Tuesday, April 24, 2012

၎/ ၂၄/ ၂၀၁၂ သတင်းများ ( ပထမပိုင်း)

ညောင်တုန်းမြို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖွင့်ပွဲ
၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖွင့်ပွဲ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ သဘာပတိအဖွဲ့ဝင် ဦးလှဖေတို့ လာရောက်ဖွင့်လှစ်ပေးခဲ့ကြပါသည်။ 
 
ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း၃၀ အချိန်မှစတင်၍ ၁၁း၁၀ မိနစ်အချိန်တွင် ပြီးဆုံးသွားခဲ့ပြီး တက်ရောက်လာသူတွေကို ကရင်ဒုံးရိမ်းအကများ၊ ဆင်အကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
 
ဘားမားဗီဂျေ 
 
 
 
ပိတ်ဆို့မှုဆိုင်းငံ့သော်လည်း ရေထွက်ပစ္စည်းလုပ်ငန်း အကျိုးမများနိုင်သေး ဧပြီ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ-(YPI )

မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂ-EU က ပိတ်ဆို့ထားမှုများကို တစ်နှစ်ဆိုင်းငံ့လိုက်သော်လည်း အခွန်ကြီးမြင့်နေသေးခြင်းနှင့် ငွေလဲနှုန်းများကြောင့် ရေထွက်ပစ္စည်းတင်ပို့မှု လုပ်ငန်းအတွက် အကျိုးမများနိုင်သေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းကြိုင်ကပြောသည်။


“ရေထွက်လုပ်ငန်းက EU နဲ့နကိုကတည်းက sanction (စီးပွားရေးပိတ်ဆို့မှု )လုပ်ထားတာမရှိတော့ အထွေအထူး အကျိုးခံစားခွင့်တော့ မရဘူးပေါ့၊ ဒါပေမယ့် EU ကိုရေထွက်ပစ္စည်းတင်ပို့ရင် သူတို့ဘက်က အခွန် ၁၃.၇ ရာခိုင်နှုန်းကောက်တယ် အဲဒါကြောင့် ကျွန်တော်တို့ အခြား အခွန်လွတ်လပ်ခွင့် ပေးတဲ့နိုင်ငံတွေနဲ့ မယှဉ်နိုင်ဘဲ မပို့နိုင်ဘူးဖြစ်နေတာပေါ့” ဟု ၎င်းကဆိုသည်။


EU နှင့်ရေထွက်လုပ်ငန်း ကုန်သွယ်မှု ပြုလုပ်ရာတွင် အထက်ပါ ကောက်ခံနေသည့်အခွန် ကင်းလွှတ်ခွင့် ပြုမှသာလျှင် အကျိုးရှိနိုင်မည်ဖြစ်ပြီး အဆိုပါအခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရန်လည်း Government to Government ( အစိုး ရ အချင်းချင်း)တောင်းဆိုမှသာလျှင် ရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။


မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက “ဘင်္ဂလာဒေ့ရှ်ဆို အခွန်သုညလေ သူတို့နဲ့မယှဉ်နိုင်ဘူး EU နဲ့ အဆက်ပြတ်နေတာ ၆ နှစ် ၇နှစ်လောက်ရှိပြီး၊ အခုကနည်းနည်းတော့ အခြေအနေကောင်းလာပြီးဆိုတော့ အခွန်ကင်းလွတ်ရေး အတွက်လည်း ဖြစ်လာမယ် လို့ထင်တယ်” ဟုဆိုသည်။


EU မှအခွန်လျော့ပေါ့ရန် (သို့) အခွန်ကင်းလွှတ်ခွင့်ရရှိရန်အတွက် အစိုးရအချင်းချင်းတောင်းဆိုသည့်အခါ မှာလည်း နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း(ILO) ဧ။်ထောက်ခံချက်ရရှိရန်လိုအပ်ပြီး ILO ကလည်း လုပ်သား အတင်းအကျပ်စေခိုင်းမှု မရှိမှသာလျှင်ထောက်ခံချက် ပေးလေ့ရှိသည်ဟု ၎င်းကဆိုသည်။


အလားတူ ရေထွက်လုပ်ငန်းတင်ပို့သူများ အနေဖြင့် လက်ရှိငွေလဲနှုန်း (တစ်ဒေါ်လာ ၈၀၀ကျပ် ကျော်ကျာ်)နှင့် အဆင်ပြေသည့် အနေအထား မရရှိသေးကြောင်း ငွေလဲနှုန်း ၉၅၀-၁၀၀၀ကျပ် ၀န်းကျင်ရရှိမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဦးနှင်းဦးက ကထောက်ပြသည်။


ယမန်နေ့က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးနှင့် အခြားပိတ်ဆို့မှုများအနက် လက်နက်ရောင်းချမှုမှလွဲ၍ ကျန်သည့်ပိတ်ဆို့မှုအားလုံးကို တနှစ်တာ ဆိုင်းငံ့ထားကြောင်း ဆုံးဖြတ်လိုက်ကြသည်။ ယင်းဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံမှ ဥရောပသို့ တင်ပို့သည့် ပြည်ပပို့ကုန်များအပေါ် ကန့်သတ်ချက်များ ရှင်းလင်းသွားမည်ဖြစ်သည်။

“EU ကသာ အခွန်ကင်းလွတ်ခွင့်ပေးရင် EU ကကျွန်တော်တို့ တကယ်အားကိုးရတဲ့ ဈေးကွက်ဖြစ်လာမှာပါ”ဟု ဦးဝင်းကြိုင်က ပြောသည်။

 

ဥရောပ သမဂ္ဂ နိုင်ငံခြားရေး အကြီးအကဲ ကက်သရင်း အက်ရှ်တန် (ဓါတ်ပုံ-)



ထို့အပြင် EU မှ ရေထွက်ကုန်ပစ္စည်း ကိုတင်ပို့ရာတွင် EU သတ်မှတ်သည့်စံချိန်စံနှုန်းအညီပြုလုပ်ရန်လည်း လိုအပ်လျက်ရှိပြီး EU ဈေးကွက်ကိုပြန်လည်လေ့လာရန် လည်းလိုအပ်သည်ဟု ဦးဝင်းကြိုင်ကဆိုသည်။

မြန်မာနိုင်ငံမှာရေထွက်လုပ်ငန်းတင်ပို့ရန်အတွက် လက်ရှိတွင် EU သတ်မှတ်သည့် စံချိန် စံညွှန်းနဲ့ ညီညွတ်သည့် စက်ရုံ ၁၃ ရုံရှိသည်။

မြန်မာနိုင်ငံမှ EU သို့တင်ပို့နေသည့် ရေထွက်လုပ်ငန်းမှာ အနည်းငယ်သာရှိပြီး အဓိကမှာ ပင်လယ်ငါးနှင့်ပုဇွန်တို့ဖြစ်ပြီး မွေးမြူရေးငါးများ တင်ပို့ခြင်း အလွန်နည်းပါးသည်ဟုဆိုသည်။


EU မှ ယခုကဲ့သို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု တစ်နှစ်ဆိုင်းငံ့ခြင်းသည် “မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ မှုတွေကို နောက်ပြန် မလှည့်သည့် အနေအထားကြောင့်” ဆိုင်းငံ့ခြင်းဖြစ်ကြောင်း EU ၏နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှတန်က ပြီးခဲ့သည့် တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

ယခုသီတင်းပတ်ထဲတွင် ကက်သရင်း အက်ရှတန် မြန်မာနိုင်ငံကို လာရောက်ရန် ရှိကြောင်းသတင်းများတွင်ဖော်ပြထားသည်။

Yangon Press International  
 
 
 
ရန်ကုန် ဧရိယာ ပန်းခြံ၊ အားကစား ကွင်းများရှိ ဆိုင်ခန်းများ ဖယ်ရှား ရမည်
ယမန်နှစ် နှောင်းပိုင်းက ဖယ်ရှားပစ်လိုက်တဲ့  ဗန္ဓုလ ပန်းခြံရှိ ဆိုင်တန်းများ (ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်မြို့ ဧရိယာတွင်း မြို့နယ် များရှိ ပန်းခြံနှင့် အားကစား ကွင်းများတွင် တည်ဆောက်ထားသော လူနေဆိုင်ခန်း များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖယ်ရှားရန် အသိပေးစာ ထုတ်ပြန် ထားကြောင်း စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနမှ တာဝန်ရှိ သူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။


ရန
်ကုန်မြို့ ဧရိယာ အတွင်း၌ ပန်းခြံနှင့် အားကစားကွင်းပေါင်း ၈၅ ကွင်းရှိ ယင်းအားကစားကွင်း နှင့် ပန်းခြံများတွင် ယခင် ကတည်းက တည်ဆောက် ထားခဲ့သော ဆိုင်ခန်းများ အားလုံးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ မှစတင်၍ ဖယ်ရှားရန် စာထုတ် ပြန်ထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ဧရိယာ အတွင်းရှိ ဆိုင်ခန်းများ အားလုံးမှာ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ငှားရမ်း စာချုပ် သက်တမ်းများ ကုန်ဆုံးပြီ ဖြစ်သောကြောင့် ဧပြီလ ၁ ရက်နေ့ နောက်ဆုံး ထား၍ ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနသို့ စာချုပ်ပါ စည်းကမ်း အတိုင်း လွှဲပြောင်း ပေးအပ်ရမည် ဖြစ်ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ဖေါ်ပြ ပါရှိသော်လည်း ဆိုင်ခန်းရှင် အများစုပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့တော်ဝန်တို့ ထံသို့ ဆိုင်ခန်းများ ဆက်လက် ငှားရမ်း လုပ်ပိုင်ခွင့် ပြုရန် စာတင်ထားပြီး ဆက်လက် ဖွင့်လှစ် နေကြောင်း ဆိုင်ခန်းရှင် အချို့က ပြောကြားသည်။

“ကျွန်တော်တို့ ဒီဆိုင်တွေ ဖွင့်လာတာ ၂၅နှစ် နီးပါး ရှိပါပြီ။ ဆိုင်ခန်းခ ၅၀၀ ကတည်းက ဖွင့်လာတာ အခုဆို ဆိုင်ခန်းခ သုံးသောင်းတောင် ဖြစ်နေပြီ” ဟု တာမွေမြို့နယ် ရာမ အားကစားကွင်းရှိ ယမကာ ဆိုင်ရှင် တစ်ဦးက ဆိုသည်။

ရန်ကုန် မြို့လယ် ဧရိယာရှိ ဗန္ဓုလ ပန်းခြံရှိ ဘီယာဆိုင်များ၊ စာအုပ်ဆိုင်များကို ယမန်နှစ် နှောင်းပိုင်းမှ စတင်၍ မြို့တော်စည်ပင်မှ ဖယ်ရှားခဲ့သည်။


The Voice Weekly
 
 
 
ကျမ်းကျိန်လွှာ စကားလုံးအပြောင်းအလဲ ကြံ့ခိုင်ရေးအမတ် အများစု မလိုလား
Lower House lawmakers attend a regular session of parliament in Naypyitaw, Burma, April 23, 2012.
ဓာတ်ပုံ AP
NLD အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ်က ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ်ပြင်ဆင်နိုင်ရေးကိစ္စကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် အများစုကတော့ မပြောင်းလဲရေးဘက်ကိုသာ စိတ်ဝင်စားနေကြတယ်လို့  ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောလိုက်ပါတယ်၊ ဒါ့အပြင် လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ထပ်မံ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီရဲ့ ကိစ္စ ကို လွှတ်တော်အမတ်တချို့  ဆွေးနွေးဖို့လည်း ရှိပါတယ်၊ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်ထဲ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာနဲ့  NLD ကိစ္စအပေါ်  လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့  သဘောထားတွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
လွှတ်တော်မတက်ခင် ကိုယ်စားလှယ်တွေ ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး အတွက် ကြိုးစား နေတာမို့ မနေ့ကတည်းက ပြန်စနေပြီ ဖြစ်တဲ့ လွှတ်တော်တွေကို NLD ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ကြသေး ပါဘူး၊ ဒီကနေ့ ဧပြီလ ၂၄ ရက်မှာ လွှတ်တော် နှစ်ရပ် ပေါင်းပြီး ပြည်ထောင်စု လွှတ်တော် ခေါ်ယူ ကျင်းပ ခဲ့ပါတယ်၊ လွှတ်တော်အမတ်တွေ စုံညီတွေ့ကြတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ အမတ်အများစုရဲ့ သဘောထားကတော့ ကျမ်းကျိန် စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြောင်းလဲရေး စိတ်မ၀င်စားကြဘူးလို့  ကြံ့ခိုင်ဖွံဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေက ပြောပါတယ်။
-      အားလုံးကတော့ စိတ်ဝင်စားပါတယ်။ စိတ်ဝင်စားတယ်ဆိုတာက ကျနော်တို့က မပြောင်းလဲဖို့ စိတ်ဝင်စားတာပါ။ ကျနော်တို့ သဘောထားကတော့ ကမ္ဘာ့လွှတ်တော်အသီးသီးက ကျန်းကျိန်တဲ့စာတွေ ရှိတယ်လေ၊ အဲဒီစာတွေမှာ အားလုံးက ခု ကျနော်တို့ရဲ့ စာတွေက အဲဒီ ကမ္ဘာ့လွှတ်တော်တွေက အတိုင်းပါပဲ။ ကျနော်တို့က အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ရမယ်ပေါ့၊ ကမ္ဘာအရပ်ရပ်က လွှတ်တော်တွေက စာတွေအတိုင်း ဖြည့်ထားတာပဲ ဖြစ်ပါ တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဇယား (၄)ကို  ပြင်ဆင်နိုင်ဖို့ ကိစ္စကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့ ရှိပါတယ်။
-      အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ကြာသပတေးနေ့ကျရင် ဆွေးနွေးမယ့်လူတွေ ရှိပါတယ်။ ချင်းကိုယ်စားလှယ်တွေ နာမည်ပေးထားတယ်လို့ ကြားတယ်။
ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေက ပြောပြခဲ့တာပါရှင်၊ ခုကိစ္စကို လွှတ်တော် အတွင်း ဆွေးနွေးညှိနှိုင်းလာဖို့အတွက် တိုင်းရင်းသားပါတီတချို့ကြားမှာလည်း စတင် ညှိနှိုင်း  ဆောင်ရွက် တာတွေ လုပ်နေ ပြီလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကလည်း ပြောပါတယ်၊
-      လွှတ်တော်မှာအတိုင်း မဟုတ်ရင်တောင်မှ မနေ့ညက ကျနော်တို့ တိုင်းရင်းသားပါတီတွေ စုံစုံညီညီ စုစည်းပြီး ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒီမှာလည်း ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်တော်တော်များများ နဲ့လည်း ကျနော်တို့ တွေ့ဆုံကြတယ်။ တခြားတသီးပုဂ္ဂလအမတ်တွေနဲ့လည်း တွေ့ဆုံကြတယ်။ ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတဲ့ ထွက်လမ်းလေးပေါ့နော်။ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက မှန်မှဖြစ်တော့မှာ မို့လို့ ကျနော်တို့ ပျော့ပျော့ပျောင်းပျောင်း ညင်ညင်သာသာ ဖြစ်ရအောင် လမ်းရှာနေပါတယ်။ တွေ့စပြုပြီလို့ မှတ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပေဒေကို ပြုပြင်ပေးရမယ့်ကိစ္စဟာ အင်မတန်မှ all inclusive ဖြစ်မှပဲ ပုဒ်မလေးကို စကားရပ်ကို အစားထိုးနိုင်မှပေါ့။ အဲဒါကြောင့် ညီညွတ်ဖို့ လိုပါတယ်။ ခုနလို Majority ဖြစ်တဲ့ ပါတီဝင်ထုက လွှတ်တော်အမတ်ထုက သဘောထား ကြီးစွာ အမြင်ကျယ်စွာနဲ့ လက်ကမ်းကြိုဆိုတာ မျိုးဖြစ်အောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးနိုင်အောင် ကြိုးစားရမယ့် အပိုင်းလည်း ရှိပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ပါ၊ NLD ပါတီက အခုတောင်းဆိုထားဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမှာမို့ ဒါဟာ ပြည်ထောင်စုလွှတ်တော်အပေါ်မှာသာ မူတည်နေ ပါတယ်၊ ပြည်ထောင်စု လွှတ်တော် အမတ် ၂၀% က NLD ကိစ္စကို ဆွေးနွေးဖို့ အဆို တင်သွင်း ရင် ပြည်ထောင်စုလွှတ်တော်က လက်ခံရမှာ ဖြစ်ပြီး အဆုံးအဖြတ် ကတော့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံရမှာ ဖြစ်တယ်လို့  ပြည်သူလွှတ်တော် ဥပဒေရေးရာ ကော်မရှင်က ဥပဒေပညာရှင် ဦးသန်းမောင်က ရှင်းပြပါတယ်။
-      အဓိကပြောရမယ်ဆိုရင်တော့ ဥပဒေပြုအာဏာက ပြည်ထောင်စုလွှတ်တော်မှာသာ ရှိပါတယ်။ ဥပဒေကို ပြဋ္ဌာန်း တာကလည်း ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတာပါ။ ဆုံးဖြတ်တာလည်း ပြည်ထောင်စုလွှတ်တော်ကပဲ ဆုံးဖြတ် တာပါ။ ဒီတော့ အခြေခံဥပဒေကို ၇၅% က ပြင်လိုက်တယ်ဆိုတာနဲ့တင် ဒီကိစ္စက မပြီးပါဘူး။ ခုနပြောတဲ့ ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသားလွှတ်တော် ဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေတွေမှာပါ သက်ဆိုင်ရာ တူညီတဲ့ ဥပဒေ ပုဒ်မ အလိုက် ပြင်ရပါမယ်။
ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်က ဥပဒေပညာရှင် ဦးသန်းမောင် ရဲ့ သုံးသပ်ချက်ပါ၊
ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းဝေးမှာတော့ သမ္မတရဲ့ သ၀ဏ်လွှာနဲ့ အတူ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ၃လပတ် အစီရင်ခံစာ များ ပေးပို့ခြင်း ကိစ္စ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း စနစ် ပြောင်းလဲရေး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ လစဉ် ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားနေခြင်း ကိစ္စ နဲ့ အတူ အငြိမ်းစား ၀န်ထမ်းများ ပင်စင် တိုးမြှင့်ခြင်း ကိစ္စတွေလည်း ပါဝင်သလို အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းဖို့ ကိစ္စတွေကို အစီရင်ခံစာ ဖတ်တာတွေ မှတ်တမ်းတင်တာတွေ လုပ်ခဲ့ပါတယ်၊
ဒါ့အပြင် လွှတ်တော်နှစ်ရပ်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံ ခုံရုံးက ဆုံးဖြတ်ချက် ချထားတာကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီ က  ပြန်လည် လေ့လာ ဆန်းစစ် ထားတဲ့ အစီရင်ခံစာတွေကိုလည်း ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အတွင်းမှာ ဆွေးနွေး ဖတ်ကြားခဲ့ကြ ပါတယ်။
 By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)
 
 
 
ရေးရာကော်မတီတွေ အဆင့်နှိမ့်ချမှု ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံက  လွှတ်တော်တွေမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ပိုင်ခွင့်လွဲနေတယ်လို့  ဥပဒေ ကြမ်းကော်မတီ က ကန့်ကွက် ထောက်ပြ လိုက်ပါတယ်၊ ဧပြီလ ၂၄ ရက် အဂ်ါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အတွင်း ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာတစောင် တင်ပြခဲ့တာလည်း ဖြစ်ပါတယ်၊ ဒီအခြေအနေ အပြည့်အစုံ ကိုတော့  မသင်းသီရိက ဆက်ရှင်းပြပေးမှာပါ၊
ဧပြီလ ၂၄ ရက်အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွင်း အစည်းဝေးထဲမှာ လွှတ်တော်နှစ်ရပ် ရဲ့ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက  ဖွဲစည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ မတ်လ ၂၈ ရက်နေ့က ဆုံးဖြတ်ချက်ကို၊ အစီရင်ခံစာ တစောင် တင်ပြီး ပြန် ထောက်ပြခဲ့တာဖြစ်ပါတယ်၊ လွှတ်တော် ၃ရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့  လွှတ်တော်ရေးရာ ကော်မတီ တွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချထားတာကြောင့် ဖြစ်ပါတယ်၊
ဒီရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပါ ပြဋ္ဌာန်းချက်နဲ့ အညီ ဖွဲ့စည်း ထားတာ ဖြစ်ပြီး ဖွဲစည်းပုံခုံရုံးဟာလည်း လုပ်ပိုင်ခွင့်နဲ့ လွှဲချော်ပြီး ဆုံးဖြတ်ထားတယ် ဆိုတာကို ဥပဒေမူကြမ်း ကော်မတီက အစီရင်ခံစာ ပြန်တင်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် က ပြောပြပါတယ်။
-      ကျနော်တို့ ဥပဒေကြမ်းကော်မီတီရဲ့ အစီရင်ခံစာထဲမှာတော့ ဒီဟာကို လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လုပ်တယ် လို့ ရေးထားပါ တယ်။ ဥပဒေကြမ်းကော်မတီကတော့ နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတို့၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ တို့၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေတို့၊ စာရင်းစစ်ချုပ် ဥပဒေတို့၊ ရှေ့နေချုပ် ဥပဒေတို့၊ အဲဒီ အားလုံးထဲမှာ ပြည်ထောင်စုအဆင့် ဖွဲ့စည်း ဖြစ်ပြီဆိုတာ ပါပြီးသားဖြစ်တဲ့အတွက် မညီဘူး ဆိုတာ ကို ပြန်ပြောတာပါ။
ဒီ လွှတ်တော်ရေးရာ ကော်မတီနဲ့ ကော်မရှင်တွေကို  ပြည်ထောင်စုအဆင့် ရှိမရှိ စစ်ဆေးပေးဖို့ ကိုတော့ နိုင်ငံတော် သမ္မတရုံး ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံ အခြေခံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်၊ ဘာကြောင့် စစ်ဆေးပေးဖို့ တင်တာလို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးသူရိန်ဇော်က
-      အဲဒါတော့ သူတို့ပဲ သိမှာပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဟိုဘက်က ပြင်လိုက်လို့ သူတို့က အဆုံးအဖြတ် ပေးတာပေါ့လေ။ ဒါပေမဲ့ အဓိက ကတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်တာ ဖြည့်စွက်တာ၊ အသစ်ပြန်လည် ရေးဆွဲတာတွေက ပြည်ထောင်စု လွှတ်တော်နဲ့ အဓိက ဆိုင်ပါတယ်။
အထုးသဖြင့်ကတော့  နိုင်ငံတော် သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့အဖွဲတွေ ဟာ ပြည်ထောင်စုအဆင့် မရှိဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်တာမို့ အစိုးရလုပ်ငန်းတွေကို စောင့်ကြည့် တည့်မတ်ပေးရေး ကိစ္စတွေမှာ အဆင့်မတူဘူးဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်၊ ဒါပေမဲ့ အခု ပြည်ထောင်စု လွှတ်တော်တွင်းမှာ အမတ်တွေက ဒီဆုံးဖြတ်ချက်ပေါ် ပြန်လည် ဆွေးနွေးကြဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။
-      အဲဒီအစီရင်ခံစာကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရှိပါတယ်။ အမည် စာရင်း တောင်းထား ကြပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ ပြန် ဆွေးနွေးမှာပါ။ နာယက ကိုယ်တိုင် တောင်းတာပါ။ အဲဒီတော့ အမည်စာရင်းပေးပြီးရင် ဒါကို သူတို့ အစီရင်ခံစာပေါ်မှာ အားလုံးပြန်ပြီး ဆွေးနွေးကြမှာပါ။ အဖြေကတော့ ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ကျနော်တို့ ပြောလို့မရပါဘူး။ အားလုံးဝိုင်းပြီး ဆုံးဖြတ်ကြမှာပါ၊ ဘယ်လို လုပ်မယ် ဆိုတာကို ပေါ့လေ။
ပြည်သူလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် ပြောပြတာပါ၊ ဒီသတင်းအပြင်လည်း မတ်လ (၂၃) ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ အင်တာဗျူး နဲ့  ပတ်သက်လို့လည်း  လွှတ်တော် အခွင့်အရေး ကော်မတီက ဆက်လက် ဆောင်ရွက်ပေးဖို့ လွှတ်တော်အမတ်တွေ စုပြီး လက်မှတ်ထိုးကာ ဒီကနေ့ ထပ် တောင်းဆို ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပြပါတယ်။
-      မတ်လ ၂၃ ကပေါ့၊ ဦးမြင့်လှိုင်ရဲ့ Hot News ဂျာနယ်မှာ ပြောထားတဲ့အချက်တွေကို လွှတ်တော် ကိုယ်စားလှယ် တွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ဒါဟာ လွှတ်တော်ကို အသရေဖျက်ပါတယ်၊ ဂုဏ်သိက္ခာ ညှိုးအောင် ပြုလုပ်ပါတယ်၊ ၀န်ကြီး တယောက် ရဲ့ ကိုယ်နှုတ်စိတ် စောင့်စည်းမှု မရှိဘဲ ပြောဆိုတဲ့ အတွက် ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ အကြောင်း နဲ့ ဒီဝန်ကြီးအနေနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား နဲ့ သတင်းစာတွေကနေ တရားဝင် ၀န်ချတောင်းပန်ဖို့ တောင်းဆိုထားတာ ရှိပါတယ်။ အဲဒါက ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်  အခွင့်အရေး  ပူးပေါင်းကော်မတီကို တောင်းဆို ထားတာပါ။ အဲဒါ ဒီနေ့ ထက်ထိ ဘာမှ အဖြေထွက်မလာတဲ့အတွက် ဒီနေ့ပဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေ အကုန်လုံးက အဲဒီပေါ်မှာ လက်မှတ်ရေးထိုးပြီးတော့ ပြန် တောင်းဆိုတာပါ။ တကယ်လို့ အဲလို တောင်းပန်ခြင်း မပြုဘူး ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ ဖောက်ဖျက် တာ၊ ပြီးတော့ ပြည်သူ့ လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကို စော်ကားကျူးလွန်မှု ပြုတာတွေကြောင့် တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောပြခဲ့တာပါ၊ ပြည်ထောင်စုလွှတ်တော်ကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံကျင်းပမှာ ဖြစ်ပါတယ်၊

By Nyein Khet (ဗွီအိုအေ-မြန်မာပိုင်း) 
 
 
ကနေဒါ ကလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့
(ဓာတ်ပုံ - မတ်လ ၈ ရက်နေ့က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ်)
မြန်မာနိုင်ငံရဲ့ လတ်တလော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှု အများစုကို ယာယီ ဆိုင်းငံ့လိုက်တော့မှာ ဖြစ်ကြောင်း ကနေဒါ နိုင်ငံ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဥရော
ပသမဂ္ဂ အီးယူ ရဲ့ မြန်မာအပေါ် ပိတ်ဆို့မှု တွေ ယာယီဆိုင်းငံ့လိုက်တဲ့ ကြေညာ ချက် ထွက်ပေါ်လာခဲ့အပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က မနေ့က ထုတ်ဖေါ် ပြောဆို လိုက်တာပါ။

ကနေဒါ ရဲ့ ဆိုင်းငံ့လိုက်တဲ့ ပိတ်ဆို့မှုအများစုမှာ သွင်းကုန်၊ ပို့ကုန် နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး၊ လူပုဂ္ဂိုလ်တွေ အပေါ် ပိတ်ဆို့အရေးယူ ထားတာတွေလည်းပါဝင်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဒါပေမဲ့ လက်နက်အရောင်းအ၀ယ်ကိုတော့ ဆက်လက်ပိတ်ဆို့ထား မှာဖြစ်ပါတယ်။

ကနေဒါ နိုင်ငံဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရအပေါ်
ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ် အရေးယူ ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က -

- ပိတ်ဆို့ အရေးယူတဲ့နည်းဟာ ဒီကနေ့ ခေတ်သစ်ကမ္ဘာမှာ ထိရောက်တယ် ဆိုတာ သက်သေသာဓကကောင်း တစ်ရပ်အနေနဲ့
ပြသလိုက်တာလို့ ဆိုနိုင်ပါလိမ့်မယ်၊ ကာယကံရှင်အစိုးရက
ပြုပြင်ပြောင်းလဲ လာတဲ့အခါမှာလည်း မိမိတို့အနေနဲ့ ကူညီအားပေး ရမှာဖြစ်ပါတယ်-လို့ ပြောဆိုပါတယ်။

ဆက်လက်ပြီး - မိမိတို့အနေနဲ့ အကောင်းမြင်သဘော နဲ့ မျှော်လင့်ချက် ထားပါတယ်၊ တချိန်တည်းမှာလည်း မိမိတို့ဟာ ရိုးအ သူတွေမဟုတ်ပါဘူး၊ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေမှာဖြစ်ပါတယ်၊ ကနေဒါ အနေနဲ့ မြန်မာနိုင်ငံမှာ အခုထက်ပိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေ
မြင်ချင်ပါတယ်။ အလားတူ လိုအပ်လာရင် ပိတ်ဆို့မှုတွေ ပြန်လည် ချမှတ်ရမှာဖြစ်ပါတယ်- လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် ကနေဒါ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
RFA Burmese
 
 
စင်ကာပူရောက် မြန်မာများ တရားဝင်ငွေလွှဲနိုင်ပြီ
ရန်ကုန်၊ ဧပြီ - ၂၃
စင်ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားများ ဧပြီ ၂၃ရက်မှစတင်၍ နိုင်ငံအတွင်းသို့ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်သည်။

ငွေလွှဲရာတွင် ပြည်ပရောက် အလုပ်သမားများသာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် တစ်ရက်လျှင် စင်ကာပူနိုင်ငံသုံးငွေ ၃၀၀၀ သာလွှဲပို့နိုင်သည်။ ငွေလွှဲဝန်ဆောင်ခမှာလည်း တစ်ကြိမ်လျှင် ပမာဏမည်မျှပင်ဖြစ်စေ အမေရိကန်ဒေါ်လာဖြင့်တွက်ပါက လေးဒေါ်လာ နီးပါးပေးဆော
င်ရမည်၊ ပြည်တွင်းမှ ငွေလွှဲဝန်ဆောင်မှုကို ရန်ကုန်မြို့မှအပ အခြားသောမြို့များသို့ ပေးပို့ရမည်ဆိုပါက ပြည်တွင်းငွေလွှဲနှုန်းအတိုင်းဝန်ဆောင်စရိတ်ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိတက်မှမန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ဆိုသည်။

“စီးပွားရေးလုပ်ငန်းကြီးတွေ၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ် ငန်းကြီးတွေကတော့ ဆွစ်ဖ် SWIFT စနစ်ပြီးမှ လုပ်လို့ရမယ်”ဟုဦးဖေမြင့်ကရှင်းပြသည်။
စင်ကာပူနိုင်ငံမှ ငွေလွှဲလုပ်ငန်းကို All Best Exchange Co.,Ltd ပုဂ္ဂလိကငွေလွှဲဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်းရှိ သမ၀ါယမဘဏ်တို့က ချိတ်ဆက် ၍ စတင်ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် ဧပြီလကုန်ပိုင်းတွင် မလေးရှားနိုင်ငံမှလည်း နိုင်ငံခြားငွေလွှဲလုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သမ၀ါယမ ဘဏ်မှစုံစမ်း သိရသည်။

“လောလောဆယ်တော့လုပ်ဖို့ အစီအစဉ်မရှိသေးဘူး”ဟု AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုင် ငံခြားငွေလဲဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက် 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။ နိုင်ငံတော်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခုကို ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ချပေးခဲ့သည်။


7Day News 

 
 
အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး  နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍
မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“အဲဒီကိစ္စ အဆိုတင်တာတွေ မရှိသေးဘူးဗျ။ တည်ရှိဆဲ၊ မပြီးပြတ်သေးတဲ့ agenda တွေအတိုင်းပဲ သွားနေပါတယ်” ဟု လွှတ်တော်သို့ သတင်းတက်ရောက်ယူနေသော မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သော NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမည့် စာသားပြုပြင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာရုံးများသို့ စာရေးသားပေးပို့ အကြံဉာဏ်ပြုထားဆဲ ဖြစ်သည်။
3paliman3
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)

ထိုကိစ္စနှင့် ပတ်သက်၍ အဆိုတင်သွင်းနိုင်ရန်အတွက် လွှတ်တော်တက် ကိုယ်စားလှယ်များအကြား တိုင်ပင်
ဆွေးနွေးမှုများလည်း ရှိနေကြောင်းလည်း သိရှိရသည်။

“လွှတ်တော်အမတ်တွေကလည်း သူတို့ဟာနဲ့သူတို့ ညှိနှိုင်းမှုတွေ ရှိတယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတင်မယ်ပေါ့။
ထောက်ခံပေးဖို့ပေါ့။ ကြံ့ခိုင်ရေးကိုလည်း ညှိနေကြတာပဲ။ မနေ့က အနေအထားအရတော့ ကြံ့ခိုင်ရေးက နည်းနည်း မာတဲ့ သဘောထား ရှိတယ်။ ဒီလိုပဲ လိုက်ပြီး negociate လုပ်ကြတာပေါ့။ ဒေါက်တာမြတ်ဉာဏစိုးတို့၊ ဒေါက်တာ
အေးမောင်တို့။ ဒီ တတိယအကြိမ် အစည်းအဝေးမှာ တင်နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။

အခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုရမည်ဆိုသည့် ပုဒ်မ ၁၂၅ (ခ)အတွက် ဇယား ၄ ပါ စာသားတွင် “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး” ဟု ပါရှိနေရာ NLD အနေဖြင့် “လေးစားလိုက်နာပြီး”ဟူ၍ ပြင်ဆင်ပေးရန် အကြံပြုထားခြင်း ဖြစ်သည်။

သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင်တင်ပြလာပါက ပြည်ထောင်စုလွှတ်တော်က လက်ခံ
ဆွေးနွေးမည် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဖြစ်သည့် ဧပြီလ ၂၄ ရက်နေ့ အစည်းအဝေးကို တနာရီခန့်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှ အရွေးချယ်ခံ NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသေးပေ။

သို့သော် ယခု တတိယ အစည်းအဝေးများအတွင်း ရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲမှ
ရွေးချယ်ခံ NLD ပါတီဝင် ဒေါက်တာမြတ်ဉာဏစိုး က မဇ္ဈိမကို ပြောဆိုသွားသည်။

ကိုပေါက် နယူးဒေလီ (မဇ္ဈိမ) ။       ။  



ငါးထောင်တန်ဖုန်း Sim card ကိစ္စအား NLD ပါတီမှ ကိုယ်စားလှယ် အဆိုတင်သွင်း ဧပြီလ ၂၃ ရက် နေ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး မှ
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား လွှတ်တော်တွင်
အဆိုတင်သွင်းခဲ့ကြောင်း Messenger News Journal - facebook
စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
 NLD ပါတီမှ ဒေါက်တာမြတ်ဥာဏစိုး ကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူတွေ့ရစဉ်။
 (ဓါတ်ပုံ-Messenger News Journal)
 
 
 
  ဘန်ကီမွန်း ဒီသီတင်းပတ် မြန်မာနိုင်ငံသွားမည်
ဓာတ်ပုံ UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီသတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားမယ်လို့ ကုလသမဂ္ဂ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကြောင့် ဒီအနောက်နိုင်ငံ တွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ကို တနှစ်တာ ယာယီ ဆိုင်းငံ့ ပေးခဲ့တာကိုလည်းဘဲ မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီးတော့ လက်ရှိ လွှတ်တော်မှာ ကျမ်းသစ္စာ ဆိုမှု ပြသနာနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ မြန်မာအစိုးရ ကြားမှာ ညှိယူ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောပါတယ်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ မြန်မာ့ မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတွေနဲ့ တနလာင်္နေ့ ညနေက တွေ့ဆုံအပြီး သတင်းထောက်တွေကို သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ကြေညာသွားတာ ဖြစ်ပါတယ်။
“ကျနော် ဒီနေ့ သမ္မတ ဦးသိန်းစိန် ဆီကနေ ဖိတ်ခေါ်တာ ကို လက်ခံ လိုက်ပါတယ်။ ဒီ အပတ်ကုန်မှာ သွားပါမယ်။ ကျနော် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အဖြစ် ဒုတိယ အကြိမ် တာဝန် ထမ်းဆောင်ရတော့ ကျနော် တို့ မျိုးဆက် အတွက် ဘာတွေ ပြင်ဆင်သင့် လဲ ဆိုတာ သတ်မှတ်ခဲ့ပါတယ်။ အဲဒီ ထဲက တစ်ခုက တော့ အကူးအပြောင်းကာလရောက် နေတဲ့ နိုင်ငံတွေကို အကူအညီ ပေးရေးပါဘဲ။ အခု မြန်မာပြည်အတွက် လုပ်ပေးဖို့  ကျနော် တို့မှာ အခွင့်အရေး ရှိပါတယ်။ တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဒီ အချိန် အခါ ကို အကောင်းဆုံး ဖြစ်အောင် လုပ်ကြရပါမယ်။”
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီက လွှတ်တော် ကိုယ်စားလှယ်တွေ ၄၃ နေရာ အနိုင်ရရှိခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကြေညာခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ တွေ့လာရတဲ့ အတွက်လည်း ချီးကျူးသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလဟာ ရှေ့ဆက်ရမယ့် ခရီးရှည်ကြီးရှိတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် အကူအညီပေးနိုင်ဖို့ မြန်မာနိုင်ငံကို ကမ္ဘာက အကူအညီပေးသင့်တယ်လို့လည်း သူက ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ နိုင်ငံရေးမှာ အန်အယ်လ်ဒီ ပါဝင်ခွင့် ရရှိလာတာ အစရှိတဲ့ တိုးတက်တဲ့ ခြေလှမ်းတွေ ကြောင့်လည်း အနောက်အုပ်စုတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးခဲ့တာကိုလည်း မစ္စတာ ဘန်က ကြိုဆိုလိုက်ပါတယ်။
“ကျနော် နိုင်ငံတကာ က အပေါင်း လက္ခဏာ ဆောင်တဲ့ တုံ့ပြန်မှု ကို ကြိုဆိုပါတယ်။ ဒီကနေ့ ဥရောပသမဂ္ဂ ရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု ဆိုင်းငံ့ လိုက်တာ အပါအဝင် အမေရိကန် ပြည်ထောင်စု နဲ့ အခြား တိုင်းပြည် များရဲ့ လုပ်ဆောင် ချက်တွေ ပါဝင်ပါတယ်။ ကျနော်တို့ အနေနဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်ဖို့၊ ဒီမိုကရေစီ ရရှိစေဖို့ အတွက် အဲဒီ လို နိုင်ငံတကာ က ထောက်ခံ အားပေးမှု တွေ မြင်လိုပါတယ်။”
မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ ပျက်ဆီးဆုံးရှုံးမှု ကြီးမားလှတဲ့ နာဂစ် ဆိုင်ကလုန်းကြီး တိုက်ခတ် အပြီး ၂၀၀၈ ခုနှစ်မှာ တကြိမ် ၂၀၀၉ ခုနှစ်မှာ တကြိမ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ အခု တတိယ အကြိမ် သွားရောက်တာ မှာလည်း အပြောင်းအလဲ ဖော်ဆောင်ရာ မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း အထူး ကျေးဇူးတင် စကား ပြောကြားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
“ဒီအကြိမ်မှာတော့ သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ကို ကိုယ်တိုင် ဂုဏ်ပြု ချီးကျုး စကားပြော နိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ အလုပ်တူတူ လုပ်ပြီး ပေါင်းစည်းနိုင်ခဲ့ကြတယ်။ အခုလိုမျိုး အတူတူ လက်တွဲ ဆက်လက် လုပ်ကိုင် သွားနိုင်မယ် လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ကျနော် တို့ အတူ ကုလသမဂ္ဂ အနေနဲ့ ကူညီ နိုင်မယ့် လက်တွေ့ အကောင်အထည် ပြနိုင်မယ့် အကူအညီ နည်းလမ်းတွေ ပေးသွားဖို့ ရှာဖွေသွားမှာပါ။ မြန်မာ အစိုးရ နဲ့ လူထု အနေနဲ့ ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ရရှိရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေ စလုပ်ခဲ့ပြီး ပိုကောင်းတဲ့ မနက်ဖြန် ကို တည်ဆောက် နေကြပါပြီ။  အဲဒါကြောင့် သူတို့ကို  ကျနော်တို့ ရဲ့ ထောက်ခံမှု အပြည့်အဝ ပေးသင့်ပါတယ်။”
ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ ဧပြီလ ၂၃ ရက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်းဘဲ နှစ်ဘက်တို့ ပြေလည်အောင် ဆွေးနွေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့ အကြောင်းလည်း မစ္စတာ ဘန်က အခုလို ပြောခဲ့ပါတယ်။
“သူတို့ နှစ်ယောက် အေးအေး ချမ်းချမ်း ဘဲ ပါလီမန် ကိစ္စ နဲ့ ပတ်သက် ပြီး သဘော တူညီမှု ရသွားမယ် လို့ ကျနော် အရိုးသားဆုံး မျှော်လင့်ပါတယ်။ သူတို့ ဟာ သမိုင်းဝင် သွားတဲ့၊ မြန်မာ လူထုရဲ့ သဘောထားကို ထင်ဟပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုလည်း ဖြတ်သန်း ခဲ့ပြီးပါပြီ။ ကျနော် သမ္မတ ဦးသိန်းစိန် ဘာပြောထားသလဲ ဆိုတာ ကို အလေးထားပါတယ်။ ကျနော် ဒီကိစ္စမှာလည်း သူတို့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ရရှိရေး အတွက် အေးအေးချမ်းချမ်း အဖြေကို တစ်နည်းနည်း  ရှာတွေ့မယ် လို့ မျှော်လင့်ပါတယ်။”
ကချင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီးလည်း အတွင်းရေးမှူးချုပ်က မြန်မာအစိုးရ အနေနဲ့ အထူးသဖြင့် ကေအန်ယူ ကရင့် အမျိုးသား အစည်းအရုံး အပါအ၀င် တခြား တိုင်းရင်းသား အုပ်စုတွေနဲ့ ပြန်လည် ရင်ကြားစေ့ဖို့ ကြိုးပမ်းနေသလို ကချင်အုပ်စု ကိုလည်း အလားတူ ကမ်းလှမ်း လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အ၀ တည်ဆောက်နိုင်ဖို့ အတွက် အုပ်စုအားလုံးတို့ကိုလည်း အစိုးရ အနေနဲ့ လက်ကမ်းကြိုဆိုဖို့ အရေးကြီးတဲ့ အကြောင်းလည်း သူက ပြောကြားသွားပါတယ်။  မစ္စတာ ဘန်ဟာ ဒီသတင်းပတ်ကုန်မှာ အိန္ဒိယကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံကို သွားရောက်မယ့် ဒီသတင်းပတ် သူ့ရဲ့ ခရီးစဉ်မှာတော့ တိုင်းရင်းသား အရေးကိစ္စကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ဥက္ကဌတွေ ၀န်ကြီးတွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မစ္စတာ ဘန်ဟာ သူ့ရဲ့ ခရီးစဉ် အတွင်းမှာ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြောကြားသွားပါတယ်။

By လှလှသန်း (ဗွီအိုအေ-မြန်မာပိုင်း) 
 
 
NLD လွှတ်တော် တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း
美国国务院女发言人纽兰
ဓာတ်ပုံ 美国国务院
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နုလန်း (Vitoria Nuland)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် ၀င်ရောက်ရေးအတွက် အစုအဖွဲ့ အားလုံး ညှိုနှိုင်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စု တိုက်တွန်းပါတယ်။ ဒီ ညိနှိုင်း ဆွေးနွေးမှု တွေအပေါ်မှာ ၀င်ရောက် စွတ်ဖက် ပြောဆိုမှာ မဟုတ်ပေမဲ့၊ ဖြစ်ထွန်းမှုတွေ ကိုတော့ စောင့်ကြည့် သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အခု ကျင်းပနေတဲ့ လွှတ်တော်ကို မတတ်ရောက်နိုင်တဲ့ အခြေအနေဟာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်မလား စိုးရိမ်မှုကတော့ အတော်များများရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ကတော့ ဒါကို ပြဿနာတရပ်လို မယူဆပဲ၊ ညှိုနှိုင်း ဖြေရှင်းလို့ ရနိုင်မယ်လို့ ယူဆနေပါတယ်။ လွှတ်တော်ကိုလည်း တတ်ရောက် ဖြစ်မှာပါလို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ ကတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်ရောက်နိုင်ရေးအတွက် အားလုံး ညှိုနှိုင်းဆောင်ရွက် နိုင်ကြဖို့ တိုက်တွန်းပါတယ်။
“စစ်အုပ်ချုပ်ရေးမှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာ ဆိုရမယ့်ကိစ္စကို စိုးရိမ်တာကြောင့် ဒီနေ့ ပြုလုပ်တဲ့ လွှတ်တော် အစည်အးဝေးတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မတတ်ရောက်ဘူးလို့ နားလည် ထားပါတယ်။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရနဲ့ အခြားအစုအဖွဲ့ ပါတီတွေကို ဆွေးနွေး နေတယ်လို့ သိထားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တွင်း ၀င်ရောက်နိုင်ဖို့ အတွက် အစုအဖွဲ့အားလုံး ညှိုနှိုင်း ကြိုးပမ်းလုပ်ဆောင်ကြပါလို့ ကျမတို့ တိုက်တွန်းပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland က ပြောသွားတာပါ။
လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ဆိုရမယ့် ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို အဖွဲ့ချုပ်က ပြင်ဆင်ဖို့ လိုလားနေတာပါ။ ဒါ ပြင်ပြီးမှ လွှတ်တော် တက်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒီအချက်ဟာ ဖွဲ့စည်းပုံပါ အချက်အလက် ဖြစ်တာမို့၊ လွှတ်တော်ထဲ ၀င်ပြီး ပြင်သင့်တယ်လို့ ယူဆမှုတွေ လည်းရှိပါတယ်။ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း ဒီကိစ္စ ပြင်ဆင်ချက်ကို ဆွေးနွေး မလားလို့လည်း မျှော်လင့်မှုတွေ ရှိပါတယ်။ ပြင်ဆင်မယ် ဆိုရင်တော့ အဓိက အာဏာရပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်က အဓိက ကျမှာပါ။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ အချိန်အခါ မရောက်သေးဘူးလို့ မနေ့က လွှတ်တော်ဝန်းထဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"ကတိ သစ္စာခံ တဲ့ ကိစ္စ က ကျနော် တို့လည်းဘဲ ဒီမှာ တက်နေတဲ့ လူတွေ အားလုံးက ဒီအတိုင်း ကတိ သစ္စာ ပြုလာကြတာဘဲလေ။ ပြင်ရမယ် ဆိုတာကျတော့ ကျနော်တို့ များ ပြန်ပြင်ရမလား မသိဘူး။ တကယ်လို့များ ပြင်ခွင့်ရမယ် ဆိုရင်၊ ဒီမှာ ရှိတဲ့ လူတွေ အားလုံး ပြန်ပြင်ရမလား တောင် မပြောတတ်ဘူး။"
အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ နိုင်ငံခြားရေးပြောခွင့်ရသူ Nuland က ပြောပါတယ်။
“ဒီအခြေအနေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး၊ မကြာခင်ရက်တွေအတွင်း ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဂျပန်နိုင်ငံရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကတော့ အခု ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ မ၀င်လာတဲ့ ကိစ္စရဲ့ သူမရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်၊ သူတို့အနေ နဲ့ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော်ထဲမှာ ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။
"ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် ထဲကို ဝင်မလာတာ ဟာ သူ့ရဲ့ သဘော ဆန္ဒ ဘဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီး ကတော့ သူကို ကျနော်တို့ ကြိုဆိုနေပါတယ်။ အဲဒီတော့ ဒီ သူမ ပါဝင်လာတာဟာ ခုနက လို ဆွေးနွေး ပြောဆိုတာတွေ၊ နောက်တစ်ခါ ကျနော် တို့မှာ မေးခွန်းတွေ မေးခွင့်၊ အဆိုတွေ တင်သွင်းခွင့် ကျနော်တို့ ရှိပါတယ်။ ပိုမို ပြီးတော့ ခုနက လို တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့ ဟာတွေ ပိုမိုပြီးတော့ သွက်သွက်လက်လက် နဲ့ ပါလီမန် ကြီးဟာ ကျနော်တို့ အသက်ဝင် လှုပ်ရှားလာမယ် လို့ ကျနော် အနေနဲ့ ဒီလို ထင်မြင်ပါတယ်။"
အဖွဲ့ချုပ်ကတော့ ဒီကိစ္စအပေါ် နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး တို့ကို အကြံပြုချက် ပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ်မှာလည်း ဒီကိစ္စ ဆွေးနွေး ထားတယ် လို့သိရပါတယ်။ အမေရိကန် ပြည်ထောင်စု ကတော့ အခုလို ညိနှိုင်းဆောင်ရွက်မှု တွေကို အားပေးပါတယ်။
“အတွင်း ညှိုနှိုင်း ဆောင်ရွက်နေကြတဲ့အပေါ်မှာ ကျမတို့ ဘာမှ စွတ်ဖက်စရာ မရှိပါဘူး။ NLD က ပါဝင်ခွင့် မရခဲ့တဲ့ ပြီးခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ချမှတ်ခဲ့ပြီးတဲ့ကိစ္စရပ်တွေ၊ ဒီတိုင်းပြည်ရဲ့ အမည် သတ်မှတ်မှု ကိစ္စ အပါအ၀င်ပေါ့၊ ဒီကိစ္စရပ်အတော်များများအပေါ်မှာ NLD ဖက်က စိုးရိမ်မှုဖြစ်နေတာတွေ ရှိပါတယ်။ နိုင်ငံရေး ပွင့်လင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ အဲဒီ ကိစ္စရပ်တွေကို သူတို့ အချင်းအချင်း ညှိုနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”
မနေ့က ပြန်လည် ကျင်းပတဲ့ လွှတ်တော်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တွေ ထဲကဆို နှစ်ဦးပဲ လွှတ်တော် တက်ရောက် နိုင်တယ်လို့ ပြောရမှာပါ။ အာဏာရပါတီက ကိုယ်စားလှယ် တဦးနဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ်တို့ဖြစ်ကြပါတယ်။ အခြား အသစ်တတ်လာတဲ့ကိုယ်စားလှယ်တွေကတော့  ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားတဲ ကိုယ်စားလှယ် ၅၉ ဖြစ်ပါတယ်။ အရင် စစ်တပ် ကိုယ်စားလှယ်အချို့နဲ့ အစားထိုး ပြောင်းလဲလိုက်တာပါ။ မနေ့ကတော့ အဲဒီ တက်လာတဲ့ ကိုယ်စားလှယ်အားလုံး လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။

By သားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)  


ရဲ နဲ့ သစ်တော ၀န်ထမ်းများ ငွေညစ်နေပါသည်

ဓါတ်ပုံ-ကိုမင်း ( မန္တလေး)
အပေါ်မှာ တွေ့ ရတဲ့ ဓါတ်ပုံတွေ ကတော့ မန္တလေး၊ မိုးကုတ်လမ်း တစ်နေရာမှာပါ။
မိုးကုတ်ကနေ မန္တလေးကို လာတဲ့ ခရီးသည်တင်ကားပါ။ မန္တလေးကို ရောက်ခါနီး
ရွှေကျင်ကွေ့နားမှာပါ။ ကားပျက်ေ
နတာမဟုတ်ပါဘူးခင်ဗျား...
 ဓါတ်ပုံမှာ မြင်ရတဲ့အတိုင်း ရဲ နဲ့သစ်တောက ၀န်ထမ်းတွေပူးပေါင်းပြီး
ငွေညစ်နေတာဖြစ်ပါတယ်

ကားပေါ်မှာသစ်တွေလည်းအနည်းငယ်တင်လာပုံရပါ
တယ်။
 ဒီအတိုင်းသာ အမြဲလိုလိုလုပ်နေမယ်ဆိုရင်တော့----


မင်းမခ

Myanmar News Now 
 
 
NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ
သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (Photo-88 Generation Students)
မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
သန်လျှင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာသို့ သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့် သန်လျှင်မြို့နယ် NLD လူငယ်များအား အမျိုးသမီးတစ်ဦးပါဝင်သည့် လူအုပ်စုတစ်စုမှ အုတ်ခဲများ၊ တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြ သည်။
“သန်လျှင်က NLDပါတီဝင် ကိုညီညီဦး တိုင်ချက်ဖွင့်လို့ ရိုက်နှက်ခဲ့တဲ့သူတွေကို ညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟု ယင်းရဲအရာရှိက ပြောကြား သည်။
အမည်မသိလူအုပ်၏ ရိုက်နှက်မှုကြောင့် NLD လူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သန်လျှင်မြို့နယ် NLD လူငယ်တစ် ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ ဖမ်းဆီးထားသူ ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။
“ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံး အနိုင်ရခဲ့သဖြင့် အခြားသောပါတီများ၏ ဝေဖန်မှုများ ကို ကြုံတွေ့နေရသည်။
KP (yangonchronicle)
 
 
ဒဂုံဆိပ်ကမ်းမြို့ နယ်မှာသောက်သုံးရေရှားပါးပြတ်လပ်ပြီး ၀မ်းရောဂါဖြစ်ပွါးနေ
ဧပြီလ (၂၀,၂၁)ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက် (ကျူးကျော်)တွင် နေထိုင်သူ လူ ဦးရေ (၂၀၀၀) ကျော်နှင့် အိမ် ခြေ(၆၀၀)ကျော်နေထိုင်လျက်ရှိပြီး ယခုနွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်လျက်ရှိသလို ၇- လသားကလေးငယ်မှစ၍အသက် (၄၀)ကျော် လူကြီးများအထိ ၀မ်း ရောဂါဖြစ်ပွားလျက်ရှိကြောင်းသိရ သည်။
အဆိုပါ ရပ်ကွက်ရှိ ရောဂါ ဖြစ်ပွားသူအများစုမှာ မိမိအစီအ စဉ်ဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် ကုသလျက်ရှိပြီး တ ချို့မှာမူ ဆေးရုံ၊ ဆေးခန်းမပြသ နိုင်၍ ဓာတ်ဆားရေသောက်၍ ကုသလျက်ရှိကြောင်းသိရသည်။
အဆိုပါ ရက်များအတွင်း အလှူရှင်အချို့ရေပေးလှူခဲ့ကြောင်း သောက်သုံးရေကားနှစ်စီးဖြင့်NLD ဒဂုံဆိပ်ကမ်းမြို့နယ် ဥပဒေတာ ၀န်ခံက သွားရောက်လှူဒါန်းခဲ့ ကြောင်း၊ ၀မ်းလျှောဝမ်းပျက်ဖြစ် နေသူများအတွက် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်းလည်း သိရ သည်။
ရောဂါဖြစ်ပွားရခြင်းနှင့်ပတ် သက်ပြီး ““အစားအစာနှင့် သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း၊ အိမ်တိုင်းစေ့ ယင်လုံအိမ်သာမရှိ ခြင်း””တို့ကြောင့်ဖြစ်ကြောင်း (၆၇) ရပ်ကွက်ရတနာအိမ်ရာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချိုဦးမှပြော ကြားချက်အရ သိရသည်။
 NWH(ကြယ်ကလေး) Hot News
 
 
ဖောင်စီးရင်းရေငတ်နေသည့် တောင်သူလယ်သမားများအခွင့်မသာသေး
ဘိုကလေးမြို့နယ်တွင်းရှိ မလော့ကျေးရွာအုပ်စု အလယ်စု ကျေးရွာ၊ သဇင်ငူကျေးရွာအုပ်စု အုန်းပင်စုကျေးရွာများနှင့် အခြား ကျေးရွာများတွင် လယ်ယာစိုက် ပျိုးစရိတ်နှင့်စပါးဈေးကွာဟမှုများ ကြောင့် ထိုကျေးရွာများမှတောင် သူလယ်သမား မိသားစုများမှာ အရှုံးပေါ်နေ ကြောင်းသိရသည်။ ဆန်စက်များကုန်သည်ကြီးများက စပါးဈေးကိုသာ ထုတ်ပြန်ထား သောနှုန်း (၃၃၀၀၀၀)ကျပ်ဖြင့် မည်သူကမျှ မ၀ယ်သော်လည်း ဆန်ဈေးနှုန်း များမှာ ဈေးတက် ရောင်းချနေ သောကြောင့် လယ် သမားများမှာ စပါးဈေးလျှော့ ရောင်းဆန်ဈေး တက်ဝယ်နေရ သည့်အဖြစ်သို့ ရောက်ရှိနေကြ သည်ဟု သိရသည်။
ယင်းဖြစ်ပေါ်နေသော အ ခြေအနေများကို သည်းမခံနိုင်ကြ ၍ လယ်သမား ၃၀ ခန့်သည် တည်ဆဲဥပေဒပြဋ္ဌာန်းချက်များနှင့် အညီ ငြိမ်းချမ်းစွာ ဆန္ဒပြရန်- ပထမအဆင့်အနေဖြင့်ဘိုကလေး မြို့နယ် ရဲတပ်ဖွဲ့မှူးထံ တောင်သူ လယ်သမားများ၏ အခက်အခဲ များနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ဧပြီလ ၁၁ရက် ၂၀၁၂ နေ့စွဲဖြင့် တင်ပြသတင်းပို့ခဲ့ကြကြောင်း သိ ရသည်။
အဆိုပါသတင်းပို့အကြောင်း ကြားစာအရ ဆန္ဒဖော်ထုတ်မည့် နေ့ရက်ကို ၂၀၁၂ ခုဧပြီလ ၁၈ ရက် နံနက် ၉နာရီမှ နေ့လည် ၁ နာရီထိ ဘိုကလေးမြို့ပေါ်တွင် ငြိမ်းချမ်းစွာ လှည့်လည်မည်ဖြစ် ကြောင်းနှင့် တောင်သူလယ်သ မား ၃၀ခန့်က သက်ဆိုင်ရာသို့ စပါးဈေးနှုန်းထိန်းညှိပေးပါရန်ဟု ရေးထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြမည်ဖြစ်သည်။
ဘိုကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးရုံးသည် အထက်ပါ တောင်သူလယ်သမားများ၏အ ကြောင်းကြားစာကို ရရှိပြီးနောက် တွင် ဘိုကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ရုံး၊ ဖျာပုံခရိုင် ဧရာဝတီ တိုင်းဒေသကြီးစာအမှတ်/၁၀၀၂ (၀၁)/၁၀၃/ ဦး ၁ရက်စွဲ ၂၀၁၂ ခုနှစ်ဧပြီလ ၁၁ရက် ရက်စွဲဖြင့် အကြောင်းပြန်ကြားခဲ့ကြောင်း ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အကြောင်းပြန်ကြားစာအရသိရ သည်။
အကြောင်းပြန်ကြားစာ များအရ တောင်သူလယ်သမား ဦးသက်တင် မလော့ကျေးရွာအုပ် စု အလယ်စုကျေးရွာသို့ ၄င်း တောင်သူလယ်သမား ဦးတက် ထွန်း သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စု သို့၎င်း (အကြောင်း ပြန်ကြားစာ၊ နည်းဥပဒေထုတ် ပြန်မှသာ ဆောင်ရွက်တင်ပြရန် အကြောင်းပြန်ကြားခြင်းဟူ၍ (ရည်ညွန်းချက်။ ။ ဦးတက်ထွန်း၊ ဦးသက်တင်တို့၏ ၁၁-၄-၂၀၁၂ ရက်စွဲပါ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ခြင်း ကိစ္စတင်ပြစာဟု ရေး သားထားသည်။ ထိုအကြောင်း ပြန်ကြားစာ အပြည့်အစုံမှာ- ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခ ရိုင် ဘိုကလေးမြို့ပေါ်တွင် ၂၀၁၂ ခုနှစ်ဧပြီလ ၁၈ရက်နေ့၌ တောင်သူလယ်သမားများ၏အခက် အခဲများနှင့် ပတ်သက်၍ ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ်မည့် စီတန်း လှည့်လည်ခြင်းများပြုလုပ်လိုပါသ ဖြင့် ဘိုကလေးမြို့နယ်၊ မလော့ ကျေးရွာအုပ်စု အလယ်စုကျေး ရွာနေ ဦးသက်တင်(ဘ)ဦးလှတင် ၅၃ နှစ်နှင့် သဇင်ငူကျေးရွာအုပ် စု အုန်းပင်ကျေးရွာနေ ဦးတက် ထွန်း(ဘ) ဦးချစ်ခင် ၄၈ နှစ် တို့မှ ရည်ညွန်းစာဖြင့် တင်ပြ လျှောက်ထားလာပါသည်။ အဆို  ပါ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုမိန့် တောင်းခံ လာခြင်းကို လောလောဆယ် နည်းဥပဒေထုတ်ပြန်ရခြင်းမရှိသေး ၍ နည်းဥပဒေထုတ်ပြန်ပြီးမှသာ ဆောင်ရွက်တင်ပြကြရန်အကြောင်း ပြန်ကြားပါသည်ဟု ပါရှိပါသည်။
ထို့နောက် ဆက်လက်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ တွင် ကိုသက်တင်နှင့် သက်ထွန်း တို့ထံ ဦးစန်းမောင် လူမှုဆက်ဆံ ရေးနှင့် ပညာရေးဝန်ကြီး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဧရာဝတီတိုင်းဒေသကြီး။ ဦးမြ သိန်း ပြည့်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ဧရာဝတီတိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ ခရိုင်တပ်ဖွဲ့မှူး မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဘိုကလေးမြို့နယ်တို့မှ သွား ရောက်၍ နှစ်ဆန်း ၂ရက်နေ့မှ စ၍ စပါးဈေးကို သုံးသိန်းအနည်း ဆုံးထား၍၀ယ်ယူမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးသော်လည်း ယနေ့အချိန်ထိ ဘိုကလေးမြို့ တွင်စပါး(၁၀၀)နှစ်သိန်းခုနှစ်သောင်း ဖြင့်သာ ၀ယ်ယူနေကြောင်း ယင်း တောင်သူလယ်သမားများထံမှ သိရှိရသည်။
ဦးသက်တင် ဦးတက်ထွန်း တို့မှ မိမိတို့ တောင်သူလယ်သ များ၏ နစ်နာခံစားနေရသော အခက်အခဲများကို အမြန်ဆုံးဖော် ထုတ်နိုင်ရန်အတွက် ဥပဒေပြု ရေးအခန်းကဏ္ဍသည် အလွန်အ ရေးပါသော အချက်ဖြစ်နေပါသ ဖြင့် နိုင်ငံရေးပါတီများမှ ဆောင် ရွက်လှုံဆော်ပေးနိုင်ရန် ဆက် လက်အကြောင်းကြားခဲ့ကြောင်း လည်းသိရသည်။

ဥယျာဉ်မှူး (Hot News) 
 
 
သံတွဲ ဒွါရာဝတီဈေးမီးလောင်မှု စွပ်စွဲခံရသူကပြန်လည်ချေပ ဧပြီ ၂၃၊ ၂၀၁၂ (YPI)

သံတွဲမြို့ ဒွါရာဝတီဈေးမီးလောင်မှုကို သံတွဲမြို့နယ်တရားရုံးတွင် စစ်ဆေး ကြားနာလျှက်ရှိရာ  စွပ်စွဲခံရသူ အပ်ချုပ်ဆိုင်ပိုင်ရှင်က ၎င်းဆိုင်မှစတင်မီးလောင်ခြင်းမဟုတ်ကြောင်း ပြန်လည်ချေပလျှက်ရှိသည်။


မီးစတင်လောင်ကျွမ်းခဲ့သည်ဟု ယူဆသောနေရာဝန်းကျင်မှဆိုင်ရှင်များအား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းခဲ့ပြီး မတ်လနောက်ဆုံးပတ်တွင် ရုံ(င)ဆိုင်အမှတ် ၆၅ တွင် စက်ချုပ်ဆိုင်ဖွင့်ထားသူ မချိုသဲ (၁၉)နှစ် အားတရားစွဲဆိုခဲ့သည်။


ဈေးမီးလောင်မှုမှာ အပ်ချုပ်ဆိုင်မီးပူမှ မီးကြွင်းမီးကျန်ကြောင့်ဖြစ်နိုင်သည်ဟု မီးသတ်တပ်ဖွဲ့က မှတ်ချက်ပေးထားကြောင်း မချိုသဲ၏ ရှေ့နေကပြောသည်။


သို့သော် စွပ်စွဲခံရသူအပါအ၀င် ၎င်း၏ဆိုင်နီးချင်းများက မချိုသဲမီးသုံးစွဲခြင်းမရှိကြောင်းနှင့် မချိုသဲတွင်မီးပူမရှိသောကြောင့် လိုအပ်ပါက အနီးရှိစက်ဆိုင်များတွင် သွားရောက်သုံးစွဲရသည်ကို မြင်တွေ့သိရှိကြောင်းပြောသည်။


မချိုသဲ၏ဆိုင်ရှေ့ ရုံ(စ)ဆိုင်အမှတ် ၁၁၆/၁၁၇မှ မနီနီမြင့်(ခ)မေနီက “သူကဆိုင်ဖွင့်တာမကြာသေး လို့သိပ်မချုပ်ရသေးဘူး။ မီးပူလည်းမရှိလို့ လိုရင် ကျွန်မတို့ဆီမှာလာသုံးတာပဲ” ဟုပြောသည်။


သံတွဲ ဒွါရ၀တီဈေး မီးလောင်နေစဉ်


ရခိုင်ပြည်နယ်ရှိ မင်းပြားဈေးမီးလောင်ပြီးနောက်ပိုင်း သံတွဲဒွါရာဝတီဈေး၌ နံနက် ၁၁ နာရီနောက်ပိုင်း မီးမသုံးစွဲရန်ကန့်သတ်လိုက်ပြီး မီးသတ်ကလည်း ရှောင်တခင်ဝင်ရောက်စစ်ဆေးလျှက်ရှိသောကြောင့် နံနက် ၁၁ နာရီနောက်ပိုင်း မီးမသုံးစွဲကြကြောင်း ဈေးသူဈေးသားများကပြောကြသည်။


ဖေဖေါ်ဝါရီ ၁၁ ရက် နံနက် ၅ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းသောကြောင့် မီးကြွင်းမီးကျန်မှလောင်ကျွမ်းခြင်းမဖြစ်နိုင်ကြောင်း မြို့ခံများက မှတ်ချက်ပေးကြသည်။


မီးလောင်ပြီးစကတည်းက သံတွဲရဲစခန်းတွင် (ပ)၁၄/၂၀၁၂၊ ပုဒ်မ ၂၈၅ (မီးနှင့် သို့တည်းမဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း) ဖြင့်အမှုဖွင့်ကာ ခရိုင်ရဲမှူးခေါင်းဆောင်သော အဖွဲ့က စုံစမ်းစစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့မှူး ကပြောသည်။


“ဆိုင်မှာ မီးမသုံးပါဘူး၊မီးပူလည်းမရှိပါဘူးပြောပေမယ့် တရားရုံးရောက်မှရှင်းပါလို့ စခန်းမှူးကပြောတယ်” ဟု မချိုသဲက ပြောသည်။     


ဧပြီ ၈ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဆောင်းပါးရှင်
ဗိုလ်သင်း-မီးသတ် ရေးသားသည့် “ဒေါ်လာငါးသန်းတန် ဆေးလိပ်တို” ဆောင်းပါးတွင် သံတွဲဈေး မီးလောင်မှုသည် အပ်ချုပ်ဆိုင်၌ ကျန်နေသည့် မီးပူတွင် မီးခဲအသေးမှ တငွေ့ငွေ့စတင်လောင်ရာက ဈေးကြီးမီးလောင်ခံခဲ့ရသည် ဟုရေးသားထားသည်။

၎င်းအရေးအသားနှင့်ပတ်သတ်ပြီး  “ ဒါကဘောင်ကျော်တာပဲ။ ဒီမှာစစ်ဆေးတုန်းပဲရှိသေးတယ်။ စီရင်ချက်ချသလိုရေးလိုက်တာပဲ ” ဟု မချိုသဲ၏ရှေ့နေကပြောသည်။  


ဒွါရာဝတီဈေး မီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်အနက် ၇၄၀ ကျော် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၆၅၀၀ ကျော်ရှိခဲ့ကြောင်း မီးသတ်စာရင်းများကဖော်ပြသည်။           ။

  Yangon Press International   
 
 
 

No comments: