Monday, April 23, 2012

မုန်တိုင်းထန်ထန် ညနက်နက်ကာလ လမ်းကြောင်းမှန်ကို ရွေးချယ်ရင်း



ခေါက်တုန့်ခေါက်ပြန် မွန်းကြပ်နေတဲ့ လျှပ်စစ်မီးပျက် မြို့ပြဟာ
အကြွေးဟောင်းနဲ့နောက်ကြောင်းပြန်လှည့်ဖို့ စဉ်းစားကြည့်လိုက်တော့
ရေနံဆီ မီးခွက်နဲ့ကျေးလက်မှာ လမ်းကောင်းကောင်း မရှိပဲ စုတ်ပြတ်သတ်နေတယ် ..။

အချိန် ပလိုင်းထဲ မြုံးထဲမှာ ဘ၀ဆုံးရှုံးမှုများ ပြည့်ကျပ်လာတော့
ရေနည်း ငါးတွေဟာ သံသယစကားလုံးများအား ထောင်ချောက်တစ်ခုလို မုန်းနေတယ် ။

အကြိမ်ကြိမ် မှားယွင်း ပျက်ဆီးနေတဲ့ ပုံစံခွက်ထဲမှာ
ရေချိန်ကိုက် အိပ်မောကျနေတဲ့ သစ္စာတရားလို
အဖြေကို ရှာကြံရင်း ၊ ပြဿနာနဲ့ ပက်ပင်းတိုးတဲ့ အဖြစ်အကြောင်း
လေကို ရှုရှိုက်ရင်း အဆိပ်ငွေ့များပဲ မြိုချနေရတဲ့ နှစ်ဟောင်း
လက်ခုပ်တီးသံတွေကို အတိတ်က ခိုးယူသွားခဲ့ပြီ...။

ဘ၀ပျက် လမ်းမပေါ်က ကြွေးကြော်သံတွေ မိတ္တူကူးပြီး
အဆီတက် အိပ်မောကျနေတဲ့ လွှတ်တော်ထဲက အမတ်များကို လှုပ်နိုးလိုက်ပါ...။

စစ်နဲ့ငြိမ်းချမ်းရေး အချစ်ဟာ
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အပေါစား ရုပ်ရှင်ဇာတ်လမ်းတော့ မဟုတ်ဘူး
လူမှန်တွေ လမ်းဘေးကနေ လမ်းပျက်ကို ပြင်သလို
ဖျားနာနေတဲ့ အမှန်တရားအား ငါတို့ မဲမပေးခဲ့ဘူး ..။

မိုးထဲလေထဲ ပျောက်ဆုံးမှုတွေ ရှာဖွေရင်း...၊
မုန်တိုင်းထန်ထန် ညနက်နက်ကာလ လမ်းကြောင်းမှန်ကို ရွေးချယ်ရင်း ၊
ရှုပ်ရှုပ်ထွေးထွေး ဆံပင်ကို အကြိမ်ကြိမ် ဖီးသင်သလိုမျိုး
သံချေးတက် နေ့ရက်တွေကို ပြောင်လက်အောင် ၀ိုင်းဝန်းတိုက်ချွတ်ရဦးမယ် ..။

အောင်ခိုင်မြင့်
23 April 2012

No comments: