Sunday, April 22, 2012

သန်လျင်မြေဈေးအကြောင်း သောင်းပြောင်းထွေလာ




ပွဲစား တွေ ငွေရှင်တွေ ပျားပန်းခတ်၊ ပြန့် ပြန့်ကျဲလိုက်တာ ပွဲတော်တမျှပါပဲ ဆိုတဲ့ အောင်ချမ်းသာတိုးချဲ့ ရပ်ကွက်များ (Map - dpsmap.com)

သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း လုပ်ငန်းတွေ အကောင်အထည်ဖော်မယ်လို့ အစိုးရက တရားဝန် ထုတ်ပြန်တဲ့ သတင်း၊ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊တရုတ်၊ စင်ကာပူ၊ မလေးရှားနိုင်ငံခြားတိုင်း ပြည်များက အဲသည်လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ သတင်း၊ ရန်ကုန်ကို စင်ကာပူနိုင်ငံ လို လုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြေဈေးတွေအထက်ကို ထိုး တက်တာ ဆွဲမရ၊ တားမရပါပဲ။

အထူးသဖြင့် မြေကွက်တွေ အစီအရီချထားပြီး လူနေခြင်းမရှိတဲ့ သန်လျင်မြို့ရဲ့ အောင်ချမ်းသာတိုးချဲ့ ရပ်ကွက်တွေမှာပါ။ အဲသည်မှာ ပွဲစား တွေ ငွေရှင်တွေ ပျားပန်းခတ်၊ ပြန့် ပြန့်ကျဲလိုက်တာ ပွဲတော်တမျှပါပဲ။

အရင်ကလဲ သန်လျင်မှာ ၁၉၉၆ ခု၊ နိုဝင်ဘာလ လောက်ကစပြီး ၁၉၉၇ နှစ်လယ်လောက်အထိ သောက် သောက်လဲ ငွေတွေဝင် မြေရှင်တွေ အရောင်း သွက်ဖူးပါတယ်။ နောက် တော့ အဝယ်ကျဲပြီး ကား အရောင်း အဝယ်ထဲ ဝင်သွားကြပါတယ်။

အခုတစ်ခါ သန်လျင်မှာ မြေ အရောင်းသွက်လာတာက လွန်လွန် ကဲကဲပါ။ သိန်းသုံးထောင်၊ လေး ထောင်၊ ငါးထောင်ဆိုတဲ့ ကဏန်း အထိ တက်တာပါ။ သီလဝါနဲ့ နီးနီး မှာရော၊ ဝေးဝေးမှာရော၊ အကြိုအကြား မှာရော သောသောလှုပ် အဝယ်လိုက်တာပါ။

မြေပွဲစားတွေလဲ ဆိုင်ကယ် နဲ့ ဟန်းဖုန်းနဲ့၊ ရွှေနဲ့၊ ငွေနဲ့ တကယ့် ပြောင်းလဲမှုကို နေ့ချင်းညချင်း ပြောင်း လဲသွားတာပါ။ မပြောင်းခံနိုင်ရိုးလား။ မြေ အရောင်းအဝယ်လုပ်ပေးတဲ့အတွက် ဝယ်သူဘက် ရောင်းသူဘက် နှစ် ဘက်ခွဲပါတယ်။ ကျပ်သိန်းတစ်ရာဆို သုံးရာခိုင်နှုန်း၊ လေးရာခိုင်နှုန်း။ ကျပ် သိန်းတစ်ရာကျော်ရင် နှစ်ရာခိုင်နှုန်း သုံးသုံးစွဲစွဲ လက်ထဲ သိန်းရာဂဏန်း ချီပိုက်မိတဲ့ ပွဲစားတွေရှိပါတယ်။

မြိုး မြိုးမြက်မြက် ရလိုက်တာတွေက တော့ ဝယ်ရောင်းတွေပါ။ တစ်နေရာ မှာ စရန်ရိုက် လက်ညှိုးထိုးရောင်း၊ အသားတင် အမြတ် အိတ်ကပ်ထဲ ထည့်သွားသူတွေဟာ အရင်းနည်း နည်း အမြတ်များများကျန်တဲ့သူတွေ ပါ။ တချို့လဲ ကျပ်သိန်းလေးရာနဲ့ ရောင်းမယ်ဆိုပြီး စရန်ငွေ ကျပ် သိန်း တစ်ရာယူထား၊ ခြောက်ရာ၊ ခုနစ်ရာ လာပေးသူရှိတော့ စရန်ငွေယူထားတဲ့ သိန်းတစ်ရာကို သိန်းနှစ်ရာ ပြန်လျော် တယ်။ တချို့လဲ နှစ်ခါရောင်း၊ သုံး ခါရောင်း။ ဈေးကောင်းတော့ မလုပ် သင့်တာ လုပ်ကြပါတယ်။

အလကား နေတဲ့သူတွေက ဖယ်မပေးလို့ တက် ဈေးအမီ မရောင်းလိုက်ရတဲ့ သူတွေ လဲ ရှိပါသေးတယ်။ အမှုအခင်းဖြစ် တာများပေမယ့် တရားရုံးကို ရောက် တာနည်းပါတယ်။ တရားစီရင်ရေး အပေါ်မှာ သူတို့မြင်တဲ့ အမြင်က ရှင်း ပါတယ်။ အတတ်နိုင်ဆုံး ကင်းကင်း နေချင်ပါသတဲ့။

သန်လျင်မြေဈေးလို့ ဆိုပေမယ့် ဒလ၊ ကျောက်တန်း တရကြမ်း တက်တာပါ။ သီလဝါ ဆိပ်ကမ်း ကို အမှီပြုပြီး သန်လျင် မြေဈေး မြင်းပြေးသလို တက်ပေမယ့် သီလ ဝါဆိပ်ကမ်းက ကျောက်တန်းမြို့ နယ် အပိုင်ပါ။ စီးပွားရေးဇုန်ဆိုတာ ကလဲ သန်လျင် ကျောက်တန်း စီးပွား ရေး ဇုန်ပါ။ ဒါကြောင့်လဲ ကျောက် တန်းက မြေဈေးတွေ မကြားဖူး မမြင်ဖူး ကောင်းလာတာပါ။ ဝယ်တဲ့သူတွေက မြေကွက် ကျယ်ကျယ်ကြိုက်တော့ ဧကများ တဲ့ ဥယျာဉ်ခြံတွေ အရောင်းသွက် ပါတယ်။ လယ်မြေတွေလဲ လမ်းမ နဲ့နီးရင် နီးသလို ဈေးပိုရကြပါတယ်။

လယ်မြေတွေလဲ လူနေရပ်ကွက်နဲ့ တွဲ လာရင် လယ်နံ့ပျောက်ပါတယ်။ စား ကျက်မြေတွေဆို ကျူးကျော်ခြံခတ် လူနေတဲ့ အရပ်လုပ်လို့ သန်လျင်မှာ ဒါစားကျက်မြေပါလို့ လက်ညှိုးထိုး ပြစရာ မကျန်သလောက်ပါပဲ။ မြေ ရာဇဝင်ဆိုတာကလဲ မြေစာရင်းမှာပဲ ရှိတာမို့လား။

အုပ်ချုပ်ရေး ဌာနတွေမှာ မြေ ရာဇဝင်ရှိတယ်ဆိုတာ မြေစာရင်း ဦးစီးဌာနကနေ တောင်းထားသ လောက်ပဲ ရှိတာပါ။

ရှေးအခါက တော့ စားကျက်မြေထဲ တဲထိုးရင် ပဲ တရားစွဲခံရတာပါ။ စားကျက် မြေ တွေကို ဘီအိုစီ ကုမ္ပဏီက ချဲ့ယူ လို့ ဘီအိုစီကုမ္ပဏီကို တရားစွဲတဲ့ သာဓက သန်လျင်မြို့မှာ ရှိခဲ့ပါတယ်။ အခုတော့ စားကျက်မြေဆိုတာ လူနေအိမ်ဆောက်နေလို့ ရတဲ့အရာလို့ ဖြစ်သွားပါပြီ။ မြေဈေးကောင်းလို့ စားကျက်မြေကို အကွက်ရိုက်ရောင်းတဲ့ သူတွေလဲ ရှိပါတယ်။ ဝယ်သူက လဲ ဝယ်ရဲ၊ ရောင်းသူကလဲ ရောင်းရဲ ပါ။

ဒီဇင်ဘာလလယ်မှာ မြေ အဝယ် ရုတ်တရက် ရပ်သွားလို့ တက်သထက် တက်မယ့် ဈေးကို စောင့်မျှော်သူတို့ ရင်မောကျန်ခဲ့တာ တွေ ရှိပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အရှိန်ရှိသလောက်ထက် ပိုမတက် နိုင်ပါဘူး။

သန်လျင်မြေဈေးလဲ အဲသည် နိယာမထဲက ရုန်းမထွက်နိုင်တဲ့အတွက် တက်ရှိန်ကျပါပြီ။ ကျရိပ် ပေးတဲ့ မြေဈေးမှာ ငွေကစားလာတဲ့ သူတွေလဲ ကြက်ပျောက် ငှက် ပျောက် ဘယ်ဆီ ရောက်ကြသည်ကို မသိနိုင်တော့ပါဘူး။ တချို့ကတော့ နေပြည်တော် ကျောက်မျက်ပွဲ ဝင်နွှဲနေ လို့ပါ။ နောက်တစ်ခါ ပြန်လာဦးမှာ ပါလို့ ပြောကြ၊ မျှော်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ခေတ် ကောင်း၊ တစ်ပွက်ဆူ စီးပွားရေး ဈေး ကွက်ထဲ ပါးရေ နပ်ရေ ရှိရှိ ဝင်နွှဲနိုင် သူတွေကတော့ လက်ဖျားငွေသီး တတ်ကြတာ အစဉ်အလာလို ဖြစ်နေ ပါပြီ။

ညွှန်း - မောင်လှိုင်ထွေး၊ ဈေးကွက်ဂျာနယ် http://www.zaygwet.com/business.php?id=89




No comments: