Friday, April 20, 2012

ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံကို အိပ်မက်မက်ခြင်း

    ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံကို အိပ်မက်မက်ခြင်းမျိုးနဲ့ 
     စင်စစ်အားဖြင့် -၂၀၁၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိ
ု ပြင်ဆင်ရန်လိုအပ်သည်ဟု ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့်ပင် ကမ္ဘာသိဖြစ်သွားတော့သည်။ ရွေးကောက်ပွဲပြုလုပ်ပေးသူ သမတဦးသိန်းစိန် အစိုးရ၏ နိုင်ငံရေးအမြတ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် အခြားကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော ပါတီများ၏ နိုင်ငံရေးအမြတ်ကို တွက်ချက်ကြည့်ဖြစ်သည် ။ မဲဆွယ်စည်းရုံးစဉ်က ကြေငြာခဲ့ သည့်အတိုင်း ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးမည်လား ဆိုသည်ကို မကြုံဆုံရမှီမှာပင် ပြသနာက စိန်ခေါ်ထားပြီးပြီ ။ ယင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များမှာ ကျမ်းသစ္စာကျိန်ဆိုရသည့်အခါ -၂၀၀၈-၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေကို ကာကွယ်စောင့်ရှောက်လေးစားလိုက်နာပါမည် ဆိုသော စကားရပ်ကို ပြင်ဆင်ပေးပါရန်ဆိုသောအချက်က ပြသနာတပါးဖြစ်နေပြီ ။ တိတိကျကျ ပြောရလျှင် ယင်းစကားရပ်တလုံးကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက် ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက် ပြုလုပ်သောအခါ စီစစ်ကြည့်ခဲ့ ရမည်ဖြစ်သည် ။ ခုတော့ ယင်းစကားတလုံးကပင် စိန်ခေါ်နေသည်လားမပြောတတ်တော့ ။။
           အကယ်၍ ယင်းကျမ်းသစ္စာစကားရပ်ကို ဘာမျှမပြင်ဆင်နိုင်ဟု ဆိုလျှင် လွှတ်တော်ထဲကို ၀င်ရောက်မသွားပါဟုဆိုက ပြည်သူလူထုများ၏ မဲဆန္ဒကို တလေးတစား ပြန်လည်စောင်းငဲ့ကြည့်စရာဖြစ်လာသည်။ ယင်းစကားရပ်မှာ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အသက်သွေးကြောလားဆိုသည်ကို စဉ်းစားရန်လိုနေသည်ဟု ထင်သည် ။ ယင်းအပိုဒ်ထက် ကြီးကျယ်သော ဥပဒေအချက်အလက်များ ပြင်ဆင်စရာမရှိပေဘူးလားဆိုသည်ကို ကြည့်ရန်လိုနေသေးသည် ။ တစ်ကစ၍ မကြည့်ခဲ့ သောကြောင့် ရွေးကောက်ပွဲအနိုင်ရသည်နှင့် ဤကျမ်းသစ္စာစကားရပ်ကို အသေဆုပ်ကိုင်မည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်စဉ်က ပြောဆိုကြေညာခဲ့ သည်များ ရှိလျှင် ဘာမျှ မပြောသာလိုတော့ ။
         အဓိကအားဖြင့် လွှတ်တော်ထဲကို ရောက်ရှိရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခဲြ့ပီးနောက် လွှတ်တော်ကို ၀င်ရောက်သွားရုံမှအပ အခြားမရှိတော့ဟု မြင်သည် ။ သာမန်အရပ်သားစကားအတိုင်း ပြောရလျှင် သူ့ ဆန်စား ရဲပေးရန်သာ ရှိတော့သည်။  နောက်တချက်မှာ လွှတ်တော်အတွင်း တပ်မတော်ကိုယ်စားလှယ်တွေက ပြည်သူလူထုတွေက မဲတပြားမှ မပေးခဲ့ ရဘဲ လွှတ်တော်ကုလားထိုင်များတွင် အခန့် သားနှင့် ထိုင်နေသည်ကိုလည်း သိရှိထားပြီးသူများဖြစ်ရာ ယင်းတပ်မတော်ကိုယ်စားလှယ်တွေနှင့် အတူတူ လက်တွဲ လုပ်ဆောင်ရမည်လား သို့ မဟုတ် သူတို့ အား ဥပဒေကို ပြင်ဆင်ပြီး မောင်းထုတ်ရမည်လား ဆိုသည်ကလည်း ရှိနေသေးသည် ။ အနည်းဆုံးအားဖြင့်တော့ လွှတ်တော်ညီလာခံဆိုသည်မှာ ပြည်သူလူထုများက အသည်းကြားမှ မဲတပြားနှင့်ရွေးချယ်ခန့် အပ်သူများသာဖြစ်ရာ မည်သို့ ပင်ဆိုစေ ယင်းစစ်တပ်လွှတ်တော်ကိုယ်စားလှယ်တွေကိုမူ လွှတ်တော်အတွင်း လက်မခံသင့်။ အခြားဥပဒေများကို ပြင်ဆင်ပေးရန် ဆိုသည်ထက် နိုင်ငံတကာ ရွေးကောက်ပွဲ ဥပဒေများနှင့် အမြီးအမောက် မတည့်သော ၄င်းစစ်တပ်ကိုယ်စားလှယ်များနှင့်တော့ တန်းတူမထိုင်သင့်ဟု နားလည်သည်။
             ယေဘူယျသုံးသပ်ကြည့်လျှင် ကျမ်းသစ္စာကျိန်ဆိုခြင်း၌ စကားရပ်များကို ဖယ်ရှားရေးနှင့် လွှတ်တော်အတွင်း စစ်တပ်ကိုယ်စားလှယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက် စိန်ခေါ်နေသော ပြသနာကြီးတရပ်ဖြစ်သည် ။ အခြားသော ဥပဒေပြင်ဆင်ချက်များမှာ တင်ပြခြင်းနှင့် ဆုံးဖြတ်ခြင်းများဖြင့် ခရီးဆက်သွားကြမည်သာဖြစ်ရာ ယင်းပြသနာတွေမှာ ရှည်လျှားထွေပြားနေမည်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါးနပ်မှူများနှင့် နိုင်ငံတကာအစိုးရ၏ နိုင်ငံရေးကစားကွက်မှာ လွှတ်တော်အတွင်း တိုက်ပွဲကစမည်ဖြစ်သည်။ ၂၀၀၈- ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများကို လက်မခံပါဟု တချိန်က ကြေညာခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ယင်းဥပဒေများကို ပြင်ဆင်ရန် လွှတ်တော်အတွင်းသို့  ၀င်သွားမည်ဖြစ်နေသည် ။
           တချိန်တည်းမှာပင် -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စာ်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံနိုင်ဟု တွင်တွင် ငြင်းဆိုဖယ်ရှားနေခဲ့ ကြသော ပြည်ပရောက် အင်အားစုများမှာမူ လွှတ်တော်ပြင်ပနိုင်ငံရေးစင်မြင့် တခုကို ဖန်တီးကာ ဥပဒေကိုပြင်ဆင်ရေးအတွက် တမျိုးသားလုံးဆိုင်ရာညီလာခံင်္ကြီးအား ခေါ်ယူလိုသည်ဟု မနေ့ က ကြေညာချက်ထုတ်ပြန်သည်ကို ကြားရသည်။ UNFC- ဟုခေါ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီမှ ယခုလိုပြည်ထောင်စုအစိုးရအပါအ၀င် တမျိုးသားလုံးဆိုင်ရာညီလာခံကြီးအား ခေါ်လိုကြောင်း ထုတ်ဖေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။  ယခုအခါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှာ ပြည်ထောင်စုအစိုးရအပါအ၀င် တမျိုးသားလုံး ညီလာခံကို ကျင်းပလိုသည်ဟု ကြေညာလိုက်ရာ ဤအကြောင်းအရာကို တွေးတောမိလာသည် ။
      ဤအဖွဲ့ ၏ တချို့ အဖွဲ့ ဝင်များမှာ သမတဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ထားရာ တမျိုးသားလုံးဆိုင်ရာ ညီလာခံမှာ ဖြစ်နိုင်စရာအကြောင်းမရှိဟုမြင်မည်မှာသေချာသည်။ ဤကြေညာချက်ကို သမတဦးသိန်းစိန်သာ ကြားပြီဆိုသည်နှင့် လက်ခုပ်လက်ဝါးတီးကာ အထူးကြေနပ်နှစ်သိမ့်မိမည်မှာ သေချာလွန်းလှပါသည် ။ အဘယ့်ကြောင့်ဆိုသော် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သောအခါ နိုင်ငံတကာအစိုးရများက ယင်းအချက်ကို စောင့်ကြည့်နေခဲ့ ကြပါသည်။ တဖက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဝင်များက မှီရာကားဖြင့်သွားကြပြီးဖြစ်ရာ ကြားကဆွဲထားသူများပင် လက်မောင် ပြုတ်ကျန်ရစ်ခဲ့ ကြသေးသည် ။ သူ့ မခေါ်ရကောင်းလားဆိုသောအသံများကိုလည်း စိတ်ဆိုးမန်ဆိုး ပြောဆိုသံများကိုလည်း ကြားရသေးသည်။ အပြေးအလွှားဝင်ရောက်သွားသူများကလည်း လေဆိပ်မှာပင် ကြိုဆိုသူမရှိသော်လည်း သွားလိုက်ကြသည်မှာ ကြည့်ရက်စရာမရှိ ။ အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ ပြီးသော ကချင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ မှာမူ ခုအချိန်တွင် ပြန်လည် တိုက်ခိုက်နေရပြီဖြစ်သည် ။
        ယခုညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ တမျိုးသားလုံးညီလာခံ ခေါ်ယူလုပ်ပေးရန် သမတဦးသိန်းစိန်အစိုးရကို တိုက်တွန်းသောအခါ ယခုအခေါက်မှာမူ ကြိုဆိုမည့်သူများ တပုံတပင် ရှိကြတော့မည်ဖြစ်သည် ။ တမျိုးသားလုံး ညီလာခံ၏ မဟာဗျူဟာမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးအတွက် လွှတ်တော်ပြင်ပက ကြိုးပမ်းလို၍ ဖြစ်သည်ဟု ဆိုသည်။ အခြားတဖက်မှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အတွင်းက ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း ၀င်ရောက်သွားခြင်းဖြစ်ရာ မည်သည့်နည်းနှင့်နှင့်မျှ သဟဇါတ ဖြစ်ကြမည်ကို မမြင်မိပေ။ ယုံကြည်ချက်များအတိုင်း နိုင်ငံရေးကို ဆောင်ရွက်နေကြသူများဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်အတွင်း ၀င်ရောက်လှုပ်ရှားခြင်းကို လက်ခံသွားပြီဖြစ်၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်အပေါ် အထောက်အကူပြုမည့် အချက်ဆိုသည်မှာ မည်သို့ မျှ မဖြစ်နိုင်ချေ ။ အကယ်၍ ပိုမိုအထောက်အကူ ဖြစ်လိုလှပါသည်ဟုဆိုလျှင် ဒေါ်စုနှင့်အတူ လွှတ်တော်ထဲကို ၀င်သွားရုံသာ လိုသည်။
              မြန်မာနိုင်ငံ၏ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများမှာ မည်သည့်အခါမှ လွှတ်တော်ပြင်ပက အတည် ပြုလုပ်ခဲ့ သည်များကို နိုင်ငံရေးသမိုင်းထဲတွင် မတွေ့ ဖူး ။ -၁၉၄၇-ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ပြုလုပ်ရေးဆွဲခဲ့ သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို မြန်မာနိုင်ငံလွပ်လွပ်ရေးရလာသောအချိန် အတည်ပြု ပေးသည်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံသာဖြစ်သည် ။ တော်လှန်ရေးကောင်စိလက်ထက် ဗိုလ်ချုပ်ကြီးနေ၀င်းက -၁၉၇၄-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပေးသည်မှာလည်း လွှတ်တော်မှသာဖြစ်သည် ။ ၂၀၁၂-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလည်း လွှတ်တော်မှသာ အတည်ပြု ခြင်းဖြစ်သည်  ။ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံတခုကို ရေးဆွဲပြီး ပြည်သူလူထုက ယင်းဥပဒေကို မဲပေးရွေးချယ်ရန် ရွေးကောက်ပွဲ ပြုလုပ်လျှင်မူ  ညီလာခံတခုကို ပြုလုပ်လိုက ပြုလုပ်နိုင်သည် ။၂၀၀၈-ခုနှစ် -နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံသည် ညောင်နှစ်ပင်ဟုခေါ်သော အမျိုးသားညီလာခံကို -၁၉၉၃-ခုနှစ်က စတင်ကျင်းပပြီး အကောင်အထည် ဖေါ်နေခဲ့ခြင်းဖြစ်သည် ။
           ယခုလည်း လွှတ်တော်ပြင်ပက နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံကို ပြန်လည် အသစ်ရေးဆွဲလိုသည်ဟုဆိုလျင် ဒုတိယအကြိမ်မြောက် အမျိုးသားညီလာခံ ကို ကျင်းပရန်သာဖြစ်နေသည် ။ ဤအချက်ကို သမတဦးသိန်းစိန် အစိုးရမှ မည်သို့ မျှ လက်ခံမည်မဟုတ်ချေ ။ သူတို့ ၏ သက်ဆိုးရှည်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တိတိကျကျ လုပ်ထားပြီးဖြစ်ရာ ကာကွယ်ရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တသွေမတိမ်းလိုက်နာမည်မှာ ပြောစရာ မလို ။ ကုန်ခဲ့သော တပ်မတော်နေ့ က မင်းအောင်လှိုင် မိန့် ခွန်းမှာ ထင်ထင်ရှားရှား ပြောဆိုထားပြီးဖြစ်သည်။
      ဆိုရလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် နိုင်ငံရေးအမြတ်ရရှိသွားသူမှာ သမတဦးသိန်းစိန်ထက် မည်သူမျှ ပိုမရ ။ ယုတ်စွအဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်ပင် ဦးသိန်းစိန် နာမည်ကောင်းလေ သူ့ ခမြာနာမည်ဆိုးနှင့် ကျော်ကြားလေဖြစ်နေတုံး ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်အောင် ဖိတ်ခေါ်နိုင်ခဲ့ သော သမတ ဦးသိန်းစိန်၏ လုပ်ရပ်ကြောင့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးရေးဝန်ကြီး မစ္စကလင်တန်က လူထုခေါင်းဆောင်မှ လွှတ်တော်ထဲရောက်သွားသော နိုင်ငံရေးသမားအဖို့  အထူး လုပ်စရာတွေကို ဆောင်ရွက်ရတော့မည်ဟု ပြောဆိုသွားသည် ။ ယင်းစကားမှာ အတိုက်အခံခေါင်းဆောင် မဟုတ်နိုင်တော့ပြီ ဆိုသည်ကို သွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည် ။ သို့ ကြောင့် အတိုက်အခံမဟုတ်တော့ဘဲ လွှတ်တော်အတွင်း လှုပ်ရှားကြမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ နိုင်ငံရေးဆောင်ရွက်ချက်များကို လွှတ်တော်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများမှအပ ထောက်ခံမည့်သူ အခြားမရှိ ။ လွှတ်တော်ပြင်ပ ဆိုသောစကားမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခိုင်းဘဲ မြေအောက်လှုပ်ရှားကြရသော သူများအတွက် အခင်းအကျင်းစကားရပ်သာဖြစ်ပြီး မြေအောက်နိုင်ငံရေးလှုပ်ရှားခြင်းများ လုပ်ကြမည်ဆိုလျှင် လွှတ်တော်ပြင်ပဆိုသော စကားအတိုင်း ဖြစ်မည်သေချာလွန်းလှသည် ။  သည်တော့ ဒုတိယအကြိမ်အမျိုးသားညီလာခံမှာ နှစ်လတာရှည်ဖြစ်လာမည့် နိုင်ငံရေးပြသနာဖြစ်လာနိုင်သလို -၂၀၀၈-ခုနှစ် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မလေးစား မလိုက်နာ လက်မခံ ပယ်ချ- အသိအမှတ်မပြုခြင်းဆိုသည့်  ပိုမိုထိရောက်သော နိုင်ငံရေးအိပ်မက်မျိုးသာ မက်ရမည်ဖြစ်သည် ။ ဒုတိယအကြိမ်အမျိုးသားညီလာခံ အိပ်မက်မျိုးနဲ့ တော့ အလုပ်မဖြစ်တော့လို့  ပြောချင်ပါသည် ။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments: