Tuesday, April 3, 2012

မိုင်းအန္တရာယ် သိမှတ်ဖွယ်




မိုင်းဆိုသည်မှာ

မိုင်းဆိုတာ လူကို သေစေတတ်တဲ့၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရစေတတ်တဲ့ ပေါက်ကွဲပစ္စည်းတွေ ပါဝင်တဲ့ အရာဝတ္ထု တခုဖြစ်ပါတယ်။ မိုင်းတွေကို မြေပြင်ပေါ်မှာ တွေ့ရှိနိုင်သလို မြေကြီးထဲမှာ မြှုပ်နှံထားတာတွေလဲ ရှိပါတယ်။ မိုင်းတွေမှာ ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားသလို ထိခိုက်မှု ဖြစ်စေနိုင်မှုကလဲ ပေါက်ကွဲအားပေါ် မူတည်ပြီး ကွဲပြားပါတယ်။


မိုင်းအသုံးပြုမှု သမိုင်းကြောင်း

ပထမကမ္ဘာစစ်အတွင်းမှာ တင့်ကားတွေကို စစ်လက်နက်ပစ္စည်းအဖြစ် စတင်အသုံးပြုလာချိန်က စပြီး တင့်ကားတွေကို တိုက်ခိုက်ဖို့ မိုင်းတွေကိုလဲ စတင်အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကမ္ဘာ့စစ်တပ် အသီးသီးမှာ မိုင်းတွေကို ရှာဖွေရှင်းလင်းတဲ့ အထူးတပ်တွေကိုပါ စတင် ဖွဲ့စည်းလာကြပါတယ်။ နောက်ပိုင်းမှာ ကမ္ဘာတလွှားမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေမှာ မိုင်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

ဘာကြောင့် မိုင်းကို အသုံးပြုရသလဲ

() စစ်အခြေစိုက်စခန်းများကို ကာကွယ်ရန်
() ရန်သူ့စစ်ကြောင်းများကို လမ်းလွှဲရန် (သို့မဟုတ်) သတ်ကွင်းသို့ မောင်းသွင်းရန်
() အချို့သော လမ်းကြောင်းများကို ရန်သူများ အသုံးပြုခြင်းမှ ရှောင်ရှားစေရန်၊ နယ်မြေစိုးမိုးရန်
() ရန်သူ့လှုပ်ရှားမှုများ နှောင့်နှေးကြန့်ကြာစေရန်
() နိုင်ငံများအကြား ကျူးကျော်မှုများကို တားဆီးရေးအတွက် နယ်စပ်ဒေသ ကာကွယ်စောင့်ရှောက်ရန်
() ရန်သူများအား ထိခိုက်ဒဏ်ရာရစေရန်၊ သေကြေပျက်စီးစေရန်

ပေါက်ကွဲစေတတ်သော ပစ္စည်းအမျိုးအစားများ
() anti-personnel landmines
ဒီမိုင်းအမျိုးအစားမှာ မြေမြှုပ်မိုင်းနဲ့ ဆွဲမိုင်းတွေ ပါဝင်ပါတယ်။
() Anti-armor (တင့်ကားများ၊ လက်နက်ကြီးများ)
တင့်ကားတွေနဲ့ လက်နက်ကြီးတွေကို ဖောက်ခွဲဖို့ အသုံးပြုလေ့ရှိတဲ့ မိုင်းအမျိုးအစားဖြစ်ပါတယ်။
() ခဲယမ်းမီးကျောက်များ
လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်၊ မော်တာကျည်၊ ဒုံးကျည်၊ ကျည်ဆံ စတာတွေ ဖြစ်ပါတယ်။
() လက်လုပ်ဗုံးများ
() ဓာတုပစ္စည်းများ

မိုင်းနှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များကြောင့် ဖြစ်ပွားတတ်သော ပျက်စီးဆုံးရှုံးမှုများ

() ကိုယ်ခန္ဓာ ထိခိုက်မှု- မိုင်းတွေ ပေါက်ကွဲခြင်းကြောင့် လူတွေ သေကြေပျက်စီးတာ၊ ခြေလက်အင်္ဂါဆုံးရှုံးတာ၊ အမြင်အာရုံ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပါတယ်။
() စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု- မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းပြီး သိမ်ငယ်စိတ်များ ဖြစ်စေနိုင်ပါတယ်။
() စီးပွားရေးဆိုင်ရာ ထိခိုက်မှု- မြေမြှုပ်မိုင်းတွေကို လယ်ယာမြေတွေမှာ မြှုပ်နှံမှုတွေကြောင့် ကျွဲနွားတွေ သေကြေပျက်စီးမှုဟာ လယ်သမား၊ ယာသမားတွေရဲ့ စီးပွားရေးကို ထိခိုက်စေပါတယ်။ လူကို ထိခိုက်ဒဏ်ရာရစေမှုမှာလဲ ထိခိုက်သူဟာ အိမ်ရဲ့ စားဝတ်နေရေးကို ရှာဖွေနေသူဆိုရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်စေနိုင်ပါတယ်။ စိုက်ပျိုးမြေတွေကို စွန့်လွှတ်ရမှုတွေ ရှိစေပါတယ်။
() ဘ၀ရပ်တည်ရေးဆိုင်ရာ ထိခိုက်မှု- အဆိုးဝါးဆုံးကတော့ သောက်သုံးရေ ရရှိနိုင်မယ့် နေရာဒေသတွေကို မသွားရဲအောင် ဖြစ်စေတတ်ပါတယ်။

ဘာကြောင့် လူတွေ မိုင်းအန္တရာယ်ရဲ့ သားကောင်တွေ ဖြစ်ကြရသလဲ

တချို့က ဒါကို ကံဆိုးလို့လို့ ဆိုတတ်ကြပါတယ်။ အရာအားလုံးမှာ ကံကိုယုံပြီး ဆူးပုံနင်းလို့ မရပါ။ မိုင်းအန္တရာယ်ရဲ့ သားကောင်ဖြစ်ရသူတွေကို လေ့လာကြရာမှာ နယ်မြေဒေသအခြေအနေကို သိရက်နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေ ပြုလုပ်တတ်သူတွေ အများအပြား ပါဝင်နေတာကို တွေ့ကြရပါတယ်။ ဘာကြောင့် ဒီလို စွန့်စားမှုတွေ လုပ်တတ်ကြသလဲ။
() အမှုမဲ့၊ အမှတ်မဲ့နေခြင်း- မိုင်းနင်းပြီးမှ သေမယ်ဆိုတဲ့ လူဟာ သေမှာပဲ။ ရှောင်လို့ ရမှာ မဟုတ်ပါဘူး လို့ ယူဆပြီး အမှုမဲ့၊ အမှတ်မဲ့နေခြင်း။ အန္တရာယ်ကို ထည့်သွင်းစဉ်းစားမှု မပြုခြင်း
() အတင့်ရဲခြင်း- အန္တရာယ်မှ လွတ်မြောက်ထားဖူးသူများမှ နောင်တွင်လည်း လွတ်မြောက်မည် ယူဆပြီး အတင့်ရဲခြင်း
() စွန့်စားခြင်း- အန္တရာယ်ရှိမှန်း သိလျက်နှင့် စွန့်စားသွားလာလိုစိတ်ရျိခြင်း
() စီးပွားရေးလိုအပ်ချက်- သံထည်ပစ္စည်းများအား ရှာဖွေရောင်းချခြင်း (စစ်အတွင်းမှ ကျန်ရစ်သော ဗုံးဆန်၊ အမြောက်ဆန်များကို ရှာဖွေရင်း အသက်ဆုံးရှုံးမှုများ ရှိတတ်ပါတယ်)

မိုင်းနှင့် ခဲယမ်းမီးကျောက်အန္တရာယ် ရှိနိုင်သော နေရာဒေသများ
  • ပျက်စီးနေသော အဆောက်အအုံများ
  • ဖုန်းဆိုးမြေ
  • စစ်တလင်း ဒေသ ကွင်းပြင်များ
  • တောလမ်းများ
  • ယာယီအခြေစိုက် စစ်ခန်းချရာနေရာများ
  • တိုက်ပွဲများ ဖြစ်ပွားတတ်သည့် ဒေသများ
  • စစ်ကြောင်းများသွားလာလှုပ်ရှားတတ်သော လမ်းများ
  • စွန့်ပစ်ထားသော စစ်လက်နက် ပစ္စည်းများ
  • စွန့်ပစ်ထားသော အဆောက်အဦး၊ နေရာဒေသများ

အချက်ပြအမှတ်အသားများ

အနီးအနားမှ သစ်ပင်များတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ တြိဂံနှင့် အန္တရာယ် အချက်ပြ အမှတ်အသားများ ရှိတတ်သည်။ အဆိုပါ အချက်ပြအမှတ်အသားများ မရှိသော်လည်း မိုင်းနှင့် ပေါက်ကွဲစေသော ခဲယမ်းမီးကျောက် အန္တရာယ်ရှိသည်ဟု ယူဆနိုင်သော သက်သေများမှာ သေဆုံးနေသော တိရစ္ဆာန်များ၊ မိုင်းအစိတ်အပိုင်းများ၊ ဆွဲမိုင်း ၀ါယာများ၊ လုံခြုံရေး အစို့အပိတ်များ၊ ပုံမှန်မဟုတ်သော အမိုက်သရိုက် အစုအပုံများ၊ ကျည်ခွံများ ပျံ့ကျဲနေမှုများ၊ ပုံမှန်မဟုတ်သော နယ်မြေဒေသအခြေအနေ စသည်တို့ဖြစ်သည်။

မိမိနှင့် အကျွမ်း မ၀င်သော နယ်မြေလမ်းခရီးကို သွားရောက်ပါက လိုက်နာဆောင်ရွက်ဖွယ်များ

() နယ်မြေခံလူထုနှင့် တာဝန်ရှိသူများအား လုံခြုံသော လမ်းကြောင်းကို မေးမြန်းရန်
() တောလမ်းခရီး အသုံးပြုခြင်းမှ ရှောင်ရှားရန်
() လမ်းကြောင်းနှင့် လှေကားထောင့် စသည်များမှ အတားအဆီးများကို သတိပြုရန်
() မိမိ မမြင်ဖူးသော ပစ္စည်းတစုံတရာကို တွေ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ရှားရန်

သံသယဖြစ်ဖွယ် ပစ္စည်းအား တွေ့ရှိပါက မည်သို့ ပြုမူဆောင်ရွက်မည်နည်း

() အနီးသို့ မသွားပါနှင့်။ (ပစ္စည်းမဟုတ်ပဲ ပေါက်ကွဲမှုကြောင့် ရသော ဒဏ်ရာနှင့် လဲလျောင်းနေသူ ဖြစ်စေကာမူ အစောတလျင် အနီးသို့ မသွားပါနှင့်။ ၀န်းကျင်တွင် ထပ်မံ ပေါက်ကွဲစေတတ်သော မိုင်းများ ရှိနေတတ်သည်)
() မကိုင်ပါနှင့်
() ပစ္စည်းကို ယူဆောင်ပြီး မလွှင့်ပစ်ပါနှင့်
() နီးစပ်ရာ တာဝန်ရှိသူများကို ဆက်သွယ်ပါ

မိုင်းကွင်းထဲ ရောက်နေပါက ပြုလုပ်ဖွယ်ရာများ

() စိတ်ကို အေးအေး ထားပါ
() လှုပ်ရှားမှုများကို ရပ်တန့်ပါ
() မည်သည့်သံသယဖြစ်ဖွယ်ပစ္စည်းများကိုမှ မကိုင်တွယ်ပါနှင့်
() လူသူများအနီးအနားတွင် ရှိပါက အော်ဟစ်အကူအညီတောင်းပါ။

မိုင်းအန္တရာယ်ကို လူအများ အဘယ်ကြောင့် သတိပြုသင့်သနည်း

မိုင်းအန္တရာယ်ကြောင့် အနည်းဆုံး ခြေတဘက်ဆုံးရှုံးကြရသူများ ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေပါတယ်။ မိုင်းများကို ဖယ်ရှားရတာက ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမို ကုန်ကျလျက်ရှိပါတယ်။ မိုင်းအန္တရာယ်သားကောင်များရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအ၀င် အရပ်သားပြည်သူလူထု သာဖြစ်ပါတယ်။ မိုင်းအန္တရာယ်ဟာ နှစ်ပေါင်းများစွာ ကြာအောင် လူ့အဖွဲ့အစည်းကို ခြိမ်းချောက်နေဦးမှာပါပဲ။

မိုင်းအန္တရာယ်ကင်းဝေးရေးအတွက် ဘာတွေ လုပ်ဆောင်သင့်သလဲ

မိုင်းအန္တရာယ် ကင်းဝေးရေးအတွက် အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေအပါအ၀င် ပြည်သူလူထု တရပ်လုံးက နိုးနိုးကြားကြား ပါဝင်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံတကာမှာ ပြုလုပ်လေ့ရှိတဲ့ လုပ်ငန်းဆောင်တာတွေကတော့

() မိုင်းအန္တရာယ် ပညာပေးခြင်း (Mine Risk Education)
  • ရုပ်မြင်သံကြား၊ ရေဒီယို၊ စာနယ်ဇင်း စတာတွေကနေတဆင့် မိုင်းအန္တရာယ်ကို လုအများ သတိထားမိလာအောင် ပညာပေးခြင်း
  • မိုင်းအန္တရာယ်ဖြစ်ပွားမှု မြင့်မားသော နေရာဒေသများတွင် မိုင်းအန္တရာယ် ပညာပေးအဖွဲ့များ ဖွဲ့စည်းပြီး ကျေးရွာများတွင် လှည့်လည် ဟောပြောပညာပေးခြင်း
  • လူထုအခြေပြု မိုင်းအန္တရာယ် လျှော့ချရေး (Community based mine risk reduction- CBMRR) စီမံကိန်းများ အကောင်အထည်ဖော်ခြင်း
  • မိုင်းအန္တရာယ်သတိပြုမိစေရေး နေ့များ သတ်မှတ်ပြီး အခမ်းအနားများ ပြုလုပ်ခြင်း
  • ဆိုင်းဘုတ်များ ရေးဆွဲပြီး လူထုပညာပေးခြင်း

() မြေမြှုပ်မိုင်း ရှင်းလင်းရေး (Mine Clearance- Demining)
  • မိုင်းရှင်းခွေးများ အသုံးပြုခြင်း
  • UXO (Unexploded Ordnance)များ ရှင်းလင်းခြင်း
  • စက်ပစ္စည်းများ အသုံးပြု ရှင်းလင်းခြင်း

() အန္တရာယ် သားကောင်များအား ကူညီပံ့ပိုးခြင်း (Victims Assistance)

၂၀၀၉ ခုနှစ် Convention on Cluster Munitions (CCM) မှာ သားကောင်ဆိုတာကို မိုင်းအန္တရာယ်နဲ့ အခြား ခဲယမ်းမီးကျောက်များ အသုံးပြုမှုကြောင့် ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စီးပွားရေး ပျက်စီးဆုံးရှုံးမှု၊ လူမှုရေး ထိခိုက်နစ်နာမှုနဲ့ လူသားတယောက်ခံစားရမယ့် အခွင့်အရေးများ ဆုံးရှုံးရမှုတွေကို ကြုံတွေ့ခဲ့ရသူများလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီအထဲမှာ တိုက်ရိုက် ထိခိုက်သူတွေ ပါသလို သွယ်ဝိုက် ထိခိုက်ဆုံးရှုံးရတဲ့ မိသားစုဝင်တွေလဲ ပါပါတယ်။ ဒီလို သားကောင်တွေကို နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းက ကူညီစောင့်ရှောက်ရမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။



() ကိုယ်စားပြု လျှောက်လဲချက်ပေးခြင်း (advocacy)
  • အန္တရာယ်ကို လူအများ သတိပြုမိလာအောင် ပြုလုပ်ခြင်း
  • မိုင်းအန္တရာယ် ကင်းဝေးရေး လှုပ်ရှားမှုများအတွက် လူ့စွမ်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ ရှာဖွေအသုံးပြုခြင်း
  • နိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ မိုင်းများအသုံးပြုမှုနှင့် ဖယ်ရှားမှုများတွင် နိုင်ငံတကာ ဥပဒေများ၏ စံချိန် စံညွှန်းနှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ လေ့လာစောင့်ကြည့်ခြင်း
  • အန္တရာယ်သားကောင်များ၏ လူ့အခွင့်အရေးများကို မီးမောင်းထိုးပြခြင်း
  • မိုင်းအန္တရာယ်ကင်းဝေးရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်လာစေရန် ကင်ပိန်းများ ဖော်ဆောင်ခြင်း၊ စည်းရုံးလှုံဆော်ခြင်း
  • မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘဏ္ဍာရေး ခွဲဝေ အသုံးပြုမှု စရိတ် တိုးမြင့်လာအောင် ဆောင်ရွက်ခြင်း
  • နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့များတွင် မိုင်းအန္တရာယ်ကင်းရှင်းရေး စီမံချက်များ ထွက်ပေါ်လာအောင် ကြိုးပမ်းခြင်း
  • အစီရင်ခံစာများ ထုတ်ဝေခြင်း

စတာတွေပဲ ဖြစ်ပါတယ်။


(လူတိုင်း၊ လူတိုင်း မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ အန္တရာယ်မှ ကင်းဝေးကြစေရန် ရည်သန်လျက်)

ခင်မမမျိုး (၄၊ ၄၊ ၂၀၁၀)



ရည်ညွန်းကိုးကား။

Australia Agency for International Development (2005) Mine Action Strategy, AUSADI

Chris Rush (2009) 'Sri Lanka: Mine Action in a Deteriorating Environment', Journal of Mine Action, 13 (3), Mine Action Information Centre

Geneva International Centre for Humanitarian Mining (2005) Mine Action: Lessons and Challenges, Geneva

Mudhafar Aziz Hamad (2007) 'The Child-to-Adult Method in Mine-risk Education', Journal of Mine Action, 11 (1), Mine Action Information Centre

Salomon Schreuder (2007) 'Iraq Facing the Legacy of Landmines and Explosive Remnants of War', Journal of Mine Action, 11 (2), Mine Action Information Centre

United Nations (2010) Gender Guidelines for Mine Action Programmes, March, 2010
US Department of State (2005) The Landmine Action Smart book, 2nd edition
မိုင်းအန္တရာယ် သိမှတ်ဖွယ်.pdfမိုင်းအန္တရာယ် သိမှတ်ဖွယ်.pdf
111K   View   Download  

No comments: