Wednesday, August 29, 2012

သမ္မတဦးသိန်းစိန်မှာ သံလိုက်ဓာတ်နဲ့ ဆွဲဆောင်မှုရှိရဲ့လား




ဒေါ်အောင်ဆန်းစုကြည်လို့ ဆိုလိုက်ရင် သြဇာတိက္ကမလည်းကြီး၊ Charisma* လည်း အပြည့်အ၀ ရှိတဲ့ ခေါင်းဆောင်အဖြစ် ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး၊ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ ပတ်သက်လို့တော့ အခုအချိန်မှာ အငြင်းပွားကြဦးမယ်ထင်ပါတယ်။
မကြာသေးခင်တုန်းကပဲ နယူးယော့ခ်တိုင်းမ် သတင်းစာက ဆောင်းပါးရှင် THOMAS FULLER  ရဲ့ ဆောင်းပါးမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပတ်သက်လို့ ကွယ်လွန်သူ ဒေါက်တာနေ၀င်းမောင်က “Not ambitious, not decisive, not charismatic, but very sincere.” ရည်မှန်းချက်လည်း မကြီး၊ ဆုံးဖြတ်ချက်လည်းမပြတ်သား၊ Charisma လည်း မရှိ၊ ဒါပေမယ့် ရိုးသားတည်ကြည်သူလို့ ဆို ထားပါတယ်။
ဒီစကားကို ဒေါက်တာ နေ၀င်းမောင်က သူမကွယ်လွန်ခင် (မနှစ်နိုဝင်ဘာလလောက်က) ပြောခဲ့တာဖြစ်ပါတယ်၊ အကယ်၍ အခုအချိန်အထိ သက်ရှိထင်ရှားရှိနေသေးရင် ဦးသိန်းစိန်ရဲ့ Charisma ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို သဘောထားပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ Charisma ကို  သုတေသန ပြုထားချက်တွေအရလည်း Charisma ဆိုတာ မတည်ငြိမ်၊ အမြဲတမ်း ပြောင်းလဲနေတယ်လို့ ဆိုပါတယ်။
“Charisma ဆိုတာ နိုင်ငံရေးလောကမှာ တကယ်လည်းမရှိ၊ လက်ဆုပ်လက်ကိုင်ပြဖို့ အခက်ခဲဆုံး အရာဖြစ်ပြီး၊  လူတယောက်ရဲ့ အလုပ်ကြိုးစားမှုနဲ့ လုပ်ရပ်အပေါ်မှာမူတည်ပြီးတော့ လူတွေရဲ့ စိတ်မှာ ရောင်ပြန်ဟပ်လာတတ်တဲ့ သတ္တိတမျိုး” လို့ Dick Morris ဆိုတဲ့ အမေရိကန်သမ္မတ ကလင်တန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်က ဆိုပါတယ်။
ဂျိုးဇက်အက်စ်နိုင်းကလည်း တကယ်တော့ Charisma ဆိုတာ တရုတ်တွေရဲ့ ရှေးဟောင်း အယူအဆအတိုင်းပဲ “မင်းဧကရာဇ်တွေဟာ ကောင်းကင်ဘုံက အမိန့်ရလို့ အုပ်ချုပ်ကြတယ်၊ အကယ်၍ နန်းကျသွားပြန်ရင်လည်း ကောင်းကင်ဘုံက အခွင့်အာဏာတွေကို ပြန်ရုပ်သိမ်း လိုက်တာကြောင့်လို့ ဆိုတာမျိုးနဲ့ ဆင်တယ်” လို့ ဆိုပါတယ်၊
အမေရိကန်သမ္မတတွေထဲမှာ ဂျွန်အက်ဖ်ကနေဒီကို Charisma ရှိသူ အဖြစ် သတ်မှတ်ကြပေမယ့် သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာပဲ သူ့အပေါ် လူကြိုက်များမှုဟာ မတည်မငြိမ်နဲ့ အမျိုးမျိုး ပြောင်းလဲခဲ့တာကို ဂျိုးဇက် အက်စ်နိုင်းက ထောက်ပြပါတယ်။
ဗြိတိန်မှာ ၁၉၃၉ ခုနှစ်မှာ အာဏာရလာတဲ့ ၀င်းစတားချာချီကတော့ Charisma မရှိတဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူပါ၊ ဒါပေမယ့် စစ်အတွင်း တတိုင်းပြည်လုံး စိုးရိမ်ထိတ်လန့်နေတဲ့ အခြေအနေမှာ ချာချီကို  အမြော်အမြင်ရှိတဲ့၊ အားကိုးလောက်တဲ့ ခေါင်းဆောင်အဖြစ် တဖြည်းဖြည်း မြင်လာကြပြီး၊ တနှစ်အတွင်းမှာပဲ သူဟာ ခရစ္စမာရှိတဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်၊ သူရဲ့ လူထုနဲ့ ဆက်ဆံရေး စွမ်းရည်တွေကြောင့်လည်းပါဝင်ပါတယ်။
ဒါပေမယ့် ၁၉၄၅ ခုနှစ်မှာ စစ်ကြီးလည်း အောင်မြင်ပြီး တိုင်းပြည်တည်ဆောက်ရေး ကာလမျိုးမှာ ချာချီလို ရဲရဲတောက် ခေါင်းဆောင်မျိုးကို မလိုတော့တဲ့ အခါကျတော့လည်း ပြည်သူတွေက သူ့ကို မဲမပေးဘဲ ပ-ထုတ်လိုက်ကြပြန်ပါတယ်။
၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ အိုဘားမား နိုင်သွားတော့လည်း တော်တော်များများက Charisma ကြောင့်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဂျိုးဇက်အက်စနိုင်းရဲ့ အမြင်ကတော့ ၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ ဥပမာကို ကြည့်မယ်ဆိုရင်လည်း အီရတ်စစ်နဲ့ ရွေးကောက်ပွဲ မတိုင်ခင် နှစ်လလောက်ကစလို့ စီးပွားရေးကျဆင်းနေလို့ အမေရိကန်ပြည်သူတွေက စိတ်ပျက်နေကြချိန်မှာ အိုဘာမားလို ငယ်ငယ်ရွယ်ရွယ်၊ ဆွဲဆောင်မှုလည်း ရှိ၊ စကားပြောလည်း ကောင်းတဲ့ သမ္မတလောင်းကို မျှော်လင့်တကြီးနဲ့ မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သမ္မတဖြစ်လာပြီးနောက် ပြသနာပေါင်းသောင်းခြောက်ထောင်ကို လက်တွေ့ ကိုင်တွယ်ရတဲ့ အခါမှာ အပြောနဲ့ အလုပ်မညီဘူးလို့ လူထုက ယူဆကြပြီး သူ့အပေါ် လူထုထောက်ခံမှုဟာ တဖြည်းဖြည်းကျဆင်းလာပါတယ်။
မြန်မာပြည်မှာတော့ အားလုံးသိကြတဲ့ အတိုင်း ဦးသိန်းစိန်ဟာ စစ်အစိုးရလက်ထက်က ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ သမ္မတအဖြစ် တာဝန်ယူတဲ့ တနှစ်တာအတွင်းမှာ ယခင်အချိန်တွေနဲ့ မတူတော့ဘဲ၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ သူ့အပေါ် လူကြိုက်များမှုနဲ့ Charisma ဟာ သိသိသာသာ တက်လာပါတယ်။
ဒီလိုဖြစ်လာတာ နိုင်ငံရေး၊ စီးပွားရေးမှာ ရဲရင့်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို လှမ်းလိုက်တာ ကြောင့်ပါပဲ၊  ကောင်းတဲ့ လုပ်ရပ်တွေအတွက် အများရဲ့ ယုံကြည်အားကိုးမှုကို ရလာသလို၊ သူ့ကိုယ်သူ ယုံကြည်မှု တိုးလာပုံရပါတယ်။  နိုင်ငံတကာအစည်းအဝေးတွေမှာ မျက်နှာပန်းလှလာပါတယ်၊
ဒီနေရာမှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာ အချိန်တိုအတွင်း ယုံကြည် အားကိုးလာတာကို ကြည့်ရင် မြန်မာပြည်သူလူထုရဲ့ Charisma အပေါ် သဘောထားဟာ စိုးရိမ်စရာ ကောင်းလောက်အောင် အပြောင်းအလဲမြန်တာ တွေ့ရပါတယ်။
တဖက်မှာလည်း အလွန် အကဲဆတ် ပါးနပ် ရင့်ကျက်တယ် ယူဆစရာရှိပါတယ်၊ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူ့ဆန္ဒကို လက်တွေ့ ဆောင်ရွက်မယ်ဆိုရင် ဘယ်လို ဘ၀နောက်ခံ၊ ဘယ်လို နိုင်ငံရေး နောက်ခံကပဲလာလာ ထောက်ခံဖို့ အသင့်ရှိတယ်ဆိုတဲ့ သဘောထားမျိုးကတော့ နောင်မှာ တိုင်းပြည်ကောင်းဖို့ချည်းပါပဲ။
ညီစောလွင်
ဖြည့်စွက်ချက်၊ ၊ Charisma* - သြဇာတိက္ကမ လို့ အဘိဓာန်မှာ အဓိပါယ်ဖွင့်ပါတယ်။ ဒါပေမယ့် မျက်နှာပွင့်လန်းခြင်း၊ စည်းရုံးနိုင်စွမ်း ရှိခြင်း၊ သံလိုက်ဓာတ်ရှိခြင်း ဆိုတဲ့  တခြား အဓိပါယ်တွေနဲ့ တွဲပြီး နားလည်ကြမယ် ထင်ပါတယ်။

No comments: