Saturday, April 14, 2012

မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး

  13 April 2012
မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား (၁၀)လ ကျော် ထိုးစစ်ဆင်လာပြီးနောက် KIO က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များသို့ “အစိုးရတပ်အား နေရာမရွေး တိုက်ခိုက်ရန်” လွန်ခဲ့သည့်အပတ်က အမိန့်ပေးခဲ့ကြောင်း KIO အရာရှိများဆိုသည်။

ယခု အမိန့်အရ အစိုးရထိန်းချုပ်ဒေသများသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။


သင်္ကြန်ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား ထောင်ဂဏန်းဖြင့် KIO ဗဟိုဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးအစီစဉ်များ ပြုလုပ်နေခြင်းကြောင့် အစိုးရ စစ်ရေးပစ်မှတ်များ အားလုံး မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရန် KIA တပ်များသို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။


နောက်ဆုံး စစ်မိန့်နှင့် ပတ်သက်ပြီး KIO မှ တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပါ။



ပြီးခဲ့သည့်နှစ် ဇွန်လမှ ယခု မတ်လအထိ မြန်မာ့တပ်မတော်၏ KIO ပေါ် စစ်ဆင်ရေးပြုလုပ်ရာတွင် KIO က အစိုးရတပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ၎င်း၏ လက်နက်ကိုင်တပ်များကို တားမြစ်ထားသော်လည်း မိမိနယ်မြေထဲ ကျူးကျော်လာသည့် စစ်ကြောင်းများကို အကန့်အသတ်ဖြင့် ခုခံတိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။

မြန်မာအစိုးရနှင့် KIO အဖွဲ့သည် တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့် မတ်လအထိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် အနှစ် (၅၀) ကျော်ကြာ နှစ်ဖက် နိုင်ငံရေးပြဿနာဖြေရှင်းရန်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။


နှစ်ဖက်ကြား အဓိက ခြားနားနေမှုမှာ ဦးသိန်းစိန် အစိုးရက အပစ်ခတ်ရပ်ဆိုင်းရေး ပထမ ပြုလုပ်ပြီး ယင်းနောက် ၂၀၀၈ အခြေခံဥပဒေအတိုင်း နိုင်ငံရေးဆွေးနွေး လိုသည်။ သို့သော် KIO ဘက်မှ တင်ပြထားခြင်းသည် ပြည်ထောင်စုအစပြုခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ် ကတိက၀တ်အတိုင်း နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ နောက်ဆုံး နက်လက်ကိုင်တပ် ကိစ္စ ဆွေးနွေးရေးဖြစ်သည်။


၁၇ နှစ် ကာလ အပစ်ခတ်ရပ်ဆိုင်းထားမှု အတွေ့အကြုံအရ KIO က နောက်ထပ် မြန်မာအစိုးရနှင့် အပစ်ခတ်ဆိုင်းရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးရန်သာရှိကြောင်း KIO က ဆိုထားသည်။


KNG ကချင် သတင်းဌာန 



  ဒေါ့ဖုန်းယန် KIA တပ်စခန်း မြန်မာအစိုးရတပ် သိမ်းပိုက် မြန်မာအစိုးရတပ်က ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ KIO ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်၊ တပ်ရင်း ၁၉ နယ်မြေသို့ နာရီပေါင်းများစွာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီးနောက် ရှေ့တန်းစခန်းတခုကို သိမ်းပိုက်ခဲ့ကြောင်း ၄င်းတပ်စခန်းအနီးရှိ KIA အရာရှိတစ်ဦးကပြောသည်။

ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်းယန်ရှိ အစိုးရတပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့်ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ်ပေးခဲ့ရသည်ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလမှ မြန်မာအစိုးရက KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။


တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး “မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်” အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး ကပြောသည်။

“အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့  ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။” ဟု သူကပြောသည်။

ယခင်က အချို့ရှေ့တန်းနေရာနှင့် အစိုးရထိန်းချုပ်သည့် မြို့ပေါ်တွင် အစိုးရပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြားထားခံရသော်လည်း ယခုချိန်မှာ အစိုးရတပ်များကို နေရာမရွေး တိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်းထန်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။

ယခုလို မြန်မာအစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင်လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ဗန်းမော်(မန်မော်)-လွယ်ဂျယ်သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
 KNG ကချင် သတင်းဌာန

No comments: