Thursday, April 19, 2012

စိုက်ပျိုးရေးဇုန်ကြောင့် အခက်တွေ့သူများ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ



ကိုထွေး DVB ၁၉ ဧပြီ ၂၀၁၂

ရန်ကုန်တိုင်းအတွင်း အထူးစိုက်ပျိုးရေးဇုန်ကြောင့် အိမ်ခြေမဲ့မှာကို ရင်ဆိုင်ရသူတွေက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်အကူအညီ တောင်းခံခဲ့ပါတယ်။


ဒဂုံအရှေ့ပိုင်းမြို့နယ်မှာ အစိုးရခွင့်ပြုချက်နဲ့ မြေကွက်ရပြီးကာမှ နေစရာ လက်လွတ်ဖြစ်ရမယ့်အရေး ရင်ဆိုင်နေရတဲ့ ၀န်ထမ်းဟောင်းတွေဟာ သူတို့ကိစ္စကို ကူညီဖြေရှင်းပေးဖို့ ဒေါ်အော
င်ဆန်းစုကြည်ထံ မနေ့က သွားရောက် တင်ပြခဲ့တာပါ။

တင်ပြရာမှာ ပါဝင်သူ ၀န်ထမ်းဟောင်း ဦးအေးမောင်က “မနေ့က အန်အယ်လ်ဒီပါတီပေါ့နော် အမေစုနဲ့ သွားတွေ့လိုက်တယ်။ ဒီကိစ္စကို အမေစုပါ ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ သွားပြီးမှ မေတ္တာရပ်ခံတယ်လေ။ အမေစုကလည်း လိုလိုလားလား လက်ခံပါတယ်။ ဒါတွေက လွန်ခဲ့တဲ့ ၉၅-၉၆ လောက်ကတည်းက ဝန်ထမ်းတွေကို တရားဝင် စာရွက်စာတမ်းတွေနဲ့ သက်ဆိုင်ရာ လူကြီးတွေ လက်မှတ်ထိုးပြီး ချထားပေးပြီးတော့ အဲဒီကတည်းက အိမ်ရာဆောက်လုပ် နေထိုင်နေတဲ့ဟာကို ၇ လပိုင်း ၃ ရက်နေ့ကျမှ အမိန့်ထုတ်ပြီးတော့မှ ကျူးကျော်ဆိုတဲ့ အသုံးအနှုန်းကို သုံးထားတဲ့ ကိစ္စပေါ့နော်။ အဲဒီကိစ္စလေးနဲ့ ဒါ ဥပဒေအရ အာဏာကို အလွဲသုံးစားလုပ်တာပေါ့။ ဒါမျိုးကတော့ မလုပ်သင့်ဘူးပေါ့။ ဒီလို မသုံးသင့်ဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာကိုလည်း တင်ပြထားတယ်လေ အရေးယူဆောင်ရွက်ပေးဖို့ပေါ့နော်။”

အစိုးရက ၁၉၉၅ ခုနှစ်လောက်ကတည်းက မြေကွက်တကွက်ကို ၁၂၀၀၀ ကျပ်နှုန်း သတ်မှတ်ပြီး ၀န်ထမ်းတွေကို ပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လပိုင်းက အဲဒီနေရာတွေမှာ ကုမ္ပဏီတွေကို အထူး စိုက်ပျိုး လုပ်ကိုင်ခွင့်ကို ချပေးခဲ့ပြီး နေထိုင်နေသူတွေကို ဖယ်ရှားခိုင်းခဲ့ပါတယ်။

သူတို့ရဲ့ မြေဟာ ပေါက်ဈေးအရ သိန်း ၃၀ ကျော် အနည်းဆုံးတန်ကြေး ရှိနေချိန်မှာ ဖယ်ပေးခအဖြစ် မြေကွက်တခုကို နဂိုသွင်းဈေး ကျပ် ၁၂,၀၀၀ နှုန်းနဲ့သာ ပြန်လျော်ပေးမယ့် အစီအစဉ်ဟာ တခြားမှာ နေစရာခက်ခဲတဲ့ အငြိမ်းစား ၀န်ထမ်းတွေအတွက် အခက်အခဲ ဖြစ်စေခဲ့ပါတယ်။

ဒါကြောင့် သူတို့တွေက လွှတ်တော်မှာရော၊ အမျိုးသားလူ့အခွင့်ရေး ကော်မရှင်မှာပါ တိုင်တန်း အကူအညီ တောင်းပေမယ့် ဘာမှ မထူးခြားခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံကို တင်ပြ အကူအညီတောင်းတာလို့ ဆိုပါတယ်။

သူတို့တွေ အဲဒီနေရာကနေ မဖယ်ရရေး အတန်တန် တင်ပြနေတဲ့ကြားက အခုလ ၁၀ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ ပေးပို့တဲ့စာမှာ သူတို့တွေကို ကျူးကျော်နေထိုင်သူလို့ သုံးစွဲခေါ်ဝေါ်တာကို သိရှိပြီး မကျေမနပ် ဖြစ်နေကြပါတယ်။

အထူးစိုက်ပျိုးရေးဇုန်စီမံချက်ကြောင့် ဒဂုံအရှေ့ပိုင်းမြို့နယ်ထဲက ရပ်ကွက် ၁၁ ရပ်ကွက်က မြေကွက်ပေါင်း ၇၅၀၀ လောက် အသိမ်းခံခဲ့ရပြီးတော့ အိမ်ပေါင်း ၄၀၀ ကျော်လောက် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့မြေကွက် ၆၀ လောက်ကတော့ သိမ်းယူတဲ့သူတွေရဲ့ လက်ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။

No comments: