Thursday, December 9, 2010

Dec 9, 2010


မြန်မာ ၀ီကီလိခ် မှ Embassy of Rangoon ကြေးနန်းများ ကို ဖော်ထုတ် သွားမည်
Posted: 08 Dec 2010 11:18 PM PST
ဝီကီလိခ် သည် နာရီ ၅၀ လျှင် တစ်ကြိမ် Embassy of Rangoon ကြေးနန်းများ ကို ဖော်ထုတ် သွားမည် ဖြစ်ရာ ၄င်းသတင်းအချက်အလက်များကို မြန်မာ ၀ီကီလိခ် တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာ ၀ီကီလိခ် ကို နှစ် ၉၀ ပြည့် အမျိုးသားနေ့ ကျရောက်သည့် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် စတင်တည်ထောင်ပါသည်။ အင်တာနက် စာမျက်နှာ www.myanmarwikileaks.org သည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နေ့ တွင် စတင်သည်ဟု သိရသည်။

ဦးအောင်သောင်း၏ အာဏာသိမ်းရန် ကြံစည်မှု (အပိုင်း ၁ ၊ ၂) တွင် တပ်မတော် အရာရှိ ဟောင်း ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ဖြုတ်ချပြီး အာဏာသိမ်းရန်အကြံအစည် ကို စတင်ခဲ့ခြင်း မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည် ကို စတင် သိရှိကတည်းက ဖြစ်သည်။စက်တာဘာလ နှောင်း ပိုင်းမှာ ၀န်ကြီး ဦးအောင်သောင်း ဟာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိမ် ကို အ၀င်အထွက်ရှိ ပေမယ့် သူကိုယ်တိုင် အာဏာ သိမ်းဖို့ မဖြစ် နိုင်တာကြောင့် (သူ၏ ပီအေ ဗိုလ်ကြီးကိုကို နိုင် အကြံပေး ခြင်းဖြစ်သည်) သူအကြံအစည် အတွက် ဦးဆောင် ဦးရွက် ပြုနိုင်မည့် သူ များကိုချဉ်း ကပ်ခဲ့ရာမှာနောက်ဆုံးတွင် နေ့ စဉ် ယမကာ မှီဝဲ သော်လည်း သူနှစ် ခမည်းခမက် တော် စပ်သည့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ် ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာဝီကီလိခ် တွင်ဖော်ပြထားသည်။ သင်္ကြန် အတက် နေ့ ဗုံးပေါက်ကွဲမှု (သို့ မဟုတ်)မအောင်မြင်သော လုပ်ကြံမှု ၊ တရုတ်က မြန်မာ နိုင်ငံတွင် လက်နက်စမ်းသပ်မှု များ အား မြန်မာဝီကီလိခ် တွင် အပြည့်အစုံဖော်ပြထားသည်။

မြန်မာ ၀ီကီလိခ် myanmarwikileaks@gmail.com သို့  ပေးပို့ လို သည့် သတင်း အချက် အလက်များ အတွက် သင့် လက်ရှိ အသုံးပြုနေသည့် အီးမေးလ် ကို အသုံး မပြုဘဲ အသစ်ဖွင် ထား သည့် ဂျီမေးလ် (သို့ ) အခြား မေးလ် တစ်ခုခုကို သုံးရန်နှင့် ထို အီးမေးလ် ကို တစ်ခါ သုံးလျှင် တစ်ကြိမ် အတွက် သာ သုံးရန် သတိပေးဖော်ပြထားသည်။
သံဃာတော်များကို ဒေါ်အောင်ဆန်းစုကြည် သင်္ကန်း ကပ်လှူ
Posted: 08 Dec 2010 08:09 PM PST
ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့နံနက် ၈ နာရီတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များက သံဃာတော်များနှင့် သီလရှင်များကို သင်္ကန်းနှင့် ၀တ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ ပင့်ဖိတ်ထားသော သံဃာတော်များအပြင် တခြားသော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များစွာ ကြွရောက် လာမှုကြောင့် စီစဉ်ထားသော သင်္ကန်း အရေအတွက် မလောက်မင ဖြစ်ခဲ့ပြီး သံဃာတော် အပါး ၁၅၀ ကိုသာ သင်္ကန်းများ ကပ်လှူနိုင် ခဲ့ကြောင်း၊ သင်္ကန်း မကပ် လှူနိုင်သော သံဃာတော်များကို ဖိနပ်နှင့် ၀တ္ထုငွေများ ကပ်လှူခဲ့ ရကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော် ၁၅၀ ကို သင်္ကန်းများ ကပ်လှူရန် NLD ရုံး အနီးအနားရှိ ဘုန်းကြီးကျောင်းများကို လိုက်လံ ပင့်ဖိတ် ခဲ့သော်လည်း ယနေ့တွင် ရန်ကုန်မြို့တမြို့လုံးရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များ၊ သာမဏေ များနှင့် သီလရှင်များစွာ ကြွရောက် ခဲ့ကြောင်း NLD ဗဟို ကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန်က ပြောသည်။

ယနေ့ လှူဒါန်းပွဲသို့ NLD ရုံးရှေ့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆွမ်းခံကြွလေ့ ရှိသည့် သံဃာတော် ၇၈၅ ပါးနှင့် သီလရှင် ၁၁၉ ပါး ကြွရောက် ခဲ့သည်ဟု သူက ပြောသည်။

ယနေ့ လှူဒါန်းမှု မပြုလုပ်မီ ၁ ပတ်အလိုကတည်းက NLD ရုံးချုပ်ရှေ့နှင့် ရွှေတိဂုံ စေတီတော် အနီးတဝိုက်တွင် သံဃာတော်များ ကြွရောက်ပါရန် ပင့်ဖိတ် ထားသည့် ကြော်ငြာစာရွက်များ လိုက်လံကပ်ခဲ့သည်ဟု သိရသည်။
နောက်ဆုံးနှစ် ကျောင်းသား ၏ အင်တာဗျူး (facebook share)
Posted: 08 Dec 2010 09:19 AM PST

မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ

ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ် တယ် ဒီစာမေးပွဲအောင်ရင်ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ

ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြောကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက်သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။

မေး- ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့်နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေ

တို့ ဘာတို့တွေတောင်ရောက်ကြတယ်လေမောင်လေးတို့ရော။

ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်ကထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့ မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကိုနေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှစိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။

မေး- ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။

ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့်တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေကအရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။

မေး- အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလိုကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ဘာတို့ရှိနေပြီလား

ဖြေ- အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကိုဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTSလို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်းခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခုမဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင်လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကိုကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSCစာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေအလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။

မေး- ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား

ဖြေ- လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေကမတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။

မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား

ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာနေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါလမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။သေသေချာချာတော့ မပြောနိုင်သေးပါဘူး။

မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။

ဖြေ-တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးကစီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိအလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကိုပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့်ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။

မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည်ကို့လူမျိုးအတွက်ပေါ့။

ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေမမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲကပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်းဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကိုကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက ကုလားပါပဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့ဝင်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။ စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။

အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်

ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်ကအစ်မကို ကျေးဇူးအထူးတင်ပါတယ်။.

Ko Ye Thurein Min မှမျှဝေပေးသည်။

No comments: