မြန်မာ့လွတ်လပ်ရေး ဗိသုကာနှင့် ကျနော့်အမြင် ကျနော့်အတွေး
ဒေါက်တာလွဏ်းဆွေ
မြန်မာ့လွတ်လပ်ရေးဗိသုကာဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို ကျနော် သိမီခွင့် မကြုံလိုက်သော်လည်း သူသည် လူထူးလူဆန်းတယောက် ဖြစ်သည့်အကြောင်းကို သူ့အကြောင်း ရေးသားသည့် စာအုပ်စာတမ်း တော်တော်များများတွင် ဖတ်ရှုခဲ့ရသည်။ ထိုသို့ လူထူးလူဆန်းတယောက်ဖြစ်နေ၍ သူများ မစွမ်းဆောင်နိုင်သည့် အလုပ်မျိုးကို သူဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းပေလားဟုလည်း ကျနော် စဉ်းစားမိပါသည်။ သူ၏ ထူးပုံဆန်းပုံများက မြန်မာပြည်သူလူထုတရပ်လုံး ကောင်းစားဖို့အတွက် ထူးပုံဆန်းပုံများပင် ဖြစ်ပါသည်။ သူ့တွင် ဂုဏ်ပကာသနမရှိ၊ ဟိတ်ဟန်မရှိ၊ လောက၀တ်မရှိ၊ တကိုယ်စာကောင်းစားလိုစိတ်မရှိ၊ လူပေါ်လူဇော် လုပ်လိုစိတ်မရှိ။ သူ့စိတ်ထဲတွင် ရှိသည့်အရာမှာ တခုတည်း တသမတ်တည်းဖြစ်သည်။ ထိုအရာကား မြန်မာပြည်လွတ်လပ်ရေးပင်ဖြစ်သည်။ ထိုမြန်မာ့လွတ်လပ်ရေးအတွက် သူ အဆင်းရဲ အပင်ပန်းခံခဲ့သည်။ အငတ်အပြတ်ခံခဲ့သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သည်။ ခေါင်းဆောင်ကောင်းပီသစွာ ကျင့်ကြံနေထိုင်ခဲ့သည်။ ကွယ်လွန်သည်အထိ မြန်မာပြည်လွတ်လပ်ရေး ရဖို့အတွက်သာ အစဉ်တစိုက် တွေးတောလုပ်ကိုင်သွားခဲ့သည်။
တက္ကသိုလ်ကျောင်းမှ ထွက်ပြီး တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေချိန်မှာပင် သူ၏ ပကာသနမရှိ ဟိတ်ဟန်မထုတ်ဘဲ နေတတ်ထိုင်တတ်ပုံကို အတူနေသူ သခင်တင်ဦးက “တက္ကသိုလ်ကျောင်းထွက်ဟူ၍ သူ့ကိုမြင်လျှင် ယုံနိုင်စရာမရှိပေ။ ယင်းအခါ သူ့ကိုမြင်လျှင် ခေါင်းစုတ်ဖွား ရှုသိုးသိုးနှင့် လုံချည်တိုတို ၀တ်ပြီးလျှင် လေယာဉ်ပျံဖိနပ်သော်၎င်း၊ ခုံဖိနပ်သော်၎င်း၊ စီးလျက်သားသာ တွေ့ရမည်ဖြစ်သည်” ဟုလည်းကောင်း၊ လောက၀တ်မရှိဘဲ နေထိုင်တတ်ပုံကိုလည်း “တခါက သူနှင့် ကျနော် အစည်းအရုံးမှ မောင်ဂိုမာရီလမ်းအတိုင်း ခြေလျင်လျှောက်လာကြသည်။ သွင်ရုံအနီးတွင် သူ့အား လူတယောက်က နှုတ်ဆက်လိုက်သည်။ သူကမူ ပြန်၍ နှုတ်မဆက်ဘဲ ခေါင်းငိုက်စိုက်ဖြင့်သာ လျှောက်သွားသည်။ ကျနော်က “စောစောက ခင်ဗျားကို လူတယောက် နှုတ်ဆက်သွားတယ်။ ခင်ဗျား မကြားဘူးလား” ဟု မေးရာ “ဟင်” ဟုသာ ကျနော့်အား တခွန်းတည်းပြောပြီး သွားစရာ ဆက်သွားခဲ့သည်။ ဤသည်တို့ကြောင့်ပင် သူ့အကြောင်းကို မသိသူများက လူတမျိုးပဲ၊ ဆိုရှယ်မဖြစ်ဘူးဟူ၍ စွပ်စွဲကြသည်။ လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့မရှိသည်မှာ သူ့အကျင့်တခု ဖြစ်သည်။ သူကား အစဉ်းစားကြီးသူတည်း” ဟုလည်းကောင်း ရေးသားခဲ့သည်။
ကျနော်၏ အတွေးထဲ၌မူ ဗိုလ်ချုပ်အောင်ဆန်း၌ ဂုဏ်ပကာသနမရှိခြင်း၊ လောက၀တ်မရှိခြင်းတို့မှာ သူ၏ ခေါင်းထဲ၌ မြန်မာပြည်လွတ်လပ်ရေး တည်းဟူသော ကြီးမားသည့် မျှော်မှန်းချက်ကြီးတခုတည်းကိုသာ အစဉ်တစိုက် ထည့်သွင်းစဉ်းစားနေသည့်အတွက် ကျန်သည့် အသေးအဖွဲကိစ္စများကို နေရာမပေးနိုင်၊ ပေးဖို့လည်း သတိမရခြင်းဖြစ်မည်ဟု ထင်ပါသည်။ ထို့အပြင် သူသည် မြန်မာပြည်လွတ်လပ်ရေး ရရှိရန်အတွက် မည်သို့မည်ပုံလုပ်ဆောင်ရမည်ကို အချိန်ရှိသရွေ့ စဉ်းစားနေပြီး မည်သည့်အချိန်တွင် မည်သည့်အရာကို အချိန်ကိုက်လုပ်ဆောင်ရမည်ကို အမြဲတစေ ကြံစည်တွေးတောနေသည့် မျှော်မှန်းချက်ကြီးမားလွန်းသူတဦး ဖြစ်သောကြောင့်ဟုလည်း တွေးထင်မိပါသည်။
“မျှော်လင့်ချက်သည် ငြိမ်သက်စွာဝပ်၍ ချောင်းမြောင်းနေသော ကျားတကောင်ဖြစ်သည်။ ကျားသည် မိမိ ခုန်အုပ်ရမည့် အချိန်အတိအကျ ရောက်မှသာ ခုန်အုပ်လေသည်။”
*****
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည် လွတ်လပ်ရေး ရရှိရန်အတွက် အင်္ဂလိပ်အစိုးရကို လက်နက်ကိုင် တော်လှန်မှရမည်ဟု ယုံကြည်သည်။ ယုံကြည်သည့်အတိုင်းလည်း လက်တွေ့လုပ်ဆောင်ပုံကို သခင်တင်ဦးက အောက်ပါအတိုင်း ဆက်လက်ရေးသားခဲ့သည်။
“၁၉၄၀ ခုနှစ် တပေါင်းလ ညတညတွင် ပူပြင်းလှသဖြင့် သူနှင့် ကျနော်တို့သည် ဗိုလ်တထောင် သင်္ဘောဆိပ်တွင် လေညှင်းခံရင်း နိုင်ငံရေးအကြောင်း ပြောဆိုကြသည်။ သူက အင်္ဂလိပ်ကို လက်နက်ကိုင်ပြီး မတော်လှန်ရင် မြန်မာပြည် ဘယ်တော့မှ မလွတ်လပ်ဘူးဟူ၍ ကျနော့်အား ပြောပြသည်။ ဤစကားကို ပြောပြီး မကြာမီပင် သူသည် မြန်မာပြည်မှ ပျောက်ကွယ်သွားပြီး ဂျပန်ပြည်သို့ ရောက်ရှိသွားခဲ့သည်”
ဂျပန်နှင့် လက်တွဲ၍ အင်္ဂလိပ်ကို တော်လှန်ပြီးသည့်အခါတွင်လည်း ဂျပန်တို့က မြန်မာပြည်သူလူထုအား ဖက်ဆစ်စနစ်ဖြင့် ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေပြန်သဖြင့် အင်္ဂလိပ်တို့နှင့် ပြန်ပေါင်းပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ဆင်နွှဲရပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို အောင်မြင်စွာ ဆင်နွှဲပြီးသည့်အခါ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းညီညွတ်မှုရှိမှ အင်္ဂလိပ်တို့ထံ လွတ်လပ်ရေး တောင်းဆိုနိုင်မည်ဟု ယုံကြည်လာသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း တိုင်းရင်းသားအားလုံး စုစည်းညီညွတ်မှုရှိရေးအတွက် ဇောက်ချလုပ်ကိုင်ပြန်သည်။ ၁၉၄၅ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် မျိုးချစ်ဗမာ့တပ်မတော်မှ တပ်မှူးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ပြည်သူလူထုများ တခဲနက် တက်ရောက်သည့် နေသူရိန်ညီလာခံကြီးကို ရန်ကုန်မြို့ ကန်တော်ကြီးစောင်းရှိ နေသူရိန်ရုပ်ရှင်ရုံကြီးတွင် ကျင်းပခဲ့သည်။
အဆိုပါညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ဥက္ကဌအဖြစ်လည်းကောင်း၊ မျိုးချစ်ဗမာ့တပ်ဖွဲ့များ၏ စစ်သေနာပတိချုပ်အဖြစ်လည်းကောင်း၊ နေသူရိန်ညီလာခံကြီး၏ သဘာပတိအဖြစ်လည်းကောင်း တင်မြှောက်ခံရပြီး မျိုးချစ်စိတ်ရှိသည့် ပုဂ္ဂိုလ်အားလုံး၊ အသင်းအဖွဲ့အားလုံး ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ပူးပေါင်းကြရန်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု ပိုမိုထိရောက်မှုရှိစေရန်အတွက် တိုင်းရင်းသားအားလုံး စုစည်းညီညွတ်မှုကို တည်ဆောက်ကြရန် ဗိုလ်ချုပ်အောင်ဆန်းက ပြင်းပြင်းထန်ထန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တပ်ရှိရန် လိုသည်ဟု သူယုံကြည်သည့်အတိုင်း မျိုးချစ်ဗမာ့တပ်မတော်ကို အရင်တည်ဆောက်သည်။ ထို့နောက် လွတ်လပ်ရေးကို တောင်းဆိုရန် တိုင်းရင်းသားအားလုံး စုစည်းညီညွတ်မှု ရှိဖို့လိုသည်ဟု သူယုံကြည်သည့်အတိုင်း တတိုင်းပြည်လုံးကို လှည့်လည်ပြီး နေ့မအားညမနား စည်းရုံးဆောင်ရွက်ပြန်သည်။ ထို့ကြောင့်လည်း ၁၉၄၆ ခုနှစ်သည် ဗိုလ်ချုပ်အောင်ဆန်းအတွက် ‘အပင်ပန်းဆုံးသောနှစ်’ ဖြစ်ခဲ့သလို ‘အရွှင်လန်းဆုံးသောနှစ်’ လည်း ဖြစ်ခဲ့သည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူယုံကြည်သည့်အတိုင်း စည်းရုံးလုပ်ဆောင်ရာတွင် အခက်အခဲ၊ ခြေထိုးမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် အဆုံးတွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက သူ့နောက်မှ မားမားမတ်မတ် ရပ်တည်ခဲ့ကြသောကြောင့် ဖြစ်ပါသည်။ တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် စိတ်ကူးယဉ်မဆန်ဘဲ ဖြစ်နိုင်ခြေရှိသည့် ယုံကြည်မှုအတိုင်း လက်တွေ့လုပ်ဆောင်ကာ လူထုကို စည်းရုံးလှုံ့ဆော်နိုင်ခဲ့သည့်အတွက် “တနှစ်အတွင်း လွတ်လပ်ရေး ရစေ့မယ်” ဟူသည့် ကြီးလေးသော ကတိစကားမျိုးကို ပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထင်မိပါသည်။
“ယုံကြည်မှုဆိုသည်မှာ ယခုထိ သက်သေမပြရသေးသည့် တကယ့်ဖြစ်နိုင်ခြေ အသိတရားပေါ်မှာ ခိုင်မာစွာ သဘောပေါက်နားလည်ခြင်းကို ခေါ်သည်။ ယုံကြည်မှုသည် (မျှော်လင့်ချက်ကဲ့သို့ပင်) အနာဂတ်ကို ကြိုတင်မှန်းဆခြင်းမဟုတ်။ မဖြစ်ပေါ်သေးသည့် အခြေအနေမှာရှိသည့် ပစ္စုပန်၏ အမြင်တခု ဖြစ်သည်။ တနည်းပြောလျှင် ယုံကြည်မှုသည် သံသယမှ လွတ်ကင်းသည့် သေချာမှုနှင့် သက်ဆိုင်နေသည်။”
*****
“ယုံကြည်မှုနှင့်ရော မျှော်လင့်ချက်နှင့်ပါ ဆက်သွယ်နေသည့် အခြား အတွင်းစိတ်အခြေအနေတခု ရှိပါသေးသည်။ ၎င်းမှာ သတ္တိဖြစ်သည်။”
ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ မျှော်မှန်းချက်၊ ယုံကြည်ချက်အတိုင်း ချီတက်ရာတွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ိရိယတို့ ရှိသည့်အပြင် သတ္တိရှိရှိဖြင့်လည်း အခက်အခဲ အကျပ်အတည်း ဟူသမျှကို ရင်ဆိုင်ကျော်ဖြတ်ခဲ့သည်။ ဂျပန်တို့ထံ စစ်ပညာသင်ကြားနေစဉ် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့အား ဂျပန်တို့၏ ရိုင်းစိုင်းပြီး ရက်စက်ကြမ်းကြုတ်သည့် အပြုအမူတို့ကို သတ္တိရှိရှိဖြင့် ရင်ဆိုင်ရန် အားပေးညွှန်ကြားခဲ့ပုံမှာ မှတ်သားလောက်ပေ၏။ “ဟေ့ ... သေလည်း ဗမာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူကမိရင် ‘လက်’ အားရင် လက်နဲ့ ထိုး၊ ‘ခြေ’ အားရင် ခြေနဲ့ ကန်ပါ။ နောက်ဆုံး ‘ပါးစပ်’ အားရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့” ဟု ဗိုလ်ချုပ်အောင်ဆန်းက ညွန်ကြားအားပေးပုံကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ၏ ကိုယ်ရေးအတ္ထုပတ္တိစာအုပ်တွင် ရေးသားခဲ့သည်။
ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် နိုင်ငံရေးအရ မလိုမုန်းထားစိတ်ရှိသော ပုဂ္ဂိုလ်များက ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို ချဉ်းကပ်ကာ ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် ဖမ်းဆီးရန် တိုက်တွန်းကြသည်။ ဘီအိုင်အေတပ်ကြီး မြန်မာနိုင်ငံအတွင်းသို့ ချီတက်လာစဉ်က သထုံနယ်ဘက်တွင် ရွာတရွာမှ သူကြီးတယောက်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သတ်ပစ်သည်ဟူသည့် အမှုကိစ္စဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ သတ္တိရှိရှိ တုန့်ပြန်ပုံမှာလည်း မှတ်သားစရာပင်။ ဗိုလ်ချုပ်အောင်ဆန်းက “မိမိသည် မည်သည့်အခါမျှ မတရားမလုပ်၊ မိမိသည် မည်သည့် စွပ်စွဲမှုကိုမျှ မကြောက်၊ မိမိ၏လိပ်ပြာမှာ အမြဲသန့်ရှင်းလျက်” ဟု ၁၉၄၆ ခုနှစ် ဧပြီလထုတ် သတင်းစုံဂျာနယ်တွင် ဆောင်းပါးရေးကာ ပြန်လည်ချေပခဲ့၏။ ထိုဆောင်းပါးကို ဖတ်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ သတ္တိနှင့် ပြတ်သားမှုကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။
“သတ္တိဆိုသည်မှာ အဓိပ္ပာယ်နှစ်ခွ မထွက်အောင် ပြောဖို့ဆိုလျှင် တနည်းအားဖြင့် ခေါင်းအေးအေးဖြင့်
ရင်ဆိုင်နိုင်စွမ်း သို့မဟုတ် ချုပ်တည်းနိုင်စွမ်းသတ္တိ (Fortitude) ဟုလည်း ပြောနိုင်ပါသည်။”
ချုပ်ရလျှင်ကား ဗိုလ်ချုပ်အောင်းဆန်း တည်းဟူသော လူထူးလူဆန်း ပုဂ္ဂိုလ်ကြီးသည် အယူဝါဒရေးရာကို ရှေ့တန်းမတင်ဘဲ မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဖြစ်နိုင်ခြေရှိသည်ကို ဓမ္မဓိဌာန်ကျကျ လုပ်ဆောင်ခဲ့သည့် လက်တွေ့အကျိုးမျှော်မှုဝါဒီ (Pragmatist) တဦး ဖြစ်သည်ဟု ကျနော့်အနေနှင့် ယူဆမိပါသည်။ သူသည် သူမျှော်မှန်းသည့် လွတ်လပ်ရေးပန်းတိုင်သို့ ရောက်ရှိအောင် သူယုံကြည်သည့် လမ်းစဉ်နှင့် သတ္တိရှိရှိ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သည့်အတွက် မြန်မာ့လွတ်လပ်ရေးဗိသုကာ တည်းဟူသော ကြီးမြတ်သည့် ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ကျနော် တွေးထင်မိပါသည်။
ဒေါက်တာလွဏ်းဆွေ
ကိုးကား
၁။ သခင် တင်ဦး - ကျနော်တို့ မှတ်မိသိရှိသမျှ ဗိုလ်ချုပ်
၂။ ဗိုလ်မှူး ဘသောင်း (မောင်သုတ) - ဗမာ့တော်လှန်ရေး သမိုင်း
၃။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော - ကိုယ်တိုင်ရေး အတ္ထုပတ္တိ (ပထမတွဲ)
၎။ ဂျူး - မျှော်လင့်ချက်နှင့် အခြား ဆောင်းပါးများ
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာတွင် ဖော်ပြပြီးဖြစ်ပါသည်)
No comments:
Post a Comment