Friday, April 20, 2012

NLD လွှတ်တော် မတက်ခြင်းအပေါ် အမြင်မတူ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ကိုယ်စားလှယ်များ လာမည့် ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်း အဝေးများသို့ မတက်ရောက်ခြင်း အပေါ် အမြင်အမျိုးမျိုးကွဲနေသည်။
ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် NLD ထောက်ခံသူများ (ဓာတ်ပုံ - ဧရာဝတီ)
လွှတ်တော်ကိုယ်စားလှယ်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရာတွင် “အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပါမည်” ဆိုသည့် စကားရပ်နေရာတွင်“အခြေခံဥပဒေကို လေးစားလိုက်နာပါမည်”ဆိုသော စကားရပ်နှင့် အစားထိုး ပြင်ဆင်ပေးရန် NLD က တင်ပြခြင်းကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ပြင်ဆင်စရာမလိုကြောင်း အကြောင်းပြန်ခဲ့သည်။
ထို့ကြောင့် NLD ကိုယ်စားလှယ်များ လာမည့် ၂၃ ရက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နိုင်ခြေမရှိသေးကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုလိုက်သည့်အပေါ် တုံ့ပြန်ကြခြင်းဖြစ်သည်။
ယင်းသို့ NLD က လွှတ်တော် မတက်နိုင်သေးခြင်းနှင့်ပတ်သက်ပြီး ယခုပြဿနာသည် စကားလုံး အသုံးအနှုန်း ပြဿနာ သို့မဟုတ် အခြေခံ ဥပဒေဆိုင်ရာပြဿနာလော ဆိုသည်ကို NLD ဥပဒေ ပညာရှင်များအနေဖြင့် သဲကွဲစွာသိရန် လိုကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ခေါင်းဆောင် ရှေ့နေ ဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။
“ဒါဟာ အခြေခံ ဥပဒေပြဿနာဆိုရင် အခြေခံဥပဒေမှာ ပြင်ဆင်ခြင်းကို တားမြစ်ထားခြင်း မရှိဘူး။ တကယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းကို အခန်း ၁၂ နှင့် အညီ ဆောင်ရွက်ပေါ့”ဟုလည်း သူက ဆက်ပြောသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု(NDF) ပါတီ ခေါင်းဆောင် တဦးဖြစ်သည့် ဦးခင်မောင်ဆွေကလည်း လွှတ်တော်တွင်းမှာရှိသော ဒီမိုကရက်တစ် နိုင်ငံရေးပါတီများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ကိုယ်စား လှယ်များနှင့် အတူ လက်တွဲ လုပ်ဆောင်ရန်စောင့်မျှော်နေချိန် ဖြစ်ကြောင်း ပြောသည်။
“ကျနော့် အမြင်ကတော့ NLD ဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးနဲ့ နိုင်သွားတဲ့ ပါတီဖြစ်တယ်။ ပြည်သူလူထုကို လေး စားတဲ့ အနေနဲ့ လွှတ်တော်ထဲကို ရောက်အောင်သွားရမယ်။ ဘယ်ပါတီမဆို ပြည်သူ့ဆန္ဒကို ခံယူပြီးတဲ့အခါ ဟိုအကြောင်း ကြောင့်၊ ဒီအကြောင်းကြောင့် မသွားနိုင်ဘူး ပြောတာဟာ ပြည်သူ့အပေါ်မှာ လေးစားရာ မရောက်ပါဘူး”ဟု ဦးခင်မောင်ဆွေက ဆိုသည်။
သို့သော် NLD သည် အခွင့်အလမ်းလည်းရှိနေပြီဖြစ်၍ လွှတ်တော်တွင်းသို့ သွားမည်ဟုလည်း ယုံကြည်ကြောင်း ဦးခင်မောင်ဆွေ က ဖြည့်စွက်ပြောဆိုသည်။
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကလည်း သူ၏ အင်တာနက် စာမျက်နှာတွင် ယခု အငြင်းပွားနေ မှုနှင့်ပတ်သက်ပြီး ဗြိတိန် လုပ်ထုံးလုပ်နည်းနှင့် အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့နှင့်နှိုင်းယှဉ်၍ ရေးသား တင်ပြထားသည်။
“မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ တွင်လည်း အခြေခံ ဥပဒေ ပြင်ဆင်ရမည့် နည်းလမ်းများကို ပြဌာန်းထားပြီး ဖြစ်သည့်အပြင် နိုင်ငံတော် သမ္မတ ကိုယ်တိုင်ကလည်း အခြေခံ ဥပဒေကို လိုအပ်ပါက ပြင်ဆင်နိုင်ရေးအတွက် လွတ်တော်တွင်း ဆွေးနွေးကြရန် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားပြီးဖြစ်သည်”ဟု ဦးရဲထွဋ်က ရေးထားသည်။
အမည်မဖော်လိုသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးကလည်း NLD ၏ ရွေးကောက်ပွဲ ၀င်ရခြင်း အဓိက အချက်များသည် တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တို့လုပ်ဆောင်မည်ဟု ဆိုထားသည့် အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် လွှတ်တော်တံခါးဝကို ရောက်နေချိန်ဖြစ်ကြောင်း ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုခြင်းဆိုင်ရာ စကားရပ်နှင့် ပါတီ မှတ်ပုံတင်ခြင်း ဆိုင်ရာ အခြေခံဥပဒေနှင့် ပတ်သက်၍ စကားရပ်တို့သည် လိုက်လျောညီထွေမှု မရှိဘဲ အငြင်းပွားဖွယ်အဖြစ် တွေ့ရ ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီ ကတည်းက တပြေးညီ လိုက်လျောညီထွေမှု ရှိစေရန် အကြေအလည် ပြတ်ပြတ်သားသား ဆွေးနွေးပြီးမှ ရွေးကောက်ပွဲ ၀င် သင့်ကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမ အကြိမ် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် NLD ရွေးကောက်ပွဲ ၀င်နိုင်ရန်နှင့် မှတ်ပုံတင်နိုင်ရေးအတွက် ဦးသိန်းစိန်က အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်အရ ပါတီမှတ်ပုံတင်ခြင်း ဆိုင်ရာတွင် အခြေခံ ဥပဒေနှင့်ပတ်သက်၍  “ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာပါမည်”ဟု စကားရပ်ကို ပြင်ဆင်ပေးခဲ့သည်။
NLD က ထပ်မံ တင်ပြသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျမ်းကျိန်မှု ဆိုင်ရာတွင်လည်း အဆိုပါ စကားရပ်ကို ပြင်ပေး ရန် ဖြစ်သည်။ သို့သော် အခြေခံ ဥပဒေ ခုံရုံးက ပြင်ဆင်ရန် ငြင်းဆိုခဲ့သည်။
စကားရပ်ပြင်ရေးနှင့် ပတ်သက်၍ NLD ပါတီက နိုင်ငံတော် သမ္မတရုံး၊ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရုံးများသို့ စာဖြင့် ဆက်လက် တင်ပြသွားမည်ဟု NLD က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက ပြောသည်။
သို့သော် ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျပ်အတည်း တခု အသွင်မျိုး ဖြစ်မလာရေး ကြိုးစားလုပ်ဆောင်သွားမည်ဟု သတင်းထောက်များကို ပြောခဲ့သည့်အတွက် NLD ပါတီ ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရေး မကြာမီပြေလည်ဖွယ်ရှိကြောင်းနှင့် လာမည့် သတင်းပတ် စတင်ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စ အပေါ် ဆွေးနွေးဖွယ်ရှိကြောင်း လေ့လာသူများက ဆိုသည်။
ဆက်စပ် သတင်း
ရှေ့တပတ် လွှတ်တော်အစည်းအဝေး NLD မတက်သေး

No comments: