
ကချင်ပြည်နယ် အရှေ့ပိုင်း ရှေ့တန်းတနေရာမှ KIA စစ်သားတဦး။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား မြန်မာအစိုးရတပ်က စစ်အင်အားထောင်ပေါင်းများစွာဖြင့် ထိုးစစ်ကြီး ဆက်တိုက် ဆင်နေခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ပြည်သူများ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပခွင့် မရခဲ့ကြောင်း ကချင်သတင်းဌာနက စုံစမ်းသိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် “တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပေါ်” ဦးထိပ်ထားသော်လည်း ၎င်း၏အစိုးရမှ ပင်လုံစာချုပ်ပေါ်အခြေခံကာ နှစ်ဖက်ကြား စစ်မှန်သောနိုင်ငံရေးဆွေးနွေးရန် တချိန်လုံး တောင်းဆိုနေသည့် KIO အား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်နှင့် ပူတာအိုခရိုင်များတွင် သာမက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူနှင့် မူဆယ်မြို့နယ်များတွင် ထိုးစစ် ဆင်နေပါသည်။
ယခုချိန် မြန်မာ့တပ်မတော်က တပ်ရင်း ၁၃၀ ကျော်ဖြင့် KIO အား တိုက်ခိုက်နေပြီး ယင်းသည် အနှစ် ၂၀ အတွင်း အစိုးရတပ်၏ အကြီးဆုံး ထိုးစစ်ဖြစ်သည်ဟု KIO အရာရှိများက ဆိုထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ရပ်တံ့ရန် ညွှန်ကြားခဲ့သော်လည်း စစ်တပ်သည် KIO အား ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
စစ်ပွဲ၏ ရလဒ်အဖြစ် ပြည်သူ ၅၀၀၀၀ ကျော် နေရပ်စွန့်ခွာကြရကာ အများစုသည် KIO ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ်တစ်လျှောက် တိမ်းရှောင်နေထိုင်ကြသည်။ ယခုချိန်ထိ ဒုက္ခသည်အများစုမှာ နိုင်ငံတကာ၏ အကူအညီ မရရှိကြသေးပါ။
ဒီဇင်ဘာ ၁၂ ရက်တွင် ကုလသမဂ္ဂ က ၎င်း၏ မြန်မာနိုင်ငံသားဝန်ထမ်း ၅ ဦး ကို ရန်ကုန်မှ KIO ဗဟိုဇာဌာနချုပ် လိုင်ဇာသို့ ပထမဆုံး လေ့လာရေးခရီးစေလွှတ်ခဲ့သော်လည်း ၎င်းနောက် အရေးပေါ်လိုအပ်နေသည့် ဒုက္ခသည်ကယ်ဆယ်ရေး ပစ္စည်းများ ကူညီပေးခြင်း မရှိသေးကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာ ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ အရပ်ဝတ်လဲစစ်အစိုးရသို့ အသွင်ပြောင်းပြီး ၃ လအကြာ မြန်မာအစိုးရတပ်နှင့် KIO ကြား စစ်ပွဲဖြစ်ပွားလာကာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ဆိုင်းရေး ပျက်ပြားခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် တနှစ်အလို ၁၉၄၇ ခုနှစ်တွင် ဗမာတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းရင်းသားများကြား နိုင်ငံရေး တန်းတူအခွင့်အရေးပါရှိသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ လွတ်လပ်ရေးရှိခဲ့သော်လည်း ယနေ့အထိ နိုင်ငံတော်အာဏာအား ဗမာလူမျိုး တမျိုးတည်းသာ ချုပ်ကိုင်ထားဆဲဖြစ်သည်။
ယင်းကြောင့် ကချင်အမျိုးသားများ မိမိတို့၏ နိုင်ငံရေးတန်းတူအခွင့်အရေးအတွက် ၁၉၆၀ ခုနှစ်တွင် KIO အား ထူထောင်ကာ စစ်ရေး၊ နိုင်ငံရေး နည်းလမ်းနှစ်သွယ်ဖြင့် တော်လှန်ရေး စတင်ခဲ့သည်။
No comments:
Post a Comment