Saturday, April 28, 2012

ဆင်းရဲသားတောင်သူလယ်သမား

သုခနဲ့မကြုံ ဒုက္ခအဖုံဖုံနှင့် အဖိနှိပ့်ခံ ဆင်းရဲသားတောင်သူလယ်သမားများရဲ့ ဘဝ

 
 
 
ကိုလိုနီခေတ်မှအစပြု၍ မ.ဆ.လ- န.ဝ.တ- န.အ.ဖ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ ဆင်းရဲသားတောင်သူလယ်သမား
များ၏ ဘဝသည် သုခနဲ့မကြုံ ဒုက္ခအဖုံဖုံတွေကြားမှာ အဖိနှိပ့်ခံဘဝနှင့် ပင်ပမ်းဆင်းရဲကြီးစွာ လုပ်ကိုင်စားသောက်နေရသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ ကိုလိုနီလက်ထက်တွင် ချစ်တီးကုလားတွေက အာဏာပိုင်တွေနဲ့ပေါင်းပြီး လယ်သိမ်း၊ သမီးသိမ်း၊
ခြံမြေ- နွားများကိုသိမ်းပိုက်ခဲ့ကြပြီး ( မဆလ ) ခေတ် ( နဝတ ) နှင့် ( နအဖ ) ခေတ်လက်ထက်တွင်လည်း လယ်ယာမြေများကို
မတရားသိမ်းပိုက်ခြင်းကိုခံခဲ့ကြရကာ အမျိုးမျိုးအဖုံဖုံ ဖိနှိပ့်အုပ်ချုပ်မှုကိုခံခဲ့ကြရပြီး လူမွေးမပြောင်ဖြစ်ခဲ့ကြရကာ ဘဝကို
ဆင်းရဲပင်ပမ်းကြီးစွာ ရုန်းကန်ရင်ဆိုင်ဖြတ်သန်းလာခဲ့ရသည်မှာလည်းယနေ့တိုင်ပင်ဖြစ်သည်။
ထို့အပြင်- စပါးအဝယ်တိုင်မသွင်းနိုင်၍ သူတို့အဆို တာဝန်မကျေတောင်သူဦးကြီးများဟုသတ်မှတ်ကာ ဖမ်းဆီးထိမ်းသိမ်းအရေး
ယူခြင်းများကိုခံခဲ့ကြရပါသည်။ ထိုသို့- မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့လုပ်ရပ်များစွာကို ဖောက်ဖျက်ကျူးလွန်နေကြသူများဟာ
ဘယ်သူတွေလဲလို့ လက်ညိုးထိုးညွှန်ပြပါဆိုလျှင် တိုင်းပြည်အုပ်ချုပ်သူ အာဏာရှင်လူတန်းစားများနှင့် ဓနရှင် စီးပွါးရေးရှင်များဖြစ် ပါသည်။ အမှန်တကယ်ဆိုလျှင် ဆင်းရဲသားတောင်သူလယ်သမားများအပေါ် ဥပဒေမဲ့လုပ်ရပ်နှင့် နိုင်ထက်ဆီးနင်း မပြုလုပ်သင့်ပေ။
တချိန်တခါက ကျေးဇူးရှင်တောင်သူဦးကြီးများလို့ ခေါ်ဝေါသုံးစွဲခဲ့သည့်စကားရပ်ကို ကျနော်အလွန်ပင် ကြိုက်နှစ်သက်မိခဲ့ပါသည်။
မိုးထဲလေထဲ အပူကဲတဲ့နေရောင်အောက်မှာ ရုန်းကန်လှုပ်ရှားပြီး ဝမ်းရေးကြောင်းနေကြတဲ့ တောင်သူဦးကြီးများ၏ဘဝကိုလည်း
များစွာသနားကြင်နာမိပါသည်။ ထိုလူတန်းစားများ အဖိနှိပ့်ခံဘဝနှင့် ရင်ဆိုင်နေရတာကိုလည်း ဘယ်တော့မှ စိတ်ရင်ထဲတွင်
ကျေနပ်နေမည်မဟုတ်ပါ။ ဒါကြောင့်- ကျနော်တို့တတွေ အသက်ရှင်နေထိုင်ဖို့အတွက် စပါးစိုက်ပျိုးနေကြသည့် တောင်သူလယ်
သမားများ၏ဘဝတွေ၊ ဘဝဆိုးထဲက လွတ်မြောက်လာရန် ကျနော်တို့တတွေမှာ များစွာတာဝန်ရှိပါသည်။ သူတို့တတွေ ကျနော်တို့
ပြည်သူအများကိုတာဝန်ကျေခဲ့ကြသလို၊ ကျနော်တို့လဲ သူတို့အပေါ်တာဝန်ကျေပြွန်ရန် အမှန်တကယ်လိုအပ်နေပါသည်။
မျိုးစဉ်ဘောင်ဆက် အဖိနှိပ့်အုပ်ချုပ်ခံဘဝနှင့် နေ- နေခဲ့ကြရသည့် အရိုးခံ ဆင်းရဲသားတောင်သူလယ်သမားများ၏ မိသားစုဘဝများ
တွင် အရွယ်မရောက်သူတွေလည်း မနိုင်ဝန်ကိုထမ်းနေကြရပြီး၊ အဲဒီ- ဆင်းရဲသားတောင်သူလယ်သမားများရဲ့ မိသားစု ဘဝတွကို
စေ့စေ့တွေးကြည့်မိရင် တကယ်ကြေကွဲဝမ်းနည်းဖွယ်ကောင်းပေသည်။ တစ်နှစ်ပတ်လုံး အိမ်နဲ့ လယ်၊ လယ်နဲ့ အိမ်ကိုသာသွားပြီး
ကြီးပြင်းလာကြတဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေရဲ့ဘဝဟာ အမှန်တကယ် ရင်နင့်စရာလဲကောင်းလှပါပေတယ်။ အချိန်တန်
အရွယ်ရောက်လို့ ပညာသင်ရမယ့်အချိန်မှာ ပညာကိုမသင်ကြားနိုင်ပဲ ပျိုးနှုတ်- ပျိုးထမ်း၊ ငါး- ဂဏန်းလုံးရှာ၊ နွားကျောင်း၊ မြက်ရိတ်၊
မြက်ထမ်း ဝိုင်းကူဘဝနဲ့ မိမိ- မိသားစုဝမ်းရေးအတွက် အခက်ခဲမျိုးစုံကြားထဲက ကြီးပြင်းလာကြတဲ့သူတွေပါ။အဲဒီဆင်းရဲသားတောင်
သူဦးကြီးတွေရဲ့မိသားစုတွေမှာ ရိုးသားတဲ့ဂုဏ်တော့အပြည့်ရှိကြတယ်။ အဲဒီလို မခိုးမဝှက် ရိုးသားဂုဏ်အပြည့်ရှိကြတဲ့ ဆင်းရဲ
သားတောင်သူလယ်သမားတွေကိုမှ ပစ်မှတ်ထားပြီး အမြတ်ထုတ် ဂုတ်သွေးစုတ်နေတဲ့ လူတန်းစားတွေကို ကျနော်တို့တတွေ အမြစ်ပါမကျန် တွန်းလှန်- ဖြိုဖျက်တိုက်ထုတ်နိုင်ရပါ့မယ်။သူတို့ဘဝတွေ ဘဝဆိုးတွေထဲက လွတ်မြောက်ဖို့ ကျနော်တို့တတွေရဲ့
ပေါင်းစည်းအားနဲ့ စွမ်းဆောင်နိုင်ရပါ့မယ်။ ဘယ်သူမဆို မိမိတို့သားသမီးများကို အရွယ်မရောက်သေးပဲ မနိုင်ဝန်တွေကိုမခိုင်းစေချင်
ကြပါ၊ ဒါပေမယ့် ခေတ်စနစ်ဆိုးရဲ့ ရိုက်ပုတ်မှုဒဏ်ကြောင့် ( သို့ ) အာဏာရှင်တွေရဲ့ မင်းမဲ့စရိုက်ဆန်စွာ မတရားအုပ်ချုပ်သော စနစ်ဆိုးကြောင့်သာလျှင် မိမိရဲ့ သား/ သမီးများကို ဝမ်းတစ်ထွာအရေးအတွက် မခိုင်းစေချင်ပဲ ခိုင်းနေကြရပါတယ်။
အခုဆိုရင် ဆင်းရဲသားတောင်သူလယ်သမားများရဲ့ရှေ့မှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး၊ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးနေတဲ့ လူငယ်ရှေ့နေ
ကိုဖိုးဖြူကို တောင်သူလယ်သမားအများက အားကိုးအားထားပြုနေပါပြီး။ ဒီလို- ဆင်းရဲသားတောင်သူလယ်မားဘက်က ရပ်တည်
ပေးတဲ့လူငယ်ရှေ့နေ ကိုဖိုးဖြူကို ဂုတ်ယူလေးစားသလို၊ ကိုဖိုးဖြူရဲ့ တောင်သူလယ်သမားတွေအပါ် တကယ့်စိတ်ရင်းခံနဲ့ ကူညီ
မှုတွေလုပ်နေတဲ့အပေါ်နဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေဘက်ကနေ ဦးဆောင်ကောင်းတစ်ယောက်အနေနဲ့ ဦးစီးဦးဆောင်
ပြုပြီး မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ ကိုဖိုးဖြူကို ဒီနေရာကနေ မှတ်တမ်းတင်ဂုဏ်ပြုလိုပါတယ်။ ကိုဖိုးဖြူလိုပဲ စိတ်ရင်းအရိုး
ခံထားပြီး၊ ဆင်းရဲသားတောင်သူလယ်သမားများရဲ့အကျိုးကို ကူညီလုပ်ကိုင်ပေးမယ်သူတွေ တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် လိုအပ်သလို၊ အမြို့အနယ်နယ်- တောကောမြို့ပါမကျန် နေရာအနှံအပြားတို့တွင်လည်း အခုချိန်ခါမှာ အမှန်တကယ်လိုအပ်နေပါ တယ်။ ဘာကြောင့်အခုလို ကိုဖိုးဖြူလိုလူတွေအများကြီးလိုအပ်သလဲဆိုရင်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဦးတည်သွား
နေတဲ့လက်ရှိ- အစိုးရလက်ထက်မှာတောင် စစ်တပ်က လယ်ယာမြေများကို မတရားသိမ်းပိုက်နေတာရှိနေသေးသလို၊ မတရားသိမ်း
ပိုက်ထားတဲ့လယ်ယာမြေများကိုပဲ စစ်တပ်ကပဲပြန်လည်ဌါးစားနေကြတဲ့အတွက်လည်းကောင်း၊ ထို့အပြင်- မြန်မာနိုင်ငံရှိနေရာအနှံ
အပြားတွင်လည်း လယ်ရာမြေနဲ့ ပတ်သက်ပြီး မတရားသိမ်းပိုက်မှုများဖြစ်ပေါ်နေပြီး၊ ရွှေနံသာကျေးရွာမှာရှိတဲ့ လယ်မြေများကို
ဘူဒိုဇာနဲ့ ထိုးဖျက်နေတာတွေကို အာဏာပိုင်တွေက တားဖြစ်မှုမပြုလုပ်တာကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တရားဥပဒေ
စိုးမိုးမှုမရှိသေးတာကိုမီးမောင်းထိုးပြနေတဲ့အတွက် ပညာတတ်နည်းပါးတဲ့ ဆင်းရဲသားတောင်သူလယ်သမားတွေကို အကာ
ကွယ်ပေးဖို့အတွက် ကိုဖိုးဖြူလိုလူတန်းစားတွေ အများကြီးပေါ်ပေါက်လာဖို့လိုအပ်နေပါတယ်။
ကျနော့်အနေနဲ့ ဒီနေရာကနေ လွှတ်တော်အမတ်များကို တိုက်တွန်းပြောကြားလိုတာကတော့၊ ခေတ်အဆက်ဆက် ဆင်းရဲသား
တောင်သူလယ်သမားများစွာတို့၏ ဘဝသည်၊ လယ်ရာမြေနှင့် ပတ်သက်သည့် ၎င်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေခဲ့သည်မှာ
နှစ်ပေါင်းများစွာကြာမြေ့ခဲ့ပြီးဖြစ်သည်။ ထိုဆင်းရဲသား တောင်သူလယ်သမားများရဲ့ ရပိုင်ခွင့်တွေကို အမှန်တကယ် ကာကွယ်
ပေးမယ့် ဥပဒေသစ်တစ်ရပ်ကို ယနေ့ဒီအချိန်အခါမှာ အသေချာပြန်လည်ရေးဆွဲပြဌါန်ပေးသင့်ပါသည်။ ထို- ဆင်းရဲသားတောင်သူ လယ်သမားများ၏ ဘဝများ မည်သို့မည်ပုံ ဖြတ်သန်းလာခဲ့ရသည်ကိုလည်း သမ္မတနှင့်တကွ လွှတ်တော်အမတ်များအားလုံး
သိရှိပြီးဖြစ်ပါတယ်။ ပြည်သူများနေ့စဉ်စားသုံးနေသည့် ဆန်ရရှိဖို့အတွက်၊ နေပူမိုးရွာမရှောင် ဘဝကို အခက်ခဲများစွာထဲက ပင်ပမ်း
ဆင်းရဲကြီးစွာဖြတ်သန်းနေရတဲ့ ကျနော်တို့အားလုံးရဲ့ ကျေးဇူးရှင်များဖြစ်ကြတဲ့ တောင်သူလယ်သမားများရဲ့ ဘဝတွေကို
ဆင်းရဲတွင်းနွံ့ထဲကနေ လွတ်မြောက်လာဖို့ ကယ်တင်ပေးစေလိုပါတယ်၊ သုက္ခနဲ့ မကြုံ ဒုက္ခအဖုံဖုံတွေနဲ့ ဆင်းရဲသား တောင်သူ
လည်သမားများရဲ့ ဘဝတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေသစ်တစ်ရပ်ကိုလည်း အသေချာပြန်လည်ရေးဆွဲပြဌါန်း
ပေးဖို့ကို လွှတ်တော်အမတ်များက အဓိက ဦးစားပေးလုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်ပေးဖို့ တိုက်တွန်းပြောကြားရင်း........။
ကျနော့်အနေနဲ့ ဒီနေရာမှာ မှတ်ချက်တခုအနေနဲ့ရေးသားလိုသာက စစ်တပ်- အရပ်သားအာဏာပိုင်တွေပဲဖြစ်ဖြစ်၊ ကုမ္မဏီပိုင် စီးပွါး
ရေး ဓနရှင်တွေပဲဖြစ်ဖြစ် ရိုးသားဆင်းရဲတဲ့ တောင်သူလယ်သမားတွေကို နိုင်ထက်စီးနင်းမင်းမူပြီး သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်
လုပ်ကိုင်စားသောက်ခဲ့တဲ့လယ်ယာမြေတွေကို ဥပဒေမဲ့ အတင်းအဓမ္မ မတရားမသိမ်းပိုက်ကြပါနဲ့။ သူတို့ရဲ့ဘဝဟာ ဒီ- လယ်ယာမြေ
တွေကိုပဲ အားကိုးအားထားပြီး သူတို့ရဲ့ ဝမ်းတထွာအရေးအတွက် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေကြတဲ့သူတွေပါ၊ အဲဒီလူတွေ
အပေါ်မှာမှ ချမ်းသာကြွယ်ဝနေတဲ့ ခင်ဗျားတို့က မတရားနိုင်ထက်စီးနင်းမပြုလုပ်သင့်ပါဘူး။ ခင်ဗျားတို့ ကျနော်တို့တတွေဟာ သူတို့
အပေါ် ကျေးဇူးခံ ကျေးဇူးစားဆိုတာမရှိပါဘူး၊ သူတို့ကသာလျှင် ကျနော်တို့ရဲ့အပေါ် ကျေးဇူးတွေရှိနေကြတာပါ။ ကျေးဇူးရှင်တွေ
အပေါ် ကျေးတော့ မစွတ်သင့်ပါဘူး၊ အကယ်၍ ခင်ဗျားတို့တတွေ အဲဒီနေရာမဆို ဘယ်လိုဖြေကြမလဲ ? လူတွေပဲဟာ ကိုယ်ချင်းစာ
တရားတော့ ရှိရမှာပေါ့၊ ကိုယ့်ပြည်သူပြည်သားတွေထဲမှာမှ ရိုးသားပြီး ဆင်းရဲတဲ့ တောင်သူလယ်သမားလူတန်းစားများအပေါ်မှာ
မတရားဂုတ်သွေးစုတ် အမြတ်ထုတ်မှုတွေမလုပ်ကြဖို့ သက်ဆိုင်သူတွေကို ကျနော့အနေနဲ့ အနှူးအညွတ်မေတ္တာရပ်ခံလိုပါတယ်။
လယ်ယာမြေတခုတည်းကိုပဲ အားကိုးအားထားပြုပြီး ထွန်ယက်စိုက်ပျိုးလာခဲ့တဲ့ သူတွေရဲ့ လယ်ယာမြေကို မတရား အဓမ္မသိမ်းပိုက်
လိုက်တော့ သူတို့တတွေဘာနဲ့သွားပြီး လုပ်ကိုင်စားသောက်အသက်မွေးဝမ်းကြောင်းပြုကြမလဲဆိုတာကို အဓိကထားပြီး စဉ်းစားစေ လိုပါတယ်။ ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ လယ်ယာမြေလုပ်ကိုင်မှုနဲ့ပဲ အသက်မွေးဝမ်းကြောင်းကို လုပ်ကိုင်လာတဲ့အတွက်ကြောင့်
သူတို့မှာ အခြားအလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ဖို့ဆိုတာ သူတို့ဆီမှာ အခက်အခဲများစွာရှိကြပါတယ်။ ဒါကြောင့်
သက်ဆိုင်သူများအနေနဲ့ ခင်ဗျားတို့ရဲ့လုပ်ရပ်မှားတွေကို ရပ်တန်းကရပ်ပစ်ကြဖို့ မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။
( ကိုဗလိုင် )
__._,_

No comments: