Thursday, December 9, 2010

အိပ်မပြန်ဖြစ်ခဲ့သောနှင်းများ




စစ်ပွဲသံတွေပြန်ကြားရတော့ အဖြစ်အပျက်တခုကိုသွားသတိယမိတယ်။
၁၉၉၁ အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ မြစ်ဝကျွန်းပေါ် ဘိုကလေးတိုက်ပွဲအကြောင်းပါ။
ဘိုကလေးမြို့တိုက်ပွဲမှာ နဝတ ရဲ့ အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဲ့ စစ်ရဟတ်ယာဉ်ကို သူပုန်တွေက ပစ်ချဖို့ကြိုးစားတယ်။
ဝမ်းပိုက် ဆီကို ထိတယ်လို့ဆိုတယ်။ ရဟတ်ယာဉ်ကိုမောင်းနှင်ခဲ့သူက ကျွမ်းကျင်လွန်းလို့ မြေပြင်ကိုအမြန်ဆုံးပြန်ဆင်းနိုင်ခဲ့ပြီး
တင်ဦး တယောက်သေကံမရောက် ကံမပျောက်ဖြစ်ခဲ့ရတယ်။
သူကလည်း ရက်ရက်စက်စက်ပြန်တုန့်ပြန်တယ်။ဘိုကလေးတဝိုက်က၊ရွာကိုးရွာလုံးကိုပိတ်ပြီး မီးတင်ရှို့ခဲ့တယ်။
ဖြတ်လေးဖြတ်ဆင်နွဲပြီး မြစ်ဝကျွန်းပေါ်စစ်ဆင်ရေးကို နိုင်အောင်ပြန်တိုက်ခဲ့တယ်။
ဘိုကလေးစစ်ပွဲသတင်းတွေက ကျနော်တို့ရဲ့ကျောင်းတွေကို ရိုက်ခပ်နေခဲ့တယ်။
ဆရာတွေကလည်း ကျောင်းသားတွေရဲ့အဆောင်တွေအားလုံးကို စောင့်ကြည့်အကဲခပ်နေကြတယ်။
လူစိမ်းလာမလာ၊ ညတိုင်းဝင်စစ်လေ့ရှိတယ်။ အဲ့သလို လှုပ်လှုပ်လှုပ်လှုပ်ဖြစ်နေတုံးမှာ
နိုင်ငံတကာ က ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆုခြီးမြှင့်လိုက်တယ်။



ခြေရာ (၁)

ခုတော့----
ရင်ခုန်သံတွေတိုးတိတ်သွားပြီပဲ x x x စကားသံတွေမသဲကွဲ တို့နှစ်ယောက်လည်း
သီချင်းထဲကလို ----အလွမ်းစကားတွေနဲ့နှုတ်ဆက်ဖို့အချိန်မရ။ မျက်နှာရှေ့မှာ ရောက်လာသည့် ကင်မရာများကို ရိုက်ခွဲဖို့ကြိုးစား
လိုက်ကြသည်။ ရထားဘီးအလိမ့်မှာ “ ဟေ့ကောင်တွေ၊ -ီးပဲကွာ။ စစ်အာဏာရှင်စံနစ် အလိုမရှိ” ဆိုသည့်အသံတွေက ရန်ကုန်ဘူတာကြီးတလျောက် ဝဲပျံနေခဲ့တယ်။ ဒီဇင်ဘာ တဲ့လေ---
ရန်ကုန်-မန္တလေး ရထားတစင်းကို ညတညလုံး--အပိုင်သိမ်းထားခဲ့ကြတဲ့ ကျောင်းသားတွေရှိတယ်။
ခြေရာ (၂)

ဒါဟာ မြုံနေတဲ့အပြုံးတခုအတွက်တော့
တွင်းနက်တခုပေါ့၊
ဥပမာ - မပွင့်သေးတဲ့ သခွပ်ပန်းတွေကို
ရင်တမမ ကြည့်နေရသလိုမျိုး၊
အခန်းကျဉ်းလေးရယ်မင်းသိပါတယ်။
အသက်ရူရတာ မ၀ဘူး။ လေကလည်းမသန့်ဘူး၊
ဘဝမှာ ထစ်အနေတဲ့ ဂီတဆိုတာလည်းရှိနေသေးတော့---
အိုအောင် ရဲ့ အချစ်ကဗျာ မှ

ဝါယာဖြူ့စ်ကြိုးတွေကို ဆွဲဖြတ်လိုက်တော့ တလောကလုံးအမှောင်။ စဉ့်ကူဆောင်ပေါ်ကကျောင်းသားတွေပြိုဆင်းလာပြီ။
“တက္ကသိုလ်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြန်ပြီ” တဲ့။ “ အဆောင်တခုလုံးမီးရှို့ပစ်ကွာ။
ဟေ့ကောင်တွေ ဆင်းခဲ့ကြလေ။ ဘာလို့ငြိမ်ခံနေကြတာလဲ”

အဆောင်မှူး ဦးအောင်ရှိန်က ကျောင်းသားတွေကိုတားဖို့ကြိုးစားတယ်။ မရတော့ပါဘူး။ ရေတမာပင်အောက်မှာ ရပ်စောင့်နေတဲ့
ကျောင်းသားတွေက မီးလင်းနေသည့်အခန်းများကို ခဲများဖြင့်ပစ်ပေါက်လိုက်တဲ့အတွက် မှန်တံခါးကွဲကျသံတွေ၊ အော်ဟစ်သံတွေနဲ့ယောက်ယက်ခပ်နေတယ်။ ဇဝကဆောင်ဘက်မှ ပြေးလာသည့်ကျောင်းသားတချို့က အဆောင်တွေမှာ
တရားလှည့်ဟောကြဖို့၊ သမိုင်းဝင်းကိုချီတက်လှည့်လည်ကြဖို့ လှုံ့ဆော်နေကြပြီ။
“ ကျနော်တို့ရဲ့သူငယ်ချင်းတွေ ငှက်ဖျားတောထဲရောက်နေချိန်၊ အကျဉ်းထောင်ထဲ ဖြတ်သန်းနေရချိန်မှာ ခင်ဗျားတို့တတွေ
ဒီအတိုင်းထိုင်ကြည့်နေကြမှာလား။ အခုလည်း ကျောင်းပိတ်လိုက်ပြန်ပြီ။ ငှက်ဖျားတောထဲက ခွပ်ဒေါင်းအလံ
စာသင်ခန်းတွေဆီကို ပြန်ရောက်မလာသေးသရွေ့၊တက္ကသိုလ်တွေဆိုတာ တိုက်ပွဲရဲ့ဗဟိုဖြစ်ရမယ်။ အပြင်ကိုထွက်လာခဲ့ကြပါ”
ဇီဝကဆောင်မှူး ဦးအောင်ကျော်မြတ်က သူ့ရဲ့ကျောင်းသားတွေကိုအပြင်မထွက်ဖို့၊ စိတ်လိုက်မာန်ပါ မလုပ်ကြဖို့ တားဆီးနေသံတွေ၊
ပုံရိပ်တွေကို အတိုင်းသားမြင်နေရသည်။ ကျောင်းသားအုပ်က စိတ်မရှည်တော့ဘူး။ ပုပ္ပါးဆောင်ဘက်ကိုထွက်သွားသည့် လူတန်းကြီးနောက်ကိုဆက်လိုက်သွားကြတယ်။
ခြေသံ (၃)

ကျောင်းတွေပိတ်လိုက်ပြီ ဆိုတော့ တချို့ကလည်း ကိုယ့်ရဲ့ချစ်သူတွေဆီသွားအလွမ်းသည်နေချိန်ပေါ့။
မှတ်မှတ်ရရ အင်းကြင်းဆောင်ရှေ့ကအဖြစ်အပျက်တခုဗျာ။ စီးပွားရေးတက္ကသိုလ်ကျောင်းသားနှစ်ယောက်က
သူတို့နှစ်သက်မြတ်နိုးတဲ့ကောင်မလေးအတွက် သဇင်ပန်းလေးတွေကို အဆောင်တံခါးဝမှာ ချိတ်ပြီး ဂစ်တာတီးကြွေနေချိန်၊
AD လမ်းမဘက်ကနေ TE (11) စစ်ကားတွေ ရုတ်တရက်ဝင်ရောက်လာတယ်။ အင်ကြင်းဆောင်ရှေ့ကားမှတ်တိုင်ကစပြီး စစ်သားတွေ နှစ်ယောက်တတွဲ၊ ခုန်ဆင်းနေရာယူလိုက်ကြတယ်။ သူပုန်စခန်းတခုကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလိုက်ကြတဲ့အတိုင်းပဲ။
ဂစ်တာတီးနေတဲ့ ကျောင်းသားနှစ်ယောက်ကိုလည်း စစ်ဘက်နက်နဲ့ထိုးပြီး ရိုက်နှက်ကန်ကြောက်လိုက်ကြတယ်။ အဲ့ဒီကျောင်းသားတွေက ဇွဲကပင်ဆောင်က ကျောင်းသားတွေလေ။ သူတို့နှစ်ယောက်ကို ကားကိုပစ်တင်ဖို့ကြိုးစားနေတုံး အတင်းရုန်းပြီးထွက်ပြေးလာတာလို့ဆိုတယ်။ သမိုင်းဝင်းစားသောက်ဆိုင်တန်းတွေမှာ စုရုံးရောက်ရှိနေတဲ့ ကျောင်းသားအုပ်ဆီကိုရောက်လာတော့ သူတို့မျက်နှာနဲ့လက်မောင်းမှာ သွေးတွေကျနေတယ်။ ဒဏ်ရာဒဏ်ချက်တွေကို သုတ်ပေးနေတဲ့ ကျောင်းသားတယောက်က သူတို့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေ ပြန်ပြောပြဖို့တောင်းဆိုနေချိန်မှာပဲ သေနတ်သံတွေကို အတွဲလိုက်ကြားလိုက်ရတော့တယ်။ ပုပ္ပါးဆောင် အဆောင်မှူးဦးစိုးလွင် က
“ ဟေ့ကောင်တွေ အဆောင်ထဲကို ပြန်ဝင်ကြ၊ ပြန်ဝင်ကြပါကွာ။ တခုခုဖြစ်မှာစိုးလို့ပါ” လို့ စိုးရိမ်တကြီးပြောရှာတယ်။
ကျောင်းသားတွေက ဒေါသနဲ့တုန်နေတယ်။ ဆောင်းဦးရဲ့မြက်ခြောက်တွေကို မီးတင်ရှို့လိုက်ကြတယ်။
“ ဒီကနေ့ နိုဘယ်ငြိမ်းချမ်းရေးဆုခြီးမြှင့်တဲ့ နေ့” တဲ့။ ကျနော်တို့ရဲ့နေ့ရက်တွေကတော့ မီးတွေနဲ့ကစားနေကြရဆဲပဲလေ။

ခြေသံ (၄)
ဒီအဆောင်လေးကနေခွာရတော့မယ် ဆိုတော့ စိတ်ထဲမှာ တကယ့်ကိုမကောင်းဘူး။
ကျောင်းကို တခါ တခါပြန်ရောက်ရောက်လာတိုင်း ကိုယ်နဲ့တွဲနေကျ အပေါင်းအသင်းတွေက ပျောက်ပျောက်သွားတယ်။ နိုင်ငံရေးဆိုတာကို နားမလည်ချင်ပါဘူး။ ဟော့ဒီကျောင်းကိုလာတက်ဖို့အတွက် ကိုယ့်မိဘက လယ်မြေတွေကိုရောင်းခဲ့ရတယ်။ ကိုယ့် ကျောင်းစရိတ်အတွက် သူတို့ထွန်ယက်ခဲ့ရတဲ့လယ်တောတွေ၊ တောစိမ်းရဲ့ညနေခင်းတွေမှာ ရထားလမ်းတလျှောက် မောင်းနှင်နေတဲ့ထွန်စက်တွေ၊ ကြံခင်းတွေထဲကအရိပ်တွေ ကို အားနာလွန်းလို့ ပြဿနာတွေနဲ့ဝေးဝေးနေနေခဲ့တယ်။ ဒါပေမဲ့ ဒီည- အရက်သောက်ချင်စိတ်က ပြင်းပြင်းရှရှ အာသီသရှိနေတယ်။ ကျောင်းသားတွေအော်ဟစ်နေတဲ့အသံတွေကို စူးစူးစိုက်စိုက်နားထောင်နေမိတယ်။ အညာဘက်က ကျောင်းသားတွေနဲ့ မြစ်ကြီးနား၊ ရှမ်းပြည်က လာတက်တဲ့ ကျောင်းသားတွေရှိရာ အခန်း (၂၁၀) ဘက်ဆီကိုထွက်လာခဲ့မိတယ်။ သူတို့ရဲ့ရာဇသံကို အဆောင်တခုလုံးကြားနေရတယ်။
“ ဒီည အဆောင်ကိုလာကပ်တဲ့လူစိမ်းမှန်သမျှ ကင်စားပစ်မယ်” တဲ့။

သူတို့ခံစားမှုကို ကိုယ်နားလည်ပါတယ်။ ညနေခင်းတုံးက အဖြစ်အပျက်က သူတို့ကို အခံရခက်စေတယ်။
ခြောက်မိုင်ခွဲဘက်က ရွှေကြယ်လက်ဘက်ရည်ဆိုင်လေးမှာ ထိုင်နေတုံး သူတို့ဆီကို သတင်းတခုသယ်လာတယ်။
“ ထွန်းမြင့်ထွေး (ဘိုးဘိုး) နဲ့ သန်းလွင်ဦး တို့ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးသွားပြီတဲ့။ သူတို့တတွေ ဒူးယားဆောင်နဲ့ ဇီဝကဆောင်ကိုလိုက်သွားကြတယ်။ ဒူးယားအဆောင်မှူး ဦးဝင်းမြင့် က ထွန်းမြင့်ထွေးကို အဆောင်တွင်းမှာ လိုက်ရှာပြီး အပ်လိုက်တာလို့ဆိုတယ်။ဦးအောင်ကျော်မြတ် ကတော့ ပါမောက္ခက ဆွေးနွေးချင်လို့ ငါထည့်ပေးလိုက်တာလို့ ပြောတယ်။
“ ဟာ -- ဆရာကလည်း ခဏလောက်ဆွေးနွေးစရာရှိလို့ပါ ဆိုပြီး (၁၀) နှစ်လောက်ကြာသွားတာ ဆရာသိရဲ့သားနဲ့” ဆိုပြီး တောက်ခေါက်အပြစ်တင်ကြတယ်။ သူတို့နှစ်ယောက်ပါသွားပြီဆိုရင် နောက်ထပ်လာဖမ်းချင်တဲ့ကျောင်းသားခေါင်းဆောင်တွေက စဉ့်ကူဆောင်မှာရှိနေတယ် လို့ သဘောပေါက်နေကြတယ်။
ကိုယ်တို့မြင်ကွင်းရှေ့မှာ ကျောင်းသားတယောက်မှ အဖမ်းမခံရစေဘူး လို့ ဆုံးဖြတ်ရင်း သူတို့အုပ်စုနဲ့ပေါင်းဖို့ အခန်းကူးလိုက်တယ်။

ခြေသံ (၅)

တကယ်တော့ စဉ့်ကူဆောင်အပေါ်ထပ်မှာ ဘယ်လိုသူတွေရှိနေတယ်ဆိုတာ စစ်ထောက်လှမ်းရေးက ကောင်းကောင်းသိပါတယ်။ အရေးတော်ပုံအပြီးမှာ တောခိုသွားပြီးပြန်လာတဲ့ကျောင်းသားတွေ၊ နယ်မြေအသီးသီးမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပြီး အဖမ်းမခံရပဲ ကျန်ရှိနေတဲ့ ကျောင်းသားတွေ၊ မြစ်ကြီးနား၊ ရှမ်းပြည်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို--- လူစုံပဲ။
အဆောင်မှူးကလည်း စရောက်ကတည်းကပြောတယ်။
“မင်းတို့တတွေကို စုထားပေးလိုက်တော့ ငါတို့ထိန်းရလွယ်တာပေါ့”တဲ့။
ဒါပေမဲ့ အဆောင်မှူးဦးအောင်ရှိန် မှားသွားပြီထင်တယ်။
အဲ့ဒီ အပေါ်ထပ်မှာ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ လူစိမ်းတက်လာရင် အဆောင်ကျောင်းသားတွေက ကျောင်းသားကဒ်ထုတ်ခိုင်းတယ်။ အရက်ဖိုးအလှူခံတယ်။ သူတို့ရဲ့လွတ်မြောက်ဒေသကို ထူထောင်လိုက်ကြတယ်။
စဉ်ကူဆောင်ဆိုတာ ငွေစက္ကူအရေးအခင်းကတည်းက အစိုးရကားတွေကို မီးတင်ရှို့ခဲ့တဲ့နေရာ။ သမိုင်းကိုဆက်ထိန်းထားရမယ်။
အဲ့ဒီတုံးက လက်ထောက်အဆောင်မှူးက သင်္ချာပြတဲ့ ဦးအေးအောင်၊ သူကတော့ ကျောင်းသားတွေ နဲ့အဆင်ပြေတယ်။ ကျောင်းသားတွေဆိုးသမျှကိုလည်းအနွံအတာခံရှာပါတယ်။ ကျနော်တို့တတွေ ဆူညံနေမှ နေသာထိုင်သာရှိတယ်လို့ ဆိုရှာတယ်။
ဒါပေမဲ့ ဒီတခါတော့ သူ့မျက်နှာမှာ စိုးရိမ်စိတ်တွေလွှမ်းနေတယ်။အဆောင်အပေါ်ထပ်မှာ ဝိုင်းဖွဲ့စုထိုင်နေတဲ့ ကျောင်းသားတွေက
လှေခါးထစ်တွေကို မျက်နှာခက်ထန်စွာကြည့်နေတယ်။ သမိုင်းဆောင်တခုလုံးကို စစ်တပ်က ဝိုင်းထားလိုက်ပြီ ဆိုတော့ ဘယ်ကိုမှထွက်လို့မရတော့ဘူး။ ညနက်လာတာနဲ့အမျှ စစ်ထောက်လှမ်းရေးတွေလာတော့မယ်ဆိုတာသိနေတယ်။ အဆောင်မှူးတွေဆိုတာကလည်း ဘာမှလုပ်မပေးနိုင်ပါဘူး။ သူတို့ အလုပ်ပြုတ်မှာပဲကြောက်နေကြတာမို့လား။
အဆောင်မှူး ဦးအောင်ရှိန်က မန္တလေးဘက်ကိုပြန်မဲ့ကျောင်းသားတွေရဲ့အမည်စာရင်းကိုလာယူတယ်။

ခြေသံ (၆)

သမိုင်းဆောင်မှာ စိတ်ဆိုးဒေါသထွက်နေတဲ့ ကျောင်းသားအုပ်ရဲ့အနေအထားကို သိတော့ ညနေခင်းကတည်းက စတင်ဖမ်းခဲ့တဲ့ လူဖမ်းပွဲအစီအစဉ်ကိုရပ်လိုက်ကြတယ်ထင်တယ်။ နောက်တနေ့မနက်ကြမှ စစ်ထောက်လှမ်းရေးနှစ်ယောက် ပါပလစ်ကာ အဝါပျော့ပျော့ရောင်နဲ့ရောက်လာတယ်။ တတိယနှစ်ကျောင်းသား “-----” ကို ခဏတွေ့ချင်လို့တဲ့။
စစ်ထောက်လှမ်းရေးတွေ အဆောင်မှူးရုံးခန်းမှာရောက်နေပြီဆိုတဲ့သတင်းကိုကြားလိုက်တော့ ကျောင်းသားတွေကပြေးဆင်း
သွားတယ်။အဲ့ဒီကားကို မီးရှို့ဖို့ စတင်လိုက်ကြတယ်။ ကျောင်းသားနှစ်ယောက်က ဆွဲကိုင်လှုပ်ယမ်းပြီး ကျောင်းသားတွေကို လှုံ့ဆော်နေပြီ။ အခြေအနေကို ရိပ်မိသွားတဲ့ အဆောင်မှူးနဲ့ ထောက်လှမ်းရေးတွေက အပြင်ကိုထွက်လာတယ်။
သူတို့ဟာ မော်ကွန်းထိန်းရုံးကဖြစ်ကြောင်း အမြန်မိတ်ဆက်ပြီး မောင်းပြေးသွားကြတယ်။
ဒါပေမဲ့ ရန်ကုန်ဘူတာကြီးမှာ စောင့်နေကြအုံးမယ်ဆိုတာ ကျောင်းသားတိုင်းသိနေကြတယ်လေ။

ခြေသံ (၇)

အဲ့ဒီနေ့က မှတ်မှတ်ရရ၊ စက်မှုကျောင်းသားတွေ( Mechanical Students) Assembly Drawing ဆွဲနေတဲ့အချိန်လေ။
လွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက ရန်ကုန်တက္ကသိုလ်နဲ့စက်မှုတက္ကသိုလ်ကျောင်းသားတွေကြားမှာ
“ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ပွဲတပွဲလုပ်ကြမယ်” လို့ အချက်ပေးလိုက်ကြတယ်။
နေ့လည် (၁၁) နာရီလောက်မှာ ကျောင်းပင်မဆောင် ( Building 1) အောက်မှာ ဆုံကြမယ် လို့ ဆိုနေကြတယ်။
တယောက်မျက်နှာ တယောက်ကြည့်ပြီး ပုံဆွဲနေတာကို ရပ်လိုက်ကြဖို့ ကျနော်တို့တတွေ အချင်းချင်းအချက်ပေးလိုက်ကြတယ်။
ကျောင်းသားအုပ်စုတွေလည်းရောက်နှင့်နေကြပြီ။ သန်းလွင်ဦး ( Electrical Power) က ခုံတလုံးကိုဆွဲယူပြီး
တရားစဟောတယ်။ ပညာရေးနစ်နာမှုတွေ ကို အစိုးရအနေနဲ့တာဝန်ယူဖြေရှင်းပေးဖို့။
နောက်-- ကျောက်ပတောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လှိုင်မိုးသန်း၊ သူကလည်း ကျောင်းသားထုအခွင့်အရေး
ကာကွယ်ရေးအကြောင်းတွေဆက်ပြောတယ်။ ဘေးနားမှာလည်း အရေးတော်ပုံအတွင်းမှာ ပါဝင်ခဲ့တဲ့ကျောင်းသားတွေကလည်း အားဖြည့်ပေးထားတယ်။ မော်ကွန်းထိန်းဦးဆန်းမြင့်က ကွမ်းတမြုံမြုံဝါးရင်း ခပ်ပြုံးပြုံးနဲ့ရောက်လာတယ်။ ဆရာဦးသိန်းထွန်းအောင်က ပင်မအဆောက်အဦမှာ တောင်းဆိုချက်တွေကို ထိုင်ရေးနေတဲ့ ကျောင်းသားအုပ်တွေနားကို
မယောင်မလည်လာရပ်ပြီး ကြည့်နေတယ်။ ထွန်းမြင့်ထွေး (ဘိုးဘိုး) ၊ သန်းလွင်ဦး နဲ့ ကျောင်းသားအုပ်စုတွေ
တောင်းဆိုချက်တွေထိုင်ရေးနေတုံး၊ ပဉ္စမနှစ်ကျောင်းသားတယောက်က သူရေးပေးမယ်လို့ဆိုတယ်။
စာ စရေးတဲ့အချိန်မှာကတည်းက ကျောင်းသားတွေက အဲ့ဒီကျောင်းသားအပေါ် သံသယရှိသွားပြီ။
သူ့လက်ရေးက တကယ့်ကို ပရော်ဖက်ရှင်နယ်လက်ရေး။ လက်ရေးလှတဲ့အပြင် ရုံးပုံစံစာကို ကောင်းကောင်းရေးတတ်တယ်။
ကျောင်းသားတယောက်က
“ အကိုရာ ဘယ်လိုမှ မအောက်မေ့နဲ့ခင်ဗျားရဲ့ကျောင်းသားကဒ်တချက်လောက်ကြည့်ပါစေ” ဆိုပြီး တောင်းယူတယ်။
သူကလည်း ကျောင်းသားကဒ်ထုတ်ပြတယ်။ ပဉ္စမနှစ် လျှပ်စစ်စွမ်းအား ( ခုံနံပါတ် -၅) တဲ့။
ကျနော်တို့တတွေ၊ တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။ တကယ်တော့ သူ့ရဲ့ကျောင်းသားကဒ်က အတုပဲ။
ခုံနံပါတ် (၅) ဘယ်သူလည်းဆိုတာ ကျနော်တို့တတွေကောင်းကောင်းသိတာပေါ့။ ကျောင်းဖွင့်ကတည်းက ရန်သူဘက်က
ကျောင်းသားကဒ်အတုတွေအများကြီးလုပ်ထားတယ်ဆိုတာတွေ၊ ကျောင်းသား (၁၀) ယောက်၊ဆရာတယောက်တာဝန်ယူရမယ်
ဆိုတာတွေ က နားယဉ်ပြီးသားမို့လား။ဘာဆက်မေးချိန်မှ မရလိုက်တော့ပါဘူး။ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့
ကျောင်းသားအုပ်ကိုကြည့်လိုက်ရင်း သတို့ လက်ညှိုးထိုးပြရာကို လှမ်းကြည့်လိုက်တော့ အပြင်မှာ စစ်ကားတွေရောက်နေပြီ။
ကျနော်တို့တတွေ အဆောင်ကို ပြန်ဖို့အတွက်လည်း ဘတ်စ်ကားကြီးတွေကို ကျောင်းရှေ့မှာ ရောက်နေကြပြီ။
ရန်ကုန်တက္ကသိုလ်အတွင်းမှာ ဖြစ်နေတဲ့ ကျောင်းသားဆန္ဒပြပွဲ နဲ့ မပေါင်းမိအောင် လက်ဦးမှုယူ ဖြတ်တောက်ပစ်ချင်ပုံရပါတယ်။

ခြေသံ (၈)

အိမ်ကိုပြန်မယ်သာပြောတာ။ စစ်ထောက်လှမ်းရေးတွေက သမိုင်းဆောင်တခုလုံးကို ပိတ်ထားပြီး ပါဝင်ခဲ့တဲ့ ကျောင်းသား
ခေါင်းဆောင်တွေကို လက်ရ ဖမ်းဖို့ကြိုးစားနေတယ်။ သမိုင်းဝင်းထဲကို ပတ်လျှောက်ကြည့်လိုက်မယ်ဆိုရင်
ဇွဲကပင်ဆောင်နဲ့အုံးတောအဆောင်ရှေ့၊ ဂန္ဓမာဆောင်ရှေ့မှာ စစ်ကားတွေနဲ့လက်နက်ကိုင်တပ်တွေ နေရာယူထားကြတယ်။ တချို့ကျောင်းသားတွေက နေရာတခုကို ဖြတ်ကနဲသတိယလိုက်ကြတယ်။ ခြောက်မိုင်ခွဲဘက်ကိုပေါက်ထွက်တဲ့လမ်းကြောင်းတခုရှိတယ်။
မိန်းကလေးဆောင်တွေက ဖြတ်သွားရင် အဲ့ဒီ လမ်းမကိုရောက်နိုင်တယ်ဆိုပြီး တချို့က လက်ဘက်ရည်ဆိုင်စားပွဲထိုးပုံစံ
ဟန်ဆောင်ပြီး စစ်သားတွေစောင့်တဲ့ဂိတ်တွေကို ဖြတ်လျှောက်သွားကြတယ်။ လွတ်ထွက်သွားကြတယ်။

ခြေသံ (၉)

ဘူတာကြီးကိုလာရတယ်ဆိုတာကလည်း အထိတ်တလန့်ပါပဲ။ ကျောင်းဆရာတွေနဲ့အတူပါလာတဲ့ထောက်လှမ်းရေးတွေက
နယ်ပြန်မဲ့ကျောင်းသားတွေရဲ့စာရင်းကိုကြည့်ပြီးပြီလေ။ သူတို့လိုချင်တဲ့ကျောင်းသားတွေကို ဖြတ်ဖမ်းတယ်။
မမိလိုက်တဲ့ကျောင်းသားတွေကို ပဲခူး၊ ပျဉ်းမနား၊ သာစည်ဘူတာတွေကို ဖမ်းခဲ့တဲ့အဖြစ်အပျက်တွေ ကို မတ်လအရေးအခင်းတုံးက
လည်းကြုံခဲ့ဘူးတယ်မို့လား။ ကျနော်တို့တတွေ သမိုင်းတပတ်ပြန်မကြော့အောင်မှတ်လောက်သားလောက်အောင်
လုပ်ပစ်ကြဖို့ စိတ်ကူးလိုက်ကြတယ်။
“ နိုင်ငံတော်အစိုးရမှ ကျောင်းသားများအားအေးချမ်းစွာ အိမ်ပြန်လွှတ်လိုက်သည်” သတင်းမှတ်တမ်းရိုက်နေတဲ့ ကင်မရာတွေနား
ကပ်သွားကြတယ်။ ရထားအထွက်မှာ ဆဲသံတွေ၊ ခဲတွေပလူပျံသွားတယ်။ ဒီ ရထားကို ကျနော်တို့ပိုင်တယ်။
အခုချိန်ကစပြီး ရထားပေါ်စစ်ထောက်လှမ်းရေးတွေတက်လာရင် ပြန်ခုခံချကြပေတော့” လို့
ကျောင်းသားကြီးတယောက်က အော်ဟစ်ကြိမ်းဝါးသံကိုကြားလိုက်ရတယ်။
ရထားရပ်မဲ့နေရာတွေမှာ မိနစ်အနည်းငယ်ပဲနားရမယ်လို့ မီးရထားမောင်းနှင်တဲ့သူနဲတွဲစောင့်တွေကို သတိပေးလိုက်တယ်။

ခြေသံ (၁၀)

တကယ်တော့ အဲ့ဒီညက ကျနော်တို့ ရထားပေါ်ကို ဘယ်လူစိမ်းမှ ရောက်လာခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ ထောက်လှမ်းရေးတွေက သက်ဆိုင်ရာ ကျောင်းသားတွေရဲ့မြို့အသီးသီး အိမ်အသီးသီးကနေ စောင့်နေခဲ့တယ်။
ခင်မောင်ရွှေ ( သတ္တုတူး၊ မုံရွာ အမြဲစိမ်းလူငယ်များအဖွဲ့)၊ မျိုးနိုင် ( ရေနံ၊ မန္တလေး)၊ ဇော်ကိုမောင် ( မြို့ပြ၊ မန္တလေး)၊
စိုးလွင်( စက်မှု၊ အမရပူရ) တို့ကို အိမ်တွေမှာစောင့်ဖမ်းပြီး ချက်ခြင်းပဲ စစ်ရဟတ်ယာဉ်တွေနဲ့ ရန်ကုန်စစ်ကြောရေးဆီ ပို့ခဲ့တယ်။
ထောင်ဒဏ်နှစ်ရှည်တွေကျခဲ့ကြတယ်။ ကျနော့အခန်းဖေါ်ခင်မောင်ရွှေ တယောက်လည်း (၁၅) နှစ်အကြာမှာ အကျဉ်းထောင်က ပြန်လွတ်လာပြီး၊မုံရွာမြို့ကိုပြန်ရောက်ပြီးကျန်းမာရေးမကောင်းဘူး၊စိတ်ကစင့်ကလျားဖြစ်နေတယ် တဲ့။

အော်----
အိမ်မပြန်ရဲသူတွေရှိတယ်။
ကမ်းပါးပြိုတဲ့ညအောက်အနီးကပ်ရောက်သွားတဲ့ ငှက်တို့ပျံသန်းရာ
လရောင် ကောက်ကြောင်းမှာတဲ့လေ……………..

ဘဝတွေကို ကြိမ်ဖန်များစွာ တရားကျခဲ့ဘူးတယ်။
ဘိုကလေးစစ်ဆင်ရေးမှာ ကရင်ရွာ (၉) ရွာကိုရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ နဝတ အတွင်းရေးမှူး (၂) တင်ဦးလည်း ရဟတ်ယာဉ်ပျက်ပြီး၊ အသေဆိုးနဲ့သေခဲ့ရတယ်။ အချင်းချင်းဇာတ်တူသားစားတဲ့ကိစ္စမှာ ဝဋ်လည်တာတွေ၊ အတုန့်အလှည့်တွေ နဲ့ သံသရာလည်နေတဲ့ ဖြစ်စဉ်တွေကြားမှာ ဘာတွေကို မျှော်လင့်နေခဲ့မိကြသလဲ။
တခါတုံးက အန္တရာယ်ကြားမှာ တယောက်ကိုတယောက် အသက်ထပ်ပြီး တိုက်ပွဲဝင်ခဲ့သူတွေ၊ နယ်စပ်မျဉ်းကိုဖြတ်ကျော်လိုက်ကတည်းက တစိမ်းဆန်ဆန်ဖြစ်ခဲ့ကြရတယ်။ သေနတ်ကျည်ဆံရှေ့မှာ ဖြတ်ပြေးဖို့ ဝန်မလေးခဲ့တဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ တယောက်ထိရင်အားလုံးပြန်ချခဲ့ဘူးသူတွေ--
မိတ်ဆွေ၊
အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ဒဏ်ရာထက် ချိုမြိန်ခဲ့တဲ့အရာ ခင်ဗျားဘဝမှာ ပိုင်ဆိုင်ဘူးပါရဲ့လား။
ခုလို ဆောင်းညတွေမှာ လိပ်ပြာသန့်သန့်နဲ့ မီးခပ်ထွန်းညှိခဲ့တဲ့ ဆွတ်ဆွတ်ဖြူ နှင်းတွေ နဲ့အတူ
ကျနော်တို့တတွေ လမ်းမတွေပေါ်ထွက်လာခဲ့ကြဘူးတယ်……………………….။

အောင်မိုးဝင်း
Reply Forward

No comments: