Friday, April 20, 2012

ရှေ့တပတ် လွှတ်တော်အစည်းအဝေး NLD မတက်သေး


By ,

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ကျမ်းကျိန်လွှာတွင် စကား အသုံးအနှုန်း ပြင်ဆင်ပေးရန် အခြေအနေ မရှိသေးဟု ဆိုသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်များအနေဖြင့် ဧပြီ ၂၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး များသို့ မတက်ရောက်ရန် ရာခိုင်နှုန်း များနေကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသင်တန်း တက်ရောက်အပြီး ဧပြီလ ၁၉ ရက်နေ့က တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက NLD တောင်းဆိုထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်” ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုသော စကားရပ်ကို ပြင်ဆင်ပေးရန် အခြေအနေမရှိသေးကြောင်း၊ “ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်” ဆိုသော အသုံးအနှုန်းသည် နိုင်ငံတကာတွင် အသုံးပြုသော အသုံးအနှုန်းဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယမန်နေ့က နေပြည်တော်တွင် ခေါ်ယူတွေ့ဆုံပြီး ပြောကြောင်း ပြောကြားသွားသည်။
“၂၃ ရက်နေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD လွှတ်တော်ကိုယ်စားလှယ်တွေ တက်ဖို့ မသေချာသေးဘူး။ ဘာကြောင့် မသေချာလဲ။ ကျနော် မနေ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုသွားပါတယ်။ ခုံရုံးက ဖိတ်လို့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်ဆိုတဲ့ ကိစ္စ။ အင်္ဂလိပ်ဘာသာပြန်ရင် Uphold လို့သုံးတယ်။ Uphold ဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံတကာမှာလည်း သုံးတယ်လို့ ပြောတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ရှင်းပြသည့် အချက်များတွင် သဘောမတူသည်များ ရှိကြောင်း၊ သို့သော် သဘောမတူသည့် အချက်များကို ပြန်လည် မပြောခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ခုံရုံးက ရှင်းပြသည်ကို နားထောင်ရန်သွားခြင်းသာဖြစ်၍ နားထောင်ပြီး ပြန်ခဲ့ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။
ကျမ်းကျိန်လွှာတွင် စကားလုံးများ ပြင်ဆင်ရေး အဆင်မပြေသေးသည့်အတွက် NLD က သမ္မတရုံး၊ လွှတ်တော်နှစ်ရပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ စာရေးသားတင်ပြရန်ရှိကြောင်း၊ ယင်းသို့ ရေးသားတင်ပြမှုနှင့် ညှိနှိုင်းများ ပြုလုပ်မည်ဖြစ်ရာ ဧပြီလ ၂၃ ရက်နေ့ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်ရန် အချိန်မီလိမ့်မည် မဟုတ်ကြောင်း ၄င်းက ဆိုသည်။
“ကျနော်တို့ ပြေလည်အောင် ကြိုးစားမယ်။ နိုင်ငံရေးအကျပ်အတည်းတခု အသွင်မျိုး ဖြစ်မလာအောင် ကြိုးစားလုပ်ဆောင်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ကျနော်စာတစောင် ရေးနေပါတယ်။ သက်ဆိုင်ရာတွေ ပို့ပါ့မယ်။ ၂၃ ရက်နေ့ဆိုတာက ဒီနေ့ပဲ ၂၀ ရက်နေ့ ဖြစ်နေပြီ။ စာတွေ သွားတာလာတာနဲ့ ၂၃ ရက်နေ့ လွှတ်တော်အစည်းအဝေး မီနိုင်လောက်တဲ့ အနေအထား မတွေ့ဘူး။ မတက်ဖြစ်တဲ့ ရာခိုင်နှုန်းက များပါတယ်။ လိပ်မူမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ သမ္မတရုံးကို ပို့မယ်။ လွှတ်တော်နှစ်ခုကို ပို့မယ်။ သဘောမတူတဲ့ အချက်တွေကိုတော့ မပြောပါရစေနဲ့။ ကျနော်တို့က သတင်းဌာနကို ပြောပြီး ဖိအားပေးတယ် ဖြစ်မှာစိုးလို့ပါ” ဟု ဦးဉာဏ်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လတ်တလောတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဥပဒေပိုင်းဆိုင်ရာ လေ့လာသည့် သင်တန်းတရပ်ကို ရုံးချုပ်တွင် ဧပြီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ပြုလုပ်လျက်ရှိသည်။

No comments: