
စည်ပင် က တရားစွဲ၊ ၀ရမ်း ကပ်ခံရတဲ့ ဆွမ်းလောင်းဓမ္မာရုံ
ရန်ကုန်၊ မရမ်းကုန်း၊ (၈)ရပ်ကွက်၊ ရွှေဝါလမ်းမှာ ၁၉၅၈ က စပြီးတည်ခဲ့တဲ့ စေတနာဆွမ်းလောင်းဓမ္မာရုံ ရှိတယ်။
အကျယ်က ၁၂ ပေx ၂၇ ပေ ပဲ ရှိတယ်၊ ရပ်ကွက်နှစ်ခုမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေကို ၀ါတွင်း စနေနေ့ မနက်တိုင်း အရုဏ်ဆွမ်း လောင်းလှူလာခဲ့တာ အနှစ် (၅၀) ကျော်လာပြီ။
ပြီးခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း နှိပ်စက်လိုက်တော့ ပျဉ်ခင်းပျဉ်ကာ ဓမ္မာရုံလေးခမျာ တော်တော် စုတ်ပြတ်သွားတယ်။
ဒါနဲ့ ရပ်ကွက်ထဲကအလှူရှင်တွေ စုပေါင်းပြီး ရေရှည်ခံအောင် အုတ်ညှပ် အဆောက်အဦလေး ပြန်ဆောက်လိုက်ကြပါတယ်။ ဆောက်တာကလည်း မုန်တိုင်းသင့် ဒေသတွေ အထူး ပြင်ဆင်ခွင့်ပြုထားတဲ့ ကာလ အတွင်းမှာပဲ ဆောက်လိုက်တာ။
အရင်ဘုရားဆောင်ကိုတော့ ခေါင်းရင်းမှားနေတယ် ဆိုပြီး မြောက်ဖက်ကနေ တောင်ဖက်ကို ရွှေ့ဆောက်လိုက်ကြတယ်။ ဘုရားဆောင်ဆိုလို့ သိပ်အထင်မကြီးနဲ့ အကျယ်က ၅ ပေထဲရယ်။ သီးခြားအလှူရှင်ကလည်း ပေါ်လာတယ်လေ။
အဲဒီမှာ ဇာတ်လမ်း စတော့တာပဲ။ ဘယ်သူက ညှောင့်လိုက်တယ် မသိဘူး။ မရမ်းကုန်းက ကိုရွှေစည်ပင်တို့ကဘုရားခန်းကို ပြန်ဖျက်ခိုင်းတော့တာပဲ။
ဆောက်ပြီးသားကလည်းဖြစ်ပြန်၊ ဘုရားဆင်းတုတော်အသစ်ကလည်းကိန်းဝပ်နေပြန်တော့ အလှူရှင်တွေက ဘယ်ပြန်ဖျက်ချင်ပါ့မလဲ။
ဒဏ်ငွေဆောင်ဖို့အတွက် လူငယ်တွေက ရပ်ကွက်ကို ပတ်အလှူခံ, စု ပြီး ဒဏ်ပဒေသာပင် စိုက်ထူရတော့တာပေါ့။ ကြားဖူးကြရဲ့လားဗျာ ၊ ဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင်တို့ထက် ခေတ်မှီတဲ့ ဒဏ်ပဒေသာပင်။ လှူတန်းတဲ့ ပုဂ္ဂိုလ်များတော့ ဘယ်လို အကျိုးပေးမလဲ ဆိုတာ ပိဋကတ်တော်တွေထဲတောင် ပါမယ့်ပုံ မပေါ်ဘူး။
၂၀၁၁ အောက်တိုဘာ နောက်ပိုင်းကျတော့ ပြင်ဆင်လာတဲ့ စည်ပင်ဥပဒေအရ ဒဏ်ငွေက တစ်နေ့ တစ်သောင်းက စမယ် ဆိုတော့ အလှူရှင်တွေလည်း မျက်ဖြူဆိုက်ရောဗျာ။
နီးစပ်ရာ တာဝန်ရှိပုဂ္ဂိုလ်များ(ရပ်ကွက် အုပ်ချုပ်ရေးမှူးကစလို့ တိုင်းဒေသကြီး လွှတ်တော်အမတ်ထိ) ကို အကူအညီ တောင်းတော့လည်း ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ကြတဲ့အတိုင်း ဘယ်သူမှ မဆောင်ရွက်ပေးနိုင်ကြပါဘူး။
ခု ဒဏ်ငွေမဆောင်နိုင်လို့ မဆောင်တာ ၃ လလည်းကျော်ရော ဒီနေ့(၁၆-၁-၂၀၁၂)မှာ စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့တွေနဲ့ သော့ခတ်ထားတဲ့ ဓမ္မာရုံလေးကို တရားရုံး ဆင့်စာ လာကပ်ပါလေရော။ လိပ်မူတာက အရင် ဓမ္မာရုံ ဥက္ကဋ္ဌဟောင်းနဲ့ ခုဥက္ကဋ္ဌသစ်၊ သူတို့ခမျာမှာ ကုသိုလ်ရေး လုပ်ရင်း အဖမ်းခံရမယ့်ကိန်း ဆိုက်နေပါတယ်။
ရပ်ကွက်ဆွမ်းလောင်း အသင်း တွေ ဆိုတာက ဆွမ်းလောင်း ရာသီရောက်မှ ၀ါတွင်း ၃ လ အတွက် အရေးပေါ် ဖွဲ့ရတာ ဆိုတော့ ၀ါပ ဆိုရင် တာဝန်ယူမယ့်သူက မရှိဘူးလေ။
ဆွမ်းသိမ်းအောင်ပွဲ လုပ် စာရင်းရှင်းပြီးတာနဲ့ တန်ဆောင်မုန်းလလောက်ဆို တာဝန်က ပြီးပြီ။ ရပ်ကွက် အလှူရှင်တွေကတော့ သမ္မတဆီပဲ အသနားခံစာ တင်ရမလား၊ ထွက်ပဲ ဆန္ဒပြရမလားနဲ့ တော်တော်ကို ပေါက်ကွဲနေကြပြီ။
ကဲ----ဘာဆက်လုပ်ရင် ကောင်းမလဲ။ ဒဏ်ငွေ မဆောင်လို့ အဖျက်ခံရမယ့်ကိန်း ဆိုက်နေတဲ့ ဓမ္မာရုံ နဲ့ အဖမ်း ခံကိန်းမြင်နေတဲ့ ဓမ္မာရုံ လူကြီးတွေ အတွက် ဘယ်သူတွေ ဘာလုပ်ပေးနိုင်ကြပါသလဲ။ ဒီဇာတ်လမ်းလေးကို ဘယ်လို သိမ်းရင်ကောင်းမလဲ ဆိုတာ ၀ိုင်း အကြံပြုကြပါဦးဗျာ။
No comments:
Post a Comment