Saturday, January 14, 2012

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒါဗို့စ် တက်ရန် ဖိတ်

သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား  ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ညီလာခံ (World Economic Forum)တက်ရောက်ရန် ဖိတ်ကြားထား ကြောင်း ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
ယမန်နှစ်က ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော မိန့်ခွန်းကို ဖွင့်လှစ်ပြသနေစဉ် (ဓာတ်ပုံ - Business Today)
အဆိုပါ စီးပွားရေး ဖိုရမ်ကို ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် တက်ရောက်မည် မတက်ရောက်မည်ကို မသိရသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာမူ လာမည့် တနင်္လာနေ့တွင် ပါတီမဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်တော့မည် ဖြစ်၍ ယင်းဖိုရမ်သို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရှိရသည်။
ယင်း စီးပွားရေးဖိုရမ်ကို အာရှ၊ အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိက တိုင်းပြည်များမှ ခေါင်းဆောင်များ၊ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် စာနယ်ဇင်းသမားများ တက်ရောက်ကာ ဒေသတွင်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးကြသည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပေးပို့ခဲ့ဖူးသည်။ ယင်း မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု၊ လူနေမှု အဆင့်မြင့်မားမှု စသည်တို့ကို ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်များက ၀ိုင်းဝန်း ဆောင်ရွက်ရန် ပန်ကြားကြောင်း၊ ဆင်းရဲနွမ်းပါမှု ပပျောက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး အပါအ၀င် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။


ဧရာဝတီမှ ကူးယူဖေါ်ပြသည်။

No comments: