Wednesday, January 4, 2012

ဥပဒေစိုးမိုးရေး မရှိလို့



ဇန်န၀ါရီ ၃ အင်းစိန်ထောင်ရှေ့ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ဒီကနေ့ ရန်ကုန်မြို့ ၀ါရင့်နိုင်ငံရေးသမားများနဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်း ကောက်နှုတ်ချက် -

... ... ... အကျဉ်းကျနှစ်တွေကို လျှော့ပေါ့ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အားမရတာတွေ ကျမတို့ ကြားရပါတယ်။ ကျမတို့လည်း အားမရပါဘူး။ ဒါဟာ မလိုအပ်ဘူး ဆိုတာ ကျမတို့လည်း သိနေတာပဲ။

ဒါပေမယ့်လည်း ဒါဟာလည်း အပြီး မဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘူး ဆိုတဲ့ သဘော မဟုတ်ပါဘူး။ လွှတ်ပေးစေချင်သလောက်၊ မြန်စေချင်သလောက် မြန်မြန် မလွှတ်ပေးတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါ မလွှတ်ပေးပါဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မရောက်ပါဘူး၊ ကျမတို့ အနေနဲ့ ဒီလို လွှတ်ပေးဖို့လိုတဲ့ဟာကိုလည်း ဆက်ပြီးတော့ ပြောရမယ်။

... ... ... ကျမ ထပ်တလဲလဲ ပြောပါတယ်၊ ဥပဒေစိုးမိုးရေး မရှိလို့ နိုင်ငံရေးအကျဉ်းသား ဆိုတာ ရှိနေတာ။ နိုင်ငံရေးအကျဉ်းသားများ မနက်ဖြန် လွှတ်ပေးရင် နောင် ထပ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားများ မဖြစ်လာဖို့ ဥပဒေစိုးမိုးရေးက အင်မတန်မှ အရေးကြီးပါတယ်။
ကျမ ပွင့်ပွင့်လင်းလင်း ပြောခဲ့တဲ့ အတိုင်းပဲ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အရှိန်အ၀ါကို ကျမ ယုံကြည်တယ်။ ဒါပေမယ့် လူတဦးတယောက်တည်းနဲ့လည်း ပြောင်းလဲဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး။ အဲဒါတွေလည်း ကျမတို့ သေသေချာချာ နှလုံးသွင်းထားဖို့ လိုပါတယ်။

... ... ... အရေးကြီးဆုံးက ကိုယ့်တာဝန် ကိုယ်ကျေဖို့ပဲ။

ဒီအချိန်မှာ ကျမတို့ ဒီမိုကရေစီ လိုချင်တဲ့သူတွေဟာ တာဝန်ကျေရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ မေးဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။

လူတိုင်းလူတိုင်းဟာ ဒီလိုလုပ်မယ် ဆိုရင်၊ လူတိုင်းလူတိုင်းဟာ ငါ တာဝန်ကျေရဲ့လား ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားမယ် ဆိုရင် ကျမတို့နိုင်ငံမှာ မတိုးတက်စရာ အကြောင်း ဘာမှ မရှိဘူး။ ကျမတို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး မရစရာ အကြောင်း ဘာမှ မရှိဘူး။ ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေး မရှိစရာ အကြောင်း ဘာမှ မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို မပြင်ဆင်နိုင်စရာ အကြောင်း ဘာမှ မရှိဘူး။ လူတိုင်းလူတိုင်းမှာ တာဝန်သိတဲ့စိတ် ရှိမယ်၊ တာဝန်သိတဲ့စိတ်အပေါ် အခြေခံပြီး ကြိုးစားသွားမယ် ဆိုရင် ဖြစ်လာမှာပဲ။





 

1 comment:

Tenissary said...

ဟုတ် ကဲ့...နား လည် ပါ တယ် ။ ဘယ်လောက်အထိပေးဆပ်မှတာဝန်ကျေတဲ့ လူတယောက်လို့ သတ်မှက်နှိုင်မှာလဲ ....ဘာတွေကို ဘယ်လို...ဘယ်အချိန်မှာ...ဘယ်လို ဘယ်လောက်အတိုင်းအထာအထိလုပ် ရမယ်ဆိုတာကိုလူထုခေါင်းဆောင်တဦးအနေနဲ့ 
ရှင်းလင်းပြတ်သားစွာဖွင့်ပာပြောဆိုမယ့်အချိန်ကိုစောင့်မျှော်လျှက်ပါ။
လို တာ အကုန်လုံးယူ၊ ရှိတာတွေအကုန်လုံးပေးချင်တယ်။
ဒါ ပေ မယ့် ၅ပါးမှောက်တာတောင် ဘာမှ မတုန်လုပ်တဲ့ အချိန်ခါမို့  သံဃာစဉ်ပါမှောက် သင့်မှောက်ရတော့မှာလို့ ထင်မြင်လာမိပါတယ်။