Thursday, January 26, 2012

ပြည်ပရောက်အဖွဲ့အစည်းများ ပြည်တွင်းပြန်ဝင်ရမည့်အချိန် ရောက်ပြီလား VOA တိုက်ရိုက်လေလှိုင်း

(၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၂၅ ရက်)

by Naing Aung on Thursday, January 26, 2012 at 11:18am
ပြီးခဲ့တဲ့သတင်းပတ်မှာ သတင်းတွေနားထောင်ခဲ့ကြမယ်ဆိုရင်ဖြင့် ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာ မြန်မာအစိုးရကနေပြီးတော့ ပြည်ပမှာအခြေစိုက်တဲ့၊ အဓိကပြောရရင်တော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးနောက်ပိုင်းမှာ ပေါ်လာခဲ့တဲ့အဖွဲ့အစည်းတွေ လို့ဆိုရမှာပေါ့လေ။ ဒီအဖွဲ့အစည်းတွေကို စကားပြောဖို့ဆိုပြီးတော့ ကမ်းလှမ်းတာတွေ ဆက်တိုက်လိုလိုပဲ ထွက်ခဲ့ပါတယ်။ ဒီအဖွဲ့ အစည်းတွေဖက်ကလည်းပဲ တချို့ တုန့်ပြန်သဘောထားပေးထားတဲ့ သတင်းတွေလည်း ကျနော်တို့ကြားသိခဲ့ရပါတယ်။ ဒီအဖွဲ့အစည်း တွေက တာဝန်ရှိသူတွေကိုဖိတ်ပြီးတော့ သောတရှင်တွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ဆွေးနွေးတဲ့အခါမှာ ဘာတွေဆွေးနွေး စေချင်သလဲ၊ ဘာတွေသဘောတူညီချက်ယူစေချင်သလဲ၊ ဒီအချိန်ဟာ ပြည်တွင်းပြန်ဝင်ပြီးတော့ ပြည်တွင်းမှာ ဒီမိုကရေစီရေးအတွက် ဆက်ပြီးလုပ်ဆောင်ကြရမယ့်အချိန်ကိုရော တကယ်တမ်းရောက်နေပြီလား ဒါကို ကျနော်တို့ စဉ်းစားဆွေးနွေးကြည့်ကြဖို့ဖြစ်ပါတယ်။
အဓိကဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေထဲက FDB လို့ခေါ်တဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်ကို ဖိတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းကို ဖိတ်ထားပါတယ်။ နောက်ပြီးတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) က အထွေထွေအတွင်းရေးမှူး ကိုငွေလင်း တို့ကို ဖိတ်ကြားထားပါတယ်။ ဒီအဖွဲ့ ၃ ဖွဲ့စလုံးသည် ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာ ရှေ့ဆင့် နောက်ဆင့်ဆိုသလိုပဲ စစ်အစိုးရက တွေ့ဆုံဆွေးနွေးကြရအောင်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီလို မြန်မာအစိုးရရဲ့ သတင်းစကားပါးတဲ့အခါမှာ ဒီသတင်းစကားကို သယ်ပေးခဲ့တဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က နိုင်ငံခြားရေးရာတာဝန်ခံ ကိုညိုအုန်းမြင့်ကနေပြီးတော့ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုကမ်းလှမ်းတယ်ဆိုတာ VOA ကို ပြောပြထား တာရှိပါတယ်။
ကိုညိုအုန်းမြင့် ။    ။ အဓိကအားဖြင့် ၀န်ကြီးဦးအောင်မင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်ကနေပြီးတော့ တိုက်ရိုက် ကမ်းလှမ်းခြင်းပဲဖြစ်ပါတယ်။ အဓိကကတော့ သမ္မတကြီးရဲ့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံထဲမှာ ပိုပြီးတော့နော် ဖွံ့ဖြိုး တိုးတက်လာတာနဲ့အတူ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့လည်း စကားပြောဖို့လိုပြီဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ သို့သော်လည်း တိုက်ဆိုင်မှုတစ်ခုက ဒီဖက် ပြည်ပရောက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုက ပြည်တွင်းငြိမ်းချမ်းရေးပေါ့ နော်၊ တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့အပေါ်ကိုပဲ စိုက်လိုက်မတ်တပ်တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ ဒီအပေါ်မှာပဲ လက်ရှိအစိုးရကလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်နေသလို Dialogue စဖို့ နိုင်ငံရေးအရ ကွာ ခြားမှုတွေ မတူညီမှုတွေ ကွဲလွဲမှုတွေအပေါ်မှာ ဆွေးနွေးဖို့ဆိုပြီးတော့မှ အစိုးရဖက်ကလည်း တရားဝင်ကမ်းလှမ်းပြီးတော့ ရှေ့ကိုဆက် ပြီး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ အလွတ်သဘောဆွေးနွေးပွဲတွေ ဖြစ်မယ်လို့ထင်ပါတယ်။
VOA ။    ။ ဒါအစိုးရဖက်ကနေ ဘယ်လိုကမ်းလှမ်းခဲ့တယ်။ ဘယ်လိုရှိနိုင်တယ်ဆိုတာကို သူပြောပြသွားတာပါ။ အဲဒီတော့ အဓိကဆွေး နွေးပေးမယ့်သူတွေလည်း လေလှိုင်းပေါ်ရောက်နေပါပြီ။ ကိုငွေလင်းနဲ့ပဲ စလိုက်ကြရအောင်။ ကိုငွေလင်းတို့ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီကို အစိုးရက ကမ်းလှမ်းထားတာနဲ့ပတ်သက်ပြီးတော့ လူ့ဘောင်သစ်က တွေ့ဆုံဆွေးနွေးဖို့အတွက် သဘောထား ကျပါပြီလား။
ကိုငွေလင်း ။    ။ ကျနော်တို့ကို တွေ့ဆုံဆွေးနွေးဖို့ဆိုပြီးတော့မှ ဦးအောင်မင်းကနေပြီးတော့ ကမ်းလှမ်းထားတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးရင် ကျနော်တို့က ဒီဥစ္စာဟာ ကြိုဆိုသင့်တဲ့ကိစ္စဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ရာ ကျနော်တို့ပါတီအနေနဲ့ဆို ရင် အမြဲတမ်း ရပ်ခံတောင်းဆိုခဲ့တာရှိတယ်။ အဲဒီတော့ ကနေ့အခြေအနေမှာ ဒီ တွေ့ဆုံဆွေးနွေးရေးရဲ့ ခြေလှမ်းတွေဖြစ်နိုင်တဲ့ သို့မ ဟုတ် အစပြုချက်တွေဖြစ်နိုင်တဲ့ ဒီကမ်းလှမ်းချက်က ကောင်းတယ်လို့ ကျနော်တို့ပါတီက အဲဒီလိုသဘောထားပါတယ်။
VOA ။    ။ ဟုတ်ကဲ့။ တွေ့ပါမယ်ဆိုပြီးတော့ အစိုးရဖက်ကို တရားဝင်အကြောင်းပြန်ပြီးပြီလား ခင်ဗျ။
ဦးငွေလင်း ။    ။ ဟုတ်ကဲ့ ကျနော်တို့ ပြန်ထားပြီးပါပြီ။ ကျနော်တို့ဖက်က ကိုယ်စားလှယ်အဖွဲ့ ဘယ်လိုစီစဉ်မယ်၊ ဘယ်လိုတွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့ကိစ္စတွေကတော့ ထပ်မံအကြောင်းကြားမယ်လို့ ပြောထားပါတယ်။
VOA ။    ။ ဒီတစ်ခါ ABSDF ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုမျိုးဝင်းရဲ့သဘောထားကို သိချင်ပါတယ်။ ကိုမျိုးဝင်းတို့ဖက်ကတော့ အကြောင်းပြန် ထားပြီးပြီလို့ ကျနော်နားလည်ပါတယ်။ ဘယ်တော့ တွေ့ဖြစ်မလဲခင်ဗျ။
ကိုမျိုးဝင်း ။    ။ တွေ့ဖြစ်မယ့် အချိန်နဲ့ အတိုင်းအတာကိုတော့ အခုအချိန်မှာတော့ ညှိနှိုင်းဆွေးနွေး စီစဉ်ဆောင်ရွက်နေဆဲပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ကာလမှာ ကျနော်တို့အဖွဲ့အစည်းအနေနဲ့လည်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တန်းတူညီတူ ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက်ကို အကောင်အထည်ဖော်ဖို့အတွက် ကြိုးပမ်းနေတဲ့ကာလမှာ အခုလို ကမ်းလှမ်းချက်ကို ကြိုဆိုခဲ့ပြီး တော့ တွေ့ဆုံဆွေးနွေးသွားဖို့အတွက်ကို ကျနော်တို့ သဘောတူဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
VOA ။    ။ ကိုနိုင်အောင်တို့ FDB အနေနဲ့ကရော ဘယ်လိုရှိနေပါပြီလဲ။
ကိုနိုင်အောင် ။    ။ ကျနော်တို့ကတော့ ဆွေးနွေးနေတုန်းပဲ။ ကျနော်တို့ FDB တပ်ပေါင်းစုဆိုတာကလည်း အဖွဲ့အစည်းတွေကနေပြီး တော့ ဖွဲ့ထားတာကိုး။ အဲဒီတော့ အခု အဖွဲ့အစည်းတွေကလည်း သူ့အစီအစဉ်နဲ့သူ တွေ့မယ်ဆိုတာရှိတဲ့အခါကျတော့ FDB အနေနဲ့ ဘယ်လိုပုံစံတွေ့ရမလဲဆိုတာတွေ ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်ခင်ဗျ။
VOA ။    ။ ဟုတ်ကဲ့။ ကျနော် ဒီနေရာမှာ မရှင်းတာလေးတစ်ခု သုံးယောက်စလုံးဆီကနေ သိချင်တာက FDB ထဲမှာ ကျနော်သိထား သလောက်ဆိုရင် ABSDF လည်းပါဝင်ပါတယ်။ DPNS လည်း ပါဝင်ပါတယ်။ ဆိုတော့ ဖိတ်တဲ့အခါကျတော့ ABSDF ကိုလည်း သပ်သပ် ဖိတ်ပါတယ်။ DPNS ကိုလည်း သပ်သပ်ဖိတ်ပါတယ်။ FDB ကိုလည်း သပ်သပ်ဖိတ်ပါတယ်။ ဆိုတော့ အဲဒီဟာအပေါ်မှာ ဘယ်လိုနား လည်လို့ရပါသလဲခင်ဗျ။ ကိုနိုင်အောင် အရင်ပြောပါလား။
ကိုနိုင်အောင် ။    ။ ကျနော်ထင်တာကတော့ ဆက်သွယ်မှုလမ်းကြောင်းတွေနဲ့ သူတို့သိရှိနေတဲ့ပုံစံတွေအရ ABSDF ဆိုလို့ရှိရင်လည်း လက်နက်ကိုင်တော်လှန်ရေးထဲမှာ တိုင်းရင်းသားမဟာမိတ်တွေနဲ့ တွဲနေတဲ့အခါကျတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ဆက်စပ်ပြီး တော့ ဖိတ်ကြားတာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခု ဒီ လူ့ဘောင်သစ်ပါတီဆိုလို့ရှိရင်လည်း နာမည်သိနေတဲ့ဥစ္စာမျိုးအပေါ်မှာ ဖိတ် တာဖြစ်နိုင်ပါတယ်။ FDB ဆိုတာကိုလည်း ကျနော်ထင်တယ် အရင်ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုတွေအပေါ်မှာ FDB နဲ့ ဆက်စပ်လာတယ်လို့ ထင်ပါတယ်။ အဲဒီတော့ ဒီဟာကိုပဲ ကျနော်တို့လည်း ဆွေးနွေးနေကြတုန်းပါ။
VOA ။    ။ ကိုမျိုးဝင်းတို့ကရော ဘယ်လိုနားလည်ပါသလဲ။ ABSDF ကို FDB အနေနဲ့မဟုတ်ဘဲနဲ့ သီးခြားဖိတ်တဲ့အပေါ်မှာ။
ကိုမျိုးဝင်း ။    ။ ကျနော်တို့ဖက်ကို ကမ်းလှမ်းလာမှုကကျတော့ ဒီနှစ်ဆန်းပိုင်းပေါ့နော် ဇန်န၀ါရီလ ၁၀ ရက်နေ့ကတည်းက ကမ်း လှမ်းတာကို လက်ခံရရှိတာဖြစ်ပါတယ်။ ကျနော်သိသလောက် အဲဒီအချိန်ကာလမှာ FDB ကိုရော လူ့ဘောင်သစ်ပါတီကိုရော ဖိတ်ကြား ထားတယ်ဆိုတဲ့ အခြေအနေမရှိသေးပါဘူး။ ဒီအခြေအနေအောက်မှာ ကျနော်တို့အဖွဲ့အစည်းအနေနဲ့တော့ ခုနက ကျနော်ပြောခဲ့သလို ပေါ့နော် အခုလိုမျိုး တန်းတူညီတူဆွေးနွေးဖို့၊ ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူညီတူဆွေးနွေးဖို့အတွက် ဖိတ်ခေါ်လာမှုအပေါ်မှာ ကြိုဆိုပြီး တော့ ကျနော်တို့လက်ခံခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အဓိကထားစဉ်းစားနေတာကတော့ တပ်ပေါင်းစု အနေနဲ့ပဲဖြစ်ဖြစ် တစ်ဖွဲ့ချင်းအနေနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်တွေတော့ ဖြစ်ပေါ်နေတာပေါ့နော်။ တိုင်းရင်းသားအင်အားစုတွေ အတွင်းရောပေါ့။ ဒီအနေအထားအပေါ်မှာတော့ ကျနော်တို့အဖွဲ့အစည်းကတော့ အမြဲတမ်းအကြံပေးတာရှိတယ်။ တစ်ဖွဲ့ချင်းပဲတွေ့ တွေ့ စုပေါင်းပြီးပဲတွေ့တွေ့ အဲဒါ နည်းလမ်းပဲဖြစ်တယ်။ အရေးအကြီးဆုံးကတော့ စုပြီး ပေါင်းပြီးပဲ တွေ့တွေ့ တစ်ဖွဲ့ချင်းပဲတွေ့တွေ့ အင်အားစုအားလုံးက လက်ခံသဘောတူထားတဲ့ နိုင်ငံရေး Position နိုင်ငံရေးသဘောထား၊ Common Position အဲဒါ အရေးအကြီးဆုံး ပါပဲ။ အဲဒီ Common Position ကို ခိုင်ခိုင်မာမာချမှတ်ထားတယ်ဆိုရင် ကျနော်တို့ တစ်ဖွဲ့ချင်းပဲတွေ့တွေ့ ပေါင်းပြီးပဲတွေ့တွေ့ အဲဒီ နည်းနာပြဿနာကိုတော့ ကျနော်တို့အားလုံး လက်တွဲပြီး ကိုင်တွယ်ဖြေရှင်းလို့ရတယ်။ ဒီမူပေါ်မှာခိုင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့တွေ့ တွေ့ပါ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ သဘောတူပါတယ်။
VOA ။    ။ ကိုငွေလင်းတို့ လူ့ဘောင်သစ်ကရော ဘယ်လိုသဘောထားရှိပါသလဲ။
ကိုငွေလင်း ။    ။ အခု အစိုးရအဖွဲ့အနေနဲ့ပေါ့ဗျာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖော်ဆောင်မယ် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဖော်ဆောင်မယ်ဆိုလို့ရှိရင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ တွေ့ဖို့လိုတယ်လို့ သူတို့ ဆုံးဖြတ်ထား တာရှိပါတယ်။ အဲဒီလိုဆုံးဖြတ်ထားပြီး အဲဒီကိစ္စတွေကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ဆောင်ရွက်နေပြီးတော့မှ အခုဥစ္စာက ဒီမိုကရက်တစ်အင်အားစု တွေနဲ့လည်း ထပ်တွေ့ဖို့လိုတယ်။ အင်အားစုတွေအားလုံး အပြန်အလှန်နားလည်မှုရှိပြီးတော့မှ စုပေါင်းလုပ်ရင်ကောင်းမယ်ဆိုတဲ့ကိစ္စကို အခုလက်ရှိအစိုးရအနေနဲ့ သဘောထားပုံရပါတယ်။ ဒါကြောင့်မို့လို့လည်း အခု ဒီမိုကရက်တစ်အင်အားစုတွေဖြစ်တဲ့ နယ်စပ်အခြေစိုက် တွေကို စပြီးတွေ့ဖို့ ကမ်းလှမ်းလာတယ်လို့ပဲ နားလည်ပါတယ်။ အဲဒီတော့ ဒီမိုကရက်တစ်အင်အားစုတွေဖြစ်တဲ့ မြန်မာနိုင်ငံဒီမိုကရက် တစ်အင်အားစုကိုလည်းတွေ့မယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအ၀င်ပေါ့ဗျာ အခြားသောအင်အားစုတွေကိုလည်းတွေ့မယ် ဆိုတဲ့ စဉ်းစားချက်အခြေခံပေါ်ကနေပြီးတော့ တွေ့တယ်လို့ပဲ ယူဆပါတယ်။
VOA ။    ။ ဟုတ်ကဲ့။ ကျနော်တို့ တိုက်ရိုက်ဆွေးနွေးမယ့် အမေရိကန်မှာနေတဲ့ မနော်မေဦးကို မကြာခင်ဖိတ်ခေါ်ပါမယ်။ မနော်မေဦးရဲ့ ဆွေးနွေးချက်ကို ကျနော်တို့နားမထောင်ခင်မှာ ရန်ကုန်မြို့ခံ သောတရှင်တစ်ဦးကနေပြီးတော့ ဒီ ပြည်ပရောက်အဖွဲ့အစည်းတွေကို သူပေးချင်တဲ့သဘောထား ပြောထားတာလေးရှိပါတယ်။ အဲဒါကို အရင်ဦးဆုံး နားဆင်ကြည့်ရအောင်ပါ။
ရန်ကုန်မြို့ခံတစ်ဦး ။        ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလက ဒီနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွါသွားခဲ့သူတွေရဲ့ မိသားစုတွေအားလုံးရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒမှန်တစ်ခုကတော့ မိသားစုတွေပြန်ဆုံချင်ကြတာ အမှန်ပါပဲ။ သို့သော်လည်းပဲ လောလောဆယ် အနေအထားမှာတော့ သူတို့ပြန်လာဖို့အတွက် လုံလောက်တဲ့ ပြင်ဆင်ထားမှုတွေမရှိသေးဘူးလို့ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။
VOA ။    ။ ဒီသောတရှင်က လုံလောက်တဲ့ ပြင်ဆင်ထားမှုတွေ မရှိသေးဘူးလို့ သူပြောသွားပါတယ်။ မိသားစုတွေကတော့ မျှော်နေ တယ်ပေါ့လေ။ အဲဒီမှာ ဒီ သောတရှင်က ပြောထားတာတွေရှိပါသေးတယ်။ အချိန်အတိုင်းအတာအရ ချုပ်လိုက်တဲ့သဘောပါပဲ။ သူက ပြန်ဝင်လာတဲ့သူတွေရဲ့ စားဝတ်နေရေးကိစ္စ ပြေလည်အောင်ဖြေရှင်းပေးဖို့ ဒီအခြေအနေကောင်းတွေ ဖန်တီးပေးဖို့ဆိုပြီးတော့ သူပြော ထားတာရှိပါတယ်။ ဒီအခြေအနေကောင်းတွေ မရှိသေးဘူးပေါ့နော်။ ဒီသောတရှင်ရဲ့ဆွေးနွေးချက်ကို နောက်ပိုင်းပြန်ဆွေးနွေးတဲ့အခါမှာ ကိုနိုင်အောင်၊ ကိုမျိုးဝင်းတို့ ကိုငွေလင်းတို့ ထဲ့ပြီးဆွေးနွေးလို့ရပါတယ်။ အခုတော့ အမေရိကန်မှာနေတဲ့ မနော်မေဦးရဲ့သဘောထားကို မေးကြည့်ရအောင်ပါ။ မနော်မေဦးကရော ဘယ်လိုသဘောထားရှိပါသလဲ။ ပြည်တွင်းပြန်ပြီးတော့လုပ်ကြဖို့အချိန် ရောက်ပါပြီလား။ ဆွေး နွေးမယ်ဆိုရင် ဘယ်လိုသဘောတူညီချက်တွေ ယူသင့်ပါသလဲ။
မနော်မေဦး ။    ။ အခုအပြောင်းအလဲကို ကျမတို့ကြည့်မယ်ဆိုလို့ရှိရင် မြန်မာပြည်တွင်းမှာနေထိုင်တဲ့ သူတွေရော မြန်မာပြည်အပြင် ဖက်မှာနေထိုင်တဲ့သူတွေအတွက်ရော စိတ်လှုပ်ရှားစရာ ၀မ်းသာစရာဖြစ်တာပေါ့နော်။ နှစ်ပေါင်းများစွာ နှစ်ပေါင်း ၆၀ ကျော်နောက်ပိုင်း မှာ အပြောင်းအလဲ ဒီလိုမျိုးဖြစ်လာတယ်ဆိုတာ မျှော်လင့်ချက်ထားတာ၊ စိတ်လှုပ်ရှားတာဟာ လက်တွေ့ကျတယ် သဘာဝကျတယ်လို့ ကျမမြင်တယ်။ ဒါပေမယ့်လည်း တပြိုင်တည်းမှာပဲ ကျမတို့ သံသယရှိတယ်။ သိပ်ပြီးတော့ မယုံကြည်နိုင်ဘူးဆိုလို့ရှိရင်လည်း အဲဒါ အကျိုးအကြောင်းဆီလျော်တယ်လို့ ကျမထင်တယ်။ ကျမတို့ အခုချက်ချင်းကြီးပဲ၊ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် မြန်မာအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို နည်းအမျိုးမျိုးနဲ့ခံလာရတဲ့ တိုင်းသူပြည်သားတွေ၊ အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေမှာဆိုရင် စစ်ပွဲ တွေအကြိမ်ကြိမ် နှစ်ပေါင်းများစွာခံလာရပြီးနောက်ပိုင်းမှာ နေ့ချင်းညချင်းကို ပြောင်းလဲလာတဲ့အခါမှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ပြည်သူ တွေအနေနဲ့ ၀မ်းသာတာမှန်တယ်။ တပြိုင်တည်းမှာပဲ တအားကြီးပဲ ၀မ်းသာလို့မရတာ မသင့်တာဟာလည်းပဲ မှန်တယ်လို့ ကျမ မြင် တယ်။ ဆိုတော့ ခုနကတုန်းက ပြန်လာဖို့အတွက် ပြန်ဝင်ဖို့ပြောတဲ့အခါမှာ ကျမတို့အများကြီးသတိထားဖို့လိုတယ်။ ကျမတို့ ဒီပြောင်းလဲ မှုကို ကြိုဆိုတယ်။ ဒီပြောင်းလဲမှုအပေါ်မှာ ကျမတို့ အများကြီးမျှော်လင့်ချက်ထားတယ်။ ဒါပေမယ့် ဒီပြောင်းလဲမှုအပေါ်မှာ ကျမတို့ ဆက်ပြီး လိုက်လုပ်ဖို့ကိုတော့ အများကြီး သတိထားဖို့လိုတယ်လို့ ကျမမြင်ပါတယ်။
VOA ။    ။ မနော်မေဦးကို ကျနော်တစ်ခုမေးပါရစေ။ မနော်မေဦးကိုယ်တိုင်က ဒီ အမေရိကားမှာ နေထိုင်ပြီးတော့ ပြည်ပအသိုင်းအ၀ိုင်း နဲ့လည်း နီးစပ်မှုရှိသူတစ်ယောက်အနေနဲ့ ကျနော်သိချင်တာက ပြည်ပရောက်နေတဲ့ အထူးသဖြင့်တော့ ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်း တွေကြားထဲမှာ မြန်မာပြန်ရေး၊ ပြန်တယ်ဆိုတာက အလည်အပတ်သဘောကို မဆိုလိုပါဘူး။ ပြည်တွင်းမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် တိုင်းပြည်တည်ဆောက်ရေးအတွက် ပြန်ပြီးတော့ လုပ်ဆောင်ရေးဆိုတဲ့အပေါ်မှာ ဘယ်လိုစိတ်ကူးအတွေးတွေပေါ့လေ ဘယ်လိုရှိနေကြ သလဲ မနော်မေဦး ဘာတွေသိထားပါသလဲ။
မနော်မေဦး ။    ။ ကျမ မိတ်ဆွေတွေထဲမှာ သိရသလောက်ဆိုလို့ရှိရင် အဖွဲ့အစည်းပဲဖြစ်ဖြစ် တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ်ပေါ့လေ ကျမ တို့အားလုံးက အနည်းနဲ့အများတော့ စိတ်လှုပ်ရှားကြတယ်။ ဒါ ပြန်ဖို့ အချိန်များရောက်ပြီလား။ ငါတို့ ပြန်လို့များရပြီလားပေါ့နော် အဲဒီလို မျိုး ပြောနေကြတာတော့ရှိတယ်။ ဒါပေမယ့် ကျမသူငယ်ချင်းတွေ မိတ်ဆွေတွေအထဲမှာပဲ သိရသမျှ ရင်းနှီးရသမျှ အဖွဲ့အစည်းတွေ ကြားထဲမှာပဲ ကျမတို့ တပြိုင်တည်းမှာပဲ ပိုပြီးသတိထားချင်တဲ့ ဆန္ဒတွေရှိပါတယ်။ တိုင်းပြည်ကိုပြန်တယ်ဆိုတာ ဥပမာဆိုလို့ရှိရင် ကျမ တစ်ယောက်တည်းဆိုလို့ရှိရင် ကျမပြန်လုပ်နိုင်သလောက် ပဲခူးတိုင်းအထိပဲပြန်ရမလား ဒါမှမဟုတ် ကရင်ပြည်နယ်ထဲအထိပဲပြန်ရမလား ပြန်နိုင်သလောက် နှစ်တိုင်းပြန်တယ်။ အခါပေါင်း နှစ်ဆယ် သုံးဆယ်ရှိပြီ ဒီ အနှစ်နှစ်ဆယ်အတွင်းမှာ။ ကိုယ်လုပ်နိုင်သလောက်ပေါ့လေ အမြဲတမ်းပြန်တယ်။ ဒါပေမယ့် အခု အစိုးရရဲ့ပြောင်းလဲမှုအပေါ်မှာကျတော့ ကျမတို့ ပြန်ဖို့က အင်မတန်မှ ပြန်ချင်ကြပါတယ်။ အမိမြေ လည်းဖြစ်တယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ပြန်ဖို့ လက်တွေ့ကျကျလုပ်နိုင်ဖို့ အကျိုးရှိရှိလုပ်နိုင်ဖို့ ကျတော့ ကျမထင်တယ် နှောင့်နှေးကျန့်ကြာမှုတွေနဲ့ ကျမတို့ထင်သလောက်တော့ မြန်မယ်မထင်ပါဘူး။
VOA ။    ။ ဟုတ်ကဲ့။ ကိုနိုင်အောင်။ ခုနက ရန်ကုန်ကသောတရှင်ပြောသွားတဲ့ လုံလောက်တဲ့ပြင်ဆင်မှုတွေ ရှိဖို့လိုအပ်တယ်။ မရှိသေး ဘူး စသည်အားဖြင့်ပေါ့နော်။ မနော်မေဦးဆွေးနွေးသွားတဲ့အထဲမှာ သံသယရှိတယ်ဆိုရင်လည်းပဲ ကျိုးကြောင်းဆီလျော်တယ်။ သံသယ ရှိသင့်တယ်။ အများကြီးသတိထားသင့်တယ်လို့ မနော်မေဦးက တော်တော်လေး အကြိမ်များများပြောသွားပါတယ်။ ဆိုတော့ တွေ့ဖို့ ဆွေးနွေးကြဖို့ စဉ်းစားကြတဲ့အထဲမှာ အဓိက ကိုနိုင်အောင်တို့စဉ်းစားတဲ့အချက်က ဘာအချက်တွေလို့ ပြောလို့ရပါသလဲ။
ကိုနိုင်အောင် ။    ။ ခုနကပြောတဲ့ စကားနဲ့ပြောရင်တော့ ကျနော်တို့ထွက်လာကတည်းကလည်း အမြဲတမ်းပြန်ဖို့ ကြိုးစားတာပဲလေ။ ပြန်ချင်လို့လည်း ဒီအလုပ်တွေလုပ်နေတာပဲပေါ့။ ဒါပေမယ့် ပြန်တယ်ဆိုတဲ့အချိန်မှာလည်း အခုရှိနေတဲ့အစိုးရက အားလုံးကောင်းနေပါ ပြီခင်ဗျားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးဖြစ်မသွားအောင် သတိထားဖို့လည်းလိုတယ်။ နောက် ပြန်ဖို့ မပြန်ဖို့ဆိုတာက နိုင်ငံရေးအရ တကယ်ကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးကို တိမ်းညွှတ်လိုတဲ့စိတ်၊ နောက် နိုင်ငံရေးဝန်းကျင်နဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်ရှိမှလည်း ဒါတွေကဖြစ်မှာပေါ့။ ကျနော်တို့ တွေ့ဖို့ရည်ရွယ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကနေ့ အနာဂတ် ထာဝရငြိမ်း ချမ်းရေးကိုဖန်တီးပေးနိုင်မယ့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်၊ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပေါ်ထွက်နိုင်မယ့် ပါသင့်ပါထိုက်တဲ့သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်ဖို့အတွက် အဲဒီလုပ်ငန်းစဉ်ကို ခိုင်ခိုင်မာမာ၊ ဒီအစိုးရနဲ့ နိုင်ငံရေး အင်အားစုတွေက ဖော်ဆောင်နိုင်ဖို့အတွက် တိုက်တွန်းလိုတဲ့စိတ်နဲ့ ကျနော်က တွေ့ချင်တာဖြစ်ပါတယ် ခင်ဗျ။
VOA ။    ။ ဒီနေရာမှာ ကိုမျိုးဝင်းကို ABSDF အနေနဲ့ပေါ့လေ ခုနကလို DPNS တို့ FDB တို့လို ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ကွာခြား ချက်လေးနည်းနည်းရှိတဲ့အခါကျတော့ ဒီတွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ကိစ္စအပေါ်မှာ ABSDF ရဲ့ ချဉ်းကပ်ပုံသည် ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ တထပ်တည်းဖြစ်နိုင်ပါ့မလား။ ကွဲနိုင်သလား။
ကိုမျိုးဝင်း ။    ။ တပြည်လုံးအတိုင်းအတာဆောင်တဲ့ကိစ္စတွေမှာတော့ နိုင်ငံရေးအားဖြင့် အမြင်ချင်းတူပါတယ်။ ဒီနေ့ကာလမှ အ ရေးအကြီးဆုံးကတော့ နိုင်ငံရေးအင်အားစုအသီးသီး အလွှာအသီးသီး ပါဝင်ဆောင်ရွက်ခွင့်ရှိမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံ ရေးလုပ်ငန်းစဉ်တရပ် ခိုင်ခိုင်မာမာပေါ်ထွန်းလာဖို့အတွက် အားလုံးကြိုးပမ်းဖို့လိုတာပေါ့နော်။ ဒီနေရာမှာ အင်အားစုအသီးသီး အလွှာ အသီးသီးကလည်းပဲ တရားဥပဒေနဲ့အညီ လွတ်လပ်စွာရှင်သန်ခွင့် ပါဝင်ခွင့်ရှိဖို့လိုတယ်။ ဒီနေ့ကာလမှာ ဒီယုံကြည်ချက်တွေကြောင့် ဖျက်သိမ်းခံရတာ ထိန်းသိမ်းခံရတာ အရေးယူခံရတာတွေ မရှိသင့်တော့ပါဘူး။ ကျနော်တို့ လွတ်လပ်စွာဆွေးနွေးခွင့်ရှိရမယ်။ ဟောပြော ခွင့်ရှိရမယ်။ ရေးသားခွင့်ရှိရမယ်။ ဒီအခြေခံအခွင့်အရေးတွေ ကျနော်တို့တိုင်းပြည်အတွင်းမှာ အမှန်တကယ်တည်ရှိနေပြီလား။ ကျနော် တို့လာခဲ့ရတဲ့ ရည်ရွယ်ချက်ကလည်းပဲ နိုင်ငံရေးယုံကြည်ချက်ကြောင့် ကျနော်တို့လာခဲ့တာပါ။ စီးပွားရေးမပြေလည်လို့ မဟုတ်ပါဘူး။ ဆို တော့ ကျနော်တို့ယုံကြည်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခွင့်ရှိတဲ့ နိုင်ငံရေးအခင်းအကျင်း တကယ်ဖြစ်ထွန်းနေပြီလား ဒါနဲ့ပဲ ကျနော်တို့ တိုင်းတာမှာပါ။ ထို့နည်းတူစွာပဲ အဓိက အရေးအကြီးဆုံး ကျနော်တို့ ABSDF အနေနဲ့ ထူးခြားချက်အနေနဲ့ကြည့်ရမှာကတော့ ပြည်တွင်းစစ်ပါ။ ကျနော်တို့ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတရပ်ပါ။ ဒီနေ့ကာလမှာ ကျနော်တို့ ပြည်တွင်း စစ်မီးတောက်လောင်နေတာကို ကျနော်တို့ ငြိမ်းသတ်နိုင်ဖို့အတွက် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ကျနော်တို့ ကြိုးပမ်းသွားမှာပါ။ ဒါ ကြောင့်လည်း ဒီနေ့ကာလမှာတည်ရှိနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို နည်းမှန်လမ်းမှန်ဆောင်ရွက်နိုင်ဖို့အတွက်ကို ဦးသိန်းစိန် အစိုးရက ဆောင်ရွက်နေတာဟာ တကယ်မှန်ကန်တဲ့ သဘောထားရှိပြီလားဆိုတာကို ကျနော့်စိတ်ထဲမှာ ဒီနေ့ကာလအထိ သံသယရှိပါ တယ်။ ပထမဆုံးဆောင်ရွက်သင့်တာကတော့ တစ်တိုင်းပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော် ဖို့အတွက် နားလည်မှုတည်ဆောက်ဖို့လိုတယ်။ တိုင်းရင်းသားလူမျိုးစုတစ်စုနဲ့ အပစ်ရပ်ပြီးတော့ အခြားတိုင်းရင်းသားလူမျိုးစုတစ်စုကို ကျတော့ ထိုးစစ်ဆင်နေတာ။ ဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ဆက်ဖြစ်နေတဲ့ဟာတွေဟာ မဖြစ်သင့်တဲ့အခြေ အနေပါ။ ဒီလို လုပ်ဟန်မျိုးဟာ ကျနော်တို့တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသလို အမျိုး သားပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေတယ်။ ဒါကြောင့် တပြည်လုံးအတိုင်းအတာဆောင်တဲ့ အပစ်ရေးကို ကျနော်တို့က ဖော်ဆောင်လိုတယ်။ ဒီနေရာမှာ တကယ်တမ်းသဘောထားကို တင်ပြချင်တာကတော့ အပစ်ရပ်စဲရုံနဲ့ ကျနော်တို့ ပြည်တွင်းစစ်မီးငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်မှာမဟုတ်ဘူး။ ပြီးခဲ့တဲ့ကာလမှာ အပစ်ရပ်ရုံနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ခဲ့ဘူးဆိုတာ သမိုင်းတပတ်ပြန်လည်လာပြီးတော့မှ ကချင်၊ ရှမ်းပြည်မြောက်ပိုင်းတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရတယ်။ ဒါကြောင့် ပြည် တွင်းငြိမ်းချမ်းရေးကိစ္စကို တည်ဆောက်ကြိုးပမ်းတဲ့အခါမှာလည်း ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ် ပေါ်ထွက်လာဖို့ အရေးကြီးပါတယ်။
VOA ။    ။ ကိုငွေလင်း ခင်ဗျာ။ မူဆယ်က ဦးသိန်းမောင်ဆိုတဲ့ သောတရှင်တစ်ယောက်က ပြည်ပရောက်အဖွဲ့အစည်းတွေအနေနဲ့ အစိုးရသစ်နဲ့ဆွေးနွေးတဲ့အခါမှာ ဒီအချက်တွေတောင်းဆိုသင့်တယ်ဆိုပြီး ၄ ချက်ပေးထားပါတယ်။ ဒီအချက်တွေကို ဘယ်လိုသဘော ရမလဲ။ ဖတ်ပြပါမယ်။(၁) အတိုက်အခံအဖြစ်သဘောမထားဘဲနဲ့ နိုင်ငံတည်ဆောက်ရေးမှာ အတူတကွပါဝင်ဆောင်ရွက်မယ့် လက်တွဲဖော်လက်တွဲ ဖက်တွေအဖြစ် သဘောထားပြီးတော့ ယုံကြည်မှု အပြန်အလှန်တည်ဆောက်ဖို့။(၂) မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်အပါအ၀င် နိုင်ငံရေးလှုပ်ရှားမှုတွေကို ဥပဒေနဲ့အညီ လွတ်လပ်စွာခွင့်ပြုပေးဖို့။(၃) ပြည်ပရောက်မြန်မာပညာရှင်တွေကို ထိုက်တန်စွာနေရာပေးပြီးတော့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်ခွင့် ရစေဖို့။(၄) ဧရာဝတီ၊ ဒီဗွီဘီနဲ့ ဗွီအိုအေ ပြည်ပသတင်းဌာနတွေကို ပြည်တွင်းမှာ လွတ်လပ်စွာထူထောင်ခွင့်ပေးဖို့။သူက ဒီအချက်တွေကို ရအောင်ဆွေးနွေးသင့်တယ်လို့ ပြောထားပါတယ်။ ကိုငွေလင်း အားလုံးခြုံငုံပြီးတော့ ဘယ်လိုသဘော ရပါသလဲ။
ကိုငွေလင်း ။    ။ အခုက ဒီဆွေးနွေးတဲ့ပုဂ္ဂိုလ်ရဲ့ သဘောထားတွေပေါ့ဗျာ။ ဒါက သင့်တော်တဲ့ သဘောထားတွေဖြစ်ပါတယ်။ တကယ်ကတော့ ကျနော်တို့အားလုံးဟာ ဒီကနေ့ ဗမာပြည်သစ်ကိုပေါ့ ဒီမိုကရေစီနိုင်ငံသစ်ကို ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည် ဆောက်ဖို့ အလွန်ကို လိုအပ်နေတဲ့ကာလဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီလိုတည်ဆောက်တဲ့အချိန်မှာ အားလုံးအင်အားစုတွေက တစ် ယောက်ကိုတစ်ယောက် လက်တွဲဖော်တွေ လုပ်ဖော်ကိုင်ဖက်ကောင်းတွေလို့ အပြန်အလှန်ယုံကြည်နေဖို့လိုပါတယ်။ အဲဒီယုံကြည်မှုမျိုး က ကျနော်တို့ဖက်က ထားရမှာဖြစ်သလို အခုလက်ရှိ အာဏာရအစိုးရက ထားရမှာလည်းဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ကို တရားဝင်ပါတီတရပ်၊ ဂုဏ်သိက္ခာရှိတဲ့ သူယုံကြည်တဲ့နိုင်ငံရေးကို သူ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရမယ့် တရားဝင်ပါတီတရပ်အဖြစ် တည်ရှိခွင့် လှုပ်ရှားခွင့် အခုအစိုးရက ပြုရမှာဖြစ်ပါတယ်။ ဒီဥစ္စာက အခု ပြည်ထဲမှာရှိနေတဲ့ ၄၇ ပါတီကို ပြုသလိုမျိုး၊ အဲဒီပါတီများသည် ပင်လျင် အလွန်အကန့်အသတ်ကြီးပါတယ်။ ဒီ အကန့်အသတ်တွေကို ဖြည်ပြီးတော့မှ လွတ်လပ်စွာ နိုင်ငံရေးကိုလုပ်လို့ရတဲ့ အခွင့် အလမ်းမျိုး အခု ဦးသိန်းစိန်အစိုးရအနေနဲ့ ပေးရမှာဖြစ်ပါတယ်။
VOA ။    ။ နောက်ထပ်ဆွေးနွေးလိုသူတစ်ယောက်ကတော့ ပြည်ပမှာ နေထိုင်နေတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ကို ခေါ်ချင်ပါ တယ်။ ကိုညီညီအောင်ပါ။ အမေရိကန်မှာနေထိုင်ပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို လှုပ်ရှားနေသူဖြစ်ပါတယ်။ ကိုညီညီအောင် ဘယ် လိုသဘောရပါသလဲ။ ပြည်တွင်းပြန်ဝင်ပြီးလုပ်ဖို့အချိန် ရောက်ပါပြီလား။ ဘာတွေဆွေးနွေးသဘောတူညီချက်ယူသင့်ပါသလဲ။
ကိုညီညီအောင် ။    ။ ပထမဆုံး ဦးသိန်းစိန်ဖိတ်ခေါ်ကြေညာလိုက်တာက သူက နိုင်ငံရေးပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်တဲ့အပေါ် ကျနော်တို့ လက်ခံလို့ရပေမယ့် သူဟာ သမ္မတတစ်ယောက်လုပ်ပိုင်ခွင့်ရှိတဲ့ကိစ္စဆိုရင် အဲဒီလုပ်ငန်းစဉ်ထဲမှာပါသင့်တဲ့ ဥပဒေပြဋ္ဌာန်းမှု တစ်ခုတော့ရှိရမယ်။ ခုနက ဖိတ်ခေါ်ချက်။ ရှေ့က နောင်တော်ကြီးတွေဆွေးနွေးသွားသလိုပဲ။ ဖိတ်ခေါ်လိုက်တဲ့အခါမှာ အချက်အလက် တွေ ပြည့်ပြည့်စုံစုံနဲ့ဖိတ်ခေါ်ဖို့လိုတယ်။ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ပေးဖို့လိုတယ်။ အဲဒီလိုပဲ ဒုတိယတစ်ချက်ပြောချင်တာက လက် ရှိ ၂၁ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။ ပြည်ပကလူတွေပြန်လာတဲ့အခါမှာ သိက္ခာရှိရှိ။ သိက္ခာရှိရှိပြန်လာတယ်ဆိုတာ နိုင်ငံရေးအရ ခွဲခွါပြီး ကျနော်တို့က နေထိုင်နေရတဲ့အခြေအနေရှိတယ်။ ပြန်လာတဲ့အခါကျ ရင်လည်း နိုင်ငံရေးလုပ်ပိုင်ခွင့် ရှိတယ် မရှိဘူးဆိုတာကို သူတို့က ပထမတဆင့်ပြဋ္ဌာန်းပေးဖို့လိုတယ်။ လက်ရှိ ၈၈ မျိုးဆက်ကျောင်းသား တွေ လုပ်ပိုင်ခွင့်ဘယ်လောက်ရှိနေသလဲဆိုတဲ့အပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့က ဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်။
VOA ။    ။ ထိုင်းနိုင်ငံက နောက်ထပ် သောတရှင်တစ်ယောက်ဖြစ်တဲ့ ကိုတောရလ်ရဲ့သဘောထားလည်း နားထောင်ကြည့်ရအောင်ပါ။
ကိုတောရလ် ။    ။ အတွင်းပြန်ဖို့ မပြန်ဖို့ဆိုတဲ့ကိစ္စက ကျနော့်အဖြေက ငါးဆယ် ငါးဆယ် အဲဒီလိုဖြစ်နေတယ်။ ကျနော် မပြောတတ် ဘူး။ တိုက်တွန်းလည်း မတိုက်တွန်းတတ်ဘူးပေါ့နော်။ ဒါပေမယ့်လို့ ပြန်လာနိုင်အောင် အခြေအနေဖန်တီးပေးဖို့ဆိုတာက လက်ရှိ လက် ထဲမှာ အာဏာရှိနေတဲ့ အစိုးရတရပ်က ဖန်တီးပေးဖို့လိုအပ်တယ်လို့ ကျနော်ထင်တယ်။ Quickly  လုပ်ဖို့လည်း လိုအပ်တယ်လို့လည်း ကျနော် အဲဒီလိုထင်တယ်။ ဘာလို့လည်းဆိုလို့ရှိရင် အခုအခြေအနေက အချိန်ကောင်းဖြစ်တယ်လို့မြင်တယ်။ ဖြစ်နိုင်တဲ့အခြေအနေရှိဖို့ ဆိုတာက ဘယ်လိုအခြေခံအပေါ်မှာရှိသင့်လဲလို့ ကျနော့်တစ်ယောက်အမြင်နဲ့မြင်တာက ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲပါမယ်ဆို တဲ့ စကားသံတွေလည်း ထွက်လာဖို့လိုတာပေါ့နော်။ နောက် ကျနော်က လက်နက်ကိုင်အင်အားစုတွေကြားထဲမှာ တရင်းတနှီးရှိတယ် လေ။ အဲဒီဟာတွေအပေါ်မှာ လူတွေစိုးရိမ်တယ်။ အပြောင်းအလဲမရှိဘဲနဲ့ အပေါ်ယံလွှာမှာစကားလှအောင် ပြောနေတဲ့ကိစ္စတွေပဲဖြစ်နေ မယ်ဆိုလို့ရှိရင်တော့ ဒီလေသံတွေက ခါးနေအောင် ကြားပြီးပါပြီ။
VOA ။    ။ သောတရှင် မျိုးချစ်မေဆိုတာက အီးမေးလ်နဲ့ပို့ထားတဲ့အထဲမှာ ဒီလို အလားတူအချက်တွေပါပဲ။ အာမခံချက်တွေနဲ့ သေချာ တဲ့ ကတိက၀တ်တွေ အစိုးရဆီက ရဖို့လိုတယ်တဲ့။ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စပြီးတော့ လုပ်ဆောင်ရမယ့်အချိန် ရောက်နေပြီဖြစ်တာကြောင့် အခုအချိန်ကတည်းက နစ်နာသူ ပြည်သူတွေနဲ့ ပြည်တွင်းမှာရပ်တည်နေထိုင်ပြီးတော့ လုပ်ကိုင်သင့်နေပါပြီ တဲ့။ တဖက်ကလည်း ဒီ ပြန်ဝင်ဖို့အတွက် အစိုးရရဲ့ သေချာတဲ့ အာမခံချက် ကတိက၀တ်တွေလိုတယ်တဲ့။ အစိုးရက အခုတစ်မျိုးပြော ပြည်တွင်းရောက်တော့ ပုံစံတစ်မျိုးပြော ဖြစ်နေမှာကိုလည်း စိုးရိမ်ရပါတယ်တဲ့။ ဒါ သောတရှင် မျိုးချစ်မေ ပေးပို့ထားတာပါ။ဒီကနေ့ ဆွေးနွေးတဲ့သူတွေအားလုံးကို မေးခွန်းတစ်ခုစီမေးချင်ပါတယ်။ တစ်မိနစ်ခွဲစီလောက်အချိန်ရပါမယ်။ အားလုံးရဲ့အသံ ကို ကြားချင်လို့ပါ။ ကိုနိုင်အောင်က အရင်ဆုံးပြောပါ။ဒီ လက်ရှိ အစိုးရတာဝန်ရှိသူတွေသည် ရိုးရိုးသားသား ဒီကမ်းလှမ်းချက်တွေလုပ်နေတာပါလို့ ကိုနိုင်အောင်ပြောလို့ရပါ သလား။
ကိုနိုင်အောင် ။    ။ ကျနော့်အမြင်ကတော့ သူတို့ထဲမှာလည်း သဘောထားတွေကွဲပြီးတော့ လုပ်ဟန်တွေကွဲနေတာတော့ ရှိတယ်လို့ ထင်တယ်။ ဆိုတော့ ပြုပြင်နေတယ်ဆိုပေမယ်လို့ ပြောင်းလဲတဲ့အဆင့်တော့ သေသေချာချာ မမြင်ရသေးဘူးလို့ ပြောချင်ပါတယ်။
VOA ။    ။ ဟုတ်ကဲ့။ ကိုမျိုးဝင်း။
ကိုမျိုးဝင်း ။    ။ ဒီနေ့ကာလအထိ ကျနော်တို့မြင်တွေ့နေရတဲ့အပြောင်းအလဲတွေပေါ့နော် တချို့ကိစ္စတွေမှာတော့ သံသယဖြစ်စရာအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အားနည်းချက်တွေ တွေ့နေရပါသေးတယ်။ ဒီအားနည်းချက်တွေ သံသယဖြစ်စရာအချက်တွေကိုတော့ တွေ့ဆုံဆွေးနွေးတဲ့အခါကျရင် ထောက်ပြသွားမှာပါ။
VOA ။    ။ ဟုတ်ကဲ့။ ကိုငွေလင်း။ ဘယ်လိုသဘောရပါသလဲ။ တကယ်ရိုးရိုးသားသား ကမ်းလှမ်းတယ်လို့ ယူဆပါသလား။
ကိုငွေလင်း ။    ။ ကနေ့အခြေအနေကြီးပေါ့ဗျာ ဗမာပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြီးက အားလုံး ၀ိုင်းဝန်းဖြေရှင်းသင့် တယ်ဆိုတဲ့ကိစ္စကို ဒီ ဦးသိန်းစိန်အစိုးရအနေနဲ့လည်း မမြင်ဘူးလို့ ကျနော်မထင်ပါဘူး။ သူတို့မြင်တယ်။ အဲဒီမြင်တဲ့ အမြင်အရ ဒီအခြေအနေတွေအားလုံးရဲ့ တောင်းဆိုမှုအရ ဒီလိုကမ်းလှမ်းလာတယ်လို့ မြင်ပါတယ်။
VOA ။    ။ ဟုတ်ကဲ့။ မနော်မေဦးသဘောထားလည်း သိပါရစေ။
မနော်မေဦး ။    ။ ဘယ်လောက်ယုတ်မာတဲ့သူပဲဖြစ်ဖြစ်ပေါ့လေ နောက်ဆုံး တကယ့်လက်တွေ့အခြေအနေကို သူ သုံးသပ်တတ် လာလို့ရှိရင် ပြောင်းလဲမှုကို တနည်းမဟုတ်တနည်း လုပ်ကြရတာပဲဆိုတော့ အခု မြန်မာအစိုးရရဲ့ပြောင်းလဲမှုကလည်း ကမ္ဘာ့အနေ အထားအမျိုးမျိုးနဲ့ တိုင်းပြည်အနေအထားအမျိုးမျိုးအပေါ်မှာ လက်တွေ့သုံးသပ်ချက်တစ်ခုလို့ ကျမ မြင်ပါတယ်။
VOA ။    ။ ဟုတ်ကဲ့။ ကိုညီညီအောင်။
ကိုညီညီအောင် ။    ။ ပကတိအခြေအနေမှာ သူတို့က လက်တွေ့ကျကျ သူတို့လုပ်ရမယ့်အလုပ်က ဒီအလုပ်ပဲလုပ်ရတော့မှာမို့ ဒီလိုပဲ ကမ်းလှမ်းတယ်လို့ ကျနော်မြင်ပါတယ်။
VOA ။    ။ ဟုတ်ကဲ့။ ကိုတောရလ်။
ကိုတောရလ် ။    ။ ၂၀၀၈ ဖွဲ့စည်းပုံကို အပြောင်းအလဲလုပ်ပါမယ်ဆိုတဲ့ စကားသံတော့ကြားချင်တယ်။ အဲဒီအသံမကြားဘဲနဲ့ ကမ်းလှမ်းလာတာက အပေါ်ယံသပ်သပ်ပဲဖြစ်သွားမလားဆိုတာ စိုးရိမ်ပါတယ်။

No comments: