Friday, August 31, 2012

လူထုရဲ့နိုင်ငံရေး


Written by  လတ်ငြိမ်း

လက်ရှိ တွေ့မြင်နေရသော အပြောင်းအလဲများက မြန်မာပြည် သည် ကာလ ၀ိပတ္တိမှ လွန်မြောက်ခဲ့ပြီဟု ညွှန်းဆိုနေကြ သည်။ တစ်နှစ်အတွင်း အပြောင်းအလဲတွေ များစွာဖြစ်ခဲ့သည်။ အစိုးရ အပေါ် လူတွေ ယုံကြည်မှု ပိုရှိလာသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ နိုင်ငံ့ မျက်နှာ ပွင့်လာခဲ့သည်။ မီဒီယာတွေ အားကောင်းလာခဲ့သည်။ တစ်ဖက်ကလည်း ပြဿနာတွေတော့ ရှိနေဆဲ။ ကချင်ဒေသနှင့် ရခိုင်ဒေသ ပြဿနာများက သွေးမတိတ်သေးသော အနာများ၊ ခေတ်ဟောင်း ၏ အမွေဆိုးများအဖြစ် ကျန်နေဆဲ ဖြစ်သည်။ သို့တိုင် ကျွန်တော့်လို သာမန်ပြည်သူတစ်ယောက် အဖို့တော့ ယခု ပြောင်းလဲမှု အခြေအနေ အပေါ်မှာ ကျေနပ်မိသည်။ တစ်ချိန်တည်းမှာပဲ ဒီပြောင်းလဲမှု အရှိန်တွေ တန့်သွားမှာ၊ လမ်းချော် သွားမှာကို စိုးရိမ်နေမိသည်။

‘လူ’ ကလာတဲ့ အပြောင်းအလဲ

ထိုသို့ စိုးရိမ်ရသည့် အကြောင်းများစွာ ရှိပါသည်။ လက်ရှိ တွေ့ မြင်ခဲ့ရပြီးသော အပြောင်းအလဲအများစုသည် ခေါင်းဆောင်များ (တစ်နည်း) ‘လူ’ မှ လာသော အပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့ရသည်။ အပေါ်ထပ် အဆောက်အဦ ပြောင်းသည်။ အထက်က လူများ၏ သဘော ထားပြောင်းလာသည်။ သို့သော်လည်း အောက်က လူအတော် များများ (မဏ္ဍိုင် သုံးရပ်လုံးရှိ ခေါင်းဆောင် မဟုတ်သူများနှင့် ဗျူရိုကရေစီ ယန္တရားရှိလူများ) မှာ သဘောထား မပြောင်းဘဲ ဆက်လက် ရှိနေဆဲ ဖြစ် သည်။ ထို့ကြောင့် ယခုကြုံတွေ့နေရသော အပြောင်းအလဲများမှာ အထက်ပိုင်း ခေါင်းဆောင်များ၏ နိုင်ငံရေး စေတနာ (Political Will) မှလာသော အပြောင်းအလဲ များသာ ဖြစ်ပြီး အင်စတီ ကျူးရှင်းများမှ လာသော အပြောင်းအလဲ မဟုတ်သေးပေ။

ယူတတ်လျှင် သင်ခန်းစာ

နိုင်ငံသမိုင်းကို ပြန်ကြည့်လျှင် သင်ခန်းစာ ရစရာတွေ အများကြီး ရှိပါသည်။ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာ နိုင်ငံတော်ကို စုစည်း တည်ထောင်ခဲ့သော မင်းများကို ကြည့်ပါ။ သူတို့သည် လက်ဆင့်ကမ်း ခြင်း၊ အင်စတီ ကျူးရှင်းများ ခိုင်မာအောင် ပြုလုပ်ခြင်းများ အမှန်ပင် အားနည်း ခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သမိုင်း တစ်လျှောက်တွင် မြန်မာနိုင်ငံ အခြေအနေသည် ဘုရင် သဘောကောင်းသည့် ခေတ်တွင် ကောင်းစားပြီး နောက်ဘုရင် တစ်ပါး တက်သည်နှင့် ရှေ့ဘုရင် တည်ဆောက်ထားသမျှ ပျက်စီးကိန်း ဆိုက်သော ထုံးဟောင်း၊ သာဓကများ အများအပြားပင် ရှိပါသည်။ ဖခင် လက်ထက် ကောင်းလျှင် သားလက်ထက် ကမောက်ကမ ဖြစ်ရသည်။ ဘုရင် မရှိလျှင် တိုက်နေသော တိုက်ပွဲတစ်ပွဲ ကိုပင် ဆက်မတိုက်နိုင်။ ရှေ့ဘုရင် နောက်ဘုရင် အမြင်မကြည်လျှင် ရှေ့ဘုရင် လုပ်သမျှ နောက်ဘုရင်က ဇောက်ထိုး လုပ်ပစ်သည်။ ပုန်ကန်၊ နန်းလုသည့် အဖြစ်အပျက် မျိုးမှာလည်း ဒုနဲ့ဒေး။ တစ်ပတ်သာ စံခဲ့သော ဖောင်းကားစား မောင်မောင်လို မင်းမျိုးသည် အဆိုးဆုံး ဥပမာတစ်ခုပင်။
နောက်တစ်ခေတ် မှာလည်း ထို့အတူ။ လွတ်လပ်ရေး မရခင် ဗိုလ်ချုပ်တို့ အာဇာနည် ခေါင်းဆောင်များကို ဆုံးရှုံး လိုက်ရပြီး နောက်ပိုင်း နိုင်ငံရေးအရ ကသောင်းကနင်း ဖြစ်၊ ပြည်တွင်း စစ်မီးတွေ လောင်ခဲ့ သည်။ နောက်လူတွေက ပြောပလောက်အောင် ဆက်မထိန်း နိုင်ခဲ့တာ ပါသည်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေတ် ၉၀ နောက်ပိုင်းကို ကြည့် လျှင်လည်း ထိုနည်း လည်းကောင်းပင်။ ခေါင်းဆောင်တွေကို ထိန်းသိမ်း ခံလိုက်ရသည်နှင့် ဘာမှကို ရှေ့ဆက်မလုပ်နိုင်တော့။ နိုင်ငံရေး ခါးဆက် ပြုတ်ရတော့သည်။ ထိုသို့ ဖြစ်ရခြင်းမှာ လူတစ်ဦး တစ်ယောက် အပေါ်မှာ အားကိုးပြီး ထိုခေါင်းဆောင် လမ်းညွှန်ရာသာ လိုက်ခဲ့ကြသည့် စနစ်ဆိုးကြောင့် ဖြစ် သည်။ လွတ်လပ်ရေး ရပြီးချိန်မှ စပြီး အဆိုးသံသရာ ပြန်ပြန်လည် သွားခြင်းမှာလည်း ခေါင်းဆောင်ကောင်းများ ရှိနေသည့် အချိန်တွင် အင်စတီကျူးရှင်းများ ခိုင်မာအောင် မလုပ်နိုင် ခဲ့ခြင်းကြောင့်ဖြစ်သည်။ လွှတ်တော်တွင်း အင်စတီကျူးရှင်းများ ခိုင်မာလာစေခြင်း၊ လွှတ်တော် ပြင်ပ အင်စတီ ကျူးရှင်းများ ခိုင်မာ လာစေခြင်းတို့သည်သာ နိုင်ငံကို ဦးတည်နေသော ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ နောက်ပြန် မလှည့်စေ နိုင်မည် ဖြစ်သည်။

အားကိုးစရာ သမ္မတ

ကျွန်တော်တို့ နိုင်ငံရေး ယဉ်ကျေးမှု (Political Culture) က လူပုဂ္ဂိုလ် ကိုးကွယ်မှု အစွဲ သန်သည်။ အင်စတီ ကျူးရှင်း တစ်ခုလုံး အပေါ် အယုံအကြည် နည်းသည်။ သမ္မတကို ယုံကြည်သည်။ တရား စီရင်ရေး အာဏာကိုမူ မယုံကြည်ကြသေး။ ဒီတော့ တိုင်စာတွေ ပလူပျံ ကာ သမ္မတဆီ ရောက်လာသည်။ တရားစီရင်ရေး အာဏာသည် လွတ်လပ်သော မဏ္ဍိုင်တစ်ရပ် အဖြစ် တိတိပပ ပေါ်ထွက်လာခြင်း မရှိသလို ဖြစ်နေသည်။ လွှတ်တော် ကရော။ လွှတ်တော်မှာလည်း အားကောင်း လှသည်တော့ မဟုတ်။ အထူးသဖြင့် တိုင်းဒေသကြီး လွှတ်တော်များမှာ အသက်ဝင် မလာသလို ဖြစ်နေသည်။ တိုင်းဒေသကြီး တစ်ခုအတွင်း ပြဿနာ တစ်စုံတစ်ရာ ကြုံပါက ပြည်သူများက ထိုတိုင်း ဒေသကြီး၏ တရား စီရင်ရေး ကိုလည်း အားမကိုး၊ ထို တိုင်းဒေသကြီး လွှတ်တော်ကိုလည်း အားမကိုး၊ သမ္မတကိုသာ အားကိုးကြသည်။

အားကိုးစရာ အတိုက်အခံ

NLD ကို အစဉ်အလာ သဘောအရ အတိုက်အခံ ပါတီဟု ခေါ်ရမည် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ခေါင်းဆောင် ဖြစ်သည်။ သူမသည် တစ်ကမ္ဘာလုံးမှ စောင့်ကြည့်ရသည့် ခေါင်းဆောင်၊ နိုဘယ်လ် ဆုရှင်ဖြစ်သည်။ ပြည်သူလူထုသည် အစိုးရ အဖွဲ့အပေါ် ယုံကြည်မှု တဖြည်းဖြည်း အားကောင်း လာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကို ပို၍ ယုံကြသည်။ Emotion ကဲသော ကျွန်တော်တို့ နိုင်ငံရေး အစဉ်အလာ အရ မျိုးရိုး အရှိန်အ၀ါ ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို အဖေတူ သမီးအဖြစ် သဘောထားကာ အားကိုးကြသည်။ သို့တိုင် သူမ၏ပါတီ မှာ မီဒီယာများနှင့် အဆင်မပြေမှု တချို့ဖြစ်ခဲ့သလို ထိုင်းနိုင်ငံ ခရီးစဉ် တွင် အစီအစဉ်ပိုင်း အားနည်းသည်ဟု မီဒီယာတစ်ခုက ဝေဖန်ထား သည်။ လူထုသည်လည်း ပါတီတစ်ခုလုံးကို လေးစား ယုံကြည်မှုထက် ဒေါ်အောင်ဆန်းစုကြည် ကိုသာ ယုံကြည်မှု ပိုမို ကဲနေသည်ဟု ထင်ရသည်။

‘လူ’မှ ‘မူ’သို့

နိုင်ငံရေး အပြောင်းအလဲများတွင် ခေါင်းဆောင်ကောင်းများ အရေးကြီးပါသည်။ သို့သော်လည်း နောက်လိုက်ကောင်းများ မပါလို့ မဖြစ်။ နိုင်ငံတော် တည်ဆောက်ရာတွင် ထိပ်ပိုင်း လူတစ်ယောက် နှစ် ယောက်နှင့် တည်ဆောက်၍မရ။
သမ္မတကို ထောက်ခံသူသည် သမ္မတ ဖောက်သော လမ်းကို ကိုယ်ကိုယ်တိုင် ၀င်ရောက် လျှောက်လှမ်း ရမည်။ လိုအပ်လျှင် ၀င်ဖောက် ရမည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သော ပြည်သူသည် ဒေါ်အောင်ဆန်းစုကြည် ချစ်သော ဒီမိုကရေစီကို ကိုယ်ကိုယ် တိုင် ကျင့်သုံးရမည်။ ထိုခေါင်းဆောင်များ နောက်လိုက်ကာ၊ ထို ‘လူ’ များ နောက်လိုက်ကာ၊ ခိုင်မာသော ‘မူ’များ ချမှတ်နိုင်ရေးကို ဦးတည်ကာ သွားရပါမည်။ လွှတ်တော်တွင်း သာမက၊ လွှတ်တော် ပြင်ပတွင်ပါ အင်စတီကျူးရှင်းများ အားကောင်း လာရန် လိုအပ်ပါသည်။

ဘယ်သူ့မှာ တာဝန်ရှိ

လွှတ်တော် ပြင်ပ အင်စတီ ကျူးရှင်းများ အားကောင်းလာရေး အတွက် လူထုတွင် တာဝန် ရှိပါသည်။ ဘေးထွက်ထိုင် နေရမည့် အချိန်၊ အပြစ်တင်ရုံနှင့် ပြီးရမည့် အချိန် မဟုတ်တော့၊ ကိုယ်ကိုယ်တိုင် ၀င်တွန်း ရမည့် အချိန်ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ် တစ်အား မိမိရှိသည့် နေရာမှ ပါဝင်ရမည်။ ဒီမိုကရေစီကို ပုံဖော်လိုလျှင် လက်ဝေခံ ဒီမိုကရေစီနှင့် မကျေနပ်ဘဲ မိမိကိုယ်တိုင် ၀င်ရောက် ပုံဖော်ရ မည်။ နိုင်ငံတော် တည်ဆောက်ရေးတွင် ယခင်က ပါဝင်ခွင့် နည်းခဲ့သည် မှန်သော်လည်း ယခုလို အခွင့်အရေး ရလာသော အခါတွင် နိုင်ငံသား တစ်ယောက်၏ တာဝန်ကို ကျေကျေပွန်ပွန် ယူသင့်သည်။ အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ ပြောခဲ့သလို တိုင်းပြည်က သင့်အတွက် ဘာလုပ် ပေးနိုင်သလဲ ဆိုတာထက် တိုင်းပြည်အတွက် သင်ဘာလုပ် ပေးနိုင်သလဲ ဆိုတာကို မေးရမည့်အချိန်၊ ပြောရမည့် အချိန်ဖြစ်ပါသည်။
ယခုတော့ သည်လို မဟုတ်ပါ။ ဌာနဆိုင်ရာ ၀န်ထမ်းတွေရော၊ သာမန် ပြည်သူတွေပါ အရင်လိုပဲ ဖြစ်နေကြသည်။ အရင်လိုပဲ ဆိုသည့် အဓိပ္ပာယ်က အရင်လို စည်းကမ်းမဲ့စွာ၊ အရင်လို တာဝန်မဲ့စွာ၊ အရင်လို Inactive ဖြစ်စွာဟု ဆိုလိုပါသည်။ Civil Society အားကောင်း လာသလို ရှိသော်လည်း ရန်ကုန်၊ မန္တလေးမြို့ကြီး တွေမှာသာ ကွက်ကွက် ကလေး အားကောင်းနေတာ ဖြစ်သည်။ ထိုမြို့ကြီးတွေမှာ ဆောင်ရွက်နေသည့် လူတွေကလည်း အမြင်ရှိသော လူငယ် လက်တစ်ဆုပ်စာသာ ဖြစ်သည်။

ခေါင်းဆောင်က ထာဝရ မဟုတ်


ကျွန်တော်တို့ နိုင်ငံ ရောက်ချင်သော စင်ကာပူလို၊ ကိုရီးယားလို နိုင်ငံ မျိုးဖြစ်ဖို့ နှစ်တွေ မည်မျှလို မည်လဲ ပြန်စဉ်းစားဖို့ လိုပါသည်။ ကျွန်တော်တို့ အားကိုးသော ခေါင်းဆောင်များကို တစ်သက်လုံး အားကိုးလို့မရ၊ သူတို့ ကိုယ်တိုင်က အဘိုးကြီး ၊ အဘွားကြီးတွေ ဖြစ်နေပြီ။ သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ အသက် ၆၈ ထဲဝင်နေပြီဖြစ်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်တွင် အသက် ၇၀ အရွယ်တွေ ဖြစ်နေကြရော့မည်။ သူတို့ကို အသက် အရွယ် ဘယ်လောက် အထိ အလုပ်လုပ် ခိုင်းကြမှာလဲ။ သူတို့ကို ဘယ်ချိန်အထိ မှီခို နေဦးမှာလဲ။
ကျွန်တော်တို့ ခေါင်းဆောင်တွေ မရှိတော့ သောအခါ ရှေ့ဆက် ဘယ်လို စခန်းသွား ကြမည်လဲ။ ဘယ်လို Backup Plan တွေ ကြိုတင် ပြင်ဆင် ထားကြပြီးပြီလဲ။ တကယ်တော့ ခေါင်းဆောင်များ အပေါ်သာ အားကိုးနေလျှင် ကျွန်တော်တို့ မျှော်လင့်သော ပန်းတိုင်ကို ရောက်နိုင် မှာမဟုတ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ လူထုက အားလုံး ညီညာ ကြိုးစား မှသာလျှင် လိုချင်သော ပန်းတိုင်ကို ရှောရှောရှူရှူ ရောက်မည်ဖြစ် ပါသည်။ အချုပ် ဆိုရလျှင် အပြောင်းအလဲ အတွက် လူထု လိုပါသည်။

No comments: