Monday, April 2, 2012
ကိုအောင်မြင့်ထွန်း(ခေါ်)ပေါသွပ်၊ ကိုအောင်ကျော် ၊ ဦးစိန်
                                                                (၁)                                                                                                                
 ၁၉၉၀ ဒီဇင်ဘာလရဲ့ ရက်တွေမှာပေါ့။
အထက်မြန်မာပြည်၊ကသာဆိုတဲ့ မြို့ကလေးကကျောင်းသားလူငယ်လေး(၇)ယောက်ဟာ
စိတ်ကူးယဉ်တယ်ပဲပြောပြောယုံကြည်ချက်လို့ပဲဆိုဆိုရွေးချယ်စရာနည်းနေတဲ့ကြား က တော်လှန်ရေး တစ်ခု မှာ ပါဝင်ဖို့ မြန်မာပြည်မြောက်ပိုင်းကကျောင်းသား တပ်မတော်ရှိရာကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့ဆိုတာ သပိတ်ကတည်းက အတွဲညီခဲ့ကြတယ်။ နောက်ဆုံး KIA ရင်း(၆)ကို လမ်းကြောင်းရှာ ထွက်ခဲ့ပြီး သူတွေလေ။ အဆက်အသွယ်လည်း ရထားပြီပေါ့။
တကယ်တမ်းသွားကြမယ်လည်းဆိုရောတစ်ယောက်… တစ်ယောက် ပုတ်ချနေကြရဲ့။
“ပေါသွပ် မင်းမလိုက်သင့်ဘူး။မင်းက အမေအိုကြီးနဲ့ သားအကြီးဆုံး။”
“မောင်မောင် မင်းမလိုက်သင့်ဘူး။ မင်းမိဘ သဘောမတူရင် မလုပ်သင့်ဘူး။”
“ကိုအေးမြင့် ခင်ဗျားက သစ်စက်လုပ်နေတာဆိုတော့ ကျွန်တော်တို့ပဲ လုပ်လိုက်မယ်။” စသဖြင့်….
ဒါပေမယ့် ပြောလို့လည်း မရကြပါဘူး။
ကိုအေးမြင့်ကဆိုတယ်။
“မင်းတို့လို ကျောင်းသားတွေကတောင် တိုင်းပြည်အတွက်စွန့်ကြသေးတာပဲ။”
“ငါကဘာလို့ တိုင်းပြည်အတွက် အလုပ်မလုပ်ရမှာလဲ” တဲ့
နောက်ဆုံးတော့ …
သူတို့ (၇)ဦးကို သူတို့ကိုယ်သူတို့ Lucky 7 လို့ ခေါ်တွင်လိုက်ကြသတဲ့။
အဲဒီမှာ ပေါသွပ်က အဆိုတခု ပြုတယ်။
“တို့တွေအားလုံးတော့ အသက်ရှင်မယ်မထင်ဘူး။”
“တချို့သေလိမ့်မယ်။ တချို့ကျန်မယ်” တဲ့။
အဲဒီကျရင် …
“ရှင်တဲ့သူတွေက သေသွားတဲ့သူတွေအတွက်
အမှတ်တရ စေတီလေးဖြစ်ဖြစ် ကျောက်တိုင်လေးဖြစ်ဖြစ် လုပ်ပေးဖို့လိုလိမ့်မယ်” တဲ့။
အားလုံးသဘောတူခဲ့ကြတယ်။ ဖြစ်စေရမယ်ပေါ့။
(၁)
ပါဂျောင်ဒေသ ရက်စွဲတွေမှာတော့သူတို့ဟာ နောင်ရာပါမှာ အပတ်စဉ်(၆)စစ်ရေးသင်တန်းတက်ခဲ့ကြတယ်။
ABSDF ရဲဘော်တွေဖြစ်ခဲ့ပြီပေါ့။
သူတို့ဟာ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေအဖြစ် နာမည်ကြီးခဲ့တယ်။
ဂစ်တာတီးကောင်းကြသလို ဘော်လီဘောရိုက်လည်း ညီညွတ်ကြသတဲ့။
(အကျဉ်းသားဘ၀မှာတောင် တရားခံများအဖြစ် တစ်သင်းထွက်ပေးခဲ့ရသေးသတဲ့။)
အဲဒီတုန်းကတော့
ABSDF (ကချင်)အနေနဲ့ပဲ ဗဟိုကော်မတီအမည်ခံ လူတစ်စုက ကြီးစိုးနေချိန်
ABSDF (စစ်ကိုင်း)ဖြစ်မြောက်ရေးကလည်း ကြိုးပမ်းနေချိန်ပေါ့။
ABSDF(ကချင်)အုပ်စီးထားတဲ့ ကျောင်းသားတပ်မတော်ဟာဘယ်တော့မှABSDF(အထက်ဗမာပြည်) ဖြစ်လာ မှာ မဟုတ်ဘူး။
ကြိုးပမ်းတဲ့သူ အသတ်ခံရမှာဆိုတဲ့ ဦးကျော်အုန်းတို့ အုပ်စု ၊စစ်ကိုင်းတိုင်း ကျောင်းသားများကတော့ ဂျိုးဖြူစစ်ကြောင်း(ရင်း-702)အနေနဲ့ ဥရုချောင်းဖက်ကို KIA 251နဲ့အတူ ထွက်ခွာသွားခဲ့တယ်။
(သူတို့လည်း သီးခြားခွဲထွက်မှုနဲ့ အစုလိုက် အသတ်ခံရတာပါပဲ။)
ဒေသစွဲမရှိတဲ့သူတို့တစ်တွေကတော့ နောင်ရာပါစခန်းမှာပဲ သင်တန်းတက်ရင်းကျန်နေခဲ့ကြတယ်။
သူတို့ဆိုတာက
ကျော်ကျော်ဦး (ဒု-နှစ်၊ပထ၀ီ၊စာပေးစာယူ၊ရွှေဘိုကောလိပ်)
ပေါသွပ်(ခ) အောင်မြင့်ထွန်း(ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
အေးမြင့်(သူတို့တွေရဲ့သူငယ်ချင်း၊ လူငယ်တစ်ယောက်)
မောင်မောင် (ဒု-နှစ်၊IR မန္တလေးတက္ကသိုလ်)
ဒဿ (ခ)မောင်မောင်ခင် (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်)
ကျော်ဇင်ထွန်း(ခ)ကျားပျံ (ဒု-နှစ်၊ဓာတု၊ရွှေဘိုကောလိပ်)
ဖိုးဆန်း(ခ) ဆန်းဝင်း (ဒု-နှစ်၊ရူပဗေဒ၊ရွှေဘိုကောလိပ်) ဆိုတဲ့ ကျောင်းသားလေးတွေပေါ့။
နောက်တော့ ….
ကျော်ကျော်ဦးက တိုက်ခိုက်ရေးတပ်သား(ရင်း-11နယ်မြေ) အောင်မြင့်ထွန်းက တိုက်ခိုက်ရေးတပ်သား (ရင်း-6 နယ်မြေ) ကျော်ဇင်နဲ့ ဒဿ က ဗန်းမော်တပ်ရင်း ခရိုင်ရုံး
ကိုအေးမြင့်က  ဆေးတပ်သားသင်တန်းတက်
ဖိုးဆန်းက ပြန်ကြားရေးရုံးတာဝန်
မောင်မောင်က ကွန်မန်ဒိုအထူးတပ်မှာ တာဝန်ယူခဲ့ကြတယ်လေ။
သိပ်ပျော်စရာ လွမ်းစရာအချိန်တွေပေါ့။
(၃)
၉၁ ရှစ်လေးလုံး (၃)နှစ်မြောက်အပြီးမှာတော့ သူတို့ အားလုံးဟာထောက်လှမ်းရေးတဲ့။
ဟုတ်သတဲ့၊ အားလုံးတညီတညွတ်ထဲ ဝန်ခံကြသတဲ့။
ABSDF ဗဟိုက သံယောင်လိုက်သုံးတဲ့ သူလျှိုဖော်ထုတ်ပွဲကြီးမှာ
ဖိုးဆန်းက သူငယ်ချင်းထောက်လှမ်းရေးတွေကို ဗီဒီယိုမှတ်တမ်းတင်ဘဝကနေ တာဝန်လဲပြီးရော.. သူလည်းထောက်လှမ်းရေးဖြစ်ကရော…
ဗန်းမော်ခရိုင်ရောက်တုံးကင်းတာဝန်ကျတဲ့ မောင်မောင်ကို ရေခပ်ဆင်းတဲ့အကျဉ်းသားဒဿက   တောင်ကုန်းပေါ်ကနေ ခွဲမှူး သက်ထွန်း အကဲခပ်နေတဲ့ကြားက “မောင်မောင် ငါတို့ ကို ထားခဲ့ မင်းပြေးတော့လို့”ရေခပ်ရင်းပြောပေမဲ့သစ္စာ ရှိစွာအဖမ်းခံရင်း ထောက်လှမ်းရေး ဖြစ်ခဲ့....
ဆေးကျောင်းလို့ ခေါ်တဲ့ ဆေးတပ်သားသင်တန်းဆင်းတော့ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင်များတဲ့ ကိုအေးမြင့်က “အမေရေ အမေ့သား ဆရာဝန်ကြီးဖြစ်ပြီ”လို့ လှည့် အော်နေတုံး ဖမ်းလိုက်တော့ လဲ ထောက်လှမ်းရေးပါဘဲ-
ခေါင်းအင်မတန်မာတဲ့ ကျော်ဇင် (ခေါင်းမပါဘဲ ပြန်ထောင်ထ မာနိုင်တဲ့ ရန်အောင်ကလွဲရင်)က အဖမ်းခံ ရပြီးချိန် အိမ်သာထွက်ချိန်မှာ သူ့ အသံကိုနားစွင့်ပြီး အတူလိုက်ထွက်လို့ ကျောချင်းဆိုင်ထိုင်ရင်း နှစ် မိနစ်လောက်ရတဲ့အချိန်မှာ“ငါ့ကို အကုန်လွှဲချ ၊မင်းလွတ်အောင်ရုန်း’’ လို့ ကျွန်တော်ဆိုတော့ နောက် မှသိရတာ လွှဲမချရက်လို့ သူလည်းပါတယ်ဆိုပြီး ထောက်လှမ်းရေးဘဝနဲ့နေခဲ့.....
ဒဿ ကတော့ ကိုထိန်ပြောသလို ဒဏ်ရာအများဆုံးနဲ့လူသားပါပဲ။ တာဝန်ပေးလို့ ရွှေလီကို သံကြိုး နဲ့ နဂ္ဂတစ်သွားဝယ်ပြီး ပြန်ပြန်ချင်း အဖမ်းခံခဲ့ရသတဲ့။
သူ့ရဲ့ လွတ်မြောက်မှုအထိ အကျဉ်းစံရက်စက်မှုများနဲ့ ၈လနဲ့၅ရက်ကြာခဲ့သတဲ့။
Ok ပြောပြတာက ရေအိုက်မှာ ရေတွင်းလိုစက်သီးတန်းဆင်၊ ခြေထောက်ကဇောက်ထိုးဆွဲ ရေထဲကို မျက်နှာနှစ်ပြီး ခေါင်းကိုနင်းထားတာတောင် ပြန်ပေါ်လာတိုင်း “ကျောင်းသားကွ”လို့အော်သတဲ့။
91 နိုဝင်ဘာလရဲ့ အအေးလှိုင်းဖြတ်ချိန်၊ နှင်းမုန်တိုင်းနဲ့ မိုးသီးတွေကျ၊နှင်းထုက မိုးရွာသလို  တစ်ထွာတစ်မိုက်တက်တဲ့ (၁၀)နှစ်တစ်ကြိမ်ကြုံရတဲ့ ရာသီဥတုကြီးမှာ အ၀တ်မပါ ဘောင်းဘီ တိုနဲ့ နှင်းတောထဲပစ်ထားရင်း “ဟ မသေဘူးဟ၊ဆိုပြီး ရေတစ်ပုံးပြီးတစ်ပုံး နာရီဝက်ခြားပြီးလောင်း တာတောင် မသေတဲ့ဖိုးဆန်းကလည်း ထောက်လှမ်းရေးပါ တဲ့။
ထားပါတော့လေ။
Lucky 7 တွေပဲ။
ကျော်ကျော်ဦးက ရင်း(၁၁)က အပြန် ဗဟိုမှာ စစ်ကြောရေးနဲ့ သေခဲ့ရ။ ဒီဇင်ဘာ ၂၅ရက် ခရစ်စမတ်ည မနက် ၄နာရီမှာ။ မနက် ၉နာရီကျတော့ မြုတ်ပြီးပါပြီ။ ကြွေလွင့် ကြယ်တစ်ပွင့်ပါ။
 ပေါသွပ်(ခ)အောင်မြင့်ထွန်းကို တပ်ရင်း(၆) တစ်ညမှာ ဘာမှမေးမနေတော့ပဲ ဗဟိုအမိန့်  နဲ့ ညတွင်းချင်း အခုတ်ခံခဲ့ရပါတယ်၊သူလိုပါဘဲ ရင်း(၆)အသတ်ခံ တစ်ခြားတစ်ဦးက အိန္ဒိယcampနဲ့ အဆက်အသွယ် ယူပြီးပြန်ရောက်တဲ့ရန်ရှင်း(မြင်းခြံ၊ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်း သား) ပါ၊သူ့ ကိုလဲ ညတွင်းချင်း ပါပဲ… သတ်လိုက်ကြပြန်တယ်လေ၊    အော် - ကြယ်ပွင့်တွေကြွေပေါ့။
မောင်မောင်နဲ့ ကိုအေးမြင့်က ပြည်ထောင်စုနေ့ မှာ ခေါင်းပြတ်ရတယ်။
မဟုတ်မခံ မောင်မောင်နဲ့ ပါးစပ်သွက်တဲ့ အေးမြင့်ကိုအရှင်မထားရဲဘူးထင်ပ။
          ရှင်တာက ဒဿ၊ဖိုးဆန်း၊ကျော်ဇင်၊
ဒဿ၊ကျော်ဇင်ဆိုရင် အချုပ်ကိုဦးဆောင်ပြန်စီးခဲ့တဲ့ သူတွေထဲက
ဖြစ်နိုင်ရင် ရဲဘက်အလုပ်စခန်းသုံး စူးကလေး၊ဆောက်ကလေးနဲ့ ကင်းစခန်းတစ်ခုလုံးကိုစီး လိုက်ချင်ပေ မယ့်…
ကိုထိန်ပြောသလိုပါဘဲ၊ပြန်ရောက်လို့ မန္တလေးတက္ကသိုလ်စာပေးစာယူတက်ကြတော့ ကျောင်းသားအရေး တစ်ခုမှာသူတို့ ဟာအခြားမသေသူ ok၊ကံမြင့်ဦး တို့ နဲ့ ပွဲတက်ကြပြန်သတဲ့၊ တယောက်ကတက် တရားဟော လို့ ဝိုင်းဆွဲရသတဲ့…
အဲဒါပါဘဲ ထောက်လှမ်းရေးဆိုပြီးဘယ်လောက်သတ်ချင်စရာကောင်းလဲ။
          ABSDFစစ်ဆေးရေး(သို့ )စစ်ကြောရေးဖွဲ့ ပြီးပြန်စစ်တော့မယ်၊ထောက်လှမ်းရေး မဟုတ်ကြောင်း အသိသက်သေ(၂)ဦးရဲ့ ထောက်ခံချက် လိုတယ်ဆိုတော့ ဘုန်းကြီးအပြီးဝတ်သွားတဲ့ ဦးဇင်းကြီးဒဿက ရီနေတယ်။
(၄)
ကဲဗျာ ပြောချင်တာကတော့ဒါပါဘဲ-
     Lucky 7 တော်လှန်ရေးရဲဘော်ကြီးများ
     (၇)ယောက်စလုံးထောက်လှမ်းရေးဖြစ်သွားတဲ့ဇာတ်
      (၄)ယောက်သေ၊(၃)ယောက်ရှင်ပေါ့
      ကြွေရဲပေမဲ့ ကြွေပုံကြွေနည်းများ မှားနေသလား မသိ
         သူတို့ အတွက် ဆွမ်းမသွတ်ရတာ နှစ် နှစ်ဆယ် ရှိခဲ့ပေါ့ ။ အဲ…တခုတော့ရှိတယ်။         မောင်မောင်ကတော့ အစ္စလာမ်လေ ။
ပေါသွပ်ရေ … သိပ်မဝေးတော့ပါဘူးကွာ…
ထောင်ထဲမှာရော… အပြင်မှာပါ ကျိုးကြား ကျိုးကြား ဆွမ်းသွတ်ခဲ့ကြပေမယ့်
ငါတို့ တာဝန်တွေ ကျန်နေရဲ့…
နာရီဝက်ချင်း အသက်ရှင်အောင်မွေးတတ်ခဲ့တဲ့ တို့တွေ
အနှစ်နှစ်ဆယ်ကို မျိုသိပ်လို့
မိသားစုတို့ရဲ့ စိတ်အခံကို အမှန်အမှန်ဆိုပြီး ပွဲမခံရက်ဘူး
စိတ်ချ….
ဒို့တွေထဲက တစ်ယောက် ရှင်နေသရွေ့ …. တနေ့ပေါ့ ။
ညီညီကျော်
ကိုအောင်ကျော်
မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ ဆရာလေး ကိုအောင်ကျော်သို့
by Stephin Lee on Sunday, 12 February 2012 at 00:25 ·
အေဘီ - မြောက်ပိုင်း မှာဖြစ်ခဲ့တဲ့ လူသတ်မှုတွေ ဖော်ထုတ်လာကြတဲ့ အထဲမှာ ကျနော်တို့ သိတဲ့ ကိုအောင်ကျော် ပါလာပါတယ်။ သူသေခဲ့ရတဲ့ နေ့စွဲ၊ ဘာကြောင့် သေဆုံးရတယ် ဆိုတဲ့ အချက်တွေ အတိအကျ မတွေ့ရဘူး။ ဒါကြောင့် သူဘယ်လို လူဆိုတာ ကျနော် ရေးဖို့ အကြောင်း ဖြစ်လာပါတယ်။ အခုလို ဖော်ထုတ်မှုတွေ မရှိခင်ကတည်းက သူ့အကြောင်း ကျနော့် အက်ဆေး တစ်ပုဒ်ထဲ ထည့်ရေးခဲ့ဖူးပေမယ့် သူသေတာလား၊ ပျောက်တာလား မသေချာခဲ့ဘူး။ (http://mrbalance.blogspot.com/2008/03/place-of-diamond-of-jubilee_16.html)
သူ့ကို လူချင်း မသိရခင်ကတည်းက သူ့အကြောင်းကို ကျနော် သိနေခဲ့တယ်။ ကျနော့် အဖေရဲ့ လက်ရင်း ပန်းချီတပည့်လည်း ဖြစ်၊ ပန်းချီတော်သူ တစ်ဦးလည်းဖြစ်တယ်။ ကျနော်တို့ ကျောင်းအတွက် ပန်းချီဆုတွေ ယူပေးခဲ့တဲ့ သူတွေထဲမှာ သူလည်းပါပါတယ်။ ပန်းချီတင်မက၊ အခြား အဆိုအကတွေနဲ့ ကျောင်းလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ ဖြစ်တယ်။ ဘက်စုံထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။
သူနဲ့ ကျနော် အသက်အရွယ်အရ ကွာပေမယ့် တစ်ကျောင်းတည်းထွက်ပါ။ တစ်ရပ်ကွက်ထဲ နေခဲ့ဘူးလို့ လူချင်းသိရ ရင်းနှီးရတာပါ။
အဲဒီ ကျောင်းနဲ့ ရပ်ကွက်က မိုးနဲ့မြေ ဆိုသလို ဆန်ကျင်ဖက် အရပ်နှစ်ခုပါပဲ။ အဲဒီ နှစ်နေရာလုံးမှာ သူဟာ လူမှန် တစ်ယောက်၊ အများအတွက် လုပ်ဆောင်သူ တစ်ယောက် အဖြစ် လေးစားခံရသလို လူချစ်လူခင်များသူ ဖြစ်ပါတယ်။
ပညာရေးတက္ကသိုလ်၊ လေ့ကျင့်ရေးကျောင်း (ကမာရွက် တီတီစီ) ဟာ မြန်မာပြည်ရဲ့ ထိပ်တန်း ကျောင်း တစ်ကျောင်း ဖြစ်ပြီး၊ သူတို့ခေတ်ကတည်းက အပြိုင်အဆိုင်များ ခဲ့တာ သာမန် ကျောင်းသားတစ်ဦး ထင်ပေါ် ဖို့ဆိုတာ အတော့်ကို ခက်တဲ့ကိစ္စပါ။ ဒါပေမယ့် သူက ထင်ပေါ်ပြီး အားလုံးရဲ့ ချစ်ခင်ခံရတဲ့ ကျောင်းသား တစ်ဦးပါ။
ကျနော်တို့ နေတဲ့ လိုင်းပေါက်ဆိုတာ တက္ကသိုလ်များ အမှုထမ်းရိပ်သာ ဆိုသော်လည်း လူဆိုး၊ လူပေ၊ လူရှုပ်၊ လူပွေတွေ ပေါတဲ့ရပ်ကွက်လို့ နံမည်ဆိုးနဲ့ ကျော်ကြားသော်လည်း ကိုအောင်ကျော်ကို လူတိုင်း တလေးတစား ရှိကြတယ်။
သူ့မိသားစု နောက်ကြောင်း မျိုးရိုးကို မသိပါ။ သူ့ကို စသိစဉ်ကတည်းက ကျနော်တို့ ရပ်ကွက် ဆွမ်းလောင်းအသင်းမှာ ဝေယျာဝစ္စ လုပ်ကိုင်ရင်း အဲဒီမှာ သူတစ်ယောက်တည်း နေတယ်။ ဒီတုန်းက သူ တက္ကသိုလ်ကျောင်းသား တစ်ယောက် ဖြစ်နေမည်။
ဝါတွင်း သုံးလ စနေနေ့တိုင်း အလှူခံထွက်သမျှ လူကြီး၊ လူငယ်တွေ ပါဝင်လာအောင် သူအမြဲတမ်း နိုးဆော်လေ့ရှိတယ်။ မည်သည့်အခါမျှ ပျက်ကွက်သည်ကို မတွေ့ခဲ့ရပေ။ ပုဆိုးတိုတို သူ့အရပ် ကလန်ကလားနဲ့ အော်လံကြီး ကိုင်ပြီး လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား ဆွမ်းလောင်းအသင်း အလှူခံလို့ မရှက်မကြောက် သူအော်တယ်။ သာမန် တက္ကသိုလ်တက်နေသူ တစ်ယောက် အဲဒီလို အလုပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။ ဆွမ်းဆန် ပြည့်လာပြီဆို ထမ်းစရာ ရှိတာ ဝင်ထမ်းတာပဲ သူ့လုပ်နိုင်သမျှ စကားနဲနဲ မှန်မှန်ပဲ ဝင်လုပ်လေ့ ရှိတဲ့။ သူနဲ့ ဘကြီးဘပေါ်၊ ဦးသောင်းတို့ဟာ ရပ်ကွက်ဆွမ်းလောင်းအသင်းရဲ့ နိဗ္ဗာန်ဆော်များ ဖြစ်သကဲ့သို့ အချိန်ပြည့်စေတနာ့ဝန်ထမ်းများလည်း ဖြစ်ကြတယ်။
ဆွမ်းလောင်းရုံရှေ့ ဘာမှ မသုံးပဲ ထားတဲ့ ဆေးပေးခန်းနေရာကို ကိုအောင်ကျော် ဦးဆောင်ပြီး ရပ်ကွက် စာကြည့်တိုက် အဖြစ် ပုံဖော်ခဲ့တယ်။ လူငယ်လူရွယ်တွေ စာဖတ်အောင်၊ စာကြည့်တိုက် လာကြဖို့ အမြဲ အားပေးနှိုးဆော်သူပါ။ မိသားစုနဲ့ မနေပဲ တစ်ယောက်တည်း နေတဲ့ ကိုအောင်ကျော်ဟာ သူ့ဖာသာ သူရပ်တည်နိုင်အောင် ကြိုးစားရပ်တည်ခဲ့သူ ဖြစ်တယ်။
အဲဒီအချိန်က ၄ တန်းကနေ၊ ၈ တန်း အထိ သချာင်္သင်တဲ့ ဦးဝေဇင်ကျူရှင်မှာ သူက အင်္ဂလိပ်စာ ဝင်ပြတယ်။ သူပြတဲ့ အင်္ဂလိပ်စာ အတန်းကို ၆ တန်းနှစ်မှာ တက်ခဲ့တယ်။ သူ့ဆရာသား ဆိုပြီး မျက်နှာသာ ပေးတာမရှိ။ ပြောစရာတာပြော၊ ဆုံးမစရာ ရှိတာဆုံးမတယ်။
အကြီး၊ အငယ် အားလုံးကို သက်ညာလေ့ရှိတယ်။ အမြင်မတော်တာဆိုလည်း ညင်ညင်သာသာပဲ ပြောဆိုပြီး၊ ဦးဆောင်လုပ်ပြတတ်သူ ဖြစ်တယ်။ အကိုကြီး တစ်ယောက်လို၊ ဆရာတစ်ယောက်လို လူငယ်တွေကို အမြဲ ဆုံးမဆွေးနွေးတယ်။
လူငယ်ရန်ပွဲတွေ ပေါတဲ့ ကျနော်တို့ ရပ်ကွက်မှာ သူနဲ့ အခြားသူ တစ်ဦးနဲ့ ခွန်းကြီး ခွန်းငယ် စကားများတဲ့ အခြေအနေမျိုးတောင် မတွေ့ခဲ့ရပါဘူး။ စာသင်လို့မရတဲ့၊ သူ့အားနည်းချက်ကြောင့် အခြားသူများက အမြဲအနိုင်ကျင့်ခံရတဲ့ ကျနော့် အကိုလို လူမျိုးကိုတောင် သူအကာအကွယ် ပေးခဲ့တယ်။ ကျနော့်အကိုက အခြား ဘယ်သူ့စကားမှ နားမထောင်ချင်နေပေမယ့် ကိုအောင်ကျော် ပြောသမျှ နားထောင်ပြီး သူ့အနားမှ ရှိနေတတ်ပြီး ဆွမ်းအလှူခံ ကိစ္စကို အမြဲမပျက်မကွက် ဆောင်ရွက်တယ်။
ကိုအောင်ကျော် သေသည့် အကြောင်း ကျနော် အကို သိရတဲ့နေ့က သူမျက်ရည်ကျကြောင်း သိရတယ်။
အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်၊ အသားညိုညို၊ မျက်ခုံး မျက်ဖန်ကောင်းကောင်း၊ မျက်နှာ လေးထောင့်ကျကျ ကိုအောင်ကျော်ဟာ အမြဲတည်တည်တန့်တန့် နေတတ်တယ်။ တခါတရံတော့ တည်ကြည်လေးနက်စွာ ပြုံးနေတတ်တယ်။ မည်သူနှင့်မဆို စကားပြောတဲ့ အခါ လေးလေးနက်နက်နဲ့ စိတ်ဝင်တစား နားထောင် ဆွေးနွေးတတ်တယ်။ စကားနည်းတဲ့ လူတစ်ယောက် ဖြစ်တယ်။ သူအတွက်နဲ့ အခြားသူတွေ ဝန်ထုပ်ဝန်ပိုး မရှိစေလို့တဲ့ လူမျိုးဖြစ်တယ်။
သာမန် လူငယ်တစ်ယောက် အနေနဲ့ ဆွမ်းလောင်းအသင်းလို နေရာမျိုးမှာ နှစ်ရှည်လများ ဒုက္ခသည်းငြီးခံပြီး နေထိုင်ဖို့ မလွယ်တဲ့ ကိစ္စပါ။ ဝေယျာဝစ္စ ကိစ္စတွေ ရှိသလို၊ ဆွမ်းလောင်း အသင်း၏ ဘဏ္ဍာငွေကြေး ထားရာ နေရာဖြစ်တဲ့ အများသဘောမတူပဲ အဲဒီနေရာမျိုးမှာ နေထိုင်ဖို့ မဖြစ်နိုင်ပါ။ သူနောက်ဆုံး ထွက်သွားတဲ့ အချိန်အထိ အဲဒီမှာပဲ နှစ်ပေါက်အောင် နေခဲ့သည်။
ကိုအောင်ကျော် အချစ်ဆုံး သူငယ်ချင်း ကိုအောင်ကျော်ထွန်းပါ။ နံမယ်က ခပ်ဆင်ဆင်တူသလို ပန်းချီဝါသနာပါတာလည်း တူကြတယ်။ အဲဒီသူ့သူငယ်ချင်းနဲ့ သူတို့ ဆယ်တန်းအတူတူ အောင်ကြတယ်။ အဲဒီအောင်ပြီး ရက်ပိုင်းအတွင်းပဲ သူဆယ်တန်းအောင်လို့ ရတဲ့ ပြိုင်စက်ဘီးနဲ့ ကားနဲ့ တိုက်ပြီး ကွယ်လွန်ခဲ့ရတယ်။ ဒီတုန်းက သူ့သူငယ်ချင်းအတွက် သူဘယ်လို ခံစားရမည်ကို မခန့်မှန်းတတ်ပါ။ သို့သော် သူတို့ ၂ ယောက်စလုံး ကံကြမ္မာဆိုးနဲ့ သေကြရတယ်။
အတတ်ပညာ တစ်ခုခု တတ်မြောက်ခြင်းက တကြိမ်မှာ အကျိုးပြုတတ်သည်တဲ့။ သူ့အတွက်တော့ မကောင်းတဲ့ အကျိုးပေး ဖြစ်ခဲ့တယ်။ မြေပုံဆွဲတဲ့ အတွက်ကြောင့် ဖမ်းဆီးခံရကာ သူ သေဆုံးခဲ့ရတယ်။ သူ့ရဲ့ ပုံဆွဲဆရာ ဖြစ်တဲ့ ကျနော့်အဖေ ဘယ်လိုခံစားရမည် မသိပါ။
သူနဲ့ ကျနော် နိုင်ငံရေးအရ ဆက်စပ်မှုမရှိခဲ့ပါ။ သို့သော် သူဟာ နိုင်ငံရေးရဲ့ အစပျိုး ရပ်ရေးရွာရေး လူမှုရေး ကိစ္စများ ကျနော်တို့ကို မျိုးစေ့ချခဲ့တဲ့သူပါ။ လူငယ်တွေ စာဖတ်ဖို့ ဆော်သြခဲ့တဲ့သူပါ။ "ဟဲ့ အောင်ကျော်ကို ကြည့်ကြစမ်း” လို့ အမေတွေ စံပြုခံပြောစရာ လူတစ်ယောက် ဖြစ်ခဲ့တယ်။
သေချာသည်က သူ့ရဲ့ တည်ကြည်မှု၊ အနစ်နာခံမှု၊ အမှန်တရား ဘက်မှ ရပ်တည်ရဲမှုများ အတွက် သူလိုလူမျိုး သူလျှိုဖြစ်ခဲ့ရင်တောင် သူဖက်ကနေပြီး ကျနော် အသတ်ခံရဲပါတယ်။ထိုသို့ သူမျိုးများ စစ်အစိုးရက နှစ်ပေါင်းများစွာ ကျောင်းသား ဆဲလ် အဖြစ် မြုပ်နှံထားတာပါ ပြောလာလျှင်၊ ကျနော်လည်းပဲ သူစိုက်လို့ ပေါက်ခဲ့တဲ့ အပင်တစ်ပင် ဖြစ်တယ်။ ဒီတော့ အဲဒီ ဆဲလ်မျိုးပင် ဖြစ်တယ်။
ကျနော်တို့ ဒီမိုကရေစီအရေး တိုက်ပွဲ အတွက် ဒီလို အဖြစ်မျိုးတွေ မလိုချင်တော့ပါ။ ဒီကနေ့ အနှစ် ၂၀ ကြာခဲ့တဲ့ ကိုအောင်ကျော်တို့လို အဖြစ်အပျက်တွေ အတွက် ထုတ်ဖော် ပြောဆိုကြတာဟာ ဒီမိုကရေစီရေး အတွက် လုပ်သင့်တဲ့ အလုပ်ကို လုပ်ခြင်း အဖြစ် ရှုမြင်ရင်း ကျနော်တို့ရဲ့ ကိုအောင်ကျော်၊ ဆရာကိုအောင်ကျော်၊ ဆရာလေးကိုအောင်ကျော် ကောင်းရာသုဂတိလားပါစေ။
ကျော်ဝင်း
ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၂ ခုနှစ် (ပြည်ထောင်စုနေ့)
Stephin Lee facebook  မှကူးယူဖော်ပြသည်။
ဦးစိန်
ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလား မသိ မှောင်မှောင်မဲမဲ။ အရင်းတုတ်ကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ် ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုး ကောင်းကင်မှ နှင်းစက်လား၊ မိုးစက် လား မသိ ရေစက်များက ခြောက်သွေ့ တင်းမာနေသော ကျနော့် နှုတ်ခမ်းထက်သို့ ကျလာသည်။
ရေစက်များ၏အတွေ့က အေးမြစူးရှစွာ ကျနော့်မနောအာရုံထဲထိုးဖောက်ဝင်လာသည်။  ရေစီးသံသဲ့သဲ့ က ခေါ်သံအဖြစ် တဖြေးဖြေး ပီပြင်ကျယ်လောင်လာသည်။
ညီလေး . . . ညီလေး . . .
ကျနော့် မျက်လုံးအစုံပွင့်လာသည်။ ကျနော်က ဖျာတချပ်ပေါ်တွင် လဲလျောင်းအိပ်စက်နေပြီး ကျနော့်ဘေး တွင် စိုးရိမ်သော မျက်နှာများဖြင့် ဝိုင်းပြုစုနေသူ (၄)ဦး။ ထိုသူများမှာ ကိုမောင်စိန်၊ ကိုမြအေး၊ ဦးအောင်နု နှင့် ဦးစောတို့ဖြစ်ကြသည်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း၊ တောက်ပပြူးကျယ်သော မျက်လုံးကောင်းကောင်း၊ မျက်ခုံးကောင်းကောင်းနှင့် ကိုစိန်က ကျနော့်နဖူးနှင့်နှုတ်ခမ်း များပေါ်သို့ ရေ ပတ်တင်ပေးနေသည်။ ကျနော် သတိကောင်းကောင်းရလာပြီး။ ကျန်ေသည် အင်းစိန်ထောင် အမှတ်(၂) ကြိုးတိုက်ထဲတွင် မစင်တိုက် (ခေါ်) လောက်တိုက်၊ တိုက်ပိတ်ပြစ်ဒဏ်ဖြင့်ရောက်ရှိရင်း ခြစ်ခြစ်တောက် အဖျားသွေးတက်ကာ သတိလစ်သွားတာ မဟုတ်ပါလား။ အချိန်က ၁၉၇၉ခုနှစ် မေလ၊ ရက်အတိ အကျတော့ မမှတ်မိတော့ . . .
ထိုအချိန်က ကျနော်သည် တက္ကသိုလ်ကျောင်းသား လူငယ်တဦးအဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရာပြည့် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ရင်း အင်းစိန်ထောင်တွင် ထောင်ဒဏ် (၇) နှစ် ကျခံနေရချိန်ဖြစ်သည်။ ကိုစိန်(ခ) ကိုမောင်စိန်မှာ စစ်တောင်းစက္ကူစက်အင်ဂျင်နီယာ တဦးဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီလိုလားသူ၊ ပါတီနှင့် အဆက်အသွယ်ရှိသူ အစုများက ထုတ်ဝေသော "မီးမောင်း" စာစောင်ဖြန့်ချီရာတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ရင်း အလုပ်နှင့် ထောင်ဒဏ်(၉)နှစ် ချမှတ်ခြင်း ခံရသူဖြစ်သည်။ ကိုမြအေးမှာ ရ.က.သ ကျောင်းသားတဦးဖြစ်ပြီး ကိုးကိုးကျွန်းတွင် ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေး၊ ကျွန်းတိုက်ပွဲများတွင် ဖြတ်သန်းခဲ့သူဖြစ်သည်။ သူသည်လည်း "မီးမောင်း" ခေါင်းဆောင် တဦးအဖြစ် ထောင်ဒဏ်(၉) နှစ် ချမှတ်ခံရသူဖြစ်သည်။ ဦးစောနှင့် ဦးအောင်နုတို့မှာ သမိုင်းချည်စက်မှ အလုပ်သမားကြီးများဖြစ်ကြပြီး ၁၉၇၄ အလုပ်သမားအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သဖြင့် အလုပ် ကြမ်းနှင့် ထောင်ဒဏ်(၁၄) နှစ် ချမှတ်ခံရသူများ ဖြစ်ကြပါသည်။ ကျနော်တို့အားလုံး ပြစ်ဒဏ် တိုက်ပိတ်များ အဖြစ် အမှတ်(၂) ကြိုးတိုက်၊ ရင်ကွဲတိုက်တွင် ထောင်အခေါ် လောက်တိုက် (သို့မဟုတ်) မစင်တိုက် ပိတ် ပြစ်ဒဏ်ဖြင့် ရောက်ရှိနေကြသူများ ဖြစ်ပါသည်။ သွားလေသူ ကိုစိန်နှင့် ကျနော်တို့ အတူဖြတ်သန်းခဲ့ရ သည့် ထို ကြမ်းတမ်း ခက်ထန်သော ပြစ်ဒဏ် တိုက်ပိတ် အဖြစ်စုံကား ဤသို့လျင် အစပျိုးခဲ့ပါသည်။
                                    .           .           .         
၁၉၇၆ သြဂုတ်လတွင် ရန်ကုန်တိုင်း စစ်ခုံရုံး အမှတ်(၂) မှ ကျနော့်အား ၁၉၅၀ပြည့်နှစ် အရေားပေါ်စီမံမှု အက်ဥပဒေ ၅(ည) အရ အလုပ်နှင့်ထောင်ဒဏ်(၇)နှစ် ချမှတ်ပြီး၊ တလ နှစ်လခန့်အကြာတွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး စစ်ခုံရုံးများကိုလည်း ဖျက်သိမ်းလိုက်သည်။ ၁၉၇၇ ခုနှစ်တွင် ဦးစိန်လွင် ပြည် ထဲရေးဝန်ကြီးဖြစ်လာသော အချိန်တွင်ကား ဖိနှိပ်ချုပ်ခြယ်မှုများ အရှိန်တိုးမြှင့်လာတော့သည် စစ်အာ ဏာ ရှင်များသည် 'နိုင်ငံရေးအကျဉ်းသား' ဆိုသည်ကို အလွန်ရွံမုန်းသည်။ အကြောင်းမူ ဤသူများက မျက်မွှေးထော်မော်မကြည့်ဝံ့သူ ပြားပြားဝပ်ပြည်သူများကို လှုံ့ဆော်၍ သူတို့ကို တော်လှန်ပုန်ကန်ရဲကြသူ များ ဖြစ်နေ၍ပင်။ ထို့ကြောင့် ဦးစိန်လွင် ပြည်ထဲရေးဝန်ကြီးဖြစ်သည်နှင့်  ၅ (ည) အကျဉ်းသားများကို လူသတ်ဓါးပြများ မုဒိန်းကောင်များ ဦးစီးစေ၍ ဝင်ရောက်ရိုက်နှက်ပြီး လူစုခွဲပစ်သည်။ ခုခံသူ အာခံသူများကို တိုက်ပိတ်သည်။ နိုင်ငံရေးအကျဉ်းသားများကို (၁၀)ယောက်တစု ၅ယောက်တစု၊ ရာဇဝတ်ဆောင် ဟုခေါ်သော သာမန်ပြစ်မှုအကျဉ်းသား အဆောင်များကို ရွှေ့ပစ်ပြီး ကိုလိုနီနယ်ချဲ့ သမား၏လက်သုံး "ပုံစံ" ပြသည်။ သွား ပုံစံ၊ စား ပုံစံ၊ ထိုင် ပုံစံ၊ အိပ် ပုံစံဖြင့် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းပျက်ပြားစေသော ဖိနှိပ်ချုပ်ခြယ်မှုများကို ပြန်အသက်သွင်းသည်။ ကျောင်းသားများကို ပုံစံကိုင်ရာတွင် စီးပွါးရေး တက္က သိုလ်ကျောင်းသား ကိုမြင့်ဦး (ရေနံချောင်း) မှာ အပေါ်သွားနှစ်ချာင်း ကျိုးသွားပြီး၊ ရှေနေဦးကျော်လင်းမှာ နံရိုးနှစ်ချောင်း ကျိုးခဲ့ရသည်။ ဤ ဒဏ်ချက်များကြောင့် ဦးကျော်လင်းမှာ ၂၀၁၁ ခုနှစ်တွင် မျက်လုံးတဖက် ကွယ်လုနီးပါး ဘဝရောက်ခဲ့ရသည်။ ပုံစံကိုင်သည့် ဒဏ်ရာဒဏ်ချက်များကြောင့် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာဦးသန်းရွှေ (ရခိုင်ပြည် ကွန်မြူနစ်ပါတီနှင့် ဆက်သွယ်သူ) ထောင်တွင်းတွင် ကွယ်လွန်ခဲ့ရသည်။
ဤအခြေအနေဆိုးများကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ် ဖြတ်သန်းရင်း ထောင်ကျနိုင်ငံရေး အကျဉ်းသား များက မိမိတို့ အချင်းချင်း 'စားအိုးတွဲ' ကာ လူပြန်စုကြသည်။ ကိုစိန်နှင့်ကျနော်တို့  ပြဿနာဖြစ်လုနီး တွင် ရောက်ရှိစုရုံးမိသည်မှာ အဆောင်(၅) ထောင်ကျဆောင်ဖြစ်သည်။ အဆောင်မှုးမှာ ထောင်မှူးကြီး ဦးဘိုနီနှင့် ထောက်လှမ်းရေး အကူတပ် (ဗ.ဆ.လ) မှ တပ်ကြပ်ကြီး စောမောင်စိန်ဖြစ်သည်။ ကျနော့်တို့ အဆောင်ရှိ ၁၉၇၄၊ ၁၉၇၅ အလုပ်သမားသပိတ်ကြီးမှ အလုပ်သမားရဲဘော်များအားလုံး၊ ၅(ည) ကျောင်း သားများအားလုံး မီးမောင်းစာစောင်မှ ရဲဘော်အချို့နှင့် မတရား သင်းပုဒ်မ-၁၇(၁)/(၂) အားလုံး စုစုပေါင်းလူ (၄၀) ခန့် စားအိုးတွဲထားကြသည်။ နိုင်ငံရေးအကျဉ်းသားများထဲမှ ကျနော်တို့နှင့် စားအိုးမတွဲသူမှာ 'အလံနီ' အုပ်စု (၃) ဦးသာဖြစ်သည်။ ၎င်းတို့မှာ ကိုမြင့်စိုး (ယခု စာရေးဆရာ မောင်သွေးချွန်)၊ အောင်မြင်သောင်း (အင်းစိန် ဂျီတီအိုင် သပိတ်မှောက်ကျောင်းသား ပခုက္ကူ) နှင့် အလုပ်သမား ကိုနေဝင်း (ခ) သက်ပြင်းတို့ဖြစ်ကြပါသည်။ ကျနော်တို့ စားအိုးတွဲရာတွင် အလုပ်သမားရဲဘော်ကြီးများက "အလုပ်ကြီး" ဟုခေါ်သော လက်သမား ဘုတ်၊ လွှစက်၊ ပန်းရံဘုတ်၊ ယက်ကန်းစသည့် ထောင်အလုပ်ဌါနများတွင် အလုပ်လုပ်ကြရသည်။
ကျနော်တို့ ၅ (ည) ကျောင်းသားများ နှင့် မီးမောင်းရဲဘော်များကို ထောင်အာဏါပိုင်များက တရားဝင်အလုပ်မချဘဲ အခန်းသန့ှ်ရှင်းရေးအဖြစ် စာရင်းထည့်ထားပေးသည်။ အချိန်မကျသေး၍ ပြဿနာ ကို ရှောင်ထားခြင်းသာဖြစ်သည်။ ၁၉၇၉ မတ်လ (၁၅) ရက်နေ့တွင်ကား ထောင်ပိုင်ကြီး မက္ကနား ကိုယ်တိုင်ရောက်ရှိလာပြီး ကျနော်တို့ ကျောင်းသားများနှင့် မီးမောင်းရဲဘော်များကို အလုပ်ဌါနများသို့ အသီးသီး ခွဲဝေချတားသည်။ ကျနော်တို့က ကျန်းမာရေးအကြောင်းပြပြီး ငြင်းဆန်သော်လည်း အလုပ်ကြီး သို့လိုက်သာသွားပါ ရွေဘော်တချက်မထိုး အမှိုက်တပင်မလှဲစေရဟု တာဝန်ခံသဖြင့် ကျနော်တို့အများစုက ဘဝတူ အကျဉ်းသားများကို စည်းရုံး၍။ အကြောင်းအချက် ခိုင်လုံရမည်၊ အကန့်အသတ်ရှိရမည်၊ အကျိုးအမြတ်ရှိရမည် ဟူသော 'အ' သုံးလုံးပေါ်လစီအရ တိုက်ပွဲဝင်ရန် ဆုံးဖြတ် လိုက်ပါသွားခဲ့ကြပါသည်။
အလုပ်ကြီးတွင် လေ့လာရေးအစုများဖွဲ့ကာ မတ်ဝါဒလေ့လာခြင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ မတရား ဖိနှိပ်ချုပ်ခြယ်မှုများကို စံနစ်တကျတုံ့ပြန်ခြင်းများ ပြုလုပ်လာသောအခါတွင် ကား ထောင်အာ ဏါ ပိုင်များက ကျနော်တို့ကို အထွေထွေ ထောင်သပိတ်ကြီးထရန် လှုံ့ဆော်သည်ဟူသော စွဲချက်ဖြင့် ထောင် တွင်းမှာပင် ညအချိန်အိပ်ဆောင်များသို့ မီးမှိတ်ဝင်ရောက်ကာ ဖမ်းဆီးကြပါတော့သည်။ အလုပ်ကြီးတွင် (၃၂) ထောင် အဓိကရုန်းဖြိုတပ်မှ လက်မရွံ့များ၊ ထောက်လှမ်းရေးများဖြင့် ကျနော်တို့ကို ရိုက်နှက်ခြင်း၊ မျက်နှာအဝတ်အုပ်ရေလောင်းခြင်း၊ ဂုံနီအိတ်ထဲထည့်ကာ၊ စားပွဲပေါ်မှကန်ချခြင်း၊ မြေကြီးပေါ်တွင် ဒရွက်တိုက်ဆွဲခြင်း၊ စသဖြင့် နည်းမျိုးစုံ ညှင်းပန်းနှိပ်စက်ကာ၊ စုန်းရှာပွဲ၊ များပြုလုပ်ကြပါသည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထောင်တွင်း ပါတီကလာပ်စည်းများ ဖြစ်သည်ဟု မသင်္ကာသူများကို ရွေးထုတ် ကာ ကြိုးတိုက်တွင် တိုက်ပိတ်ပါတော့သည်။ ကျနော်တို့၏ ပြင်ပဆက်သွယ်ရေး တာဝန်ခံဟု စွပ်စွဲခံရသူမှာ မကြာခင်ကမှ လွတ်မြောက်သွားသည့် ဦးသန့် ဈာပနကော်မတီဝင် ရန်ကုန်တက္ကသိုလ် စိတ်ပညာအဓိ က ကျောင်းသား စောလှငွေ (ယခု KNU Spokesman ဗိုလ်မှုးစောလှငွေ) ဖြစ်ပါသည်။ သို့ဖြင့် ကျနော်နှင့် ကိုစိန်သည် အမှတ် (၂) ကြိုးတိုက် မစင်တိုက် (ခ) လောက်တိုက် ပြစ်ဒဏ်သို့ အတူတကွ ရောက်ရှိ ခဲ့ကြခြင်းဖြစ်ပါသည်။
                        .                       .                       .         
မစင်တိုက်ဟု ခေါ်ရခြင်းမှာ ကျနော်တို့ တိုက်ခန်းထဲတွင် အခင်းကြီး အခင်းလေးသွားရန် ဂန်ဖလားထားမပေးဘဲ အခန်းဒေါင့်တွင် 'သဲ' ပုံပေးထားခြင်းဖြစ်ပါသည်။ ထိုသဲပုံပေါ်တွင် တိရစ္ဆာန်များ သဖွယ်အခင်းကြီး အခင်းလေးသွားရသဖြင့် . . ရက်ကြာလာသောအခါ 'လောက်' များပေါက်ဖွားလာပြီး . . အခန်းအနှံ့ တရွရွတွားသွားကာ မင်းမူနေကြသဖြင့် 'လောက်တိုက်' ဟုခေါ်ခြင်းဖြစ်ပါသည်။ တိုက်ပိတ်ချိန်တွင် အဝတ်တထည်ကိုယ်တခုဖြင့် 'စစ်ကြောရေး'မှ သွေးသံတရဲရဲခေါ်လာကာ စီးစရာ ဖိနပ်ပင်မပေးဘဲ ထိုးကြိတ် ရိုက်နှက်ကန်ကြောက်ကာ တိုက်ပိတ်ခြင်းဖြစ်ပါသည်။ အခန်းဝ သံတံခါးကို ဖျာကာထားသည်။ မျက်နှာခြင်းဆိုင်အခန်းတွင် မီးမောင်ရဲဘော်များဖြစ်သော ကိုဗေဒါ၊ ကိုအေးကြည်နှင့် စီးပွါးရေးတက္ကသိုလ်ကျောင်းသား ကိုကျောင်အောင်ရှိသည်။ ကျနော်တို့၏အခြားဘက်တွင် ကြိုးသမားများ ရှိသည်။
                        .                       .                       .
"ကဲကဲ လုပ် ညီလေး လဖက်ရည်ကျစိမ့်လေးနဲ့ အလန်ကွာတာမိန်းတပုဒ်လောက်" ကိုစိန်က ဖျာကာ၊ ထားသော သံတံခါးကို ကျောမှီရင်း အပြင်မှ မီးရောင်ကြောင့် အနည်းငယ်ရောင်ပြန်ကာ ခပ်မှိန် မှိန်ဖျော့ဖျော့လင်းနေသော အခန်းတွင်း 'လောက်' နှိမ်နှင်းရေးလုပ်နေသော ကျနော့်ကို လှမ်းပြော သည်။ လောက်တိုက်ပိတ်ပြီး တလခန့် အကြာတွင် ညတာဝန်ကျ ဝါဒါလေးတဦး ကျနော့် အမည်ကို စုံစမ်း၍ ရောက်လာသည်။ ကလေးမြို့သားဖြစ်ပြီး မန်းတက္ကသိုလ်မှဖြစ်ကာ ကိုသန်းဝင်းလား ကိုအောင်ဝင်း လား နာမည်ကိုတော့ အတိအကျမမှတ်မိတော့။ သူက စားစရာတချို့နှင့် စာတိုလေးတစောင် ယူလာသည်။ အဆောင်မှ ကျနော်၏ အကိုသဖွယ်ဖြစ်သည့် မန္တလေးသား စာရေးဆရာ မောင်ဖေငယ် (ကိုတင်ဖေ)က လျှို့ဝှက် ပေးပို့လိုက်ခြင်းဖြစ်သည်။ စာအရ ဝါဒါလေးမှာ တက္ကသိုလ်စာပေးစာယူ သင်တန်းတက်နေ သူ ဖြစ်၍ ၎င်းအား အင်္ဂလိပ်စာသင်ပေးရန် အင်္ဂလိပ်စာစာစဉ်များ ဖြေပေးရန်ဖြစ်သည်။ ဤတွင်ကျနော်တို့၏ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်သွားပြီး လျှို့ဝှက်လမ်းကြောင်းမှ စားစရာနှင့် အခြားလိုအပ်သော ဆေး ဝါးများ ရလာသည်။ ဦးစွာ ဖိနပ်စုတ်တဖက် တောင်းပြီး လောက်များကို နေ့စဉ် သုတ်သင်ရသည်။ ညရောက် လျင် တဦးဘဝ တဦးအကြောင်းပြောကြ၊ တဦးရင်ကို တဦးဖြတ်သန်းကြ ကျနော်က မုဆိုးကြီး အလန်ကွာတာမိန်း၏ စွန်းစားခန်းဝတ္ထုများကို ပြောပြဖြင့် အချိန်ဖြုံးကြသည်။ နေ့ခင်းပိုင်းတွင် ကိုစိန်က ကျနော့်ကို တရုပ်အပ်စိုက် (Arcupuncture) သင်ပေးသည်။
ကိုစိန်မှာစစ်တောင်း စက္ကူစက်တွင် အလုပ်လုပ်ရင်း တရုတ်ပြည်သို့ ပညာတော်သင်သွားရာမှ အပ်စိုက်ပညာကို စိတ်ဝင်စားပြီး မြန်မာပြည်ပြန်ရောက်တော့ ကိုမောင်လှိုင်ဟူသည့် ရဲဘော်တဦးထံမှ အပ်စိုက်ပညာ တတ်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် ရီစရာကောင်းသည်မှာ မီးမောင်းစာစောင်ကိစ္စဖြင့် ကိုစိန်အဖမ်းခံရတော့ သတင်းစာများတွင် "ပီကင်းပြန်မောင်စိန်" ဟုဓါတ်ပုံနှင့်တကွ ဖော်ပြခံရခြင်း ပင်ဖြစ်သည်။ ကိုစိန်ပီကင်းရောက်သည်မှာ စက္ကူစက် ပညာတော်သင်အဖြစ် သွားခြင်းဖြစ်သည်။ ကိုစိန်မှာ စစ်ကွင်း ဇာတိဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မက်ထရစ်အောင်ပြီး တက္ကသိုလ်ရောက်တော့ ဇူလိုင်(၇) ရက် အရေးတော်ပုံကြီးနှင့် ပက်ပင်းတိုးပါတော့သည်။ သို့နှင့်ပင် လုလင်ငယ်သွေး ကျောင်းသားလေး မောင်စိန် ၏ နှလုံးအိမ်အတွင်းဝယ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မျိုးစေ့များ အညွန့်အတက် ထွက်လာပါတော့ သည်။ လုပ်ငန်းခွင်ထဲ ရောက်သောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက်ကလာပ်စည်းများနှင့် ဆက် သွယ်မိကာ ကွန်မြူနစ်တယောက် ဖြစ်လာပါသည်။
အခန်းထဲတွင် ကျနော်၊ ကိုစိန်နှင့် ကိုမြအေးတို့မှာ မတ်လီနင်ဝါဒ မော်အတွေးအခေါ် လက်ခံကာ ဗမာပြည် ကွန်မြူနစ်ပါတီကို ထောက်ခံသူများ ဖြစ်ကြသဖြင့် ပို၍ပို၍ နက်နက်ရှိုင်းရှိုင်း သံယောဇဉ် တွယ်လာခဲ့ကြပါ သည်။ ဖျာစကို 'အပ်'  လုပ်လှည့်၍ လေ့ကျင့်ကာ အလုပ်သမားကြီးဦးစောက ခါးတောင်းကျိုက် အဝတ် ဗလာဖြင့် အပ်စိုက်ကွက်များကို သရုပ်ပြပေးသည်။ တနှစ်ကျော် တိုက်ပိတ် ပြစ်ဒဏ်မှ တိုက်ပြန်ဖွင့်တော့ လည်း ကိုစိန်နှင့် ကျနော်မှာ (၅) ဆောင်ပြန်ရောက်ပြီး စားအိုးတွဲကြပြန်သည်။ ဒီတစ်ခါတော့ ထောင် အာဏါပိုင်များက ကျနော်တို့ကို အလုပ်မခိုင်းတော့ဘဲ ဘေးမဲ့ပေးထားလိုက်သည်။ ကျနော်တို့စားအိုးတွဲ (၄၀) ကျော်ခန့် ရေနွေးဘုတ်၊ ဈေးရောင်းဘုတ်၊ ပုတီးဘုတ်စသဖြင့် အလုပ်တာဝန်ခွဲစေကာ စားဝတ်နေရေးဖြေရှင်းပြီး လျှို့ဝှက်လေ့လာရေး များလုပ်ကြသည်။
ကျနော်က အလုပ်သမားရဲဘော်များကို အင်္ဂလိပ်စာသင်ပေးပြီး ကိုစိန်နှင့် ကိုဝင်းမြင့် (တေးရေး ဝင်းမင်းထွေး) တို့က on practice (လက်တွေ့) ကို မြန်မာဘာသာပြန်ပေးသည်။ ဖ.ဆ.ပ.လ အစိုးရလက်ထက် ထောင်စာကြည့်တိုက်ဟောင်းမှ မတ်-အိန်ဂျယ် လက်ရွေးစင်ကျမ်း (၂) တွဲ ရရှိထားသဖြင့် ခိုးဝှက်လေ့လာကြသည်။ နေ့ခင်းပိုင်းများတွင် ကိုစိန်နှင့်ကျနော်တို့ ဗ.က.ပ မြေအောက်အဖွဲ့များ တိုက်ခိုက်ခံရခြင်းနှင့် ပါတ်သက် သင်္ခန်းစာများကို မကြာခဏ ထုတ်ယူဆွေးနွေးဖြစ်သည်။ နောင်း ယူဂျီလုပ်သည့်အခါ ဆက်သွယ်ရမည့် ရဲဘော်များစာရင်းကို ပြုစုကြသည်။ ဤသို့ဖြင့် တိုက်ပွင့် အဆောင်ပြန်ရောက်ပြီး ၁လကျော်ခန့် အကြာတွင် ၁၉၈၀-မေ(၂၉) အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ကြီးဖြင့် ကျနော်တို့အားလုံး လွတ်မြောက်ခဲ့ကြပါတော့သည်။ ကိုစိန်နှင့် ထိုနောက်ပိုင်း ပြန်မဆုံဖြစ်သော် လည်း သူနှင့်ကျနော်သည် မြေအောက်လှုပ်ရှားမှုများတွင် အလံတခုတည်းအောက်မှ ဆက်လက်လှုပ် ရှားနေကြခြင်း ဖြစ်မည်ကိုကား လုံးဝသံသယမဖြစ်ခဲ့ပေ။
၁၉၈၉ ခုနှစ် ၃ လပိုင်းခန့်တွင် ထောင်က လွတ်ပြီးကတည်းက မဆုံဖြစ်တော့သော ကျနော်ရှိရာ မန္တလေးသို့ ကိုစိန်ရောက်လာသည်။ ထိုစဉ်က ကျနော်က မန္တလေးအခြေစိုက် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု ပါတီ(မ.န.တ)၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး (၂) အဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။ နေ့ခင်း အစည်းအဝေးအပြီး ကိုစိန်ရောက်လာသဖြင့် သူ့ကိုအိမ်ခေါ်ကာ ညစာထမင်းကျွေးပြီး စကားတွေအများ ကြီးပြောဖြစ်သည်။
'ကဲ ဒေါင်းဖြူကြီး ဘာဖြစ်လာပြန်ပလဲ။ ထုံးစံအတိုင်းဘဲလား ပြောပါဦး'
ကျနော်က ဆံပင်ဖြူသော သူ့ကို ခေါင်းဖြူကြီးဟု ချစ်စနိုးခေါ်သည်။ သူက 'ကောင်လေး' ဟုခေါ်သည်။
'ဟုတ်တယ်၊ ကောင်လေးရ ထုံးစံတိုင်း ပေါက်ပြန်ပြီကွ။ ဒီတခါတော့ အဖမ်းမခံနိုင်ဘူး။ ငါ (L.A) လွတ်မြောက်နယ်မြေ သွားတော့မယ်'
သူက .ဆေးတံဖွာရင်းပြန်ပြောသည်။
သူ့အပြောအရ မြစ်ဝကျွန်းပေါ် ယူဂျီပေါက်ရာတွင် သူလည်း ပေါ်သွားပြီဟုဆိုသည်။ ဘယ်သွားမ လဲ မေးတော့ "ပါတီ (ဗ.က.ပ)ကို မသွားတော့ဘူးကွာ။ ငါ ကျောင်းသားတော်လှန်ရေးကို အလုပ် အကြွေး ပြုမယ် မြောက်ပိုင်းအေဘီကို ဘဲသွားတော့မယ်"
ဟု လှိုက်လှိုက်လှဲလှဲဖြေခဲ့သည်။
ဤသည်မှာ ဘဝတွင် ကိုစိန်နှင့်ကျနော် နောက်ဆုံး ဆုံစည်းခဲ့ခြင်း ဖြစ်သည်ဟု ထိုစဉ်ကမတွေးမိသေး။ ထို့နောက် သူ အင်းတော်ဘက်သို့ ထွက်သွားသည်။ သူ့ခမျာ သူ အလုပ်အကြွေး ပြုချင်ရှာသော ကျောင်း သားတော်လှန်ရေးတွင် ခိုးဝှက်ဝင်ကာ တော်လှန်ရေး အရေခြုံထားသည့် အာဏါရူးတို့က သူ့အား သူ့တဘဝလုံး ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် အာဏါရှင်တို့၏ ဒေါက်တိုင် ထောက်လှမ်းရေး ဗိုလ်မှူးဟု လုပ်ကြံစွပ်စွဲကာ မသေမချင်း ရိုက်နှက်သတ်ဖြတ်ခဲ့ရလိမ့်မည်ဟု မျှော်လင့်ထားရှာမည် မဟုတ်ပေ။ သူအသတ်ခံရသည့် သတင်းကြားရစဉ်က ကျနော်သည် မန္တလေး နန်းတွင်းထောင်တွင် ရှိနေသဖြင့် တိတိကျကျ မသိရဘဲ အသတ်ခံရသူ မြောက်ဥက္ကလာမှ ဦးစိန်ဆိုသည်မှာ ကျနော့်ရဲဘော် ကိုစိန်ဟု ကျနော် လုံးဝမထင်ခဲ့မိပေ။ မီးမောင်းရဲဘော်ဟောင်း ကိုဗေဒါနှင့်ဆုံတော့မှ ကိုစိန်၏ ရင်နင့်ကြေကွဲဖွယ် ဇါတ်လမ်းကို သိရှိရပါသည်။
             ၁၉၉၉ - ၂၀၀၀ တွင်  အိုးဘိုထောင်၌ မြောက်ပိုင်း အေဘီရဲဘော်များ ဖြစ်ကြသော ထိန်လင်း (ခ) နာရီ၊ မိုးကျော်သူ (ခ) ဘိုဘို၊ ရာပြည့် (ခ) ခင်မောင်တင့်၊ မိုးဇော်ထွန်း၊ ကျော်ဆွေဝင်း (ခ) ဆံပြုတ်တို့နှင့် ဆုံစည်းရတော့ မှဤသွေးစွန်း မှတ်တမ်းများကိုထိတ်လန့်ခြောက်ခြားစွာသိရှိရပါတော့သည်။ ကိုထွန်းအောင်ကျော် (ဂျီတီအိုင်)၊ ကိုမြတ်ကိုကို (စိုက်ပျိုးရေး) ၊ ကိုချိုကြီး (ခ) ဖရန်တီ၊ ကိုစိန်၊ ကျော်ဝေလေးတို့၏ နောက်ဆုံးနေ့များ လူမဆန်သော လူသတ်သမားတို့၏ လှည့်ကွက်များကို နာကျည်းစွာ သိရှိရပါတော့သည်။ ဤလူသတ်မှုများ တွင် တိုက်ရိုက်တာဝန်ရှိသူများနှင့် သွယ်ဝိုက်တာ ဝန်ရှိသူအားလုံး ထိုက်သင့်သော ပြစ်ဒဏ် ကျခံစေရေး အတွက် ကျနော်တို့ ဆက်လက်တိုက်ပွဲဝင် ရပါဦးမည်။
    ကျနော့်မျက်စိထဲတွင် 'အရောင်လွင့်နေသော ဂျင်းအကျီင်္အပြာလက်ရှည်'၊ ပုဆိုးအဖြူခံ အပြာကွက်တောက်၊ ဆံပင်တခေါင်းလုံးဖွေးကာ၊ ဆေးတံခဲထားသည့် စူးရှတောက်ပသော မျက်လုံးအစုံ ပိုင်ရှင်၊ ထူထဲနက်မှောင်သော မျက်ခုံးမွှေးများဖြင့် အမြဲတမ်းပြုံးနေသည့် ကိုစိန်။ ကျနော်၏ အပ်စိုက်ပညာ လက်ဦးဆရာကိုစိန်။ ကျနော့်အား ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်လ်ရှိဗင်) သမိုင်းအကျဉ်းချုပ်ကို အကြိမ်ကြိမ် ပြောပြဆွေးနွေးခဲ့သည့်  ကိုစိန့်ကို မြင်ယောင်နေမိပါသည်။
'လောက်တိုက်' တွင် သူပြောပြခဲ့သည့် သူ့ဝတ္ထုလေး 'နန်းရှေ့ချိုင့်စံ' ကို အမှတ်ရနေမိပါသည်။ ကိုစိန်ကောင်းရာသုဂတိလားပါစေ . . .
အာဇာနည်များ ထာဝစဉ် ဥဒါန်းတွင်ရစ်ပါစေ . . .။
သိန်းသန်းဦး
၁၉၇၄၊ ၇၅၊ ၇၆၊ တိုက်ပွဲဝင်ရဲဘော်ဟောင်း
ကောင်းကင် မှကူးယူဖော်ပြသည်။
ရန်ရှင်း သေ၊ မသေ
by Kyaw Gyi AB on Wednesday, 1 February 2012 at 13:57
ဒီနေ့ သတင်းထူးတစ်ခုကြားရတယ်
မန္တလေးမှာ ဗ.က.သ ဖြစ်မြောက်ရေးလာတက်တဲ့ မြင်းခြံကလုပ်ဖော်ကိုင်ဖက်တွေက တဆင့်ပါ
ရန်ရှင်း မသေဘူးတဲ့
ဒါဆိုရင်တော့ဝမ်းသာစရာပေါ့ ခက်တာကတစ်ခုပဲ အတည်ပြုလို့ မရသေးဘူး
သူတို့ သိလိုက်ရတာ က
ကုမုဒြာဂျာနယ် ၁၇.၁.၂၀၁၂ နေ့ ထုတ်ဂျာနယ်မှာ အင်တာဗျူးတစ်ခုပါလာတယ်
အင်းစိန်အကျဉ်းထောင်ကနေလွတ်မြောက်လာတဲ့ဘိုတဲကုန်းရွာ ရွှေလောင်းတိုက်နယ်ဝါးခယ်မမြို့ နယ် မှာနေတဲ့ ကိုမြင့်ဇော်က ပြောပြခဲ့တာပါ
သူနဲ့ အမှုတွဲတူ စံရှား ဆိုတဲ့တစ်ယောက် ကျန်နေသေးတဲ့အကြောင်း ဆီးချိုဝေဒနာ အပြင်းအထန်ခံစားနေရကြောင်းပေါ့
အဖေနာမည်တူတယ်ထင်ပါရဲ့ 
ဒီသတင်းဟာ ရန်ရှင်းရဲ့ ညီမ ကျောင်းဆရာမကတစ်ဆင့် သူ့ မိဘတွေဆီကို ရောက်လာတယ်လေ။
အသက်ရှစ်ဆယ် အရွယ်နှစ်ပါးကတော့ သိပ်ကိုမျော်လင့်ပြီပေါ့
ရန်ရှင်းဆိုတာနာမည်ရင်းပါ၊ဒါပေမဲ့ ရင်းနှီးသူတွေက စံရှားလို့ လဲခေါ်ကြသေးသတဲ့
တခြားမထင်ရှားတဲ့ နာမည်တွေကတော့ ဆန်နိ၊ယဉ်မိုး၊လူနီစပ် ဆိုပြီးတော့လဲရှိခဲ့တာပါပဲတဲ့
မိဘတွေက ဦးစံရှည်(မူ/အုပ်) ၊ဒေါ်အုန်းကြည် (မူပြ) အ.မ.က (၂) အငြိမ်းစားတွေပေါ့
ကျွန်တော်စဉ်းစားရပြီလေ
ရန်ရှင်းဆိုတာ ရေဇင်းတက္ကသိုလ်ကျောင်းသား ၊ကျွန်တော်နဲ့ အတူ အပါတ်စဉ် (၅)သင်တန်းအတူတက်ဖက်
သူပါဂျောင်ကိုရောက်လာရတဲ့(တောခိုရတဲ့) ကိစ္စက
သူနဲ့ တက္ကသိုလ်တူ လက်တွဲဖက် ကိုမြတ်ကိုကို အိန္ဒိယcamp(BDGF)လုပ်နေရာကနေ ABSDF(ကချင်) ကိုအဆက်အသွယ်လုပ်ဖို့ 
သွားရင်း အသတ်ခံရသလိုလိုကြားတဲ့ အတွက်ကြောင့်ပဲ ဒါကြောင့် မန္တလေးလာစုံစမ်းရင်း ရှစ်လေးလုံးကျောင်းက ကိုယ်တော်တွေကပါသိချင်နေတယ် ဆိုလို့ တက်လာတာတဲ့ ဒီမှာရောက်တော့ အသတ်ခံရပြီပြီလေ
သတ်ရတဲ့အကြောင်းကိုတော့ သိဖို့ လိုနေသေးတယ်တဲ့ သူကျွန်တော်ကိုပြောပြခဲ့တယ်
ကျွန်တော်သူ့ ကိုပြန်နားချရပြန်တယ်
ကိုမြတ်ကိုက ကျွန်တော်နဲ့ လုပ်ဖေါ်ကိုင်ဖက်ဖြစ်ကြောင်း၊သူ မမူတို့ နဲ့ လိုင်စင်မတက်ခင်အထိအတူ BDGF ကိုလုပ်ကိုင်ခဲ့ကြောင်း
ကျွန်တော်လဲဒီရောက်မှ သေတယ်ဆိုတာသေချာသိရကြောင်း
သူငယ်ချင်းတစ်ဦးထက် ပျက်စီးနေတဲ့အဖွဲ့ အတွက်ကြိုးစားထူထောင်ဖို့ ဆုံးဖြတ်ထားကြောင်း၊
ဘာ.ကြောင့်လဲဆိုတော့ အထက်ဗမာပြည်မှာ ရှမ်းအခြေအနေမကောင်းခဲ့သလို အားထားခဲ့တဲ့ အိန္ဒိယလဲထင်သလိုမဖြစ်လာကြောင်း
နောက်ဆုံးမျှော်လင့်စရာ ထွက်ပေါက်အနေနဲ့ ကချင်သာရှိတော့ကြောင်း ဝိုင်းဝန်းကြိုးစားပြီး နောက်မှပြီးပြီးသားကိစ္စ္စတွေ ဖက်ပြန်လှည့်သင့်ကြောင်းပေါ့ ၊ကိုအောင်ကျော်ကလဲ ဝင်ကူဆွေးနွေးတယ်လေ
သူသဘောတူပါတယ်၊တကယ်လဲ သင်တန်းမှာ အားကျိုးမာန်တက်လုပ်ခဲ့ပါတယ်
ABSDF(မြောက်ပိုင်း)ဖြစ်မြောက်ရေးမှာလဲ အသက်စွန့် လုပ်ခဲ့ပါတယ်
မြောက်ပိုင်းဖွဲ့ စည်းပုံ အတည်မပြုခင် စိတ်ချပါတယ်လို့ ပြောပြီး စစ်ကိုင်းတိုင်းထိုးဖောက်ရေး ဂျိုးဖြူ စစ်ကြောင်းနဲ့ ပါသွားခဲ့တယ်လေ
အဖြစ်အပျက်တွေအားလုံးမပြီးဆုံးခင် ကျွန်တော်မန္တလေးပြန်ရောက်ခဲ့ရတယ်
တစ်ရက်မှာပေါ့ အမှတ်(၃) ရဲစခန်းမှာရောက်နေတဲ့ တသိတစ်ယောက်က တွေ့ ချင်လို့ တဲ့
သွားလိုက်တော့ ဦးရန်နိုင်စိုးဖြစ်နေတယ်
ပြောကြတာတွေကတော့ အများကြီးပါပဲ သူအလင်းဝင်ခဲ့ကြောင်း၊ထောက်လှမ်းရေးပိုင်းပြတ်ပေမဲ့ တန့် ဆည် ရဲမှု ကျန်နေသေးကြောင်း၊ဒါ့ကြောင့် ထောင်ကျဦးမှာဖြစ်ကြောင်းပေါ့
ဦးကျော်ကျော်အုန်းတို့  အသတ်ခံရပြီးတဲ့နောက် ဆက်လုပ်ဖို့ ကြိုးစားပေမဲ့
တစ်ရက်မှာ ရန်ရှင်း အိန္ဒိယcamp နဲ့ ဆက်သွယ်နိုင်ခဲ့ပြီး ရင်း ( ၆ )ကိုပြန်ရောက်တဲ့ညမှာပဲ အိပ်နေတုံး လာခေါ်သွားကြကြောင်း
ဗဟိုကမေးစရာရှိတယ်လို့ ကြားလိုက်ရကြောင်း၊နောက်ပြန်မရောက်လာကြောင်း၊သေနတ်သံလိုလိုကြား ရကြောင်း ပြောပြခဲ့ပါတယ်
ဒီအချိန်မှာတော့ မနေသင့်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပြန်ခဲ့ကြောင်း ပြောပြပါတယ်၊
အဲဒီနောက်ကျွန်တော်တို့ သိပ်စကားမပြောနိုင်ကြတော့ပါ
ဒါ ကျွန်တော်သိထားတဲ့ရန်ရှင်း
နောက်အားလုံးပြန်ရောက်ကြတော့နေရာကွဲမှာ တစ်ယောက်ထဲ သတ်ခံရတာသေချာ သလောက်   ဖြစ်နေတော့ သေပြီလို့ အားလုံးကယူဆလိုက်ရတာပေါ့
ဘာလို့ လဲဆိုတော့ သူသာတစ်နေရာမှာရှိခဲ့ရင် သေမှာသေချာနေလို့ ပါပဲ
မြောက်ပိုင်းဖြစ်အောင်ကြိုးစားမှု၊ဂျိုဖြူစစ်ကြောင်းခွဲထွက်မှု ဘယ်လိုမှရှင်စရာမရှိဘူးလေ
အနှစ်( ၂၀ )စလုံး ဒီလိုပဲ လက်ခံခဲ့ကြပါတယ်
ကျွန်တော် မြင်းခြံရောက်တော့တောင် အသက်( ၆၀ )ပင်စင်စားကြီးတွေကို မပြောရက်လို့ မတွေ့ ခဲ့ပါ ဘူး၊အိမ်ရှင်ကလဲတားတယ်လေ
အဲဒါပါပဲ
စံရှားဟာ ရန်ရှင်းလား၊အသက်ရှင်နေဆဲပဲလား၊
ကျွန်တော် ဘာလုပ်ရမလဲ၊ ဘာလုပ်နိုင်မလဲ
ညကြတော့ ရန်ရှင်းညီ ကိုမော်ဆက်သွယ်လာတယ်၊ရန်ရှင်း သေ ၊ မသေ
အော် သားပျောက်မိဘတွေ မျှော်နေဆဲပါလား.....
အသက်ရှစ်ဆယ်အနေမှာ တွေ့ စေချင်နေတယ်လေ
အားလုံးကူကြ ပါစေပေါ့။
kyaw gyi AB faceook မှကူးယူဖော်ပြသည်။
ကိုဝင်းနောင်
ကျဉ်တုတ်ခံဝံ့ မခံဝံ့
ကြေကွဲခြင်းလား
တရားသစ္စာ၊ကဗျာဖြစ်ရင်
စိုနင်ပျက်ပြို၊ သွေးသံယိုမူ့ 
အံ့တု စစ်ခင်းခြင်းဘဲလေ။
ရဲရင့်ခြင်းရဲ့
နှင်းဆီ တပွင့်
ကျဉ်သင့် ပျက်ကြွှေး ရိုက်သံဝေတော့
မျက်ရည် တန်းဖိုး မြင့်ခဲ့ပြီး၊
ဘယ်မလဲတဲ့
နားထဲ ကြားယောင်၊ ညဥ့်မှောင် လမ်းကြား
လူသွားကင်းပြတ် ၊ စိတ်ဓာတ် ခြောက်းခြား
လမ်းမှား မဟုတ်
ကျဉ်တုတ် ခံဝံသူတွေလေ။ ။
(၁၅၊၀၉၊၁၉၈၉)
မောင်လွမ်းဏီ
ကိုဝင်းနောင် (မြောက်ပိုင်းABSDF) မှာသင်တန်းဆရာ ပါ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ မှာ ကျနော် နဲ့ အတူ အောက်ဗမာပြည် ဗကသ၊ လူဘောင်သစ် ဒီမို ကရက်တစ် ပါတီ မှာ တိုင်းစည်း တာဝန် ကို ဗဟန်းမြီု့  နယ် လူဘောင်သစ် ပါတီ ကနေ တာဝန် ပေးခံ ရတယ် ပြိုင်ဘီး အဖြူရောင် လေးစီးစီးပြီး ၀ါးရူံးပင်တိုင် ရုံး ကိုလာလေ့ ရှိတယ် အမြဲတမ်း ပြူံရွှင် တဲ့ မျက်နာ လေးနဲ့ ရဲဘော် ရဲဘက်တွေ အပေါ်မှာ စာနာတတ်တယ် ၁၉၈၉ အာဇာနည် နေ ရေခဲ ဆိုင်မှတ်တိုင်မှာ န၀တ ရဲ့ ဖြိုခွင်း ခံ ရတဲ့နောက် မြောက်ပိုင်း အေဘီကို ရောက် သွားတာဘဲ ကြားသိရတယ် မင်းနဲ့ အဆက်အသွယ် မရှိတော့တာ ဒီနေထိပါဘဲ။
အခုတစ်လော မှာ မြောက်ပိုင်း ကိစ္စ တွေ ပြန်ကြားလာ ရပြန်တော့ အသတ်ခံရ တဲ့ နာမည် ထဲ မှာမင်းနံမည် တူ တွေ့ တော့ မေးကြည့် မီတော့ မင်းပါဘဲ။ မတရားအနှိပ်စက် ခံပြီး ဗန်းမော် ခရိုင် မှာ အသတ်ခံရတာ ကြားတော့ မယုံနိုင်အောင်ပါဘဲ။ အောက်ဗမာပြည် ဗကသ၊ လူဘောင်သစ် ဒီမို ကရက်တစ် ပါတီ မှာ တိုင်းစည်း တာဝန် ထမ်းဆောင်ခဲ့ တဲ့ တိုက်ပွဲ ၀င်ခွပ်ဒေါင်း ရဲဘော် ဟာ စစ်အစိုးရ ရဲ့ သူလျှိုတဲ့ လားကွယ် ?????? အဲဆိုရင် လည်း သူလျှိုတွေ ကိုသတ်တဲ့ ဒလန် များ ကျဆုံးပါစေ။
Zaw Ye facebook မှကူးယူဖော်ပြသည်။
No comments: