Thursday, August 30, 2012

မန္တလေး တမ္ပ၀တီရပ်ကွက် လူသတ်မှုအား စစ်ဆေးဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်က တမ္ပ၀တီ ခတ္တန်းရပ်၌ ကြေးသွန်း လုပ်ငန်းရှင်တစ်ဦး နေအိမ်တွင် အသတ် ခံရမှု ကို အမှတ်(၁၀)ရဲစခန်းမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။

"ဘာကြောင့်သတ်တယ်၊ ဘာကြောင့် အိမ်ထဲမှာ ၀င်နေရတယ်ဆိုတာကတော့ အသေအချာမသိရသေးပါဘူး။ တရားခံ ကို စစ်ဆေးဆဲ ရှိပါသေးတယ်။ တရားလို ဘက်ကိုလည်း စစ်ဆေးဖို့ရှိပါသေးတယ်။ ဒဏ်ရာရနေတဲ့သူကလည်း ဆေးရုံတက်နေသေးတယ်။ "အမှုမှန် ဖော်ထုတ်နိုင်ဖို့အတွက် စစ်ချက်တွေကို အသေးစိတ်ယူနေရပါတယ်" ဟု အမှတ် (၁၀) ရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဖြစ်စဉ်မှာ ယခုလ ၂၃ ရက်နေ့ တမ္ပ၀တီ ခတ္တန်းရပ်ကွက်ရှိ ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သော ဦးတင်မောင်မြင့်နေအိမ်တွင် အလုပ် ချိန် ညနေ ၆ နာရီ အလုပ်သိမ်း ချိန်ပြီးနောက် ငွေစင်တန်း တမ္ပ၀တီ ရပ်ကွက်၌ နေထိုင်သော (ဘ) ဦးဝင်းလှိုင်၏သား ငတိ(ခ) ကျော်မိုးဦး (၂၀ နှစ်) ဆိုသူ မှာ အိမ်သို့မပြန်ဘဲ တိုက်အပေါ်ထပ်ရှိ ကြေးထည်ပစ္စည်းများထားသည့် အခန်းတွင် ပုန်းအောင်းနေခဲ့ပြီး ညအချိန် ၁၁ နာရီ မိနစ် ၃၀ ၀န်းကျင်တွင် အိမ်အောက် ထပ်သို့ဆင်းချိန်၊ အိမ်ရှင်ဦးတင်မောင် မြင့်နှင့် တွေ့ဆုံခဲ့ရာ ဓားဖြင့်ထိုးပြီး ဦးတင်မောင်မြင့် လဲကျနေစဉ် အိပ်ခန်းအတွင်း ရှိ ဦးတင်မောင်မြင့်၏ဇနီး ဒေါ်ဌေးဌေး ၀င်းအား ဓားဖြင့် ဆက်ထိုးပြီး ထွက်ပြေး သွားသည်ဟု စွဲဆိုထားမှုဖြစ်သည်။

ဦးတင်မောင်မြင့်မှာ နေရာတွင် သေဆုံးသွားပြီး ဒေါ်ဌေးဌေးဝင်းမှာ မန္တလေး ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။ အခင်းဖြစ်ရာနေရာသို့ အမှတ်(၁၀) စခန်းမှူးနှင့် တာဝန်ကျသူများ ရောက်ရှိ လာကာ ဖြစ်စဉ်များအား စစ်ဆေးရာ ထွက်ပြေး သွားသူအား နံနက် ၄ နာရီ တွင် ဖမ်းဆီး ရမိပြီး (ပ)၃၃၈/၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စည်သူလွင် - မြန်မာတိုင်း(မ်)

No comments: