Friday, January 20, 2012

ခေတ်တွေ တကယ်ပဲပြောင်းသွားပြီလား 50 Years of Hope



မျှော်လင့်ချက်များ­နှင့် အနှစ် ၅၀
မိုးမခ အထောက်တော် ရန်ကုန်၊ ဇန်န၀ါရီ ၂၁၊ ၂၀၁၂
အခုရက်ပိုင်း ရန်ကုန်မြို့မှာ လမ်းလျှောက်သွားရင်းနဲ့ ပလက်ဖောင်းပေါ် ခင်းထားတဲ့ ဂျာနယ်အရောင်းဆိုင် ဗန်းတွေကို လှမ်းကြည့်မိပါတယ်။ ဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ အနီရောင်တွေ အလံတွေ၊ ခွပ်ဒေါင်းလံနောက်ခံနဲ့ ပင်နီအကျီင်္ဝတ် ကိုမင်းကိုနိုင်ပုံ၊ ကိုကိုကြီး၊ မြအေး၊ ကိုဋ္ဌေးကြွယ် အစရှိတဲ့ အစိုးရအတိုက်အခံ ခေါင်းဆောင်တွေ၊ အခြားနှစ်ရှည်နိုင်ငံရေး အကျဉ်းသားတွေရဲ့ ရုပ်ပုံတွေ တွေ့မြင်နေရတော့ မျက်စေ့ကို မယုံချင်ယုံချင်နဲ့ ခေတ်တွေ တကယ်ပဲပြောင်းသွားပြီလားလို့ စဉ်းစားမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေ ဂျာနယ်မျက်နှာဖုံးမှာ မြင်တွေ့ရတာ တနှစ်ကျော်လာပါပြီ၊ အစပိုင်းမှာ မျက်နှာဖုံးပြည့်ပုံ ခပ်ရှားရှားကနေ နောက်ပိုင်း တော့ အပတ်စဉ် ဂျာနယ်အများအပြားက မျက်နှာဖုံး ဓါတ်ပုံအဖြစ် ဖေါ်ပြခွင့်ရနေတာကြောင့် သိပ်မထူးဆန်းတော့ပါဘူး။
အခုတလောမြင်ရတဲ့ သတင်းဓါတ်ပုံတွေက ဒေါ်စုပုံ မျက်နှာဖုံးပြည့်ဖေါ်ပြတာထက် အများကြီး ထူးဆန်းပါတယ်။ ကျောင်းသား လှုပ်ရှားမှုရဲ့ အထိမ်းအမှတ် ခွပ်ဒေါင်းအလံ၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့သူတွေရဲ့ ပုံတွေ၊ ခွပ်ဒေါင်းအလံထူလို့ သရက်မြို့လမ်းမပေါ်မှာ လူထုကို တရားဟောနေတဲ့ပုံတွေ မို့လို့ ထူးဆန်းတယ်လို့ ထင်မိတာပါ။
ဆယ်စုနှစ် ၄၊ ၅ ခုလောက် အခုလိုပုံတွေကို ဖေါ်ပြခွင့်မရခဲ့ကြပါဘူး။ ဒါရိုက်တာဝိုင်းရဲ့ အဲဒီအခန်းကိုဖြတ် ဆိုတဲ့ ဇတ်လမ်းတိုထဲကလို ဒီပုံမျိုး အပြင်မှာရှိချင်ရှိမယ်၊ စာမျက်နှာပေါ်မှာတော့ မရှိရဘူးဆိုပြီး တားမြစ်အရာတွေဖြစ်နေခဲ့တာပါ။
အင်တာနက်ပေါ်လာတဲ့ အခုဆယ်စုနှစ်မှ အင်တာနက်ပေါ်မှာ အဲလိုရုပ်ပုံတွေ နှစ်အတန်ကြာမှစပြီး ကြည့်နိုင်ပေမယ့် လမ်းမတွေပေါ်မှာ ပထမဆုံးအကြိမ် မြင်လာရတဲ့အခါ အသိစိတ်က မယုံနိုင်တဲ့ ခံစားမှုမျိုးဖြစ်ပေါ်လာတာပါ။

တကယ်ပဲ ပွင့်လင်းလာပြီလား

မြန်မာနိုင်ငံ အမှန်တကယ်ပဲ ပွင့်လင်းလာပြီလားဆိုတဲ့ မေးခွန်းဟာ အခုရက်ပိုင်း အခုလပိုင်းမှာ ပြည်ပရောက် မြန်မာတွေ၊ နိုင်ငံခြားသားတွေ တချို့သော ပြည်တွင်းက လူတွေကိုယ်တိုင် မေးနေကြမှာ အမှန်ပါပဲ။
ပြည်ပရောက် မြန်မာတွေကမေးတာက မယုံလို့၊ အရပ်သား အစိုးရတဖြစ်လဲ စစ်ဗိုလ်ချုပ်ဟောင်းတွေကို မယုံတာဖြစ်မှာပါ။ နိုင်ငံခြားသား သတင်းထောက်တွေမေးတာကတော့ မြန်မာပြည်သူတွေ ဘယ်လိုယူဆသလဲ ဆိုတာကို သိချင်လို့မေးတာဖြစ်နိုင်ပါတယ်။
ပြည်တွင်းက လူတွေကိုယ်တိုင် မေးတာကတော့ မျက်စေ့ရှေ့မှာဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေဟာ တကယ်လား၊ ရှေ့ကိုဆက်သွားမှာလား၊ အရင်လိုအခြေအနေမျိုးကို ပြန်သွားဦးမှာလား ဆိုတဲ့ သံသယ မကင်းစင် နိုင်သေးသူက အများစုဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
ဆယ်စုနှစ် ၅ ခုလောက် လူတွေလွတ်လပ်စွာ ပြောခွင့်မရှိ၊ ရေးခွင့်မရှိ၊ ဆန္ဒကိုဖေါ်ပြခွင့်မရှိရာကနေ အခုတော့ အလင်းရောင်လေးအနည်းငယ်ရလို့ ပြောကြ ဆိုကြ ရေးလာကြတာ လပိုင်းပဲ ရှိပါသေးတယ်။
အရင်က ပိတ်ပင်ထားတဲ့ အရာတချို့ ပြောခွင့်ရလာတယ်။ အရင်က လုပ်ခွင့်မရှိတဲ့အရာတချို့ လုပ်ခွင့်ရလာတယ်။ ကျောင်းသားသမဂ္ဂ အလံကို တချို့သောနေရာမှာ အများပြည်သူမြင်အောင် ပြသနိုင်လာတယ်။ ကျောင်းသားသမဂ္ဂကပါလို့ ပေါ်ပေါ်ထင်ထင်ပြောဆိုလာတာတွေ ကြားလာနေပါပြီ။
ဒီအရာတွေဟာ ဘယ်အကြောင်းကြောင့် ဖြစ်ပေါ်လာတာပါလဲ။ မေးခွန်းက တခုပေမယ့် အဖြေက အများကြီးဖြစ်နိုင်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုကြောင့်လား၊ နိုင်ငံရေးအကြပ်အတည်းကြောင့်လား၊

အရပ်ဝတ်လဲလိုက်တဲ့ ဦးသိန်းစိန် အစိုးရက တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုရှိနေတာကိုဝန်ခံလိုက်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ကြောင်းနဲ့  နိုင်ငံတကာအစိုးရ၊  အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အတိုင်းအတာတခုအထိ လိုက်လျောလာတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းဟာ အခုလပိုင်းမှာ အမေးဆုံး မေးခွန်းဖြစ်ပါလိမ့်မယ်။
နိုင်ငံတကာ အစိုးရအချို့နဲ့ အတိုက်အခံအချို့က စီးပွားရေး ပိတ်ဆို့မှုကြောင့် စစ်တပ်အစိုးရ နောက်ဆုံးမှာ အခုလိုပြုပြင်ပြောင်းလဲမယ့် လမ်းလျှောက်လာတယ်လို့ ကောက်ချက်ချကြပါလိမ့်မယ်။
စီးပွားရေးပိတ်ဆို့မှုဟာ စစ်အာဏာရှင်အစိုးရကို နိုင်ငံတကာမှာ စီးပွားရေးအရ အထီးကျန်စေပြီး တရုပ်၊ ထိုင်း၊ စင်္ကာပူနဲ့ အချို့သောနိုင်ငံတွေနဲ့သာ ဆက်ဆံဖို့ အခွင့်အလမ်းရှိစေခဲ့ပါတယ်။ ဒီအချက်က နောက်ဆုံး အခုလိုအလျော့ပေးလာတယ်လို့ သူတို့က ဆိုကြပါလိမ့်မယ်။
အချို့သော ပြည်တွင်း အင်အားစုတွေကလည်း လူထုက မထောက်ခံလို့၊ မထောက်ခံ မကျေနပ်ကြောင်း ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်တော်လှန်ရေးနဲ့ ပြသခဲ့ကြလို့ နိုင်ငံတကာက ၀ိုင်းဝန်းဖိအားပေးပြီးနောက်မှာ အခုလို ပြောင်းလဲလာတာလို့ ကောက်ချက်ချကြပါတယ်။
စစ်အစိုးရက ပြည်တွင်းမှာစီးပွားရေး ကျဆင်းနေတာ၊ အစိုးရထံမှာ နိုင်ငံခြား အရံလက်ကျန်ငွေ များများစားစား မရှိတာဟာ စီးပွားရေး ချွတ်ချုံကျစေပြီး နောက်ဆုံးတွင် ယခုလို ပြုပြင်ပြောင်းလဲရေးလမ်း လျှောက်ရတာဟု ကောက်ချက်ချသူတွေလည်း ရှိပါတယ်။
နိုင်ငံတကာ သေနင်္ဂဗျူဟာနဲ့ ကမ္ဘာ့နိုင်ငံရေး ပထ၀ီဝင်ရှုထောင့်က ကြည့်ပြီး ကောက်ချက်ချသူတွေကတော့ မြန်မာနိုင်ငံဟာ တရုတ်ကိုမှီခိုလွန်းရာကနေ တရုတ်နိုင်ငံလက်ခုပ်ထဲ ရောက်မယ့်အခြေအနေဖြစ်လာတာကြောင့် အမေရိကန်နဲ့ သင့်မြတ်အောင် ဆက်ဆံပြီး တရုတ်လက်က လွတ်အောင် လုပ်ဆောင်တာလို့လည်း အချို့ကကောက်ချက်ချ ကြပါတယ်။
မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍဟာလည်း အတော့်ကို အရေးပါတယ်ဆိုတာ ထင်ရှားပါတယ်။ ပြုပြင်ပြောင်းလဲရေး တခုလုံးဟာ တရုတ်နိုင်ငံအန္တရာယ်ကြောင့် မဟုတ်တောင် တရုတ် အစိုးရရဲ့ အခန်းကဏ္ဍက လျှော့တွက်လို့ မရတဲ့အနေအထားလည်း ဖြစ်ပါတယ်။

လတ်တလော အရေးကြီးဆုံး

ဘာကြောင့်ပဲ ပြောင်းပြောင်း  ဦးသိန်းစိန်အစိုးရရဲ့ အခုအပြောင်းအလဲကို ပြည်တွင်းရော ပြည်ပကပါ အားလုံးကတော့ ကြိုဆိုကြပါတယ်။
အားပေးရမယ်၊ ဒီထက်ပိုပြောင်းအောင် လုပ်ကြရမယ်၊ ပြောင်းလဲဖို့ လိုတဲ့အရာတွေကို ထောက်ပြကြမယ်၊ ကူညီကြမယ်ဆိုတဲ့ အခြေအနေကို အခုရောက်နေတယ်လို့ မြင်တွေ့နေရတာကို ကြည့်ပြီး ပြောရမယ်ထင်ပါတယ်။
နှစ် ၅၀ လောက်စောင့်နေခဲ့ရတဲ့ အပြောင်းအလဲဟာ အခုတော့ မှိန်မှိန်ပြပြ မြင်တွေ့လာရပါပြီ၊ အိုဘားမား ကတော့ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ဟာ ပိုတောက်ပလာတယ်လို့ နိုင်ငံရေး အကျဉ်းသား ရာကျော် လွတ်မြောက်ပြီးနောက် တနေ့မှာမှတ်ချက်ချပါတယ်။
မြန်မာပြည်သူတွေ အဖို့လည်း မြင်နေရတဲ့ အလင်းရောင် ပျောက်မသွားဖို့ ၀ိုင်းပြီးကြိုးစားကြရမှာပါ။
  ခေတ်တခေတ်ပြောင်းတယ်ဆိုတာ နေ့ချင်းညချင်း မဖြစ်နိုင်ဘူးဆိုတာ မှန်ပါတယ်။ ပြင်ဆင်နိုင်တဲ့ ပြဿနာတွေ၊ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ နစ်နာသူတွေက ဘ၀တွေ အသက်တွေပေးနေရတဲ့ ပြည်တွင်းစစ်ပွဲလိုမျိုး၊ အကျဉ်းထောင်ထဲ နှစ်ရှည်ကျခံပြီး ကျန်းမာရေးဆိုးရွားတဲ့ဒဏ်နဲ့ အသက်တွေမဆုံးရှုံးသင့်တာ မဆုံးရှုံးအောင် ရပ်တန့်သင့်တာတွေကို မြန်မြန်ရပ်တန့်ပြီး ဖြေရှင်းဖို့ အမြန်ဆုံး ပြင်ဆင်ပြောင်းလဲဖို့ တော့လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။    ။

No comments: