Saturday, April 14, 2012

ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာကို မသဒ္ဓါ ရေးသားပါတယ်နဲ့ မူပိုင်ခွင့်အကြောင်း တစေ့တစောင်း


http://thadar.blogspot.com/2009/08/blog-post_26.html
မုခစာမျက်နှာတွေနဲ့ မြန်မာဘလော့ဂ်တွေမှာ ပြန့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာဆိုတဲ့ စာနုယဉ်နဲ့ ပတ်သက်ပြီး ဘယ်သူ ရေးသားပြီး ဘာ့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားတယ်ဆိုတဲ့ကိစ္စဟာ ကာလအတန်ကြာ ပဟေဠိတခုလို ဖြစ်နေခဲ့ပါတယ်။ ထို စာနုယဉ်နဲ့ ပတ်သက်ပြီး ယနေ့မြန်မာတွင် ဖော်ပြခဲ့တဲ့ “တိုင်းမ် ၁၀၀ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲ ပေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ၊ မြစ်ဆုံအတွက် ရေးတဲ့စာ နဲ့ မုခစာမျက်နှာက သတင်းများ” (http://burmatoday.net/news.php?news_ID=230) သတင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခြင်း မဟုတ်ဘဲ တဦးတယောက် ဖန်တီးထားတဲ့ စာနုယဉ် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီ စာနုယဉ်ကို လွန်ခဲ့တဲ့ နှစ်အတန်ကြာက ရင်းနှီးသူတဦး ပို့ပေးခဲ့တယ်ဆိုတာကို ဧပြီ ၆ ရက်နေ့ သတင်း ရေးသားချိန်က အမှတ်တရ ဖြစ်နေသော်လည်း ဘယ်သူ ရေးလို့ ဘယ်သူ ပို့ပေးတယ်ဆိုတာကို မမှတ်မိ ဖြစ်နေခဲ့ပါတယ်။ သို့သော်လည်း သတင်း ဖော်ပြပြီးတဲ့နောက် အဲဒီ စာနုယဉ်နဲ့ ပတ်သက်ပြီး ကိုမိုးကြီး (စာရေးသူ၊ ကဗျာရေးသူ၊ သီချင်းဆိုသူ ၀ိုင်မြစ်ချို) အီးမေးလ် ပို့လိုက်တဲ့နောက်မှာတော့ အဲဒီ စာနုယဉ် (ကဗျာ) ကို ကျွန်တော်တို့ဆီ ပို့ပေးသူဟာ သူပဲ ဖြစ်လိမ့်မယ်လို့ မှတ်မိလိုက်ပါတယ်။ အများရဲ့ စိတ်ထဲမှာ ပဟေဠိ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာကို ရေးသားသူကတော့ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေတဲ့ မသဒ္ဓါ ဖြစ်ပါတယ်။ အဲဒီ စာနုယဉ် (ကဗျာ) ကို ၂၀၀၉ ခုနှစ် သြဂုတ် ၂၇ ရက်နေ့မှ စတင်ကာ သူ့ရဲ့ ဘလော့ဂ်စာမျက်နှာ (http://thadar.blogspot.com/2009/08/blog-post_26.html) တွင် ဖော်ပြခဲ့ပြီး အခြား ဘလော့ဂ်များ၊ မုခစာမျက်နှာ (ဖေ့စ်ဘွတ် - Facebook) များတွင် ပြန့်နှံ့ခဲ့ရာ နောက်ဆုံးမှာ ဘယ်သူ ရေးမှန်း မသိ ဖြစ်သွားခဲ့ရပါတယ်။ မသဒ္ဓါ ဖန်တီးထားတဲ့ စာနုယဉ် (ကဗျာ) ဟာ ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ခဲ့သော်လည်း မူရင်း စာရေးသူအမည် ပျောက်သွားတာကတော့ အလွယ်တကူ ကူးယူ ဖော်ပြကြတဲ့အခါ မူရင်းစာရေးသူ အမည်နဲ့ မူရင်း ကိုးကားတဲ့ အင်တာနက်စာမျက်နှာအမည်ကို ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိခဲ့ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒ့ါကြောင့်လည်း နောက်ပိုင်းမှာ မလိုလားအပ်တဲ့ သံသယဖြစ်မှုနဲ့ မှားယွင်းတဲ့ မှတ်ချက်ချမှုတွေ ဖြစ်လာကြတာပါ။ အခု ဆောင်းပါးမှာ အင်တာနက်ထဲက မူပိုင်ခွင့်ကို အကျယ်တ၀င့် မတင်ပြလိုသော်လည်း ဒီ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး တွေ့သမျှကို အလွယ်တကူ ကူးယူ ဖော်ပြပြီး မူရင်းဖန်တီးသူရဲ့ အခွင့်အရေးကို မလေးစားတတ်သော ယဉ်ကျေးမှု ထွန်းကားနေတဲ့ ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းထဲက တွေ့သမျှ ကူးယူ ဖော်ပြပြီး မိမိ မုခစာမျက်နှာ၊ ဘလော့ဂ်နဲ့ အင်တာနက်စာမျက်နှာတွင် ဖော်ပြနေကြသူများအားလုံးအနေနဲ့ ထိုသို့ ပြန်လည် ဖော်ပြကြတဲ့အခါ (အနိမ့်ဆုံးအဆင့်) သတင်းရင်းမြစ် ကိုးကားမှုအနေနဲ့ မူရင်း စာရေးသူ၊ အင်တာနက်စာမျက်နှာလိပ်စာတွေကိုပါ တလေးတစား ဖော်ပြကြဖို့ တိုက်တွန်းလိုပါတယ်။ မိမိ ကူးယူ ဖော်ပြတဲ့အခါ အနိမ့်ဆုံးအဆင့်အနေနဲ့ မူရင်း စာရေးသူ၊ မူရင်း အင်တာနက်စာမျက်နှာလိပ်စာတွေကို ဖော်ပြခြင်းဟာ မူရင်း ဖန်တီးသူကို လေးစားခြင်း ဖြစ်သလို မလိုလားအပ်တဲ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။ (တကယ်တော့ မူလပိုင်ရှင်ကို အသိမပေးဘဲ မူရင်း ဖန်တီးမှုအတိုင်း အလွယ်တကူ ကူးယူ ဖော်ပြခြင်းဟာ မူပိုင်ခွင့်စည်းမျဉ်းစည်းကမ်းများနဲ့ တိုက်ရိုက် ညိစွန်းနေသလို (စနစ်တကျ အရေးယူမယ်ဆိုရင်) ခွင့်ပြုချက်မဲ့ ကူးယူ ဖော်ပြထားတဲ့ အင်တာနက်စာမျက်နှာတွေ၊ မုခစာမျက်နှာတွေနဲ့ ဘလော့ဂ်စာမျက်နှာတွေအားလုံးကို ဖျက်ပစ်လို့ရပါတယ်။ မူရင်း ဖန်တီးမှုကို ကိုးကား ဖော်ပြထားရင်တော့ ချွင်းချက်အချို့နဲ့ အကျုံးဝင်နိုင်ပါတယ်။ သို့သော် မူရင်းဖန်တီးသူက ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်တယ်လို့ ပြောထားရင် ချွင်းချက်နဲ့ အကျုံးမ၀င်ပါ။ နောက်ပြီး တပါးသူရဲ့ ဖန်တီးမှုကို ကူးယူပြီး မိမိအင်တာနက်စာမျက်နှာတွင် All Rights Reserved လို့ ဖော်ပြမယ်ဆိုရင် မိမိ အင်တာနက်စာမျက်နှာရဲ့ မူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းမှာ ထိုသို့ ဖော်ပြချက်ဟာ ဘယ်အချက်တွေမှာ အကြုံးဝင်ပြီး ဘယ်လိုအချက်တွေနဲ့ အကြုံးမ၀င်ဘူးဆိုတာ အတိအလင်း ပြောကြားဖို့ လိုအပ်ပါတယ်။ (အမေရိကန်တွေရဲ့ မူပိုင်ခွင့် ဥပဒေအရ) ဖန်တီးသူ တဦးတယောက်ရဲ့ စိတ်ကူးစိတ်သန်းဟာ မူပိုင်ခွင့်နဲ့ မပတ်သက်ပေမယ့် စာပေ၊ ဂီတ၊ အနုပညာ အပါအ၀င် ဖန်တီးမှုအားလုံးဟာ စတင် ဖန်တီးချိန်ကနေ ဖန်တီးသူ ကွယ်လွန်ပြီးနောက် အနှစ် ၇၀ ကြာတဲ့အထိ မူပိုင်ခွင့်ဥပဒေနဲ့ အကျုံးဝင်နေပါတယ်။) ဂူဂယ်လ် (Google) ရဲ့ နောက်ဆုံးသုံးထားတဲ့ စနစ်အရဆိုရင် အင်တာနက်ထဲမှာ အချက်အလက် ရှာဖွေတာက အစ၊ ဂူဂယ်လ် အီးမေးလ် အသုံးပြုတာအဆုံး ဘယ် အင်တာနက်လိပ်စာက အသုံးပြုတယ်၊ ဘယ် အင်တာနက်ဆက်ကြောင်းကနေတဆင့် အချက်အလက်တွေကို ရယူတယ် အပါအ၀င် အင်တာနက်သုံးစွဲပုံ အားလုံးကို မှတ်တမ်းတင်ထားတယ်ဆိုတာကို မိတ်ဆွေများ သတိထားစေလိုပါတယ်။ မုခစာမျက်နှာတွေက မှတ်တမ်းတွေမှာလည်း (အနည်းငယ် ကွဲပြားနိုင်သော်လည်း) ထိုနည်းတူ မှတ်တမ်းတင်တဲ့စနစ်တွေ ရှိပါတယ်။ အင်တာနက်စာမျက်နှာထဲက မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေတွေ ချမှတ်တာထက် လွတ်လပ်ခွင့် နည်းနည်းလေး ပေးသင့်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေသော်လည်း စည်းကမ်းမဲ့မှုတွေနဲ့ လက်ပွန်းတတီး ဖြစ်နေကြတဲ့ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းအနေနဲ့တော့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ဂရုတစိုက် လေ့လာ လိုက်နာသင့်ပါတယ်။ အထူးသဖြင့် အခုလို မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း ၀င်ရောက်ဖို့ ကြိုးစားနေချိန်မှာ အထူး အရေးကြီးတယ်လို့ မြင်ပါတယ်။ (မူပိုင်ခွင့် ဆိုရာမှာ အခြားသူရဲ့ သံစဉ်ကို ကိုယ်ပိုင်စာသား ထည့်သွင်း သီဆိုခြင်း၊ အခြားသူရဲ့ သံစဉ်ကို မိမိ ဖန်တီးတဲ့ အနုပညာတွင် ထည့်သွင်း အသုံးပြုခြင်း၊ အခြားသူရဲ့ သတင်းအချက်အလက်များကို ကိုးကားမှု မရှိဘဲ မိမိ သတင်းများတွင် ဖော်ပြခြင်း၊ အခြားသူရဲ့ သတင်းများကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များရဲ့ ခွင့်ပြုချက် မရဘဲ ကူးယူ ဖော်ပြခြင်း၊ အခြားသူရဲ့ ဂီတ၊ စာပေ၊ ဓါတ်ပုံ အပါအ၀င် အနုပညာ ဖန်တီးမှုများကို ခွင့်ပြုချက်မဲ့ သုံးစွဲခြင်းအားလုံး အကြုံးဝင်တယ်ဆိုတာ မိတ်တွေအားလုံး သတိထားစေလိုပါတယ်။) မူပိုင်ခွင့်ကိစ္စကနေပြီး မသဒ္ဓါရဲ့ စာနုယဉ် (ကဗျာ) ပြန့်နှံ့သွားခြင်းအကြောင်းကို ပြန် ဆက်ရရင် ”မသဒ္ဓါအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြီး ရေးသားခြင်း ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အထုပ္ပတ္တိနဲ့ ဆက်နွယ်တဲ့ အကြောင်းများကို လေ့လာကာ ရေးသားတာ ဖြစ်ကြောင်း၊ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို) ဦးအောင်ဆန်းဦး၊ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်နှစ်မ၀မ်းကွဲ) ဦးစိန်ဝင်းတို့နဲ့ ပတ်သက်ပြီး ရေးသားရာတွင် တစုံတရာ ထေ့ငေါ့ခြင်း မရှိဘဲ ရိုးသားစွာ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျွန် ယက်တောကိစ္စနဲ့ ဆက်နွယ်ပြီး ဗိုလ်ချုပ်သန်းရွှေနဲ့ ပတ်သက်တဲ့အကြောင်း ရေးသားရာမှာတော့ အကွက်ဆင် ထောင်ချတဲ့မှုအပေါ် ခံစားချက် အနည်းငယ် ရှိကြောင်း၊ ဂျွန် ယက်တောနဲ့ ပတ်သက်ပြီး ရေးသားရာတွင် ဂျွန် ယက်တောရဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပူပန်မှုကို ကျေးဇူးတင်ထိုက်တယ်လို့ ယူဆမိတဲ့အတွက် ရေးသားခြင်း ဖြစ်ကြောင်း၊ ရေးသားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေး၊ အယူအဆနဲ့ ထပ်တူကျချင်မှ ကျမှာ ဖြစ်သော်လည်း မြန်မာတမျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ ခေါင်းဆောင်တဦးကို ကြည်ညို လေးစားစိတ်နဲ့ ရေးသားခြင်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် ရေးသားဖို့ မိတ်ဆွေများကို ပြောပြခဲ့သော်လည်း ဘယ်လိုမှ ခံစားမရတဲ့အတွက် မရေးနိုင်ခဲ့ကြောင်း“ စာရေးသူက ယနေ့မြန်မာကို ရှင်းပြပါတယ်။ မသဒ္ဓါက ဆက်လက်ပြီး “ထိုသို့ ရေးသားပြီးနောက် ထို စာနုယဉ်ကို ဘလော့ဂ်များတွင် ကူးယူ ဖော်ပြဖို့ ခွင့်တောင်းပြီး ဖော်ပြကြကြောင်း၊ အချို့က မူရင်း စာရေးသားသူ အမည်ကို ထည့်သွင်းကာ သူတို့ရဲ့ ဘလော့ဂ်များတွင် ဖော်ပြကြပေမယ့် တချို့ပုဂ္ဂိုလ်များနဲ့ နောက်ပိုင်း ဖော်ပြမှုများမှာတော့ မူရင်းစာရေးသူ အမည်ကို ထည့်သွင်း ဖော်ပြတာ မရှိကြတော့ကြောင်း၊ ထိုကိစ္စနဲ့ ပတ်သက်ပြီး ကနဦးတွင် ခံစားမှုဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့အရေးအတွက်၊ မြန်မာ့အမျိုးသားခေါင်းဆောင်တဦးအတွက် တတ်စွမ်းသလောက် ဖန်တီးခဲ့ခြင်း ဖြစ်လို့ နောက်ပိုင်းမှာတော့ ထိုကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာ မရှိတော့ကြောင်း၊ သို့သော်လည်း ယနေ့မြန်မာတွင် ရေးသားထားခဲ့သလို အချိန်တွေ ကြာသွားတဲ့အခါ မှန်သလား၊ မှားသလား ဝေဖန် ပိုင်းခြားဖို့ ခက်ခဲနိုင်မှာကို စဉ်းစားမိတဲ့အတွက် အခုလို ပြောဆိုဖြစ်တာ ဖြစ်ကြောင်း“ ကိုလည်း ပြောပြပါတယ်။ မသဒ္ဓါ ရေးသားခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို လှမ်းပြီး အသိပေးသူက ကိုမိုးကြီး ဖြစ်ကာ သူ့ထံမှ အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ် တောင်းယူကာ မသဒ္ဓါနဲ့ ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ ပုထုဇဉ်တွေ ဖြစ်တဲ့အတွက် အမှား ကင်းကြမှာ မဟုတ်ပါ။ သို့သော်လည်း အခု မသဒ္ဓါရဲ့ ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ အမည်ရှိ စာနုယဉ် (ကဗျာ) ပြန့်နှံ့သွားခြင်းအဖြစ်ကနေ မရည်ရွယ်ဘဲ လုပ်ဖြစ်လိုက်တဲ့ မိမိလုပ်ရပ်တခုက တခါတရံမှာ အများနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေ ဖြစ်လာတတ်တယ်ဆိုတဲ့ သင်ခန်းစာကို ရယူနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့်မို့ အလားတူ ပြဿနာမျိုး ထပ်ပြီး မဖြစ်ရလေအောင်၊ ရှောင်ရှားနိုင်ကြအောင်၊ ပြဿနာ ဖြစ်တတ်တယ်ဆိုတာ သတိပြုမိအောင် အခု သတင်းဆောင်းပါးကို ရေးသားရခြင်း ဖြစ်ကြောင်း ပါ။

No comments: