Sunday, December 5, 2010


 

ယုံကြည်ချက်ကို အားသွန်ခွန်စိုက် ၊ အမဲလိုက်သလို လိုက်ကြ

လက်ပတ်နာရီ မပတ်ထားတဲ့ တောင်တန်းများလို
ခပ်ပေါ့ပေါ့ထိုင်ပြီး ကိုယ့်အချိန်သက်တမ်း ကိုယ်မေ့လျော့
ချိုပေါ့ကျတစ်ခွက်နဲ့ တစ်ဘ၀စာ အနင်းခံနေလို့တော့ မဖြစ်ဘူး.....။

အင်အားကြီးမားတဲ့ တရုတ်ကို ဒူးထောက်
အင်အားချိနဲ့ AIDS ရောဂါသည်များအား ခြိမ်းခြောက်
သိက္ခာနဲ သဘောထားမွဲ ရင်ကြားမစေ့
စိတ်နာဆဲ ကျောသား ရင်သားခွဲခြားနေကြတယ်....

ပြည့်တန်ဆာရုံမှာ ရောင်စုံမီးတွေ ထွန်းပြီး ဖောက်သည်ရှာသလိုမျိုး
ပြည်သူ့လွှတ်တော်က ရောင်စုံသူပုန်တွေ မွေးပြီး စစ်မက်ပြဿနာ ရှာမှာလား...

ဒုစရိုက်တွေ ကြီးစိုးဆဲ အမိုက်မှောင် ခေတ်ထဲ
ခြေသလုံးအိမ်တိုင်နဲ့ အခြေတကျ မရှိတဲ့ စစ်
ဒုက္ခကို ဘစ်ကားမှတ်တိုင်မှာ ကားစောင့်သလိုစောင့်နေကြရင်.....
မျက်စိစုံမှိတ်ပြီး ဒဏ်ရာကို ၀တ်ဆင်ရလိမ့်ဦးမယ်။

ဘ၀ မျဉ်းကြားက ဖြတ်ကူးတာတောင်မှ
အာဏာ အရက်မူးသမားမောင်းတဲ့စစ်ကား ဖြတ်တိုက်ခံရသလိုမျိုး
နယ်စပ်ကို ဖြတ်ကူးကူး ၊ မြို့ပြမှာနေနေ
နာလံမထတဲ့ အတွေးအခေါ်တွေကို ထိပ်တုံးခတ်ခံထားရတယ်......၊

အတွေ့အကြုံတွေကို လေးလေးနက်နက် စဉ်းစားပြီးမှ ပစ်တဲ့မြှား
အဆိုးနဲ့ကြုံလည်း တချိန်ချိန်မှာ ဦးတည်ချက် ပစ်မှတ်ကို ထိမှန်မယ်.....

မပြောင်းလဲခြင်းက ပြောင်းလဲခြင်းဆိုတော့
လက်တွေ ဆန့်တန်းပြီး ဆုံးရှုံးနေတဲ့ ရပိုင်ခွင့်ကြွေးကြော်သူတွေ
အနာဂတ်မှာ အပြုံးများပွေ့ဖက်ပြီး ဒူးနှံ့ လေချွန်ကြ ။

စွန့်လွှတ်အနစ်နာခံပြီး ပေးဆပ်သူတွေရဲ့ ကျောက်ရုပ်
ဦးထုပ်ချွတ်ပြီး အလေးအကြိမ်ကြိမ် ပြုကြ....။

ငြိမ်းချမ်းရေး အခါသမယ ရောက်မှ
နစ်မြှပ်နေတဲ့ ကံတရားကို စိတ်ရှည်ရှည်ထား ငါးမျှားသလိုမျှားနိုင်မယ်..

ကမ္ဘာပြုံးမဲ့နေ့မှာ အမိမြေနဲ့ ပြန်ဆုံချင်ရင်....
ယုံကြည်ချက်ကို အားသွန်ခွန်စိုက် အမဲလိုက်သလို လိုက်ရမယ်...

အောင်ခိုင်မြင့်

No comments: