ဒီနေ့အချိန်ဟာ နိုင်ငံရေး အမြင် အလွန်ရှုပ်ထွေးတဲ့ ကာလတခု ဖြစ်ပါတယ်။ ညီအစ်ကို မသိတသိ ကာလမျိုးလို့ ဆိုရပါမယ်။ ရန်သူလား၊ မိတ်ဆွေလား မကွဲပြားလောက်အောင် အမြင်ရှုပ်ထွေးတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသမားပါ လို့ ဆိုသူတွေထဲမှာတောင် ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်မေတ္တာထားပြီး၊ ဦးဂမ္ဘီရ သော့ရိုက်ချိုးတာကို သဘောထားတင်းမာသူပါလို့ အပြစ်တင်ချင်သူတွေ ရှိနေကြတဲ့ ကာလဖြစ် ပါတယ်။
အတွေးအခေါ်ရှုပ်ထွေးရင် နိုင်ငံရေး ရှုပ်ထွေးပြီး ညီညွတ်ရေး ပြိုကွဲတတ်ပါတယ်။ ညီညွတ်ရေး ပြိုကွဲရင် ရန်သူဘက်က အနိုင်ရ
အသာစီးရသွားတတ်ပါတယ်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျပါလိမ့်မယ်။
စစ်အာဏာရှင် အုပ်စုအတွင်းမှာ အပျော့အမာကွဲနေတယ်လို့ ဆိုကြပါတယ်။ ဒီအပျော့အမာကိစ္စကို ကြံ့ဖွံ့အစိုးရ၊ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ ဆောင်းပါးမှာ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အပျော့အမာတွေ ကွဲနေတယ်ဆိုတာ မှန်းဆချက်ပါ။ ဘယ်သူမှ အထောက်အထားနဲ့ သေသေချာချာ ပြောနိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က စစ်အာဏာရှင်အဆက်ဆက် လုပ်ခဲ့သလို ရာထူး ဖြုတ်တာ တောရှင်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ အဲသလို တောရှင်းတာမျိုး မတွေ့ရတဲ့အပြင် သူတို့ကို အပျော့အမာကွဲနေတယ်ဆိုပြီး လူတွေက ထင်ကြေးပေးမှန်းဆနေတာကို စစ်အစိုးရက နှစ်သက်နေ သလားလို့တောင် ထင်စရာရှိပါတယ်။ သူတို့ကိုယ်တိုင်က တချို့က အမာပုံနဲ့ထွက်၊ တချို့က အပျော့ပုံနဲ့ထွက်ဆိုပြီး ဇာတ်တိုက် ကပြနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရင်ကလည်း ဒါမျိုး လုပ်ခဲ့ဖူးပါတယ်။ စိန်လွင်က ဘီလူးဆိုင်း နဲ့ထွက်၊ ဒေါက်တာမောင်မောင်က အပျော့ဆွဲနဲ့ထွက် ဆိုတာမျိုးလုပ်ခဲ့ဖူးပါတယ်။ တကယ်တန်းကျတော့ ဒီပုပ်ထဲက ဒီပဲတွေချည့်ပါပဲ။
သူတို့ထဲမှာ အပျော့အမာကွဲမကွဲတော့ မသိဘူး။ ကျွန်တော်တို့ထဲမှာတော့ အပျော့အမာ ကွဲနေပါပြီ။ ဗြန်းကနဲ နှစ်ခြမ်းကွဲထွက်တာမျိုးကို မျက်ဝါးထင်ထင် မတွေ့မြင်ရသေးပေမဲ့၊ အတွေးအခေါ်အရ ကွဲနေပါပြီ။ စိတ်ဝမ်းကွဲနေကြပါပြီ။
ဒီလို ကွဲနိုင်တာမျိုးကို တွေးမိလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ရေး မဆုံးဖြတ်ခင်တုန်းက ရေးတဲ့ ကျွန်တော့်ရဲ့ ကျုံးသွင်းခံရသော ဆင်ကြီးတကောင် ဆောင်းပါးမှာ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ မူအရကွဲလာတဲ့ အခါ လူအရ တွဲဖို့ဆို တာလည်း ခက်လာပါတယ်။ မလွဲမရှောင်သာ ကွဲလာကြပါတယ်။
အတွေးအခေါ်အကွဲရဲ့ အဓိက အက်ကြောင်းနေရာက ၂၀၀၈ အခြေခံဥပဒေဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းဖြစ်ပါတယ်။
၂၀၀၈ ခုအခြေခံဥပဒေကို လုံးဝလက်မခံနိုင်တဲ့ အုပ်စုကို ခေါင်းမာသူတွေလို့ တခြားဒီမိုကရေစီသမားတွေက ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပြတ်သားသူတွေလို့ ခံယူကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမယ့်သူတွေကို တော့ တခြား ဒီမိုကရေစီ အုပ်စုက ပျော့ညံ့သူတွေလို့ ခေါ်ကြပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပျော့ပျောင်းသူတွေလို့ ခံယူကြပါတယ်။ ဒီတော့ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မယ့် ပြတ်သားသူနဲ့ ပျော့ပျောင်းသူ အပျော့နဲ့ အမာလို့ပဲ ကျွန်တော်သုံးစွဲပါမယ်။
တချို့က ညီညွတ်ရေး ရှေ့ရှုပြီး အပျော့ကလည်း အပျော့၊ အမာကလည်း အမာ နည်းမျိုးစုံနဲ့ တပြိုင်တည်း လုပ်သွားကြမယ်လို့ ဆိုပါတယ်။ ဒီသဘောထားဟာ အမြော်အမြင် ကြီးမားတဲ့ အမြင်ပါ။ ဒါပေမဲ့ တကယ်လက်တွေ့ဖြစ်နိုင်ပါ့မလားဆိုတာ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ဘာ့ကြောင့် သံသယ ဖြစ်မိပါသလဲ။ ကျွန်တော်ပြောပါမယ်။
ဒေါ်နော်အုန်းလှက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားတော့ Weekly Eleven က မီဒီယာပြီပြီ မီဒီယာ နေရာ မနေဘဲ ဒီအချိန်မှာ ပွဲဖျက် နှောက်ယှက်လာရင် ဘယ်သူ့မှ သည်းမခံဘူးလို့ ပြောလာပါတယ်။ ဆရာဦးစိန်ဝင်းကလည်း ဒီအချိန်ဟာ လူကြီးလူကောင်းဆန် ဆန် လုပ်ရမယ့် အချိန်လို့ ဆိုလာပါတယ်။ ဒီမိုကရေစီ ဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဆရာဦးစိန်ဝင်းလို ပုဂ္ဂိုလ်မျိုးကတောင် လမ်းပေါ်ထွက် ဆန္ဒပြသူ တွေကို လူကြီးလူကောင်းမဟုတ်သလိုမျိုးပြောထွက်လာတာကို တွေ့ရပါတယ်။ ၈၈ မှာ တနိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြလို့ ဒီနေ့ ဒီ လောက် ဒီမိုကရေစီ စကားပြောခွင့်ရလာတယ်ဆိုတာကိုတော့ သတိမေ့သွားသယောင်ယောင်ပါပဲ။ ဒါဟာ ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ နမူနာပါ။
မန္တလေးမှာ ဦးသောပါက ခေါင်းဆောင်တဲ့ ဆန္ဒပြသူ သံဃာတော်ငါးပါးကို ကြံ့ဖွံ့ စစ်အစိုးရက ဖြိုခွဲတဲ့ ကိစ္စမှာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ဘက်တော်သားများဟာ သူတို့ဘက်ကနေ အားပေးကူညီမှု မပြုခဲ့ရုံသာမက အစိုးရဘက်ကိုကူညီပြီး ဆန္ဒပြသံဃာတော်တွေရဲ့ ရည်ရွယ်ချက် ပျက်ပြားအောင် လုပ်ဆောင်ခဲ့ပါတယ်။ သံဃာတော်တွေကို မစိုးရိမ်တိုက်ဟောင်းကနေ မောင်းထုတ်ခဲ့ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စာနာစကားကလေးမှ ပြောဖော်မရဘဲ နှာစေးနေခဲ့ ပါတယ်။ ဒါဟာလည်း ပြတ်သားသူတွေကို ပျော့ပျောင်းသူတွေက တိုက်ခိုက်ထိုးနှက်ခဲ့တာနဲ့ လျစ်လျူရှုခဲ့တာရဲ့ နောက်ထပ် နမူနာပါ။
တောင်သူလယ်သမားတွေနဲ့ ကိုဖိုးဖြူတို့က လယ်သမားအခွင့်အရေး အတွက် ဆန္ဒပြကြတော့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နှာစေးပြန်ပါတယ်။ ဘာမှ အကူအညီမပေး။ ထောက်ခံမှု မပေးခဲ့ပါ။ ဖမ်းဆီးသူတွေ၊ တရားစွဲသူတွေကိုတောင်မှ တချက်ကလေး ဝေဖန် ဖော်မရပါ။ ဒီမိုကရေစီ အခွင့်အရေးအတွက် ထောက်ခံပြောဆိုဖို့ရာ ဒီချုပ်ဘာကြောင့် ပျက်ကွက်ခဲ့ပါသလဲ။ ဦးသိန်းစိန်နဲ့ နားလည်မှု ပျက်ပြားမှာစိုးလို့ နှုတ်ဆိတ်နေတာပါလား။ အသေးကလေးလို့ တွေးသူ တွေရှိချင်ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ ဒီမိုကရေစီအတွက် စကားမပြောရဲရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီ နောင်ရေးဟာ ရင်လေးစရာ ဖြစ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒေါ်စုနဲ့ NLD အနေနဲ့ ရေငုံနှုတ်ပိတ်နေတဲ့ အဖြစ်ဟာ မသင့်တော်ပါဘူး။ အချောင်ဆန်တဲ့ အပြုအမူ ဖြစ်ပါတယ်။ တာဝန်မဲ့တဲ့ အပြုအမူ ဖြစ်ပါတယ်။ လယ်သမားနဲ့ အစိုးရဖြစ်တာ ငါတို့နဲ့ မဆိုင်ဆိုပြီး ဘေးထွက်ထိုင်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ ကိုဖိုးဖြူတို့ လုပ်ရပ်ကို မကြိုက်လို့ မထောက်ခံနိုင်ဘူးဆိုရင်လည်း မထောက်ခံ နိုင်ကြောင်း ဘာ့ကြောင့် မလုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ထောက်ခံတယ်ဆိုရင်လည်း ထောက်ခံ ကြောင်း ပြသသင့်ပါတယ်။ ဒီကိစ္စမျိုးမှာ ကြားနေလို့မရပါ။ လူထုခေါင်းဆောင်ဆိုတာ လူထု အရေးကို မသိချင်ယောင်ဆောင်နေရင်လည်း မသင့်တော်ပါ။ ဒီဖြစ်စဉ်ဟာလည်း ပျော့ပျောင်းသူတွေက ပြတ်သားသူတွေဘက်က မရပ်ဘဲ ဦးသိန်းစိန်ဘက်က ရပ်ခဲ့တဲ့ နောက်ထပ် ဥပမာတခုဖြစ်ပါတယ်။
ထောင်ကျခံ တန်းကျခံပြီး ဟုတ်တိုင်းမှန်ရာကို ရဲရဲပြောခဲ့ကြသူတွေလည်း ဒီနေ့ခေတ်မှာ ဦးသိန်းစိန် အရိပ်အကဲကို အရိပ်တကြည့်ကြည့် ကြည့်ပြီး မပြောရဲ မဆိုရဲ ဖြစ်ကုန်ကြပါပြီလား။ ဒုက္ခ ခံစားကြရသူတွေကို ဥပေက္ခာပြုမှပဲ ဒီဆွေးနွေးရေးက အလုပ်ဖြစ်တော့မှာပါလား။ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကို ပါးစပ်လိုက်ပိတ်မှသာ ပြောင်းလဲရေးရှေ့ဆက်နိုင်မှာပါလား။ ဒါဆိုရင် သူတို့ ပြောနေတဲ့ ပြောင်းလဲရေး ဆိုတာ ဘယ်လို ပြောင်းလဲရေးပါလဲ။ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
ဆရာတော် အသျှင်ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်ကို သော့ရိုက်ချိုးပြီး ဝင်နေခဲ့ပါတယ်။ နောက်ထပ်မတရား ချိတ်ပိတ်ခံထားရတဲ့ ကျောင်းနှစ်ကျောင်းကိုလည်း သော့ရိုက်ချိုးခဲ့ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီသမားများဆိုသူတွေက ဥပဒေ ချိုးဖောက် ရကောင်းလားဆိုပြီး အပြစ်တင်ကြပါတယ်။ မတရားတဲ့ ဥပဒေကို လိုက်နာဖို့ တောင်းဆိုနေကြပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီ အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေဖြစ်ပါတယ်။ စစ်အစိုးရထုတ်သမျှ ဥပဒေကို လိုက်နာနေမယ်ဆိုရင် ဘာမှ တိုက်ပွဲ ဝင်နေစရာ မလိုတော့ပါဘူး။ စစ်အစိုးရ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တုပ်နှောင်ထားပြီး တိုက်ပွဲဝင်မယ်ဆိုရင်
ကျွန်တော်တို့ဟာ စစ်အစိုးရလက်ထဲမှာ ကလေးကစားစရာ အရုပ်ကလေးတွေလို ဖြစ်နေပါလိမ့်မယ်။ စစ်အစိုးရအနေနဲ့ ကျွန်တော်တို့ကို ဟန့်တားဖို့ အတွက် ဘာမှ ကြိုးစားအားထုတ်နေစရာ မလိုပဲ၊ ဥပဒေတမျိုးပြီး တမျိုး ထုတ်နေရုံပါပဲ။ ဥပဒေကို လေးစား လိုက်နာမှု မရှိတဲ့ ဆရာစံကို ဗြိတိသျှနယ်ချဲ့အစိုးရက ပုန်ကန်သောင်းကျန်းသူ၊ သူခိုးဓါးပြတွေလို့ ခေါ်ပါတယ်။ ဆရာစံကို ကြိုးမိန့်ပေး သတ်ဖြတ်ခဲ့သူ ဒေါက်တာဘဦး ကိုတော့ လူကြီးလူကောင်း ဥပဒေသမား တရားသူကြီးလို့ သဘောထားပါတယ်။ ပြည်သူတွေရဲ့ သမိုင်းက ဆရာစံနဲ့ ဒေါက်တာဘဦးကို ဘယ်လို ဆုံးဖြတ်သလဲ ဆိုတာကိုတော့ ပြည်သူအားလုံး သိကြတဲ့ အတိုင်းပါပဲ။
တကယ်တော့ ဆရာတော်ဦးဂမ္ဘီရကို ငြိုငြင်ကြတာဟာလည်း အပျော့သမားတွေ ရဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရဲရဲတောက် အပြုအမူတွေဟာ စစ်တပ်အတွင်းက သဘောထားတင်းမာသူတွေအတွက် စိုးရိမ်ပူပန်စရာတွေ ဖြစ်နေလေမလား။ သဘောထားတင်းမာ သူတွေကစိုးရိမ်ပူပန်ကြရင် အပျော့သမားဆိုတဲ့ သမ္မတဦးသိန်းစိန်ဒုက္ခရောက်မလား။ ဒေါ်စုရဲ့ တွေ့ဆုံဆွေးနွေးရေးကို အနှောက်အယှက် ဖြစ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားကြဖို့က အပြောင်းအလဲဖြစ်လာဖို့ အတွက် သူတို့ စိတ်ကောက် မှာကို စိတ်ပူနေကြရတယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေကြတဲ့ အပြောင်းအလဲ ဆိုတာဟာ ဘယ်လောက်ခိုင်မာသလဲ ဆိုတဲ့ အချက်ပါ။ သူတောင်းစားလို လက်ဖြန့်တောင်းခံနေလို့ ဒီမိုကရေစီရမယ်လို့ ကျွန်တော်တို့ မယုံကြည်ပါဘူး။ သူတို့ စေတနာ သဒ္ဓါပေါက်မှ ပေးမယ့် ဒီမိုကရေစီမျိုးကို ကျွန်တော်တို့ မမျှော်ကိုးပါဘူး။
အခြေခံဥပ ဒေကို ပြန်ဖတ်ကြည့်ကြပါ။ ကျွန်တော်တို့ သိပ်ကြိုးစားကြလို့ နောက်ဆုံးတနေ့မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရင်တောင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်ရင် တချက်ပါပဲ။ အခြေခံဥပဒေက သူတို့ အတွက် ဒီလောက် အာမခံချက် ရှိလို့ စစ်အစိုးရဟာ အခုလို ဖွင့်ကစားနေတာပါ။
ခေါင်းမာတဲ့သူတွေ စိတ်ကောက်မှာ စိုးလို့ ကိုယ်လူ့အချင်းချင်းကို ဟို့လူ့ပါးစပ်လိုက်ပိတ်၊ ဒီလူ့ပါးစပ်လိုက်ပိတ်လုပ်နေတာဟာ ဘယ်သူ တွေ အကျိုးရှိနေပါသလဲ။ ကိုယ့်ရဲဘော်ရဲဘက်တွေ အပေါ်မှာရော တရားပါရဲ့လား။ ဒီလိုလုပ်ရပ်တွေကြောင့် ကိုယ့်နောက်ကလူထုတရပ် လုံးမှာ အတွေးအခေါ်တွေ ဘယ်လောက်ရှုပ်ထွေးကုန်ပါပြီလဲ။ လူထုကြားမှာ ဘယ်လောက် အငြင်းအခုန်ဖြစ်ကုန်ကြပါပြီလဲ။ ဘယ်လောက် တွေဝေကုန်ပါပြီလဲ။
ဘယ်လောက် တွေဝေကုန်ပြီလဲ ဆိုရင် လမ်းပေါ်ထွက် ဆန္ဒပြဖို့ပြောရင် ပြောတဲ့သူကို ခေတ်မမီတဲ့သူ၊ ငပေါငကြောင်လို့တောင် ထင်လာ ပြောလာကြတဲ့ အထိပါပဲ။ လူထု အဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ရဲ့ အင်အားဖြစ်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြတာဟာ လူထုအင်အားကို ပြသတာဖြစ်ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြတာလောက် ဘာကိုမှ စစ်အစိုးရက အရေးမလုပ်ဘူးဆိုတာကို ကျွန်တော်တို့ အကြိမ်ကြိမ်တွေ့ခဲ့ကြပြီးပါပြီ။ ဘယ်လို အာဏာရှင် စနစ်မျိုးပဲ ဖြစ်ပါစေ၊ လူထုရဲ့ သဘောထား၊ လူထုရဲ့ ဆန္ဒကို လုံးဝ လျစ်လျူရှုပစ်ပယ်ပြီး ရေရှည်ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တနည်းနည်းနဲ့ လူထုထောက်ခံမှုကို ရယူဖို့ ကြိုးစားကြ ပြသ ကြရတာချည့်ပါပဲ။ ကြံ့ဖွံ့တွေက လူထုသဘောထား ဆန္ဒခံယူပွဲဆိုပြီး အတုအယောင်ပွဲကြီးတွေ ဖန်တီးခဲ့တာတွေဟာ အဲသလို ကြိုးစားမှုတွေရဲ့ တစိတ်တဒေသဖြစ်ပါတယ်။
တကယ်တန်း စစ်အစိုးရကို ရွှေ့လာအောင် လှုပ်လာအောင် လုပ်နိုင်တာဟာလည်း လူထုလှုပ်ရှားမှုတွေသာ ဖြစ်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကြောင့်သာ ၁၉၉၀ ခုနှစ်မှာ ဒီချုပ်မဲနိုင်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်လာတာပါ။ ၂၀၀၇ ခု သံဃာ့အရေး အခင်းကြီး ကြောင့်သာ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရဟာ မလွဲမရှောင်သာ ရွေးကောက်ပွဲ ကျင်းပလာခဲ့ရတာဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ထောင်က လွတ်လာတော့ ဓါးအိမ်ကို ကြည့်လို့ ဓါးကောင်းမှန်းမသိရင်၊ ဓါးကို ထုတ်ပြရဲတဲ့ သတ္တိရှိသလားလို့ မေးခဲ့ပါတယ်။ လူထုက တခဲနက် ထောက်ခံပါတယ်။ ကိုမင်းကိုနိုင်က အရပ်သားအစိုးရကို သံသယရှိပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပါးစပ်ပိတ်ထားပေးမယ်လို့ ဆိုပါတယ်။ ကိုမင်းကိုနိုင်ဟာ ၂၀၀၈ အခြေခံဥပ ဒေကို လေးစားလိုက်နာပါမယ့် အကြောင်း ဝန်ခံလက်မှတ်ရေးထိုးချင်စိတ် ရှိပုံမရပါဘူး။ ကိုကိုကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်တာကို ထောက်ခံရတာဟာ အင်မတန် စွန့်စားရတဲ့ ထောက်ခံမှုလို့ ဆိုပါတယ်။ ဒါပေမဲ့ ၈၈ မျိုးဆက်ထဲမှာ ဒေါ်စုရွေးကောက်ပွဲဝင်တာကို နှစ်နှစ်ကာကာ ထောက်ခံ သူတွေလည်း ရှိကြပါတယ်။
အပျော့သမားတွေက ကိုမင်းကိုနိုင်ရဲ့ ဓါးကိုလည်း စိုးရိမ်ပုံရပါတယ်။ ကိုမင်းကိုနိုင်ရဲ့ လူထုထောက်ခံမှုပမာဏကလည်း သိပ်ကြီး မားလို့ အတိအလင်း ဝေဖန်ပြောဆိုသံမျိုးကိုတော့ သိပ်မကြားရပါဘူး။
ဒါပေမဲ့ မစန္ဒာမင်းကို ထောင်ကလွတ်အလာစောင့်ပြီး ရွေးကောက်ပွဲဝင်ဖို့ နေရာချန်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၈၈ မျိုးဆက် ကျောင်းသားတွေကိုတော့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာမျိုး မတွေ့ရပါဘူး။ (ကျွန်တော်မသိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။) ဘာပဲ ဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားသလဲ ဆိုတာကတော့ အလွန်စိတ်ဝင်စားဖို့ကောင်းပါ တယ်။ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာမှ လူချင်းပြန်ဆုံတွေ့ခွင့်ရကြသူတွေ ဖြစ် ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ အရေးတော်ပုံကြီးတွေကို ကိုယ်တိုင် ဦးဆောင်ပါဝင် ခဲ့ကြသူတွေ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူလူထု ထောက်ခံမှု၊ နိုင်ငံတကာ ထောက်ခံမှုကို အကြီးမားဆုံးရရှိထားသူ ဖြစ်ပါတယ်။ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့ဘယ်လိုများ လက်တွဲပြီး တိုင်းပြည်ကောင်းကျိုး သည်ပိုးကြမလဲ ဆိုတာဟာ အားလုံးသိချင်ကြသလို မျှော်လင့်နေကြတဲ့ အရာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ စောစောက ပြောခဲ့တဲ့ ဥပမာတွေကို ထောက်ထားကြည့်ရင် ဒီမိုကရေစီ သမားတွေ အကြားမှာ အပျော့အမာ လက်တွဲပြီး တအုပ်စုနဲ့ တအုပ်စု အကြားမှာ အကူအညီပေး ချီတက်ကြဖို့ ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့ သိပ်မလွယ်လှဘူးဆိုတာ တွေ့လာရပါတယ်။ ဒါ့ကြောင့် သံသယ ဖြစ်မိ တယ်လို့ ကျွန်တော်ဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ နည်းမျိုးစုံ၊ အသွင်သဏ္ဍန်မျိုးစုံနဲ့ ချီတက်ရေး လမ်းကြောင်းဟာ ကျွန်တော်တို့ အနေနဲ့ မလွဲမရှောင်သာ သွားရတော့မှာပါ။ ဒီတော့ မလွယ်လှဘူးဆိုတဲ့ ကိစ္စကို ဖြစ်အောင်လုပ်ကြရပါတော့မယ်။ တကယ်တန်း ဒီလို သွားရ တော့မယ်ဆိုရင် တဖက်နဲ့ တဖက် စည်းစောင့်ကြဖို့ တတ်နိုင်သမျှ တဖက်နဲ့ တဖက် ကူညီကြဖို့ ၊ အတွေး အခေါ်အရရော၊ လက်တွေ့ အရပါ တဘက်ကို တဘက် အနှောက်အယှက် မပေးကြဖို့ဟာ သိပ်အရေးကြီးပါတယ်။
ပြတ်သားသူတွေဘက်က ရွေးကောက်ပွဲဝင်သူတွေကို မဝင်ပါနဲ့လို့ မတားရုံသာ မက သဘောထားကြီးကြီးနဲ့ ဝန်းရံပေးပါမယ်လို့ တောင် ဆိုခဲ့ကြပါပြီ။ ပါးစပ်ပိတ်ပေးသူတွေကလည်း ပိတ်ပေးခဲ့ကြပါပြီ။ ပြတ်သားသူတွေဘက်က ဒီလို သဘောထားကြီးကြသလို ပျော့ ပျောင်းသူတွေဘက်ကလည်း သဘောထားကြီးကြဖို့ လိုပါတယ်။ ဆန္ဒပြတာ ဒေါ်စုကို နှောက်ယှက်တယ်လို့ မပြောပါနဲ့။ ဒေါ်စုကို ဆန္ဒ ပြတာမဟုတ်၊ စစ်အစိုးရကို ဆန္ဒပြနေတာဆိုတာကို နားလည်ပေးဖို့ လိုပါတယ်။
ပြတ်သားသူတွေနဲ့ ဦးသိန်းစိန်ကြားမှာ ပျော့ပျောင်းသူက ကြားကဝင်လာတာမျိုးဟာ ပြတ်သားသူတွေ အတွက် အခက်တွေ့စေ နိုင်ပါတယ်။ ဦးသိန်းစိန်ရှေ့မှာ ပျော့ပျောင်းသူတွေက ဒိုင်းလုပ်ပြီး အကာအကွယ်ပေးနေရင် ပြတ်သားသူတွေ အခက်တွေ့စေနိုင်ပါတယ်။ အဲသလို အခက်တွေ့ရင် စိတ်ဝမ်းကွဲပြားမှုတွေ တိုးပွားလာပြီး ညီညွတ်ရေး ပျက်ပြားမှာကို စိုးရိမ်ရပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရှိနေသမျှမှာ လူထုဆန္ဒပြပွဲတွေဖြစ်မှာကို စိုးရိမ်စရာ မလိုဘူးလို့ ဗိုလ်သန်းရွှေကပြောကြောင်း သတင်းတခုထွက်ခဲ့ဖူးပါတယ်။ ဒီသတင်းမှန်နေသလားဆိုတာ အခု ပြန်စဉ်းစားစရာဖြစ်နေပါတယ်။ လူထုတွေ ဆန္ဒမပြဖို့ ၊ လူထုလှုပ်ရှားမှုတွေ မလုပ်ဖို့ အတွက် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဆိုတာ မျိုးတောင် စဉ်းစားစရာ ဖြစ်လာပါပြီ။ လူထုဆန္ဒပြပွဲ၊ လူထုလှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည် တခါမှ ဦးမဆောင်ခဲ့ဖူး၊ မပါဝင်ခဲ့ဖူးပါဘူး။ ၁၉၈၈ ခု၊ ၂၀၀၇ ခု လူထုလှုပ်ရှားမှုတွေဟာ ဒေါ်စုမပါတဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပြီး ဒေါ်စုကတော့ အဲဒီ လူထု လှုပ်ရှားမှုတွေရဲ့ အောင်သီးအောင်နှံကို စားသုံးခွင့် ရသူသာ ဖြစ်ပါတယ်။ တကယ်တန်း ဒေါ်စုကသာ ခေါင်းဆောင်မယ်ဆိုရင် လူထုက နောက်ကလိုက်ဖို့ အဆင်သင့်ပါ။ ဒါပေမဲ့ ဒေါ်စုဟာ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ အားမပေးခဲ့ပါဘူး။ ဦးမဆောင်သလို ကိုယ်တိုင် လည်း မပါဝင်ဖူးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထု လှုပ်ရှားမှုကို မယုံကြည်ရင်လည်း ရှိပါစေ။ လူထုရဲ့ အားပေးယုံကြည်မှု ရထားသူ ခေါင်းဆောင် တယောက်အနေနဲ့ သူယုံကြည်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်တာကို တလေးတစား စောင့်ကြည့်သည်းခံပါ့မယ်။ ဒါပေမဲ့ လူထု လှုပ်ရှားမှုတွေကို မဟန့်တားစေချင်ပါ။ ဒေါ်စု ကိုယ်တိုင် ဟန့်တားတာမျိုးကို ကျွန်တော် တွေ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်စုလုပ် သမျှ ထောက်ခံသူတွေက လူထုလှုပ်ရှားမှုကို ဟန့်တား ကန့်ကွက် ရှုတ်ချလာတာမျိုးတွေ၊ တိုက်ခိုက်ထိုးနှက် လာတာမျိုးတွေ ရှိနေလို့ပြောတာပါ။ ဒီရှုတ်ချမှုတွေ၊ တိုက်ခိုက်ထိုးနှက်မှုတွေဟာ ဒေါ်စုနှုတ်ဖျားကနေ တိုက်ရိုက်ထွက်မလာပေမဲ့ ဒေါ်စုရဲ့ ဆန္ဒ၊ ဒေါ်စုရဲ့ အမြင်ကို တိုက်ရိုက်ထင်ဟပ်နေပါတယ်။
ဒီအချိန် ဒီအခါမှာ ညီညီညွတ်ညွတ်ချီတက်ကြဖို့ ဆိုရင် ကိုယ့်တပ်ကိုယ် ပြန်မနင်းကြဖို့လိုပါတယ်။ ကိုယ့်လူပါးစပ်ကိုယ် လိုက်မပိတ်ဖို့ လိုပါတယ်။ သမ္မတကြီး အထင်လွဲမှာစိုးလို့၊ ခေါင်းမာဂိုဏ်းတွေ ကြောက်ပြီး နောက်ပြန်ဆုတ်သွားမှာစိုးလို့ ပြတ်သားသူတွေကို ငြိမ်ငြိမ်နေကြလို့ တားဆီးတာမျိုး မလုပ်ဖို့ လိုပါတယ်။
နောက်ထပ် ပြောချင်တာတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျွန်တော်ဝေဖန်ခဲ့ပါတယ်။ ခုလည်း ဝေဖန်နေဆဲပါ။ ဒါပေမဲ့ ဒါဟာ တိုက်ခိုက်တာမဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးအနက် ပြောချင်ပါတယ်။ ဒေါ်စုနဲ့ NLD ကို ဒီမိုကရေစီ
အရေး အတွက် ပြတ်ပြတ်သားသား ရပ်တည်စေချင်လို့သာ အခုလို ဝေဖန်တာဖြစ်ပါတယ်။ ဆက်ပြီးလည်း ဝေဖန်ဦးမှာပါ။ ဒီလို ဝေဖန်တာဟာ မျှော်လင့်ချက် ထားနေသေးလို့သာ ဖြစ်ပါတယ်။ ညီညွတ်ရေး ပျက်ပြားအောင် ဝေဖန်တာမဟုတ်ပါဘူး။ ညီညွတ်ရေး မပျက်ပြားစေချင်လို့ ဝေဖန်တာ ဖြစ်ပါတယ်။
အခုထိ ပြောခဲ့တာဟာ ဒီမိုကရေစီ အင်အားစုတွေ အကြားမှာ ညီညွတ်ရေး မပျက်ပြား မထိခိုက်ပဲ၊ သူ့လမ်းသူလျှောက် ကိုယ်လမ်းကိုယ် လျှောက် နည်းအမျိုးမျိုးနဲ့ ချီတက်နိုင်ရေး အတွက် ညှိနှိုင်းတဲ့သဘောပါ။
ကျွန်တော်တို့အကြားမှာ အမြင်ကွဲတွေရှိနေတာကိုတော့ အရှိကို အရှိအတိုင်းလက်ခံကြပါစို့။ ဒီနေ့အချိန်မှာ ကျွန်တော်တို့ လက်မခံလို့ မရတော့ပါဘူး။ ဒါကိုလက်ခံမှလည်း ကျွန်တော်တို့ ရှေ့ဆက်လို့ ရမှာပါ။ အမြင်ကွဲတာကို လက်ခံပြီး ကျွန်တော်တို့ လမ်းခွဲ လျှောက်ကြ ရအောင်ပါ။ ဒါပေမဲ့ လမ်းခွဲလျှောက်ကြတဲ့ အခါ ရန်သူတွေလို မခွဲဖို့၊ သူစိမ်းတွေလို မခွဲဖို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။ မိတ်ဆွေတွေလို ခွဲဖို့ ၊ ရဲဘော်ရဲဘက်တွေလိုခွဲဖို့ ဒီဆောင်းပါးကို ရေးပါတယ်။ ငြင်သာပျော့ပျောင်းတဲ့ ခွဲလျှောက်နည်း ကတ္တီပါလမ်းခွဲ ခွဲကြဖို့ ဖြစ်ပါတယ်။
နောက်တပတ် ဆက်ရေးမယ့် ဆောင်းပါးမှာတော့ ရွေးကောက်ပွဲမှ မဝင်ရင် ဘာဆက်လုပ်မလဲ၊ ဒါကလွဲပြီး တခြား ဘာဆက် လုပ်စရာရှိသေးလို့လဲ လို့မေးခွန်းထုတ်ကြ သူတွေအတွက် ကျွန်တော်တို့ ဘာဆက်လုပ်ကြမယ်ဆိုတာကို ပြောပါမယ်။ သဘောထား ပြတ်သားသူ၊ ရွေးကောက်ပွဲလမ်းကြောင်း မလိုက်လိုသူတွေ အတွက် ရှေ့ဆက်လုပ်ကြရမယ့် အပိုင်းကို ဆက်ပြီး ဆွေးနွေးချင်ပါတယ်။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
No comments:
Post a Comment