Tuesday, December 21, 2010

ဟုတ်ရင်လည်း ဟုတ်မယ်။ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။

သတိ လက်နှိပ်ဓါတ်မီးမဆောင်ရ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၂၂၊ ၂၀၁ဝ နေပြည်တော်ဘူတာ၊ မတ်လ ၂၀၁၀ (photo-getty images)
လက်နှိပ်ဓါတ်မီး ဆောင်ထားတယ် ဆိုရင်တော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းဖို့  နေပြည်တော်ဘူတာကနေ သင့်ကို စောင့်ကြိုနေမှာပါ။
ဒီရက်ပိုင်းအတွင်းမှာ ဗုံးဖောက်ခွဲ တိုက်ခိုက်နိုင်တယ်လို့ စစ်အစိုးရက ယုံကြည်တာကြောင့် နေပြည်တော် ဘူတာမှာ   တင်းကြပ်စွာ စစ်ဆေးနေပြီး သံသယရှိဖွယ် ပစ္စည်းတွေကို သိမ်းဆည်းနေပါတယ်။
          အဲဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေ သတိအထားဆုံးကတော့ လက်နှိပ်ဓါတ်မီးတွေပဲလို့ ရထားစီး ခရီးသည်တွေက ပြောကြပါတယ်။
          `ရထားပေါ်မှာလည်း မီးကလည်း ကောင်းကောင်း လင်းတာ မဟုတ်။ ရန်ကုန်ရောက်ရင်လည်း လမ်းတိုင်းမှာ မီးက လင်းတာ မဟုတ်။ လက်နှိပ်ဓါတ်မီးတွေကို ဗုံးလုပ်နိုင်တယ် ဆိုပြီး အကုန်သိမ်းတော့တာပဲ´ လို့ ဓါတ်မီး အသိမ်းခံခဲ့ရတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။
          ခရီးသည်တွေကို အမျိုးသား၊ အမျိုးသမီး နှစ်တန်း ခွဲပြီး ခရီးဆောင်အိတ်တွေကို ဖွင့်ကြည့် စစ်ဆေးခြင်းနဲ့ ခန္ဓာကိုယ် အနှံ့ ရှာဖွေ စစ်ဆေးတာတွေ လုပ်တာကြောင့် ခရီးစဉ် နှောင့်နှေးပြီး စိတ် အနှောက်အယှက် ဖြစ်ကြရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။
          `လုံခြုံရေးအတွက် စစ်ဆေးနေပါတယ်။ ကြည်ဖြူစွာ ခံယူပါ လို့ ပြောတယ်။ ခရီးသည်တွေ လုံခြုံရေးလား သူတို့အတွက် လုံခြုံရေးလား ဆိုတာတော့ သူတို့ပဲ သိမှာပါ။ တကယ် ဗုံးဖောက်မယ့်သူက ဓါတ်ခဲ အကြီးကြီးတောင် မလိုဘူး။ ဟန်းဖုန်းနဲ့တောင် အလုပ်ဖြစ်တယ်´ လို့ ခရီးသည် တစ်ဦးက ၄င်းရဲ့ ခံစားချက်ကို ပြောပါတယ်။
          ၂၀၁၀ သင်္ကြန်ကာလအတွင်း ကန်တော်ကြီးပတ်လမ်းက X2O ရေကစားမဏ္ဍပ်မှာ ဖောက်ခွဲခဲ့တဲ့ ဗုံးများဟာ ဟန်းဖုန်းကို အခြေခံပြီး ပြုလုပ်ခဲ့တယ် ဆိုတာကြောင့် အခုလို ဓါတ်မီးနဲ့ ဓါတ်ခဲများ သိမ်းဆည်းတာဟာ ပြည်သူတွေ လုံခြုံရေးအတွက် အမှန်တကယ် လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ခရီးသည်တွေက ယူဆကြပါတယ်။
          နေပြည်တော်ဘူတာမှာ သိမ်းဆည်းထားတဲ့ လက်နှိပ်ဓါတ်မီးတွေ ရာဂဏန်းနဲ့ချီပြီး တွေ့ခဲ့ရတယ်လို့ လက်နှိပ်ဓါတ်မီး ပြန်သွားတောင်းခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။
 
ပြည်တွင်း သတင်းဂျာနယ်များ ခြေတလှမ်းတိုး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၂၊ ၂၀၁၀
လွန်ခဲ့တဲ့ သီတင်းပတ် စခါစကတည်းက ပြည်တွင်းဂျာနယ်တွေက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းချက်တွေကို ဖေါ်ပြဖို့ စာပေစိစစ်ရေးဆီ တင်ပြခဲ့ကြပါတယ်။ သို့ပေမယ့် ယခုအချိန်ထိတော့ ဘယ်ဂျာနယ်မှ ဖေါ်ပြခွင့် မရခဲ့ကြသေးပါဘူး။
          ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ခေတ်ဂျာနယ်နဲ့ ဗီးနပ်စ်ဂျာနယ် နှစ်စောင်ကို ဒီဇင်ဘာလ ၁၄  ရက် တစ်ရက်ထည်းမှာ တွေ့ဆုံဖြေကြားခဲ့ပြီးနောက် ရက်ပိုင်းမှာ အခြားသတင်းဂျာနယ်များဖြစ်တဲ့ `The Voice´ ၊ `7DAY´နဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်တွေကို ထပ်ပြီး လက်ခံ ဖြေကြားခဲ့ပါတယ်။
စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖေါ်ပြခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို ပြည်တွင်းဂျာနယ်တွေကို အသိပေးထားခြင်း မရှိပါဘူး။ ဒါကြေကာင့် ပြည်တွင်းဂျာနယ်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်း၊ သားဖြစ်သူ ရန်ကုန်သို့ အလည်လာရောက်တဲ့ သတင်းတွေ ဖေါ်ပြခွင့်ရခဲ့ကြတဲ့ နောက်မှာ ယခုလို တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်တွေကို ဖေါ်ပြဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
          သို့ပေမယ့် သားဖြစ်သူပြန်လာတဲ့ သတင်း ဖေါ်ပြပြီး နောက်ပိုင်း သူ့နဲ့ ပတ်သက်တဲ့ သတင်းတွေကို တောက်လျှောက် ပယ်ချနေခဲ့တာလည်း ဖြစ်ပါတယ်။
          ပြည်တွင်းမီဒီယာများမှာ ရေးသားနေတဲ့ အလွတ်သတင်းထောက် တစ်ဦးကတော့ ``ပြည်တွင်းက သတင်းသမားတွေ အနေနဲ့ ရွေးကောက်ပွဲ သတင်းတွေ လိုက်ပြီးနောက်၊ ဒေါ်စုလွတ်တဲ့ သတင်းတွေကို စိတ်ဝင်တစားလိုက်ခဲ့ကြတယ်။ အရင်က နိုင်ငံရေး သတင်း ဆိုလို့ အသက်မပါတဲ့ စစ်အစိုးရရဲ့ အခမ်းအနား ကြေညာချက်တွေ လောက်သာ သူတို့ဖေါ်ပြခွင့်ပြုတဲ့ အရေးအသားအတိုင်း ဖေါ်ပြခဲ့ကြရတာ။ အခုလို အသက်ဝင်တဲ့ နိုင်ငံရေး သတင်းမျိုး လိုက်ကြရ၊ ရေးကြရလို့ တက်ကြွနေတာတွေ့ရတယ်။ ဖေါ်ပြခွင့် မရတာကတော့ စိတ်မကောင်းစရာပေါ့´´လို့ ပြောပါတယ်။
အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများအပါအ၀င် လုံးချင်းစာအုပ်ထုတ်ဝေမှု အားလုံးကို  နာမည်ကျော် စာပေစိစစ်ရေးဌာနကို တင်ပြကြရပြီး ခွင့်ပြုချက်ရမှ ပုံနှိပ်ပြီး ထုတ်ဝေကြရပါတယ်။
စာပေစိစစ်ရေးနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဌာနကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သတင်း၊ အနုပညာရသ စာပေ၊ ဘာသာရေးစာပေများ အထိ စိစစ်ခံနေကြရပါတယ်။
          နိုဝင်ဘာလ ၇ ရက်နေ့မှာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီး မကြာမီ အစိုးရသစ်ကို ဖွဲ့စည်းမှာ ဖြစ်ပေမယ့် စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းမယ့် လက္ခဏာ မတွေ့ရှိရသေးပါဘူး။

 

သံဃာများ ပညာသင်ကြားရေး သာသနာ့ဦးသျှောင်အဖွဲ့ ထောက်ပံ့ရန်စီစဉ်

2010-12-21
အမေရိကန်ပြည်ထောင်စု အခြေစိုက် သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အနေနဲ့ သံဃာတော်တွေအတွက် ပညာသင်ထောက်ပံ့ကြေး ဆုငွေချီးမြှင့်ဖို့ စီစဉ် လုပ်ဆောင်နေတယ်လို့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက RFA ကို ဒီဇင်ဘာ ၂၀ ရက် မနေ့က မိန့်ကြားပါတယ်။
(Photo: Tyler Chapman/RFA)
ဘုန်းကြီးကျောင်းတခုတွင် သံဃာများကို စာပေ ပရိယတ္တိ သင်ကြား စာချပေးနေပုံ ဖြစ်ပါသည်။ (Photo: Tyler Chapman/RFA)
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တတိယအကြိမ်မြောက် သာသနာ့ဦးသျှောင်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
ပြည်တွင်းပြည်ပမှာ ရှိတဲ့ သံဃာတော်တွေကို ထောက်ပံ့ဖို့အတွက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
“နံပါတ် ၁ က ပြည်တွင်းမှာ ရှိတဲ့ သံဃာတွေ ထောက်ပံ့ဖို့ရယ်၊ နံပါတ် ၂ က အိန္ဒိယနဲ့ သီရိလင်္ကာတို့မှာ စာသင်နေတဲ့ မြန်မာ ရဟန်းသံဃာတွေကို ပညာသင်ကြေးတွေ ထောက်ပံ့ပေးဖို့ပေါ့။ နယ်စပ်နဲ့ ပြည်တွင်းမှာ ရှိတဲ့ သံဃာတွေ အတွက်ပေါ့လေ။ ရောက်နေတဲ့ မြန်မာ ရဟန်းသံဃာတွေအတွက်ကို လုံးဝ တာဝန်ယူထားတာတွေ ရှိပါတယ်။ အဓိကထားပြီး လှုပ်ရှားမှာကတော့ သာသနာ့ အန္တရာယ် ကာကွယ်ရေးပေါ့။”
“ဒီ သာသနာနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး၊ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ အဓိက ဖြစ်နေတဲ့ ဒုက္ခတွေပေါ့။ အထူးသဖြင့် ထောင်ကျ ရဟန်းသံဃာတွေ လိုအပ်တဲ့ဟာတွေ၊ ဘာဖြစ်လို့လဲဆိုတော့ ထောင်ထဲမှာ ရှိနေတဲ့ ရဟန်းသံဃာတွေဟာ သူတို့ကို သွားပြီးတော့ ကြည့်မဲ့ရှုမဲ့ ဒကာဒကာမတွေ မရှိတော့ ဘုန်းဘုန်းတို့က အထူးသဖြင့် သူတို့တွေအတွက်ပေါ့၊ ဒါက ပြည်တွင်းအတွက် ဘုန်းဘုန်းတို့က ရပ်တည်သွားမှာပါ၊ သူတို့နဲ့ အတူတူ။”
ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေကိုလည်း သာသနာ့ဦးသျှောင်အဖွဲ့ကြီးက ထောက်ခံတယ်လို့ ဆက်လက် မိန့်ကြား သွားပါတယ်။
နှစ်ပတ်လည်အစည်းအဝေးအပြီး ဦးဆောင်ဆရာတော်တွေကို ပြန်လည်ဖွဲ့စည်းခဲ့ရာမှာ နာယကဆရာတော်တွေ အဖြစ် ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ၊ ကနေဒါဆရာတော် ဦးကောဝိဒ၊ ဦးဂုဏိဿရ၊ ဦးပညာနန္ဒ၊ ဦးစန္ဒောဘာသတို့ ဖြစ်ပါတယ်။
သာသနာ့ ဦးသျှောင် အဖွဲ့ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သာသနာ့ရန် ကာကွယ်ရေးနဲ့ သံဃာ့ညီညွတ်ရေး ဦးတည်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။ ပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ ကောဝိဒါဘိဝံသက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


http://www.mizzimaburmese.com/edop/songpa/6623-2010-12-21-04-28-39.html

ဦးကျော်ငြိမ်းနှင့် တိုင်း ၆
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၀ နာရီ ၅၀ မိနစ်

စာပေလောကမှာ စိတ်ကူးနဲ့ ဇာတ်ကောင်တွေကိုထွင်ပြီး ဝတ္တုရေးတာကို Fiction
လို့ ခေါ်ပါတယ်။ အကြောင်းအရာ အချက်အလက်ကို မှီပြီးရေးတာကို non-fiction
လို့ ခေါ်ပါတယ်။ Non-fiction မှာ အထူးသဖြင့် ရာဇဝင်အကြောင်း ရေးပြီဆိုရင်
အချက်အလက်ကို ထွင်လို့ မရသလို သွေဖီလို့မရပါဘူး။ အတိုချုပ် ရေးတာဗျ
ဆိုပြီး ရောထွေးပစ်လို့လဲ မရပါဘူး။

ဥပမာ ဦးကျော်ငြိမ်း က တိုင်း(၆) နိုင်ငံရေးမှူး ၊ဒါက အချက်အလက် (fact)။
ဦးကျော်ငြိမ်း တိုင်း (၆) ကို ရောက်မလာလို့ ဗိုလ်ချုပ် ကျော်ဇောက
ဦးကျော်ငြိမ်း ကို သူရဲဘော နဲတယ်လို့ ကောက်ချက်ချတယ်။ ဒါက သုံးသပ်ချက် -
အမြင် (Opinion)။ မှားတာ မှန်တာ အပထားလို့ သူ့ အမြင် သူရှိခွင့်ရှိတယ်။ ဒါ
လွတ်လပ်စွာ တွေးခွင့် ပြောဆိုခွင့်ကို ယုံကြည်ရင်ပေါ့။ တချိန်ထဲမှာ
ဦးကျော်ငြိမ်းဘက်က ပြန်ချေပခွင့်ရှိတယ်။ ကျနော်က သားတယောက်အနေနဲ့ ပြန်ချေပ
ပြီးပြီ။ စာဖတ်သူတွေ သုတေသီတွေ ရာဇဝင်ဆရာတွေ ဆုံးဖြတ်ကြပါစေ။
သာမန် အပေါ်ယံကြော အမြင်နဲ့ကြည့်ရင် ဗိုလ်ချုပ်ကျော်ဇောလို ပုဂ္ဂိုလ်ကြီးက
ရေးတာဆိုတော့ မှန်နိုင်တာပေါ့၊ ယုံချင်စရာပေါ့။ ဒါပေမဲ့ ခရစ်တီကယ်
တွေးခေါ်မှု နဲ့တိုင်းတာကြည့်ရင် ဗိုလ်ချုပ်ကျော်ဇောက ဦးကျော်ငြိမ်းကို
ဒီလိုကောက်ချက်ချရအောင် ဘာအထောက်အထားတွေ ရှိလို့လဲ၊ ဦးကျော်ငြိမ်းအကြောင်း
နီးနီးကပ်ကပ် သိလို့လား၊ ကွန်မြူနစ်အမြင်နဲ့ ရေးတာလား။ တာဝန်ကျရာတိုင်းကို
မရောက်လာတာ ဘာ အကြောင်းများ ရှိသလဲ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း (၁) တာဝန်ကို ဗိုလ်မောင်မောင်ကို
လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်းလဲ တာဝန်ကျရာတိုင်းကို
မရောက်လာတော့ဘူး။ ဒါဆို ကိုဗဟိန်းရော သူရဲဘောနည်းတာလား စသည်စသည်ဖြင့်
တွေးမယ် မေးမယ်၊ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့။

ဦးကျော်ငြိမ်းနဲ့အနီးကပ် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဦးနုက တာတေစနေသား
စာမျက်နှာ (၁၃၇) မှာ ဦးကျော်ငြိမ်း ဟာ သတ္တိရှိတယ်လို့ အတိအလင်းရေးခဲ့ပါတယ်။

ဦးကျော်ငြိမ်းဟာ အခုပြောခဲ့တဲ့လူစားမျိုးမှာ မပါဘူး သူဟာသတ္တိ ရှိတယ်၊
သာယာစီးတွေ အချောင်သမားတွေ၊ ခွတုပ်တွေလုပ်နေတဲ့ အလုပ်မျိုး သူမလုပ်ဘူး။
ရန်သူကို စစ်ကျေညာပြီး ချနေတာပဲ။ ....သူ့ကိုသာ ရန်သူက ဖမ်းမိသွားရင်
လူထုရုံးတော်ကိုတောင် တင်နေမှာမဟုတ်ဖူး။ ချက်ချင်းကားစင်တင်၊ ရင်ခွဲ ၊
အူအသဲကို ထုတ်ပြီး အစိမ်းလိုက် ဝါးစားပြစ်ကြလိမ့်မယ် ထင်တယ်။
ဒီလိုလုပ်ကြမယ်ဆိုတာကို ဦးကျော်ငြိမ်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဒါကို
နဲနဲကလေးမှ သူစောက်ဂရုမစိုက်ဖူး။ သူ့အစီအစဉ်အတိုင်း သူဆက်သွားနေတာပဲ။

ဦးနု နဲ့ ဗိုလ်ချုပ်ကျော်ဇော - ဘယ်သူက ဦးကျော်ငြိမ်း အကြောင်း
ပိုသိမယ်ထင်ပါသလဲ။ ဘယ်သူ့ သုံးသပ်ချက်က ပိုမှန်နိုင်တယ် ထင်ပါသလဲ။
လွတ်လပ်စွာပြောဆိုခွင့်ကို ယုံရင် လွတ်လပ်စွာတွေး ခေါ်ခွင့်ကို
လက်ခံရမှာပဲ။ တွေးခွင့်ရှိတယ်၊ အမြင် (Opinion) ရှိခွင့်ရှိပါတယ်။

ဒါပေမဲ့ အချက်အလက်ကို ဘယ်တော့ ဘယ်သူမှ ပြောင်းခွင့် မရှိပါဘူး။
ဗိုလ်ချုပ်ကျော်ဇောပင် ပြောင်းခွင့်မရှိပါဘူး။ ဝင်းတင့်ထွန်းရဲ့
ချေပချက်ကို သုံးသပ်ရရင် အချက်အလက် (facts) နဲ့ မိမိအမြင် (Opinion)ကို
မခွဲခြားနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။

တိုင်းတာဝန်တွေခွဲကြတော့ ဦးကျော်ငြိမ်းက တိုင်း(၆) နိုင်ငံရေးမှူး၊
သခင်ချစ်က တိုင်း (၄) နိုင်ငံရေးမှူး၊ သခင်ဗဟိန်းက တိုင်း (၁)
နိုင်ငံရေးမှူး၊ ဦးဗဆွေက ရန်ကုန်တာဝန်ခံ။ ဒါတွေက ပြင်လို့မရတဲ့ အချက်အလက်
တွေပါပဲ။ ဒါ ခေါင်းဆောင်တွေအားလုံး စုံပြီး သဘောတူခဲ့ကြတာ။

အကြောင်းကြောင်းကြောင့် တိုင်းကို ရောက်မလာတာတပိုင်း၊
ဦးကျော်ငြိမ်းသော်လည်းကောင်း ကိုဗဟိန်းသော်လည်းကောင်း ၎င်းတို့ တိုင်းသို့
မသွားနိုင်လျှင် ၎င်းတို့နေရာတွင်ရှိရာလူကို တိုင်းတာဝန်ရှိသူတို့က အစားထိုး
ခိုင်းနိုင်တယ်။ သို့သော် နောင်တချိန်မှ ရာဇဝင် အကြောင်းရေးသူက
ဦးကျော်ငြိမ်းသည် ရန်ကုန်တွင်ရှိနေ၍ ဦးဗဆွေကြီးနှင့်အတူ
ရန်ကုန်တိုင်းတာဝန်ခံ ဖြစ်စေသတည်းလို့ လုပ်၍ မရပါ။

(ဂျပန်တော်လှန်ရေးအစမှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ဦးဗဆွေ
လွတ်မြောက်ရေးအတွက် လုံးပန်း အားထုတ်ဖို့ တာဝန်ကျရာ တိုင်း (၃) ကို
မလိုက်နိုင်တော့တဲ့ ဦးကျော်ငြိမ်းဟာ ရန်ကုန်မှာပဲ လှည့်လည်
ရှောင်တိမ်းရင်း ရန်ကုန်တာဝန်များကို ထမ်းဆောင်ပါတယ်လို့ ဝင်းတင့်ထွန်းရဲ့
အမှောင်ကြားက ဗမာပြည်စာအုပ် စာမျက်နှာ ၃၉ မှာ ဖော်ပြထားပါတယ်။ အယ်ဒီတာ)

ဦးကျော်ငြိမ်း ဟာ တိုင်း(၆) နိုင်ငံရေး တာဝန်ခံဆိုတာ (ပြင်) ၍မရတဲ့
အချက်အလက် ဖြစ်တာကြောင့်ပါပဲ။ ဦးကျော်ငြိမ်းဘာကြောင့် တိုင်း(၆)
ကိုမသွားရသလဲ ဆိုတာ ကျနော် ဗိုလ်ချုပ်ကျော်ဇောဆိုတဲ့ ဆောင်းပါးမှာ
ရှင်းခဲ့ပြီးပါပြီ။

(၁) ဦးဗဆွေကြီးကို ဂျပန်ကင်တိုင်က ဖမ်းသွားတော့ နောက်ဆုံးအချိန်ကျမှ
ပျဉ်းမနားကို မသွားနိုင်တော့လို့ ဦးကျော်ငြိမ်းနဲ့ ဦးလှမောင်တို့က
ဦးဗဆွေကြီး လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့ကြရသည်ဟု ဒေါက်တာမောင်မောင်က
၁၉၅၅ မတ်လထုတ် ဂါးဒီးယန်း II, စာမျက်နှာ (၉) မှ (၁၉) တွင် ရေးခဲ့သည်ကို
ဒေါက်တာမောင်မောင် ဇနီး၏ခွင့်ပြုချက်ဖြင့် Dr Robert Taylor ထုတ်ဝေတဲ့ Dr.
Maung Maung Gentleman Scholar Patriot ဆိုတဲ့စာအုပ် စာမျက်နှာ (၁၃၈) မှာ
ဖေါ်ပြထားပါတယ်။ ဒေါက်တာမောင်မောင်က ဦးကျော်ငြိမ်းနဲ့
တွေ့ဆုံဆွေးနွေးပြီးမှ ရေးသားခြင်းဖြစ်တယ်။ ဗိုလ်ချုပ်ကျော်ဇောအကြောင်းလဲ
အခန်းတခန်းပါတယ်။

(၂) နောက် အရေးကြီးသော အကြောင်းတရပ်မှာ ကွန်မြူနစ် ဆိုရှယ်လစ် ပဋိပက္ခမှာ
ကြီးမားရာ တဖက်နှင့် တဖက် သံသယဝင်မှုမှာ မသေးငယ်ပါ။ ထို့ကြောင့်
စစ်တိုင်းတွေခွဲကြအပြီး နိုင်ငံရေးမှူးတွေခွဲကြရာမှာ
ဗိုလ်ချုပ်ကျော်ဇောကဖိတ်ခေါ်ရာ ဦးကျော်ငြိမ်းကငြင်းပယ်ကာ ကျုပ်
ဗိုလ်ရဲထွဋ်တိုင်းကိုသွားမယ်လို့ တိုင်း(၆) ကိုရွေးချယ်ခဲ့ကြောင်း
ရေးပြခဲ့ပြီးပါပြီ။ ထို့နည်းတူစွာ ကွန်မြူနစ် ကိုဗဟိန်းလဲ
ဗိုလ်ချုပ်အောင်ဆန်းအစား ဆိုရှယ်လစ် ဗိုလ်မောင်မောင်ဦးစီးသော
စစ်တိုင်း(၁) သို့ မသွားတော့ပါ။

(မှတ်ချက်။ ရှုပ်ထွေးသောနိုင်ငံရေး အခြေအနေနောက်ခံကို ထည့်မတွက်ပဲ
လိုရာဆွဲရေးလျှင် ပြည့်စုံမည်မဟုတ်ပါ)

ဖတပလ (AFO) ကို ဖွဲ့ကြတော့ သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ
ကိုယ်စားလှယ် အနေနဲ့ တက်လာတာပါ။ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အနေနဲ့
မဟုတ်ပါ။ တော်လှန်ရေးအပြီး နောင်ကွန်မြူနစ်ပါတီ အလံထောင်မှ တရားဝင်
ကွန်မြူနစ် ဖြစ်သွားသူပါ။ ဒီအချက်ကို ကြည့်ရင် တော်လှန်ရေးပြီးမှ
သခင်ချစ်ကိုကွန်မြူနစ်လို့ သတ်မှတ်လို့ ရပါမယ်။ တော်လှန်ရေးကာလမှာ
သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်သာဖြစ်ပေတယ်။
ဤရာဇဝင်အချက်အလက်ကိုလဲ (ပြင်) ၍ မရပါ။

ထို့ကြောင့် အချက်အလက်အမှန်က ပြည်သူ့အရေးတော်ပုံ ပါတီက ဦးကျော်ငြိမ်း သည်
တိုင်း (၆) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံ ပါတီက သခင်ချစ်က တိုင်း
(၄) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံ ပါတီက ဦးဗဆွေကြီးက ရန်ကုန်
နိုင်ငံရေး တာဝန်ခံ။ ထို့ကြောင့် ဝင်းတင့်ထွန်း ရေးတဲ့ တိုင်း
နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်ဆိုသည်မှာ
အချက်အလက်မမှန် အဓိပ္ပာယ် မရှိပါ။

ဝင်းတင့်ထွန်းက ပြန်လည်ခြေပရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး
အဲဒီတုန်း က ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက
ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင်
ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ
“ပြည်သူ့အရေးတော်ပုံပါတီ ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး မေလဆန်း
ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း
ကွန်မြူနစ်ပါတီဝင်အ ဖြစ် အတိအလင်းပြောင်းလဲဖေါ်ပြလိုက်တယ် မဟုတ်လား။
သေတဲ့အထိလဲ ကွန်မြူနစ် ကြီးအဖြစ် ပြတ်ပြတ်သားသားဖေါ်ပြသွားခဲ့ပြီး
တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ်
မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့
ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ
ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊
သခင် ချစ် ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ
ကွန်မြူနစ်တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း
ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့) ဒါ အတော်ကြီးကျယ်တဲ့
လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒီရေးသားချက်ကိုကြည့်ရင် ဝင်းတင့်ထွန်းဟာ သူ့ဟာသူ ဝိရောဓိ (conflict)
ဖြစ်နေတယ် ဆိုတာကိုပင် သတိပြုမိပုံ မပေါ်ပါ။ သခင်ချစ် ဟာ
ပြည်သူ့အရေးတောပုံပါတီကဖြစ်ကြောင်း အရှေ့မှာဝန်ခံထားပြီး နောက်မှာတခါ
သခင်ချစ်ဟာ မဟာကွန်မြူနစ်ဖြစ်ကြောင်း ရောချထားပါတယ်။ သခင်ချစ်ဟာ
ကွန်မြူနစ် ဘုရားသခင် အဖြစ် သေသွားအုံး အရေးမကြီးပါ။ အရေးကြီးသော
အချက်မှာ နိုင်ငံရေးမှူး သခင်ချစ်ကို ပြည်သူ့အရေးတော်ပုံပါတီကပါဟု
လက်ခံလျှင် “နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်”
ဆိုသည်မှာ အချက်အလက်မမှန် အဓိပ္ပာယ် မရှိပါ။

ရာဇဝင်အကြောင်းရေးရာမှာ အတိုချုပ် ရောရေးတာမရှိရပါ တိကျမှုရှိရပါမယ်။
စိတ်မကောင်းစရာက ဤသို့ အချက်အလက် အမှန်ကို လိုရာဆွဲဆန့်ပြီး ကောက်ချက်
ချခြင်းသည် မည်မျှ အရေးကြီးသော လွဲမှားမှုဖြစ်ကြောင်း ဆိုတာကို
ဝင်းတင့်ထွန်း သဘောပေါက်ပုံမရပါ။ ဒါကြောင့် အတိုချုပ်အဖြစ်
ကွန်မြူနစ်ပါတီကချည်းလို့ ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို
ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား လို့ရေးရဲတာပါ။

ရာဇဝင် ဆိုတာ အတိုဘဲရေးရေး ၊စာတကြောင်းဘဲ ရေးရေး ပေါ့ပေါ့ရေး၍မရ
အချက်အလက်မှန်ရမည် ဆိုတာကို နားမလည်နိုင်ရင်တော့ ခက်သားလား။

သခင်တင်မြရဲ့တန်ဖိုး

သခင်တင်မြ ကို နိုင်ငံရေး ဝါဒအမြင်နဲ့ ကြည့်ရင် ဘဝင်မကျစရာ လက်မခံ စရာတွေ
ရှိပါတယ်။ သို့သော် သခင်တင်မြဟာ ငယ်စဉ်ကထဲက တော်လှန်ရေးမှာ ပါခဲ့တာကြောင့်
အတွင်းသိ တယောက် ဖြစ်ပြန်တယ်။ ဒါကြောင့် စာရေးဆရာ အထူးသဖြင့် ရာဇဝင်
စာရေးဆရာတယောက်အနေနဲ့ ကြည့်ရင် တန်ဖိုး ရှိပါတယ်။
ကျနော်က သခင်တင်မြ ကို နိုင်ငံရေးသမား သခင်တင်မြ နဲ့ ရာဇဝင် စာရေးဆရာ
သခင်တင်မြလို့ ခွဲမြင်ပါတယ်။

ကျနော်က ဗိုလ်ချုပ်ကျော်ဇော ကို ကွန်မြူနစ်လို့ မမြင်ဖူး၊ တိုင်းပြည်အတွက်
အသက်စွန့်စား လွတ်လပ်ရေး အတွက်တိုက်ခဲ့ တဲ့ တော်လှန်ရေးသမားကြီး လို့ပဲ
မြင်မိတယ်။

ကျနော် ရှင်းပြပါရစေ၊ ရာဇဝင် သုတေသီတယောက်ဖြစ်လိုရင်
စာအုပ်ပေါင်းများစွာကို ထောင့်ပေါင်းစုံက ကြည့်ရပါတယ်။ ပြီးမှ ကွဲပြားမှုက
ဒါ တူညီမှုက ဒါ ဖြစ်နိုင်ခြေက ဒါ ဆိုတာ ဉာဏ်မီသလောက် သုံးသပ်ရပါတယ်။ ဒါကို
reconcile လို့ခေါ်ပါတယ်။ ဒီလူကိုတော့ မကြိုက်လို့ ဒီလူရေးတာတွေ
မဖတ်ဖူးဆိုရင် မိမိကိုယ်မိမိ ”ဆင်ဆာ” လုပ်တာ ဖြစ်သွားပါတယ်။
self-censorship လို့ခေါ်ပါတယ်။ ဒါကြောင့် လူကိုကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ တော်လှန်ရေးတွင် ကိုယ်တိုင် အတွင်းကျကျ ပါဝင်ခဲ့သော
သခင်တင်မြ အရေးအသားများကို လျစ်လျူရှု၍ မရပါ။ ဘုံဘဝ ကို မဖတ်ဖူးရင်
နိုင်ငံရေး လေ့လာမှု မှာ အားမနဲ သွားဘူးလား။

သခင်သန်းထွန်းနောက်ဆုံးနေ့ စာအုပ် မှာ ရဲဘော် ဂိုရှယ်ကိုမသတ်ခင်
သခင်သန်းထွန်းက မိန့်ခွန်းချွေရာမှာ ဗမာပြည်ကွန်မြူနစ်ဆဲလ် စဖွဲ့စဉ်က
အိန္ဒိယ ကွန်မြူနစ် နဲ့ အင်္ဂလိပ် ကွန်မြူနစ်ပါတီက အကူအညီ ယူခဲ့ရတယ်လို့
ဆိုခဲ့တယ်။ (သခင်သန်းထွန်း နောက်ဆုံးနေ့ စာမျက်နှာ ၄၆ဝ)။
အိန္ဒိယကွန်မြူနစ်ပါတီရဲ့ အကြောင်းကရှင်းတယ် အင်္ဂလိပ် ကွန်မြူနစ်ပါတီ
အကြောင်းရှာမရခဲ့ပါ။ ဇူလိုင် (၂၂) ၂ဝ၁ဝ ထုတ် Northern Star အပတ်စဉ် ဂျာနယ်
အမှတ် (၇၄) မှာ ပါတဲ့ သခင်တင်မြ ရဲ့ ဆောင်းပါးမှာမှ အင်္ဂလိပ်တွေရဲ့
ပါဝင်မှုအကြောင်းစုံကို သိခွင့်ရခဲ့တော့တယ်။ ဧပြီလ (၁) ရက် ထုတ် Northern
Star အပတ်စဉ် ဂျာနယ် အမှတ် (၆ဝ) - စာမျက်နှာ (၅) မှာပါတဲ့ ဆောင်းပါးမှာ
ဖတပလ ဖွဲ့စဉ်က သခင် ဗဟိန်း ငှက်ဖျားထ နေတာကြောင့်
မပါနိုင်ကြောင်းရေးပြခဲ့ပါတယ်။

ကျနော်တို့ ဗမာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်စွဲ သိပ်ကြီးကြတယ်။ ဒီလူရဲ့
နိုင်ငံရေး ကိုမကြိုက်တာနဲ့ ဒီလူကို ပစ်ပယ်ရမယ်၊
တိုက်ခိုက်ရမယ်ဖြစ်လာကြတယ်။ ရန်ငါစည်းကွဲရမယ်၊ ဖြုတ်-ထုတ်-သတ် စိတ်တွေ
ဝင်လာကြတယ်၊ အစွန်းသိပ်ရောက်တယ်။ ရလဒ်က ဘက်စုံအမြင်အစား တဖက်သတ်
(ဘက်လိုက်) အမြင်တွေ ဝင်လာတယ် ရှုပ်ထွေးလာတယ်။ အဆိုးဆုံးက ရာဇဝင်
အကြောင်းရေးသူတွေမှာ (တာဝန်) ရှိတယ်ဆိုတာကို မသိကြတဲ့အတွက် နောက်ဆက်တွဲ
ပြဿနာတွေ ဆက်တိုက် လိုက်လာတတ်တယ်။

အခု ပြဿနာမှာလဲ ကြည့်ပါ။ တိုင်းတွေခွဲစဉ်က ဦးကျော်ငြိမ်းအတွက်
သတ်မှတ်ချက်က တိုင်း(၆) နိုင်ငံရေးမှူး - ဒါကရာဇဝင် အဖြစ်မှန် -
ဝင်းတင့်ထွန်းက ဗိုလ်ချုပ်ကျော်ဇောရေးတာကို ဖတ်ပြီး သူ့အမြင်အရ သူ့ဟာသူ
ကောက်ချက်ချပြီး ဦးကျော်ငြိမ်းကို ရန်ကုန် တာဝန်ခံ အဖြစ် ပြောင်းလဲ
သတ်မှတ်လိုက်တယ်။ ဝင်းတင့်ထွန်း ရေးတာကိုဖတ်ပြီး နောက်တယောက် ကလဲ ထပ်ဆင့်
ရေးခဲ့ပြန်ရင် ဒီလိုနဲ့ ဆက်ကာဆက်ကာ (ပွား) သွားတော့ နောင် အနှစ် (၂ဝ)
(၄ဝ) (၅ဝ) မှာ ဦးကျော်ငြိမ်းဟာ တိုင်း (၆) နိုင်ငံရေးမှူးလား - ရန်ကုန်
တာဝန်ခံလား ဆိုတာကို အငြင်းပွားစရာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့်
ရာဇဝင်အချက်အလက်ကို ပြောင်းလို့မရဘူးလို့ ဆိုနေရတာပါ။

သခင်တင်မြပြဿနာကိုကြည့်ရင်လဲ ကျနော့်အယူအဆကတော့ တယောက်ယောက်က
ဝင်းတင့်ထွန်းလို အစောကြီး ပြောင်း ရေးလိုက်တယ်လို့ သံသယရှိတယ်။
ကျနော်ကိုယ်နှိုက်ပင် ဖတ်ခါစ က ဘာကြောင့် သခင် ဗဟိန်း မဟုတ်ပဲ သခင်တင်မြ
ဖြစ်တာလဲ ဆိုပြီးတွေးမိတယ်။

ဝင်းတင့်ထွန်း က သခင်ကြီးတွေစုပေါင်းရေးထားတဲ့ စာအုပ်ကြီးကိုညွှန်းလာပြီး
သခင်သိန်းဖေ စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကို ရှေ့တန်းတင်လာပါတယ်။ စာရေးရင်
အင်္ဂလိပ်လို (context) အကြောင်းအရာ ဟာအလွန်အရေးကြီးပါတယ်။ ဒီသခင်ကြီးတွေကို
ကျနော်လေးစားပါတယ်။ ဒါပေမဲ့ ဒီသခင်ကြီးတွေ သူတို့ပါဝင်ခဲ့တဲ့
တို့ဗမာအစည်းအရုံးအကြောင်းရေးတာမှာ ယုံကြည်မှု ရှိစရာဖြစ်ပေမယ့်
ဆင်ပေါင်ဝဲရွာက ကြက်တိုက်ပွဲ အကြောင်းမှာ ဒီသခင်ကြီးတွေကို
သွားကိုးကားရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဖြစ်စဉ်မှာ ကိုယ်တွေ့ ဖြစ်ဖို့က
အရေးကြီးပါတယ်။ ဖတပလ ဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ။ သခင်ကြီးတွေရော
ဒီအစည်းအဝေးမှာ ရှိခဲ့လို့လား ။

ထိုစဉ်အချိန်က ကွန်မြူနစ်တွေအကြားမှာ အာဏာအရှိဆုံးခေါင်းဆောင်က
သခင်စိုးကြီးပါ။ ထိုစဉ်က သခင်စိုးကြီး အားအကိုးဆုံးက သခင်တင်မြ ပါ။
စစ်တပ်အထဲမှာ ကွန်မြူနစ် ဝါဒတရားတွေ သင်ကြားဖို့ သခင်စိုးကြီးက
ဗိုလ်ချုပ်အောင်ဆန်းစီမှာ ခွင့်တောင်းပြီး စေခိုင်းတာဝန်ပေးတာလဲ သခင်တင်မြ
ကိုပါပဲ။ ထိုစဉ်က သခင်စိုးရဲ့ ကိုယ်ပွားဟာ သခင်တင်မြ လို့ပြော လို့ရပါတယ်။
လက်ဝဲညီညွတ်ရေးအတွက် ပြည်သူ့ရေးတော်ပုံပါတီနဲ့
ကွန်မြူနစ်ပါတီပေါင်းစည်းဖို့သဘောတူညီမှု ကို ဘယ်သူမှမတိုင်ပင်ပဲ
ဖျက်ပစ်တာလဲသခင်စိုးပါပဲ။ ဒီလောက် သခင်စိုးမှာ အာဏာရှိပါတယ်
သြဇာကြီးပါတယ်။ ထိုစဉ်က သခင်စိုးကို ဘယ်သူမှ မကျော်နိုင်ပါ။ ဒါကြောင့်
ဖတပလ ဖွဲ့စဉ်က အစည်းအဝေးမှာ ရှိနေတဲ့ သခင်စိုး ရဲ့တပည့်အရင်း သခင်တင်မြ
ရေးတာက ပိုနီးစပ်တယ်လို့ တွေးလို့ ရပါတယ်။

စာဖတ်သူများ တို့ဗမာအစည်းအရုံးသမိုင်းကို ရှာလို့ရရင်ရှာဖတ်စေချင်ပါတယ်။
အရှေ့ပိုင်းမှာ တို့ဗမာအစည်းအရုံးအကြောင်းရေးစဉ်က အသေးစိတ်တိတိကျကျ
ပိုင်ပိုင်နိုင်နိုင် ရေးပြသွားကြ ပါတယ်။ စာမျက်နှာ ၅၇၇ မှစ၍
”တို့ဗမာအစည်းအရုံးကြီးမှဖြာထွက်သွားသောအင်အားစု နှင့်အဖွဲ့ အစည်း”
များခေါင်းစဉ် အောက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ က (၂)ပိုဒ် - (တမျက်နှာ)
ပြည်သူ့ရေးတော်ပုံပါတီက (၁)ပိုဒ် နီးနီး - ဗမာ့တပ်မတော် က (၂) ပိုဒ် (၂)ခု
ပေါင်း တမျက်နှာ အခန်း (၁) နှင့် အခန်း (၂) တွင် ”မြေအောက်
ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း“ ခေါင်းစဉ်အောက်တွင်
ဖတပလ အကြောင်း တမျက်နှာကျော်ကျော်သာဖေါ်ပြခဲ့ပါတယ်။ စာစီစာကုံး ဆန်ဆန်
ရေးသားခြင်းသာဖြစ်တယ။် ဆိုလိုတာက အင်္ဂလိပ်လို authoritatively တိတိကျကျ
သေချာသဖြင့် ရဲရဲရေးသားထားတဲ့ လေသံ မရှိပါ။ ဤအဖွဲ့အစည်းများသည်
တို့ဗမာအဖွဲ့အစည်းများမှဖြာထွက်လာသည်လို့ ဆိုလို ရင်းဖြစ်တယ်။ တဆင့်ခံ
ဖေါ်ပြခြင်း ဆိုတာ ထင်ရှားပါတယ်။ သခင်တင်မြကဲ့သို့ ကိုယ်တွေ့
ရေးသားပုံမပေါက်ပါ။

ဝင်းတင့်ထွန်းဟာ တို့ဗမာအစည်းအရုံးသမိုင်း စာအုပ်ထူကြီးကို အကိုးအကားပြု
ရှေ့တန်းတင် လာသော်လဲ အသေအချာစေ့စေ့စပ်စပ်ဖတ်ပုံမရပါ။

ရေးနည်းရေးဟန် သတ်မှတ်ချက်များ - စာမျက်နှာ (၄) -

အမှတ်စဉ် (၆) - အထောက်အထားအကိုးအကားမှန်သမျှ အခိုင်အမာဖြစ်စေရန်

အမှတ်စဉ် (၇) - သမိုင်းကို အတိတ်၏ဖြစ်စဉ် ဖြစ်ရပ်အတိုင်းသာ ရေးသားရန်။
ပုဂ္ဂိုလ်အာဘော်များ၊ သဘော တရားကောက်ချက်များ၊ ပစ္စုပ္ပန်ဖြင့်သွားရောက်
နှိုင်းယှဉ်ချက်များမပါရန်

အချက် (၈)ချက်ပါသော စည်းမျဉ်းဘောင် သတ်မှတ်ပေးထားပါတယ်။

ဤ သတ်မှတ်ချက်များအရဆိုလျှင် - ဦးကျော်ငြိမ်းကို ဖြစ်စဉ်က
သတ်မှတ်ချက်အတိုင်း - တိုင်း (၆) နိုင်ငံရေးမှူးအဖြစ်သာဖေါ်ပြရပါမယ်။
ဝင်းတင့်ထွန်းရဲ့အာဘော် အရ ရန်ကုန်တာဝန်ခံလို့ ပြောင်းလဲသတ်မှတ်ခွင့်
မရှိပါ။ စာရေးလျှင် ရည်ညွှန်းကိုးကားသောစာအုပ်များလို့ ရောချပြီး ကျမ်းကိုး
စာရင်းတင်ပြရုံနဲ့ မပြည့်စုံပါ။ (အမှောင်ကြားကဗမာပြည်(စာမျက်နှာ ၅၆ဝ-၅၆၁))
အတိအကျ မည်သည့်စာအုပ် မည်သည့် စာမျက်နှာတွင် ပါရှိကြောင်းအတိအကျ
ကိုးကားရပါမယ်။ သို့မဟုတ်ပါက ဤစာအုပ်များကို ဖတ်ဖူးပါသည်ဆိုသည်မှ လွဲ၍
ဘာမှ အဓိပ္ပာယ်မရှိပါ။ အထောက်အထားအကိုးအကား ပြည့်စုံရမယ်ဆိုတာကို ဤ
ရေးနည်းရေးဟန် သတ်မှတ်ချက်များမှ ဝင်းတင့်ထွန်း ပညာရပါစေလို့
ဆုတောင်းလိုက်ပါရစေ။ ကျနော့်ဆီမှာ ပထမတွဲ ဒုတိယတွဲ (၂)အုပ်ပေါင်း
ပထမနှိပ်ခြင်း ၁၉၇၆ ထုတ် စာအုပ် ရှိပါတယ်။
တခါ ဝင်းတင့်ထွန်းက တက္ကသိုလ်များ သမိုင်းသုတေသန ဌာနက ဒုတိယညွှန်ကြားရေးမှူး
ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ် မြန်မာ့သမိုင်းအဘိဓာန်”
ဒေါက်တာသန်းထွန်းတို့အမှာ ရေးသားထားတယ်ဆိုပြီး သက်သေ ထုတ်လာပြန်တယ်။
ဦးမြဟန် ရဲ့ သုတေသနပြုမှု မည်မျှသေချာ တိကျတယ်ကို ကျနော်မသိပါ။ အမှာစာ
ဆိုတာက မိတ်ဆက်တာပါ တည်းဖြတ်တာနဲ့ မတူပါ။ သုတေသနမှာ ကောင်းပြီး
သေချာသပ်ရပ် တိကျတဲ့ စာရေးဆရာကောင်းတယောက်ကိုတော့ ကျနော် သိပါတယ်။ သူက
ဆွီဒင်နိုင်ငံသား ကွန်မြူနစ်တွေရဲ့ ဌာနချုပ် ပန်ဆောင်ကို သက်စွန့်ဆံဖျား
သွားရောက် သုတေသနပြု ဗမာကွန်မြူနစ်နဲ့တိုင်းရင်းသားတွေအကြောင်း
နှိုက်နှိုက် ချွတ်ချွတ် ရေးပြနိုင်ခဲ့တဲ့ Bertil Lintner ပါပဲ ။

ကွန်မြူနစ် ဆဲလ်စဖွဲ့တဲ့ကြောင်းကိုရေးကြရင် နေ့ရက်တခုပဲ အငြင်းမပွားစရာ
လာဖြစ်ပါတယ်။ နေရာ နဲ့ ဘယ်သူတွေပါတယ်ဆိုတာ အငြင်းပွားစရာလာဖြစ်ပါတယ်
သခင်စိုး သခင်တင်မြကိုပြန်ပြော တာ - ဗိုလ်လက်ျာ ပြောတာ - သခင်သိန်းဖေ
ပြောတာ - သခင်ဗသိန်းတင်ပြောတာချင်း (မတူ) ကြပါ။ Bertil Lintner က သူရဲ့
Burma in Revolt ဆိုတဲ့စာအုပ် စာမျက်နှာ (၃၉) မှာ ဒီ ဆဲလ်စဖွဲ့ဒါကို
ဖေါ်ပြခဲ့ပြီး စာမျက်နှာ (၉ဝ) မှာနောက်ဆက်တွဲ အဖြစ်ကျန်တဲ့ လူတွေရဲ့
ကွဲလွဲသော ပြောဆိုချက်တွေကို ထပ်ဖေါ်ပြခဲ့ပါတယ်။ ဤမျှတိကျ ၍ သုတေသနပြမှုမှာ
နာမည်ကြီးပြီး တကမ္ဘာလုံးကသိတဲ့ ကျနော်လေးစားတဲ့ စာရေးဆရာ Bertil ကသူ့ရဲ့
Burma in Revolt စာအုပ် စာမျက်နှာ (၇၃) မှာ ဖတပလ ဖွဲ့တဲ့အကြောင်း ရေးရာမှာ
- (သခင်တင်မြ) လို့ ရေးခဲ့ပါတယ်။ သခင်ဗဟိန်း လို့ မရေးခဲ့ပါ။ သခင်တင်မြ
လဲ အသက်ထင်ရှား ရှိပါသေးတယ်။

ကျနော်မှတ်မိသမျှ ကျနော်တို့ငယ်စဉ်က တော်လှန်ရေးနေ့တွေလို နေ့ထူး တွေမှာ
ပြတိုက် မှာ အထူး ပြသရာ ဖတပလ ဖွဲ့စဉ်က ပါဝင်ခဲတဲ့လူတွေ လက်မှတ်ထိုး ထားတာ
တွေ့ဖူးပါတယ်။ မော်ကွန်းတိုက်မှာ ရှိပါသေးတယ်။ သုတေသန ပြုရင်ပေါ်လာမှာပါ။
ဘယ်စာအုပ် ဘယ်စာတန်းမှာမှလဲ သခင်ဗဟိန်း ဒီအစည်းအဝေးကို တက်တယ်လို့
ဘယ်သူကမှ ဖော်ပြထားတာ မတွေ့ဖူးသေးပါ။ အစည်းအဝေးမတက်ရင် လက်မှတ်
မထိုးနိုင်ပါ။

နောက်စဉ်းစားစရာရှိတာက (၉)ယောက်မှာ ဘယ်သူမှ အငြင်းပွားစရာမဖြစ်ပါ။
သခင်တင်မြ တယောက်ထဲသာ အငြင်းပွားစရာလာဖြစ်ရတယ်။ အဘယ်ကြောင့်ပါလဲ။ဒါကြောင့်
ရာဇဝင် အချက်အလက်ကို မပြင်ကောင်းလို့ ပြောနေရခြင်းပါ။ လူကိုမုန်းတာနဲ့
ရာဇဝင် အချက်အလက်ကိုပြင်ရင် အန္တရာယ် ကြီးတယ်ဆိုတာကို လူငယ်လေးတွေ
သတိပြုစေချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဟာ လက်ဝဲ၊ လက်ယာအားလုံးကို တိုင်းပြည်ချစ်ရင်
လိုက်ခဲ့ဆိုပြီး အားလုံးကို ဆွဲခေါ်ခဲ့တာပါ။ ဒါကြောင့် အင်အားကြီးမား
ထောက်ခံမှုများပြီး အောင်ပွဲခံနိုင်ခဲ့တယ်။ အတု ယူစရာပါ။

ဦးကျော်ငြိမ်းကို (မုန်း) လို့ရပါတယ်၊ (မုန်း) ခွင့်ရှိပါတယ်။ သို့သော်
ဦးကျော်ငြိမ်းကို (မုန်း) တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့ မလုပ်ကောင်းပါ။






 
ဟုတ်ရင်လည်း ဟုတ်မယ်။ မဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။
ငါးခုံးမတကောင်ကြောင့် တလှေလုံးလည်း ပုပ်စော်နံနိုင်တာပဲ။
ဒါပေမယ့် မိမိတယောက်တည်းအတွက်ကြောင့်တော့
အမျိုး၊ ဘာသာ၊ သာသနာ မထိခိုက်ကြပါစေနဲ့
 
မလေးရှားမှာ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့လား

ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။

ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့

ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတွေ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ………………..

ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။

အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။

လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ………………

ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။

တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁၀ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်
မကလည်း ပီနန်ထဲမှာပါ။ သိပ်မကြာလိုက်ပါဘူး။၁၁.၁၂.၂၀၁၀ ည(၉)နာရီလောက်ကြီး သူတို့ကျွန်မဆီရောက်လာပါတယ်.။ သူတို့အသိ အမျိုးသားတစ်ယောက် က လိုက်ပို့ပါတယ်။အလုပ်က ပင်ပန်းလို့ မလုပ်နိုင်တော့ဘူး ( ၀ )လိုက်ပြီတဲ့။ အဆင်ပြေမယ်ဆိုရင် ဒီမှာ ခဏနေပြီး အလုပ်ရှာချင်တယ်တဲ့။ကျွန်မကလည်း နေပေါ့။အလုပ်လည်း ၀ိုင်းပြီးရှာပေးမယ်လို့။

အဲဒီမှာ စတော့တာပဲ။လာလိုက်တဲ့ဖုန်းက တခုမှ အချိုးမပြေ။ဒီကြားထဲ သူတို့က ဖုန်းစပီကာဖွင့်ပြောတော့ အကုန်ကြားနေရတော့တာပဲ။တစ်ယောက်ကဆိုရင် ညီမလေး  အခု( ၀ )သွားတော့ အဆင်မပြေဘူး မဟုတ်လား။ အကို့ဆီ လာနေပါလား။ဒါပေမဲ့ လာမယ်ဆိုရင် မြန်မြန်လာပါ။( ၂၀ )ရက်နေ့အထိပဲ စောင့်နိုင်မယ် ( ၂၀ )ရက်နေ့မှ မလာဘူးဆိုရင် တခြားကောင်မလေးတစ်ယောက် ကိုပဲ ခေါ်လိုက်တော့မယ်တဲ့။ကြည့်ပါဦး  ပြောပုံကို။ နောက်တစ်ယောက်ဆိုရင် ( သူက ဖုန်းဝယ်ပေးထားတဲ့သူပါ ) ညီမ အခုဘယ်မှာလဲ လာခေါ်မယ်ဆိုတာချည်းပဲ။ကောင်မလေးက အဲဒီလူကို သိပ်မကြည်ဘူး ထင်ပါတယ် အခုရောက်နေတဲ့နေရာကို မသိဘူးပဲ ခံငြင်းတာ။အဲဒါနဲ့ အဲဒီလူက ညီမ မသိရင်လည်း အိမ်ရှင် အစ်မကို ပေးလိုက်ပါတဲ့။အဲဒီညီမက အစ်မ မပြောနဲ့နော်ဆိုပြီး ခေါင်းတခါခါ လက်တခါခါနဲ့ ကျွန်မဆီကို ဖုန်းအတင်းထိုးပေးပါတယ်။ကျွန်မလည်း မပြောဘူး။ဟိုလိုလို ဒီလိုလိုနဲ့ လိပ်စာအတိအကျ မပြောတတ်ဘူးလို့ ပြောလိုက်တယ်။အဲဒီမှာ အဲဒီအကောင်က ကျွန်မကို ဘာပြောတယ်ထင်လဲ။အစ်မပဲ စဉ်းစားကြည့်ပါ ကျွန်တော့်ဆီက ဖုန်းတော့ယူပြီးတော့ ကျွန်တော့်ရှောင်နေလို့ရမလားဗျ ဘာပဲပြောပြော ကျွန်တော့်လူ ဖြစ်သွားပြီပဲ တဲ့။တောက် ဒီ……………………. စိတ်ထဲမှာတော့လေ ကောင်းချီးပေးလိုက်တာ စုံသွားတာပဲ။အပြင်မှာတော့ ဘာမှပြောတော့ပါဘူး။ ဖုန်းပဲချလိုက်တယ်။

ဖုန်းချပြီးတော့ ဟဲ့ နင်တို့လူက မလွယ်ပါလား။သူ့ဖုန်းပြန်သာပေးလိုက်ပါတော့လား ဆိုတော့ မပေးနိုင်သေးပါဘူး ဖုန်းတစ်လုံးနည်းတာမှတ်လို့ သူတို့ဝယ်ပေးတော့ ကိုယ်ဖုန်းဝယ်မယ့် ပိုက်ဆံကို မြန်မာပြည် ပို့လို့ရတာပေါ့တဲ့။ ဒါပေမဲ့ နင်တို့လူက သားပြောမယားပြော ပြောနေတာလေ ဆိုတော့ အစ်မရယ် အခုရှောင်နေလိုက်ရင် ပြီးတာပဲ သူဘာတတ်နိုင်တာမှတ်လို့ မလေးရှားမှာက ဒီလိုပါပဲ ညီမတို့ ရောက်ခါစကဆို အဲဒီလိုပဲ လူတစ်ယောက် ဖုန်းဝယ်ပေးပြီးတော့ အဖြေအတင်းတောင်းတာ ညီမကလဲ စဉ်းစားဦးမယ်ချည်း ပြောတာ (၁၀)ရက်လောက်ကြာတော့ ငါ့မကြိုက်နိုင်ရင်လည်း ဖုန်းပြန်ပေးဆိုပြီး ပြန်ယူသွားတယ်။ဒါပေမဲ့ ညီမကလည်း မမှု့ပါဘူး။ဖုန်းဝယ်ပေးချင်တဲ့လူတွေများ တန်းစီနေတာပဲ။ညီမပြောနဲ့ ဟိုအစ်မ မှာတောင် ၀ယ်ပေးချ့င်တဲ့လူတွေ အများကြီးဆိုပြီး အိမ်ထောင်ရှိတဲ့ တစ်ယောက်ကို လက်ညှိုးထိုးပြပါတယ်။

အဲဒါနဲ့ကျွန်မက ဟဲ့နင်အိမ်ထောင်ရှိတာ ပြောမပြဘူးလားဆိုတော့ ပြောပြတယ် ကလေးဓာတ်ပုံတောင် ထုတ်ပြသေးတယ်တဲ့ သူတို့က မြန်မာပြည်မှာ အိမ်ထောင်ရှိရှိ မရှိရှိ စိတ်မ၀င်စားဘူး အစ်မကိုပဲ စိတ်ဝင်စားတယ်ဆိုပဲ။ငါလဲ ( မရိုမသေစကား ) ငါ့ကိုယ် မပါသွားရင်ပြီးတာပဲ ဆိုပြီး အလိုက်သင့်နေ နေရတယ်။  ဒီရောက်မှ ငါ့လဲ စန်းတွေပွင့်နေလိုက်တာများ အံ့တောင်သြတယ်တဲ့။ သူပြောတာ ကြားရတော့ ဟိုတလောက အင်တာနက်မှာ ဖတ်လိုက်ရတာလေး သွားသတိရပါတယ်။ရေးတဲ့လူနာမည်တော့ မမှတ်မိတော့ပါဘူး။ မိန်းကလေးတွေလည်း မလေးရှားရောက်မှ ငါ အရမ်းစန်းပွင့်နေပါလား လို့ မထင်ပါနဲ့ဆိုတဲ့ စာသားလေးပါ။

အခုတော့ မြန်မာမိန်းကလေးဆိုရင် ကိုယ့်မြန်မာအချင်းချင်းသာမက တခြားလူမျိုးတွေကပါ စော်ကားချင်လာကြပြီ။ မြန်မာအမျိုးသားတွေကလည်း မြန်မာမိန်းကလေးတွေကို နှမချင်းစာနာပြီးတော့ (တချို့ကပြောပါတယ်။သူတို့မှာ နှမ မရှိပါဘူးတဲ့။နှမ မရှိရင်တောင်မှ အမေဖြစ်ဖြစ် အဒေါ်ဖြစ်ဖြစ် တူမဖြစ်ဖြစ် ဆွေမျိုးသားချင်းထဲကပဲဖြစ်ဖြစ် နောက်ဆုံး သံယောဇဉ် တွယ်ဖူးတဲ့ မိန်းကလေးတော့ ရှိမှာပဲ)ကျေးဇူးပြုပြီးတော့ စာနာပေးကြပါ။မိန်းကလေးတွေကလည်း ကိုယ့်အားကိုယ်ကိုးစိတ်လေး မြှင့်တင်ပေးကြပါ။ငါဒီမှာ ဘာလုပ်လုပ် မြန်မာပြည်က ဘယ်သူမှသိမှာ မဟုတ်ဘူးဆိုပြီး ထင်ရာမစိုင်းလိုက်ကြပါနဲ့။နောင်တစ်ချိန်ကျရင် နောင်တရပြီး စိတ်ဆင်းရဲရမှာကို စိုးရိမ်လို့ပါ။

ဒါမျိုးအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တကယ့်ကို ရင်မောပါတယ်။ ဟိုတလောက အင်တာနက်မှာ ပြည်ပမှ သူရဲကောင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ စာသားလေးကို လူတော်တော်များများ ဖတ်လိုက်ရမှာပါ။ မိဝေးဖဝေး ကိုယ့်တိုင်းပြည်နဲ့ ဝေးပြီးတော့ စားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာ စွန့်စွန့်စားစား ငွေရှာနေရတဲ့ ပြည်ပက အလုပ်သမားတွေ အားလုံးဟာ သူရဲကောင်းတွေတဲ့။ဘာပဲပြောပြောပေါ့လေ အားလုံးဟာ တမျိုးမဟုတ် တမျိုးတော့ အခက်အခဲရှိကြပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေနဲ့ ဝေးပြီး ရေခြားမြေခြားကို ရောက်နေတဲ့ အချိန်မှာ ကိုယ့်မြန်မာလူမျိုးအချင်းချင်း ရေနစ်သူကို ၀ါးကူထိုးတာမျိုး မလုပ်ဘဲနဲ့ ဖေးဖေးမမ စာစာနာနာနဲ့ ကူညီစောင့်ရှောက်ကြမယ်ဆိုရင် ယုံကြည်ပါတယ်။ မြန်မာလူမျိုးဆိုရင် ဘယ်သူက နှိမ့်ချရဲမှာလဲ။စော်ကား ရဲမှာလဲ။
 


 
 
 
 
သို့
ရဲဘော်များ-
နော်ဝေအစိုးရသို့အိပ်ဖွင့်ပေးစာကိုနိုင်ငံရေးအဖွဲ့အစည်းပေါင်း(၁၀)ဖွဲ့၊နိုင်ငံပေါင်း(၉)နိုင်ငံမှမြန်မာနိုင်ငံတွင်နော်ဝေစီးပွားရေးရင်းနှီးမြုတ်နှံမှုအပေါ်
အမြန်ဆုံးရုပ်သိမ်းပေးရန်ပူးပေါင်းလှုပ်ရှားမှုဖြစ်ပါသည်။နော်ဝေနိုင်ငံအစိုးရသို့ပေးပို့သည့်အိပ်ဖွင့်ပေးစာကိုAttachmentဖိုင်
တွင်ကြည့်နိုင်ငပါ သည်။

လေးစားလျှက်
HH

__._,_.___
Attachment(s) from kyi phyo
1 of 1 File(s)

No comments: