးကို (တရားခံလို)စစ်မေးရမှာဖြစ်ပါတယ် ။

မကဒတ(ABSDF)ရဲ့သမိုင်းအတွက် ဖေါ်ထုတ်တာမျိုးဆိုရင်ပြော တာပါ ။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ရန်သူကလက်နက်ချခဲ့ရင် ကောင်းကောင်းမွန်မွန် လက်ခံပြီး သူတို့ဆန္ဒ အတိုင်းပြန်လွှတ်ပေးရမှာဖြစ်သလို ရန်သူ့သူလျှိုဖမ်းမိခဲ့ရင်လည်း ညှင်းပန်းနှိပ်စက်ပြီး စစ်မေးခွင့် ၊ သတ်ခွင့်ရှိတာပါပဲ ။ အဲဒ်ီဖြစ်စဉ်က သတ် ဖြတ်မှုတွေကို  ရန်သူ့ သူလျှိုဆိုတာ အထောက်အထား ခိုင်မာလို့ သတ်ပါတယ်လို့ ပြနိုင်တယ်ဆိုရင်တောင် ကျောင်းသားတော်လှန်ရေးတပ် မပီသပဲ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ပြုလုပ်မှုမျိုးတွေလုပ်ခဲ့တာတွေအတွက် အပြစ်ရှိတယ်လို့ “အဖြစ်မှန် စုံစမ်းဖေါ်ထုတ်ရေးကော် မတီ ” က ဆုံးဖြတ်ရင် ၊ တော်လှန်ရေးရဲဘော်အစစ်အမှန်တစ်ယောက်ကို မှားယွင်းအရေးယူခဲ့မိတာမျိုး ရှိခဲ့ တာသေချာတယ်လို့ဆုံးဖြတ်ရင် ကျူးလွန် ခဲ့သူတွေက နာခံနိုင်မှာတဲ့လား ။

အပြစ်ပေးအရေးယူခံနိုင်မှာတဲ့လား ။ အဲဒီလိုပဲ ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ် ၊ မတရားစွပ်စွဲခံခဲ့ရတယ် ၊ ထွက် ပြေးနိုင်ခဲ့လို့သာအသက်ရှင်ခဲ့ရတာ လို့ဆိုတဲ့ ၊ နှစ် ၂၀ ကြာမှ အစပြန်ဖေါ်တဲ့သူတွေကရော သူတို့ဟာ ရန်သူ့လူဟုတ်တယ် ၊ မဟုတ်ဘူး ၊ ဖြစ် နိုင်ခဲ့တယ် ။ မဖြစ်နိုင်ဘူးဆိုတာကို ပြန်စစ်ရင် အစစ်ခံနိုင်မလား ။ သူတို့ထွက်ပြေးလွတ်မြောက်ပြီးတော့ရော တော်လှန်ရေးခရီးမှာ ဘယ်လိုပုံ စံနဲ့ဆက်ရပ်တည်ခဲ့ကြသလဲ ။ သူတို့ဟာ ပြည်သူတွေအတွက် တော်လှန်ရေးသမားအစစ်တွေဖြစ်တယ်ဆိုတာ ဘယ်လိုလုပ်ဆောင်ချက်တွေ နဲ့ ပြန်ဖြေရှင်းပြသခဲ့ကြလဲ ။ အစစ်ခံနိုင်ပါ့မလား ။ ပြန်စစ်လို့ ရန်သူ့လူဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက် ကို ကော်မတီက ချရင်ရော ။ အဲဒီလူက အရေးယူခံနိုင်မတဲ့လား ။ အဲဒီကော်မတီက ဘယ်လောက်သြဇာ ရှိနိုင်မှာတဲ့လဲ ။ တရားခံစာရင်းထဲမှာပါတဲ့ ဒေါက်တာနိုင်အောင်ဦးဆောင်နေ တဲ့တပ်ပေါင်းစု(FDB)မှာ အဖွဲ့ဝင်အဖြစ်ရပ်တည်နေတဲ့ မကဒတ(ABSDF)နဲ့ ဒေါက်တာနိုင်အောင်နဲ့ ပလဲနံပသင့်နေတဲ့ လက်ရှိ မကဒတ ဗဟို ကော်မတီဝင်တွေနဲ့ဖွဲ့တည်ထားတဲ့ အဲဒီစုံစမ်းရေးကော်မတီဆိုတာကို ဘယ်သူတွေကရော ယုံကြည်လက်ခံပေးမှာတဲ့လဲ ။

အဲဒီတော့ အဖြေမှန်ထွက်လာမှာမဟုတ်သလို လူယုံကြည်မှုရှိမှာလည်းမဟုတ်တဲ့ “အဖြစ်မှန်စုံစမ်းဖေါ် ထုတ်ရေးကော်မတီ ” ဆိုတာမျိုးတွေဖွဲ့ ပြီး တခြားအရေးတကြီးလုပ်ရမဲ့အကြောင်းအရာတွေမှာ အားလျော့   စေတာမျိုးထက် ၊ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်နိုင် မဲ့ ကြေငြာ ချက်မျိုး ထုတ်ပြန်ပြီး လက်တွေ့မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်ချက်မျိုးတွေ ပြန်လုပ်ပြ သင့်တယ်လို့ ထင်ပါတယ် ။

 ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုကာကွယ်နိုင်မဲ့ ကြေငြာချက်မျိုးဆိုတာက အဲဒီဖြစ်စဉ်အတွက် အဲဒီအချိန်ကရှိခဲ့တဲ့ဗဟိုကော်မတီ အနေနဲ့ (မြောက်ပိုင်းရော တောင်ပိုင်းရော) အားနည်းချို့ယွင်းခဲ့ တယ်ဆို တာ ၀န်ခံဖို့နဲ့ အဲဒီဖြစ်စဉ်အတွက် ကျူးလွန်ခဲ့ကြသူတွေမှာသာတာ ၀န်ရှိပြီး ၊ သမိုင်းခေတ်ရဲ့လိုအပ် ချက် အရပေါ်ပေါက်ခဲ့ရတဲ့ကျောင်းသားတပ်မတော်နဲ့ ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း စွန့် လွှတ်ပေးဆပ်ခဲ့ကြတဲ့ရဲဘော်တွေရဲ့သမိုင်းကို မထိခိုက်စေသင့်ဘူးဆိုတဲ့အကြောင်းမျိုးလို့ ယူဆမိပါတယ် ။

နိုင်ငံရေးလှေကြုံစီး ရေစုန်မျှောသလိုလုပ်ရပ်မျိုးဖြစ်တဲ့ ရန်သူ(စစ်အုပ်စု)နဲ့ အပစ်ရပ်ရေးဆွေးနွေးပြီး   ပြည်တော်ဝင်မဲ့ကိစ္စ

မကဒတ (ABSDF) ကို သေချာစနစ်တကျလေ့လာကြည့် ။ လုံလောက်တဲ့စစ်အင်အားမရှိဘူး ။ လုံလောက် တဲ့စစ်လက်နက်မရှိဘူး ။ ကိုယ်ပိုင် နယ်မြေမရှိဘူး ။ ဒါပေမဲ့ ၂၄ နှစ်ဆိုတဲ့သက်တမ်းရှိလာအောင် အခက်အခဲ မျိုးစုံကြားကနေ ရပ်တည်နိုင်ခဲ့တယ် ။ မကဒတ (ABSDF) မှာ ရှိခဲ့တဲ့ ပြည်သူလူထုဖိနှိပ်ခံနေရ သမျှ ပြည် သူ့ရှေ့   ကနေ လက်နက်ကိုင်ခုခံပေးမယ်လို့ ရန်သူနဲ့မညှိနှိုင်းစတမ်းရပ်တည်ခဲ့တဲ့ နိုင်ငံရေးဂုဏ်သိက္ခာ က  မကဒတ (ABSDF)ကို အဓွန့်ရှည်ခိုင်မာစေခဲ့တာသာဖြစ်တယ် ။

အခုတော့ အဲဒီသမိုင်း အဲဒီဂုဏ်သိက္ခာကို ရိုက်ချိုးဖျက်ဆီးမဲ့ ရန်သူနဲ့စေ့စပ်ဆွေးနွေးခြင်းဆိုတဲ့ကိစ္စ က ဖြစ်   ပေါ်လာခဲ့ပြီ ။ ဘာဖြစ်လို့လဲ ။ ပြည် သူတွေ ဖိနှိပ်ခံဘ၀က လွတ်မြောက်သွားပြီမို့လား ။ စစ်အုပ်စုက လူတွေပြောင်း ၊ မူတွေပြောင်းပြီး ပြည်သူကိုလက်နက်အားကိုးနဲ့အနိုင်ကျင့်မှု တွေ မလုပ်တော့ဘူး ဆို တာမျိုးမို့လား ။ ကျောင်းသားတပ်မတော်လက်နက်ကိုင်တိုက်ပွဲဝင်နေရခြင်း ရဲ့အကြောင်းရင်းကိစ္စတွေ ကို ဖြေရှင်း အောင်မြင်နိုင်ခဲ့ပြီးပြီမို့လား ။ တစ်ခုမှမဟုတ်ဘူး ။ ပြည်သူတွေက ဖိနှိပ်ခံဘ၀မှာ ရှိနေဆဲပဲ ။ စစ်အုပ်စုကလည်း ကိုယ်ကျိုးရှာဆဲ ။ အနိုင်ကျင့် မြဲ ကျင့်နေဆဲပါပဲ ။ ကျောင်းသားတပ်မတော်ရဲ့ဦးတည်ချက် ၄ ရပ်ကလည်း ဘာတစ်ခုမှဖြစ်မလာသေးဘူး ။ အဲဒါကို ကျောင်းသားတပ်မတော် ရဲဘော်တိုင်းလည်းသိပါ လျက်နဲ့ ဘာကြောင့်ရန်သူနဲ့အပစ်ရပ်ရေးဆွေးနွေးတယ်ဆိုတဲ့ကိစ္စဖြစ်လာခဲ့ရတာလဲ ။

တလောလေးက ရဲဘော်တစ်ယောက်က ဥပမာရိုင်းရိုင်းပေးပြီးပြောတာကြားလိုက်ရတယ် ။ “အရွယ်အိုဇရာထောင်းပြီး ပိန်လှီချည့်နဲ့နေတဲ့ပြည် တန်ဆာမက နုပျိုသစ်လွင်တဲ့ငယ်စဉ်ကလို ဟိုလူနဲ့ဆို မလိုက်ဘူး ၊ အဲ့သလောက်မှ မရရင် မလိုက်ဘူးလို့ ငြင်းဆန်ရွေးချယ်မနေနိုင်တော့ပဲ ဆံဖြူသွားကျိုးနေတဲ့ ရုပ်ဆိုးဆိုး အဖိုးကြီးက မဖြစ်စလောက်ငွေလေးနဲ့ခေါ်တာကိုလည်း ကျေးဇူးတင်စွာ လိုက်ရတော့တဲ့အဖြစ်မျိုး လက်နက် ကိုင်အင်အားစုတွေမှာ ဖြစ်နေကြပြီထင်ပါရဲ့”တဲ့ ။ မကဒတ (ABSDF) ရဲ့အခြေအနေက အဲဒီလိုဖြစ်နေခဲ့လို့များလား ။

ဒါမှမဟုတ် အခက်အခဲမျိုးစုံ ၊ မွန်းကြပ်မှုမျိုးစုံနဲ့ကြုံတွေ့တဲ့အခါ လူပျော့လူညံ့တွေလုပ်လေ့လုပ်ထရှိတဲ့ ရန်သူဆီလက်နက်ချတာမျိုး ၊ ရန်သူ နဲ့အပေးအယူလုပ်တာမျိုး ဖေါက်ပြန်တဲ့အတွေးအခေါ်တွေ လက်ရှိဗဟိုကော်မတီဝင်ဆိုသူတွေဆီမှာ ကိန်းအောင်းလာလို့များလား ။ တပ်ရင်း တွေအလိုက် ဆွေးနွေးမှုတွေလုပ်ခိုင်းပြီး ရဲဘော်အများစုရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မယ် ဆိုတာမျိုး လုံးဝမလုပ်ခဲ့ပဲ နီးစပ်ရာဗဟိုကော် မတီဝင်ချင်းသာတိုင်ပင်ပြောဆိုပြီး ဆုံးဖြတ်လုပ်ဆောင် သွားခဲ့ တာ မကဒတ (ABSDF) မှာ တပ်တွင်းဒီမိုကရေစီဆိုတာ ဟန်ဆောင်ထားသလို ဖြစ်နေပြီး ဗဟိုကော်မတီ ၀င်တွေက ဗျူရိုကရက်တွေဖြစ်နေလို့များလား ။

အထောက်အပံ့ရရှိမှု လျော့နည်းလာတာ ၊ ရဲဘော်/စစ်လက်နက်လျော့နည်းလာတာ ၊ မဟာမိတ်တွေက ရန်သူနဲ့အပစ်ရပ်သွားကြတာ ၊ ကိုယ်ပိုင်နယ်မြေမှမရှိတာ ဆိုတာမျိုး အကြောင်းကြောင်းကြောင့် မီးစင်ကြည့် ကလိုက်ရပါတယ်လို့ ဖြေရှင်းကြရင်တော့ ရန်သူနဲ့မညှိနှိုင်းစတမ်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ရဲဘော်တွေနဲ့ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ကြရသူတွေကတော့ ကျေနပ်ကြလိမ့်မယ်မထင်ဘူး ။ မကဒတ (ABSDF) ဟာ နိုင်ငံရေးလှေကြုံလိုက်စီးရမဲ့ ၊ နိုင်ငံရေးကို ကာလရေစီးအတိုင်းလိုက်မျှောရမဲ့ အဖွဲ့အစည်းမျိုးမှမဟုတ်တာ ။ တခြားအဖွဲ့အစည်းတွေ လည်း အပစ်ရပ်ရေးဆွေးနွေးနေကြတာပဲဟာလို့ သူများလုပ်လို့လိုက်လုပ် ရတယ် လို့ နှိုင်းယှဉ်ပြောဆိုလို့ရတဲ့အဖွဲ့အစည်းမျိုး မဟုတ်ဘူး ။ မကဒတ(ABSDF)ဟာ ကိုယ်ပိုင်အတွေးအခေါ် ၊ ကိုယ်ပိုင်မူဝါဒနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတဲ့ (ရှိကိုရှိရမဲ့) အဖွဲ့အစည်းဖြစ်တယ် ။

“တာဝန်ခံတယ်”ဆိုတဲ့စကားကိုလွယ်လွယ်ပြောပြီး တပ်ဖွဲ့ရဲ့အခြေအနေတွေ အများကြီးဆုံးရှုံးပြီးတော့မှ ၊ ကျောင်းသားတပ်မတော်ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်ညှိုးနွမ်းစေပြီးကာမှ ဟိုလိုကြောင့် ဒီလိုကြောင့် ဆိုတာ မျိုးဆင်ခြေတွေပေး ကိုယ်လွတ်ရုန်းဖို့ကြိုးစားကြတာထက် စကထဲက ဆုံးဖြတ်ချက်အမှားတွေမချမိကြဖို့ ကြိုးစားကြသင့်တယ် ။

ဘာပဲဖြစ်ဖြစ် ရန်သူကိုအလျှော့ပေးပြီး ဆွေးနွေးညှိနှိုင်းရတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းတဲ့ နိုင်ငံရေးအောက်တန်းကျမှုဖြစ်ပါတယ် ။ ရှိခဲ့ပြီးဖြစ်တဲ့ ကျောင်းသားတပ်မတော်ရဲ့ကောင်းမွန်တဲ့သမိုင်းကြောင်းနဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပြစ် ရာရောက်တယ်ထင်ပါတယ် ။
ဒါကြောင့် ကျောင်းသားတပ်မတော် ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာကိုထိမ်းသိမ်းနိုင်ကြဖို့ ခုလိုတင်ပြပြောဆိုရ တာပဲဖြစ်တယ် ။

လက်ရှိဖြစ်တည်ပြီးသားအခြေအနေအတိုင်းမှာ ကျောင်းသားတပ်မတော်ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာကိုထိမ်း သိမ်းနိုင်ကြဖို့ရာနည်းလမ်းက နှစ်မျိုး ပဲရှိတယ်လို့ထင်ပါတယ် ။ ပထမနည်းလမ်းတစ်ခုက နိုင်ငံတကာရောက် ရဲဘော်တွေအပါအ၀င် လက်ကျန်ရဲဘော်တွေအားလုံးရဲ့ဆန္ဒကိုရယူပြီး အပစ်ရပ်ရေးကိစ္စ ရန်သူနဲ့ ဆက်ဆွေးနွေးသင့် မဆွေးနွေးသင့် ပြန်တိုင်ပင်ကြဖို့ပါ ။ ပြီးတော့ အကျဉ်းထောင်တွေထဲမှာကျန်နေတဲ့ နိုင်ငံရေး ကိစ္စကိုအခြေခံထောင်ကျခဲ့သူအားလုံးကို မလွှတ်ပေးသေးပဲ အပစ်ရပ်ရေးဆွေးနွေးဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း ကြေငြာသင့်တာမျိုးပါ ။ အဲဒါ မကဒတ(ABSDF)ရဲ့ ဂုဏ်သိက္ခာပါပဲ ။

နောက်နည်းလမ်းတစ်ခုကတော့ လက်ရှိဗဟိုကော်မတီဝင်တွေက စစ်အုပ်စုနဲ့ မျက်နှာပျက်မခံနိုင်လို့ (ဒါမှမဟုတ်) အရမ်းကိုငမ်းငမ်းတက် ပြည်တော်ပြန်ချင်နေလို့ ဘယ်လိုပုံစံနဲ့ဖြစ်စေ အပစ်ရပ်မှာရပ်မှာပဲ ၊ ဆွေးနွေးမှာဆွေးနွေးမှာပဲဆိုရင် မကဒတ(ABSDF)ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာ ကိုထိမ်းသိမ်းလိုသူတွေက ရန်သူနဲ့အပစ်ရပ်ရေးကိုမလိုလားတဲ့ မကဒတ(ABSDF)ဆိုတာမျိုး သီးခြားခွဲထွက်ပြီး တိုက်ပွဲဝင်ကျောင်းသား တပ် မတော်သမိုင်းကို ထိမ်းသိမ်းဖို့ပါ ။ ဘာမဟုတ်တဲ့ လူပုဂ္ဂိုလ်အားပြိုင်မှုအကြောင်းအရာ အတွက် နှစ်ဖွဲ့ ကွဲခဲ့ရဖူးတဲ့ မကဒတ(ABSDF)အတွက် ရန်သူနဲ့ပတ်သက်တဲ့ရပ်ခံမှုအကြောင်းအရာ အတွက် နောက် တစ်ကြိမ်နှစ်ဖွဲ့ထပ်ကွဲရလို့ ထူးပြီးဂုဏ်မညှိုးနိုင်တော့ပါဘူး ။ ကျောင်းသားတပ်မ တော်ရဲ့ သမိုင်းအတွက် ဘယ်သူတွေက ဆက်ပြီးပေးဆပ်ရပ်တည်ကြမလဲဆိုတာသာ အဓိကဖြစ်ပါတယ် ။

မှန်ကန်တဲ့သဘောတရားနဲ့ နိုင်ငံရေးဦးဆောင်မှုရှိမယ် ၊ ရေရှည်အတွက် ထောက်ပို့လမ်းကြောင်းခိုင် မာမယ်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ် ။ ရန်သူနဲ့တိုက်ပွဲဆက်နေတဲ့ ရှမ်း/ကချင် စတဲ့ဒေသတွေမှာ မကဒတ (ABSDF)အတွက် စစ်ရေးလှုပ်ရှားနယ်မြေရ ရှိဖို့ ဆောင်ရွက်နိုင်နေ မှာပဲဖြစ်ပါ တယ် ။ ဘယ်လိုအခြေခံမှမရှိပဲတောင် တိုင်းရင်းသားခေါင်းဆောင်တွေကိုလိုက်ဆွေးနွေးပြီး မကဒတ (ABSDF) ဖြစ်ပေါ်လာခဲ့တာပဲဟာ ။ မကဒတ(ABSDF)ကိုတန်ဖိုးထားသူတွေအနေနဲ့ ရှစ်လေးလုံးလွန် ကာလကစိတ်ဓာတ်မျိုး ဆက်ထား နိုင်ရင် မကဒတ(ABSDF)ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာကျဆင်းရမဲ့အရေးကို ကာကွယ်နိုင်မှာဖြစ်ပါတယ် ။

ဒီတော့ မကဒတ (ABSDF)ရဲဘော်တွေ ၊ ရဲဘော်ဟောင်းတွေပါဆိုပြီး အာသာပြေပြောဆိုလုပ်ကိုင်နေကြ တာထက် မကဒတ(ABSDF)ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားကာကွယ်နိုင်ကြဖို့ လက်တွေ့ကျ တဲ့ ဆွေးနွေးမှု ၊ လုပ်ဆောင်မှုတွေကိုပြုနိုင်ကြဖို့ရာ အပြုသဘောတင်ပြ ဆွေးနွေးလိုက်ပါတယ်ခင်ဗျား ။ ဒီ့ထက်ပိုတဲ့အချက်အလက်တွေနဲ့ မျက်မှောက်နိုင်ငံရေးကို အဖြေမှန်ထုတ်နိုင်ပြီး မကဒတ(ABSDF)ရဲ့ သမိုင်း ကိုထိမ်းသိမ်းနိုင်ရေး ၊ အသက်နဲ့ကိုယ်ခန္ဓာစွန့်ခဲ့ပြီးတဲ့ရဲဘော်တွေအပေါ် သစ္စာဖေါက်သလိုမဖြစ်ရေး တို့အတွက် စိတ်စေတနာမှန်မှန် ၀ိုင်းဝန်း နိုင်ကြဖို့သာ ရည်ရွယ်ကြောင်းပါခင်ဗျား ။

ရဲဘော်ရွှေသန်း
 thissarshin2012@gmail.com

အိုးဝေအောင်အိုးဘားမား facebook မှကူးယူဖော်ပြသည်။

No comments: