Wednesday, January 4, 2012

မလွတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျုရှင်ဆရာ ဦးအောင်ဖေ ဆန္ဒထုတ်ဖော်


by Burma VJ Media Network on Wednesday, January 4, 2012 at 5:26am
ဆန္ဒထုတ်ဖော်ခဲ့သူ ကျူရှင်ဆရာ ဦးအောင်ဖေ

 “နိုင်ငံရေးအကျဉ်းသားတွေကို အခုချိန်ထိကို အကုန်လုံး မလွတ်သေးတဲ့အတွက်ကြောင့် လွတ်လပ်ရေးနေ့အထိ ကျနော်တို့ မျှော်ကြတယ် ။ အခုချိန်ထိ မလွတ်တဲ့အတွက်ကြောင့် ကျနော့ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ ဆန္ဒပြတာပါ။”ဟု တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူ ကျူရှင်ဆရာ ဦးအောင်ဖေက ပြောပါတယ် ။

ကျုရှင်ဆရာ ဦးအောင်ဖေသည် ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ မနက် ၇နာရီခွဲခန့်မှ စတင်၍ မင်းကိုနိုင် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွှတ်ပေးပါ ဟု ရေးသားထားတဲ့ အင်္ကျီအပြာ နှင့် လုံချည်အပြာ ဝတ်ဆင်ပြီး  စာရွက်ဖြူပေါ်မှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်မှသာ ပြီးပြည့်စုံသည့် လွတ်လပ်ရေး ဖြစ်မည် ဟုရေးသားထားတဲ့  ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ တွံတေးမြို့၏ လူစည်ကားတဲ့နေရာတွေမှာ အချိန် တ နာရီကြာခန့် ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ် ။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က “နိုင်ငံရေး အကျဉ်းသားတွေကို အခုချိန်ထိ အကုန်လုံးကို မလွှတ်သေးဘူး ။ ကျနော်တို့ မျှော်လင့်နေတဲ့ နှစ်များစွာ ကျထားတဲ့ ၈၈ က နိုင်ငံရေး အကျဉ်းသားအုပ်စုတွေရယ် ၊ နောက်ပြီး ရွှေဝါရောင် တုန်းက နှစ်ကြီးတွေ ကျထားတဲ့ နိုင်ငံရေး အကျဉ်းသား အုပ်စုတွေရယ်ကို မလွှတ်ပေးသေးဘူး ။ ကျနော်တို့ ဒေသမှ ရွှေဝါရောင်တုန်းက ပါသွားတဲ့ မောင်းတီး ဆရာတော် အရှင် သဒ္ဓမ္မ ကိုလဲ မလွှတ်သေးဘူး ။ သူတို့တွေကို အားလုံး ချွင်းချက်မရှိ ကျနော့အနေနဲ့ ပြန်လွတ်စေချင်ပါတယ် ။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးဖို့ အကုန်လုံးက မျှော်လင့်နေကြတယ် ။ မျှော်လင့်နေတဲ့အခါမှာ မလွတ်လာခဲ့တဲ့အတွက်ကြောင့် အခုလို ကျနော် တောင်းဆိုခြင်းပဲ ဖြစ်ပါတယ် ။အဲလိုလွှတ်မှသာလျှင် အခုလွတ်လပ်ရေးနေ့ ဆိုတာလဲ အဓိပ္ပါယ်ရှိတဲ့ လွတ်လပ်ရေး ဖြစ်သွားမည်။ ပြီးပြည့်စုံတဲ့ လွတ်လပ်ရေး ဖြစ်မှာပါ ။ အခုနိုင်ငံရေး အကျဉ်းသားတွေဟာ ကျနော်ကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ အခါကျတော့ ဒီလွတ်လပ်ရေးနေ့မှာပဲ မလွတ်မလပ်တဲ့ အခြေအနေမျိုးမှာ အကျဉ်းထောင် အသီးသီးမှာ ရောက်နေကြတာမျိုးကိုလဲ ကျနော်တို့ ကိုယ်ချင်းစာပါတယ် ။ လက်ရှိတည်ဆဲ အစိုးရဟာ အသွင်သဏ္ဍာန်သာ ပြပြီးတော့ အနှစ်သာရ ပိုင်းကို ပြည်သူလူထုကို လိမ်လည်နေတယ် ။ နိုင်ငံတကာကို လိမ်လည်နေတယ် ။ အဲတာတွေကိုလဲ ကျနော် ထုတ်ဖော်တဲ့ အနေနဲ့ပါ ။”ဟု တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူ ကျူရှင်ဆရာ ဦးအောင်ဖေက ပြောပါတယ် ။

ကျုရှင်ဆရာ ဦးအောင်ဖေ ဆန္ဒထုတ်ဖော် ပြသတဲ့အခါမှာ ကိုင်ဆောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်မှသာ ပြီးပြည့်စုံသည့် လွတ်လပ်ရေး ဖြစ်မည် ဟုရေးသားထားတဲ့  ဆိုင်းဘုတ်ကို တွံတေးမြို့ခံ ပြည်သူတွေက စိတ်ဝင်တစား ကြည့်ရှုကြပါတယ် ။ ဆန္ဒထုတ်ဖော်ခဲ့သူ ဦးအောင်ဖေ နောက်သို့ အရင်က ဆန္ဒပြခဲ့တုန်းကလို အာဏာပိုင်တွေက နောက်က လိုက်လံကြည့်ရှုခြင်း ၊ မှတ်တမ်း ဓာတ်ပုံရိုက်ခြင်းများ မပြုလုပ်ပဲ အရပ်ဝတ်ဖြင့် နှစ်ယောက် ၊ သုံးယောက်ခန့်သာ လိုက်လံ ကြည့်ရှုခဲ့တယ်လို့ သိရပါတယ် ။

ဇန်နဝါရီလ ၂ ရက်နေ့က နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်း  ကြေငြာချက်အပေါ် သူ့ရဲ့သဘောထားအမြင်ကို အခုလို ပြောကြားသွားပါတယ် ။ “ဒီပြစ်ဒဏ်လျှော့ပေါ့တဲ့ ကြေငြာချက်ကလဲ အဓိကအားဖြင့် သူတို့က နိုင်ငံရေး အကျဉ်းသားရှိတယ်လို့ ပါးစပ်ကနေ အခုချိန်ထိ  ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘူး ။ အဲပြစ်ဒဏ် လျှော့ပေါ့တာကလဲ အရေးအကြီးဆုံးဖြစ်တဲ့ ၆၅ အထိ ကျထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွတ်နိုင်အောင် အတွက်ကို သက်သက်မဲ့ တမင်တကာ ဖန်တီးပြီးတော့ လွှတ်တဲ့အတွက်ကြောင့် ရိုးသားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး လို့ပဲ ယူဆပါတယ် ။” ဟု တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူ ကျူရှင်ဆရာ ဦးအောင်ဖေက ပြောပါတယ် ။

“နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပေါ့နော် ပြည်ထောင်စုနေ့မှာ လွှတ်မယ် ပြောထားတဲ့အပေါ် ပြည်ထောင်စုနေ့ပဲ ဖြစ်ဖြစ် ပြည်ထောင်စုနေ့ မတိုင်ခင်ပဲ ဖြစ်ဖြစ်  ကြွင်းကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်စေချင်ပါတယ် ။ ဒါမှလဲ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ နိုင်ငံတခုကို ဝိုင်းဝန်းပြီးတော့ တည်ဆောက်လို့ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”ဟု တစ်ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူ ကျူရှင်ဆရာ ဦးအောင်ဖေက ဘားမားဗီဂျေ မီဒီယာကို ပြောဆိုခဲ့ပါတယ် ။


By ဇာဏီ (Burma VJ Media Network)

No comments: