Friday, April 20, 2012

ကနေဒါနိုင်ငံက အမှောင်ထဲမှာ လင်းလက်တဲ့ ဒင်္ဂါးပြားနဲ့ ပလပ်စတစ် ပိုက်ဆံ


Credit: Royal Canadian Mint
ကမ္ဘာ့နိုင်ငံအချို့က သွန်းလောင်း ထုတ်လုပ်ကြတဲ့ ငွေအကြွေများဟာ နေ့စဉ် လူမှုဘ၀တွင် အသုံးပြုကြတာတွေ ရှိသလို တချို့ကျတော့လည်း ရွှေဒင်္ဂါးပြား၊ ငွေဒင်္ဂါးပြား၊ လူပုဂ္ဂိုလ် (သို့) အကြောင်းအရာတခုခုကို ဂုဏ်ပြုကာ သွန်းလောင်း ထုတ်လုပ်တဲ့ အကြွေများ၊ ဒင်္ဂါးပြားများ ရှိခဲ့ပါတယ်။ အဲဒီလို ဒင်္ဂါးပြားတွေ၊ အကြွေတွေ ထုတ်လုပ် ဖြန့်ချိတဲ့အခါ နေ့စဉ်သုံး ငွေကြေးတွေမှာ အသုံးပြုတဲ့ အထူးထုတ် ငွေအကြွေများ ရှိသလို သိမ်းဆည်းဖို့အတွက် သီးသန့် ထုတ်ဝေတာမျိုးလည်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်နယ်တခုချင်းစီကို ဂုဏ်ပြုပြီး ထုတ်တဲ့ ၂၅ ဆင့် (တမတ်တန်) အကြွေစေ့တွေကို တနှစ်ကို ငါးမျိုးနှုန်းနဲ့ ၁၉၉၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ပြည်နယ်ပေါင်း ၅၀ အတွက် ထုတ်လုပ်ခဲ့ပါတယ်။ ထို့အပြင် ဆေးရောင်စုံနဲ့ ထုတ်လုပ်တဲ့ တမတ်စေ့တွေလည်း ရှိပါတယ်။ တချို့ကတော့ ဆေးရောင်စုံ ချယ်သထားတဲ့ တမတ်စေ့တွေဟာ အစိုးရက ထုတ်တာ ဟုတ်မှ ဟုတ်ရဲ့လားဆိုတာတောင် သံသယဖြစ်ကြပါတယ်။ ဘာ့ကြောင့်ဆိုတော့ သုံးစွဲတဲ့ ငွေကြေးနဲ့ မတူဘဲ ကစားစရာ၊ သိမ်းစရာနဲ့ တူနေလို့ပါ။ အခု ပြောပြတဲ့ ငွေကြေးတွေကတော့ နေ့စဉ်သုံး ငွေကြေးစနစ်ထဲမှာ သုံးစွဲကြတဲ့ တမတ်စေ့ကို အထူးထုတ်အဖြစ် ထုတ်လုပ်ထားတာပါ။ (ပြည်နယ် ၅၀ ကို ကိုယ်စားပြုတဲ့ တမတ်စေ့နဲ့ ရောင်စုံတမတ်စေ့အချို့ကို သဘောကျလို့ အမှတ်တရ အိမ်မှာ စုထားပါတယ်။) အထူး သီးသန့် ထုတ်လုပ်ပြီး နေ့စဉ်သုံး ငွေကြေးတွေထဲမှာ သုံးစွဲနေကြတဲ့ အကြွေတွေ ရှိသလို သီးသန့် သိမ်းဆည်းဖို့ သက်သက် ထုတ်ဝေတဲ့ ဒင်္ဂါးတွေ၊ အကြွေစေ့တွေလည်း ရှိပါတယ်။ အဲဒီလို သိမ်းဆည်းဖို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကနေဒါနိုင်ငံသုံး တမတ်စေ့ကတော့ အမှောင်ထဲမှာ ကြည့်ရင် အဲဒီ ဒင်္ဂါးပေါ်က ဒိုင်နိုဆောရဲ့ အရိုးစုပုံကို နီယွန်အရောင် လင်းလက်သလို မြင်ရမှာ ဖြစ်ပြီး အဲဒီတမတ်စေ့မှာ ကမ္ဘာမှာ ပထမဆုံး အမှောင်ထဲမှာ လင်းလက်တဲ့ ဒင်္ဂါးပြား အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ထို ဒင်္ဂါးပြားရဲ့ အခြားတဖက်မှာ ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ရုပ်ပုံ ပါရှိပြီး ဘုရင်မကြီးရဲ့ ရုပ်ပုံကတော့ အမှောင်ထဲတွင် လင်းလက်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ ပထမဆုံး အမှောင်ထဲမှာ လင်းလက်မယ့် ကနေဒါနိုင်ငံသုံး တမတ်စေ့ကို ခုရေ နှစ်သောင်းငါးထောင်သာ ကန့်သတ် ထုတ်ဝေမှာ ဖြစ်ပြီး ၂၀၁၂ မေလ ၁ ရက်နေ့မှ စတင် ဖြန့်ချိကာ တမတ်စေ့တစေ့ကို ကနေဒါဒေါ်လာ ၂၉ ဒေါ်လာ ၉၅ ဆင့်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံဟာ ထိုသို့ ထူးခြားတဲ့ တမတ်စေ့ကို ကမ္ဘာမှာ ပထမဆုံး ထုတ်ဝေတဲ့ နိုင်ငံ ဖြစ်သလို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင် ဖြန့်ချိတဲ့ ကနေဒါဒေါ်လာ တရာတန်ဟာလည်း ကမ္ဘာပေါ်က ပထမဆုံး ပလပ်စတစ်ပိုက်ဆံ ဖြစ်ပါတယ်။ ထို တရာတန်ကို ပေါ်လီမာ (polymer) နဲ့ ပြုလုပ်ထားပြီး ကမ္ဘာ့ ပထမဆုံး ပလပ်စတစ်ပိုက်ဆံ ဖြစ်ရုံမက ဟိုဘက်သည်ဘက် ဒိုးယိုပေါက် မြင်နိုင်တဲ့ ပိုက်ဆံလည်း ဖြစ်ပါတယ်။ ကနေဒါ တရာတန်ရဲ့ မျက်နှာစာတွင် ၁၉၁၁ ခုနှစ်မှ ၁၉၂၀ ခုနှစ်အထိ ကနေဒါဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ရောဘတ် ဘော်ဒန် (Robert Borden) ရဲ့ ရုပ်ပုံနဲ့ ရိုက်နှိပ်ထားပါတယ်။ ကနေဒါဒေါ်လာတရာတန်ရဲ့ ဒိုးယိုပေါက် မြင်နိုင်တဲ့နေရာတွေမှာ ပိုက်ဆံကို အတုမပြုလုပ်နိုင်တဲ့ အထူး ရိုက်နှိပ် ဖော်ပြမှုတွေ ပါဝင်ပြီး မက်တဲလ်လစ် (Metallic) ရုပ်ပုံနဲ့ အဆောက်အဦပုံ၊ ဖောက်ထွင်းမြင်နိုင်တဲ့ ပုံနှိပ်စားလုံးတွေ၊ နံပါတ်တွေ၊ ဖွက်ထားတဲ့ ငွေကြေးတန်ဘိုး ဂဏန်းတို့အပြင် ဖောင်းကြွ မြင်နိုင်တဲ့ ငွေကြေးတန်ဖိုး ဂဏန်းတွေနဲ့ ရိုက်နှိပ်ထားပါတယ်။ ဒ့ါကြောင့် စက္ကူနဲ့ ရိုက်နှိပ် သုံးစွဲနေကြတဲ့ ငွေကြေးတွေကို အတု ပြုလုပ်ဖို့ လွယ်ကူကောင်း လွယ်ကူနိုင်ကြပေမယ့် အခု ကနေဒါက ထုတ်လုပ်တဲ့ ပလပ်စတစ် ငွေကိုတော့ အတုလုပ်ဖို့ တော်တော့်ကို ခက်ခဲနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုနေကြတဲ့ ငွေကြေးများကို စက္ကူများပေါ်တွင် ပုံနှိပ်အသုံးပြုခဲ့ကြရာမှ ငွေစက္ကူလို့ ခေါ်တွင်ခဲ့ပါတယ်။ ထိုသို့ အသုံးပြုကြရာမှ ခရက်ဒစ်ကဒ်ပြား (Credit Card) များကို အသုံးပြုကြရာ ငွေစက္ကူမှ ကပ်ပြားများ အသုံးပြုကြခြင်း၊ ပလပ်စတစ်ပြားများကို အသုံးပြုကြခြင်းလို့ ပြောဆိုလာကြရာကနေ အခုအခါမှာတော့ ကနေဒါနိုင်ငံသားတွေအနေနဲ့ တကယ်ပဲ ပလပ်စတစ်နဲ့ ထုတ်လုပ်ထားတဲ့ ပလပ်စတစ် အသပြာများ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ (မှတ်ချက် - ဖော်ပြထားတဲ့ ကနေဒါနိုင်ငံသုံးငွေကြေးများကို ကူးယူ အသုံးပြုကြမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ဘဏ်ရဲ့ စည်းကမ်းချက်နဲ့ ကန့်သတ်ချက်များကို အရင် လေ့လာစေလိုပါတယ်။)
Credit: Bank of Canada
သတင်း - ကနေဒါ တမတ်စေ့ ဒေါ်လာ ၁၀၀ တန် - Apr 20 2012 03:16 PM EST

No comments: