Sunday, December 19, 2010

ကွန်ပျူတာနှင့် လူမှုဘ၀...၂

ကွန်ပျူတာနှင့် လူမှုဘ၀...၂  
၁၈ ရာစုနဲ့ ၁၉ ရာစုနှစ်တွေမှာ စက်မှုတော်လှန်ရေးကြောင့် လူမှုဘဝ တွေကို ပြောင်းလဲပစ်ခဲ့သလို ၂ဝ ရာစု နှစ်နှောင်းပိုင်းနဲ့ ၂၁ ရာစုနှစ်တွေမှာလဲ ကွန်ပျူတာတွေက လူမှုဘဝတွေကို ပြောင်းလဲသွားစေခဲ့တယ်။ အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်ဌာနတွေမှာက အစ နေရာတိုင်းမှာ ကွန်ပျူတာတွေနဲ့ ကွန်ပျူတာ စနစ်တွေကို သုံးနေကြပါပြီ။ လူ့အဖွဲ့အစည်း အားလုံးက ကွန်ပျူတာ စနစ်တွေဆီကနေ အကျိုးဆက်တွေကို ခံစားခွင့် ရနေကြပြီဖြစ်တယ်။

အိမ်ထောင်စုတစ်စုကို ဥပမာ ထားပြီး ကြည့်မယ်ဆိုရင် ဖျော်ဖြေရေးကိစ္စ၊ ပညာရေးကိစ္စ၊ မိသားစု ငွေကြေးသုံးစွဲမှုကိစ္စ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ စီးပွားရေးအတွက် ဆက်သွယ်ဆောင်ရွက်မှု ကိစ္စ၊ Web ထဲကို ဝင်ရောက်ကြည့်ရှုတဲ့ကိစ္စ စတဲ့ကိစ္စ အားလုံးအတွက် ကွန်ပျူတာ စနစ်ကို အသုံးချနိုင်ကြတယ်။ ဒါပေမယ့်လဲ ဒီနေ့ခေတ်ပိုင်း အိမ်မှာ ကွန်ပျူတာ ထားသိုတယ်ဆိုတာ ဖျော်ဖြေရေး ကိစ္စ၊ အသုံးချဖို့နဲ့ Web ထဲဝင် ကြည့်ဖို့က အဓိကဖြစ်လာကြတယ်။

ဖျော်ဖြေရေးဆိုတဲ့ နေရာမှာ သီချင်းနားထောင်မယ်၊ ဗီဒီယိုရုပ်ရှင် တွေကြည့်မယ် ရုပ်မြင်သံကြား အစီအစဉ် ခံစားကြည့်ရှုမယ်၊ ဂိမ်းကစားမယ် စတဲ့ စိတ်ပိုင်းဆိုင်ရာ အပန်း ဖြေမှုအတွက် အသုံးချကြတယ်။ Web ထဲ ဝင်ကြည့်ရတဲ့အကြောင်း ရင်းတွေကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။

Web Site တွေထဲမှာ ဗဟုသုတ ရှာမှီးနိုင်တယ်။ စူးစမ်းလေ့လာ စရာတွေနဲ့ သုတေသနပြုရာမှာ အသုံးဝင်မယ့် Information တွေရှိ တယ်။ မိနစ်ပိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ လတ်တလော သတင်းတွေကို သိရှိခွင့်ရနိုင်တယ်။ ပညာရေးအတွက် လိုအပ်တဲ့ သင်ထောက်ကူတွေ အများဆုံးရနိုင်တယ်။ ပညာဆက်သင်ဖို့ ကျောင်းရှာမလား၊ အလုပ်အကိုင် ရှာမလား။ ဝန်ဆောင်မှုလုပ် ငန်းတွေနဲ့ ဆက်သွယ်မလား။ ပစ္စည်းတွေမှာ ကြားဝယ်ယူမလား။ ဘဏ်စာရင်းတွေကို စစ်ဆေးကြည့်မလား။ ဒါမှမဟုတ် Online Banking စနစ်နဲ့ ငွေအလွှဲအပြောင်းလုပ်မလား။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြမလား။ စတဲ့ လူတစ်ယောက်အနေနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အဆက်အသွယ်ကောင်းတွေ ရှိနေတယ်။ သီချင်းတို့၊ ရုပ်ရှင်တို့ကို ဆွဲချယူပြီး ကြည့်ရှုခံစားလို့လဲရတယ်။ ခရီးသွား လာရေးအတွက် လိုအပ်တဲ့ အစီအစဉ်တွေ တစ်ထိုင်တည်းလုပ်ကိုင်နိုင်သေးတယ်။ အွန်လိုင်းပေါ်မှာ တင်ထားတဲ့ ဂိမ်းတွေလဲ အပြင်းပြေဆော့ကစား ခွင့်ရကြတယ်။ သတင်းစာကအစ မဂ္ဂဇင်း စာစောင်တွေကိုလဲ ဖတ်ရှုခွင့် ရှိနေတယ်။ တစ်နည်းပြောရရင် Web ထဲမှာကို ပညာရေး၊ စီးပွားရေး၊ ဖျော်ဖြေရေး ကိစ္စတွေ အားလုံးအတွက် အသုံးချစရာ အခွင့်အလမ်းတွေ အများ ကြီးရနိုင်ကြတယ်။ နောက်ဆုံး ကမ္ဘာတစ်ဝန်းလုံး ဘယ်နေရာမှာရှိနေတဲ့ သူနဲ့ဖြစ်ဖြစ် စာအဆက်အသွယ်၊ သတင်းအပေးအယူအားလုံး လုပ်လို့ ရပါတယ်။ နိုင်ငံတော်တော်များများ မှာဆိုရင် တစ်ဦးနဲ့တစ်ဦး မြင်တွေ့ နေရပြီး မျက်နှာချင်းဆိုင် စကား ပြောသလို အခွင့်အလမ်းတွေအထိ ရှိ နေတာဖြစ်တယ်။

ဒီလိုနဲ့ လူ့လောကမှာ အသက်ရှင် နေထိုင်မှုနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက် ကွန်ပျူတာနဲ့ ကွန်ပျူတာစနစ်ဆိုတာ မရှိမဖြစ်အရာ ဖြစ်နေစေပါတော့တယ်။ ကွန်ပျူတာ စနစ်လို့ ညွှန်းဆိုပြောရတာကတော့ ဘယ်လို လူ့အသုံးအဆောင်ပစ္စည်း အတွက်ဖြစ်ဖြစ် ပါဝင်လာခဲ့လို့ ပြောရတာ ဖြစ်တယ်။ တစ်နည်း ဥပမာပေး ရမယ်ဆိုရင် တစ်ချိန်က စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းထဲမှာ ရုပ်ရှင်အဖြစ် မြင်တွေ့ရတဲ့ ပစ္စည်းအများစုကို ဒီနေ့ တကယ့်လက်တွေ့ လောကမှာ အသုံး ချခွင့်ရနေကြတာကို ရှုမြင်နိုင်ပါတယ်။ ဧည့်ခန်းမှာလဲ ကွန်ပျူတာ စနစ်နဲ့ မီးဖိုထဲမှာလဲ ကွန်ပျူတာ စနစ်နဲ့ ဖြစ်နေကြပါပြီ။

ကွန်ပျူတာ ဆိုတာကို အခွင့်မရှိ မဝင်ရလို့ စာတန်းထိုးထားတဲ့ အခန်းထဲမှာသာ ရှိမနေစေတော့ပဲ လူတိုင်း အသုံးပြုခွင့် ရှိကြတယ်။ အိမ်မှာထား သုံးလို့လဲ ရတယ်။ ရုံးမှာထားသုံးလို့ လဲရတယ်။ သွားလေရာ ကိုယ်နဲ့မကွာ သယ်သွားလို့လဲ ရတယ်။ နောက်ဆုံး အင်္ကျီအိတ်ထဲထည့် သွားလို့ရနိုင်သလို သော့ချိတ်လေးထဲမှာ သယ်သွားလို့ရတဲ့ စနစ်မျိုးတွေ အထိ ဖြစ်ထွန်းလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က Invisible Computer ဆိုတဲ့ သဘာဝကို အကောင်အထည် ဖော်နေကြပါပြီ။

ကွန်ပျူတာ စနစ်ထွန်းကားလာတဲ့ လူ့လောကကြီးကို အကျိုးရလဒ် ကောင်းတွေချည်း ရနိုင်ပါတယ်လို့တော့ မပြောနိုင်ပါဘူး။ ဒီလို စနစ်ကို အသုံးချ နိုင်လာတဲ့အတွက် လူမှုဘဝမှာ အကျပ်တွေ့စရာတွေလဲ ရှိလာစေပါတယ်။ အဓိကအားဖြင့် ကွန်ပျူတာကို အားကိုးလာတဲ့အတွက် လူစွမ်း လူစတွေ လျော့ပါးလာတာကို ထောက်ပြနိုင်ပါလိမ့်မယ်။ အနည်းဆုံး မှတ်ယူထားသင့်တဲ့ အလေ့ အကျင့်မျိုးတွေ ပျောက်ပျက်သွားစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အရာမဆို ကွန်ပျူတာထဲမှာ ထည့်သိမ်းထားလို့ရမှန်း သိထားကြလို့ပါပဲ။ လုပ်ငန်းဌာနတွေမှာလဲ ကွန်ပျူတာတွေကြောင့် ဝန်ထမ်းအင်အားတွေ လျော့ချနိုင်လာတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာတွေ ကြုံတွေ့စရာ ဖြစ်လာရတယ်။ ဆုံးရှုံးပျက်စီးစရာ ရှိလာခဲ့ရင်လဲ ဘာမှမကျန်ရစ်တော့ လောက်အောင် ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တယ်။ လွန်ခဲ့တဲ့ ၂ဝ နှစ်လောက်က စာအုပ်တစ်အုပ်ကို ဖတ်မိဖူးပါတယ်။ ဆယ်မိနစ်အတွင်း ကမ္ဘာကြီးရဲ့ အခြေအနေတွေ ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတာ ဖြစ်တယ်။ အခြေခံ ထားတာကတော့ ဂျပန်နိုင်ငံရဲ့ ငလျင်ဘေးနဲ့ ပတ်သက်ပြီး ရေးထားတာ ဖြစ်တယ်။ ၁၉၉၂ ခုနှစ် လောက်မှာ ဂျပန်နိုင်ငံမှာ အကြီးကျယ်ဆုံး ငလျင်ကြီး လှုပ်ပြီး တိုကျိုမြို့ကြီး ရေအောက်ပြန်ရောက် သွားမယ်ဆိုတဲ့ အကြောင်းကို ဖော်ကျူးထားတယ်။ ဘူမိဗေဒ သုတေသန ပညာရှင်တွေရဲ့ တွက်ကိန်းအရ အမှန်တကယ်ပဲ ၁၉၉၂ ခုနှစ်မှာ တိုကျိုမြို့ကြီးမှာ ဒုတိယ အကြိမ်ငလျင်ကြီး ရင်ဆိုင်ရမယ့် အနေအထားကို တွက်ချက်လို့ ရခဲ့ကြတယ်။ ဒီအချိန်တုန်းက ဂျပန်နိုင်ငံရဲ့ စီးပွားရေးက ထိပ်ဆုံးကို ရောက်နေတယ်။ ကမ္ဘာ တစ်လွှားက နိုင်ငံကြီးတွေနဲ့ ဆက်သွယ်လုပ်ကိုင် ထားသမျှတွေကို တိုကျိုမြို့မှာ ကွန်ပျူတာ စနစ်တွေနဲ့ ထားရှိခဲ့တယ်။ ငွေကြေးရင်းနှီး မြှုပ်နှံမှုတွေကအစ ဖြစ်တယ်။ ငလျင်လှုပ်လိုက်လို့ ဒီလိုသိမ်းဆည်းထားခဲ့တဲ့ သတင်းအချက်အလက်တွေ ပျက်စီးပျောက်ဆုံး သွားနိုင်တယ်။ ဒီစာအုပ်ထွက်လာပြီး မကြာခင်မှာ ဂျပန်အစိုးရက အရေးကြီးတဲ့ အချက်အလက် သိုမှီးမှုတွေကို တိုကျိုမြို့ရဲ့ ဆင်ခြေဖုံး ဆိုက်တမ ဆိုတဲ့နေရာမှာ Backup တွေလုပ်ပြီး သိမ်းဆည်းထားနိုင်ဖို့ စီစဉ်ဆောင်ရွက် ခဲ့ကြရတယ်။ တကယ်လို့ ဒီလို အစီအမံမျိုး မရှိဘဲ Due date လွန်နေတဲ့ ငလျင်ကသာ ဖြစ်သွားခဲ့ရင် ကမ္ဘာအရပ်ရပ်နဲ့ ဆက်သွယ်လုပ်ကိုင်ထားတဲ့ စီမံကိန်းတွေ ပျက်စီးပြီး ကမ္ဘာကြီးရဲ့ အခြေအနေ ပြောင်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပဲ ၂ဝဝဝ ပြည့်နှစ်အတွက် Y2K ပြဿနာကို ဖြေရှင်းခဲ့ကြရတာကို မှတ်မိကြပါလိမ့်မယ်။ ဒီအတွက် ဆုံးရှုံးနစ်နာမှုတွေ အများအပြား ရှိခဲ့ကြရတယ်။ တလောကတော့ အလွန်ထိတ်လန့် စရာကောင်းတဲ့ Stwnet Worm ရဲ့ ဒုက္ခပေးမှုကို ကြုံတွေ့လိုက် ကြရတယ်။ ညူကလီးယား စက်ရုံတွေရဲ့ အစီအမံကို ကပြောင်းကပြန် လုပ်ပစ်နိုင်တဲ့ မလိုတမာ ဆော့ဖ်ဝဲဆိုတဲ့ ဆော့ဖ်ဝဲပရိုဂရမ် ဖြစ်တယ်။ ဒီအတွက် ကွန်ပျူတာနဲ့ လူမှုဘဝ ဆက်နွယ်ပုံကို ပြောတဲ့အခါ Drawback တွေကိုလဲ ပြောရမယ့်အကြောင်း တင်ပြရပါတယ်။
ဝင်းစံ
 

No comments: