Wednesday, August 29, 2012

ဆရာဝန်ဆိုပေမဲ့ လိုအပ်ရင် မိလ္လာပိုက်တွေကို မိုင်းခွဲဖျက်ဆီးပစ်ရမယ်


ကမာပုလဲ
သြဂုတ် ၂၉၊ ၂၀၁၂


အပိုင်း(၁)
၁၉၂၄ ခုနှစ် အောက်တိုဘာလရဲ့ နေ့တနေ့မှာ ဆွမ်ဆွီးနယ် ပီနိုဝဲတောင်ကြားကို ရထားတစီးခုတ်မောင်းနေပါတယ်။ အဲဒီရထားထဲမှာ အ သက် ၂၄ နှစ်ခန့်သာရှိသေးတဲ့ ကျောင်းဆင်းပြီးစ ဆရာဝန်အသစ်စက်စက်ကလေးတဦး စီးနင်းလိုက်ပါလာခဲ့တယ်။ သူသည်ကား ဒေါက် တာ အင်ဒရူးမေဆန် ...။

ပထမ ကမ္ဘာစစ်ပြီးခါနီးမှာ စစ်ပွဲအတွင်း ကျဆုံးသွားခဲ့ရတဲ့ ဖခင်၊ ဖရိုဖရဲ ပျက်စီးသွားခဲ့ရတဲ့ မိသားစုပိုင် လယ်ယာမြေ၊ ကျန်ရစ်သူ မုဆိုးမ မိခင်ရဲ့ ဘ၀တိုက်ပွဲ၊ ပင်ပန်းဆင်းရဲမှုများကြောင့် မိခင်ခမျာ အဆုတ်ရောဂါကို နှစ်ရှည်လများ ချောင်းဆိုးခံစားရင်း သေဆုံးခဲ့။ စိန့်အင်ဒရူး တက္ကသိုလ် ပထမနှစ်ကျောင်းသား အင်ဒရူးမေဆန်၊ သူ၏တခုတည်းသောပညာရေးကယ်တင်ရှင်က ကွယ်လွန်သူ ဆာဘွဲ့ရ စကော့အမျိုး သား အင်ဒရူးဂလင်းတည်ထောင်ဖွဲ့စည်းခဲ့တဲ့ "စကော့ပညာသင်စရိတ်ငွေ ထောက်ပံ့ရေးအဖွဲ့"။

`ဂလင်း´ ပညာသင်စရိတ်ငွေထောက်ပံ့ရေးအဖွဲ့ရဲ့ တနှစ်ကို ပေါင်ငါးဆယ် ထောက်ပံ့ချေးငွေနဲ့ အင်ဒရူးမေဆန်ဟာ ဒန်ဒီမြို့ဆေးကျောင်းကို ခက်ခက်ခဲခဲ တက်ရောက်ခဲ့ရတယ်။ ဆရာဝန်ဘွဲ့ကို ကျားကုတ်ကျားခဲ ကြိုစားအောင်မြင် ရရှိလာခဲ့တယ်။ ဆရာဝန်ဖြစ်တော့ ပညာသင်စရိတ် ချေးငွေကို ပြန်ဆပ်ဖို့ အလုပ်ရှာရတော့တယ်။ ဒီလိုနဲ့ အင်ဒရူးမေဆန်ဟာ တောင်ပိုင်း ဝေလပြည်နယ် ဒရင်းဖီးမြို့ကို ရထားစီးရောက်ရှိ လာ ခဲ့တာဖြစ်တယ်။ တနှစ်ကို လစာငွေ ပေါင် ၂၅၀ ရမယ့် လက်ထောက်ဆရာဝန်အဖြစ်နဲ့ ဒရန်ဖီးမြို့ကလေးကို ရောက်ရှိလာတာဖြစ်ပါတယ်။

တောင်ပိုင်း ဝေလနယ်ရဲ့ ဒရင်းဖီးမြို့ဟာ တောင်ပေါ်အရပ်ဒေသဖြစ်တယ်။ ဝေးလံသီခေါင်တယ်။ သတ္ထုတွင်းနဲ့ ကျောက်မီးသွေးတွင်းလုပ် ငန်းတွေရှိတယ်။ မြို့ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဟာ မိုင်းသတ္ထုတွင်း လုပ်ငန်းပဲဖြစ်တယ်။ မိုင်းအလုပ်သမားတွေနဲ့ တည်ထားတဲ့မြို့လို့ဆိုရင် မမှားဘူးပေါ့။

အင်ဒရူးမေဆန် အလုပ်လုပ်ရမှာက သတ္ထုတွင်းကုမ္ပဏီ ဆရာဝန်ကြီး ဒေါက်တာအက်ဒွပ်ပိတ်ခ်ျရဲ့ လက်အောက်မှာ လက်ထောက်ဆရာ ၀န်ကလေး အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ သတ္ထုတွင်းကုမ္ပဏီမှာ စာရင်းဝင် ဆရာဝန်ကြီးသုံးဦးရှိတယ်။ ဒေါက်တာ ပိတ်ခ်ျဟာ ဆရာဝန်ကြီး သုံးဦးထဲကတဦးဖြစ်တယ်။ မိုင်းအလုပ်သမားတွေရဲ့ တဦးချင်း လစာငွေထဲကနေ ကုမ္ပဏီက လစဉ် ကျန်းမာရေးစားရိတ် ငွေ ကို သတ်မှတ်ထားတဲ့အတိုင်း ဖြတ်ယူတယ်။ အဲဒီငွေထဲကနေ ဆရာဝန်ကြီးသုံးဦးကို ကုမ္ပဏီက ငွေပေးချေပါတယ်။ သူတို့သုံးဦးစလုံးမှာ သူတို့စိတ်ကြိုက် သူတို့ခန့်ချင် ခန့်ထားတဲ့ လက်ထောက် ဆရာဝန်ကလေးတွေရှိကြတယ်။ လစာကိုလည်း ကုမ္ပဏီက မပေးဘူး။ ဆိုင်ရာ အလုပ်ရှင်ဆရာဝန်ကြီးကပဲ ပေးမှာဖြစ်တယ်။ အင်ဒရူးမေဆန်ဟာ ဆေးမကုနိုင်လောက်အောင် မမာမကျန်းဖြစ်နေတဲ့ ဆရာဝန်ကြီး ဒေါက် တာပိတ်ခ်ျရဲ့ အသစ်ခန့်လိုက်တဲ့ လက်ထောက်ဆရာဝန်ကလေး ဖြစ်ခဲ့တယ်။

၁၉၈၃ ခုနှစ်ကထုတ်ဝေတဲ့ ဆရာမောင်ထွန်းသူရဲ့ မြန်မာဘာသာပြန် စာအုပ်ဖြစ်ပါတယ်။ ဆရာ့ရဲ့ ပထမဆုံးဘာသာပြန်လက်ရာလည်း ဖြစ်တယ်။ မူရင်းက ဆရာဝန်စာရေးဆရာကြီး A.J Cronin ရဲ့ Citadel လို့ အမည်ရတဲ့ ၀တ္ထုစာအုပ်ကြီးဖြစ်ပါတယ်။ ဆရာကတော့ မြန်မာပြန် စာအုပ်အမည်ကို `ရဲတိုက်´ လို့ အမည်ပေးခဲ့တယ်။

ရဲတိုက်ကိုဖတ်ဖြစ်တော့ ဆရာဝန်လောကအကြောင်းရေးတာပဲဆိုပြီး သွေးတိုးစမ်းဖတ်ခဲ့တာဖြစ်တယ်။ ပျင်းစရာကောင်းလိမ့်မယ်လို့လဲ သံ သယစိတ်အခြေခံနဲ့ ဖတ်တယ်။ ဖတ်ရင်းက လက်ကမချနိုင်ဘူးဆိုတာထက်ကိုမကတဲ့ စွဲလန်းစိတ်က သယ်ဆောင်သွားပါတော့တယ်။ စာအုပ်က ဆရာဝန်လောကအကြောင်းကိုရေးတယ်ဆိုပေမဲ့ လူတွေအကြောင်းကိုရေးထားတာဖြစ်နေတာကို ဖတ်ရင်းနဲ့သိလာရတယ်။ အဲဒီလူတွေဟာ အင်္ဂလန်နိုင်ငံကလူတွေတင် မဟုတ်တော့ဘူး။ မိမိပတ်ဝန်းကျင်ကလူတွေလို ဖြစ်လာတယ်။

ပထမကမ္ဘာစစ်ပြီးကာစ အင်္ဂလန်နိုင်ငံရဲ့ဆေးလောက အခြေအနေ၊ ဆရာဝန်များ၊ လူနာများဟာ စာဖတ်နေတဲ့ မိမိအနီးအနားကလူတွေ ဖြစ်လာနေတယ်။ ၀တ္ထုထဲက ဇာတ်ကောင်တွေဟာ အပြင်မှာ တကယ်ကိုရှိလာနေတယ်။ သူတို့ရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွင်းစိတ်၊ ဖေါ်ပြမှု ပုံသဏ္ဌာန်များ၊ လူ့ကျင့်ဝတ်၊ ဂုဏ်သိက္ခာ၊ အဂတိနဲ့ ခြစားနေတဲ့ ရုပ်ပုံလွှာတွေဟာ ကိုယ့်အနားမှာ သက်ရှိထင်ရှား ဇာတ်ကောင်တွေ ဖြစ် လာတယ်။ မူရင်းစာရေးဆရာကြီးရဲ့ အနုပညာကလည်း အားကောင်းသလို ဘာသာပြန်ဆရာ မောင်ထွန်းသူရဲ့လက်ရာကလည်း လက်ဖျား ခါလောက်အောင် စာဖတ်သူကို ဖမ်းစားနိုင်ခဲ့ပါတယ်။

စ ဖတ်ဖတ်ခြင်း အင်ဒရူးမေဆန်ရဲ့ ဝေလနယ်သွား ရထားခရီးစဉ်နဲ့စခဲ့တယ်။ သူ့ဘ၀ ကောက်ကြောင်းကို ခြယ်သတယ်။ သူ့အလုပ်နဲ့ ဒရင်း ဖီးမြို့ကို မိတ်ဆက်ပေးတယ်။ ဆရာဝန်ဇာတ်ကောင်အကြောင်းဆိုတော့ လူနာနဲ့ ဆေးကုတာတွေပါမှာပေါ့။ ထင်တဲ့အတိုင်း ဒေါက်တာ အင် ဒရူးမေဆန်ရဲ့ သူပထမဆုံးကုသရမဲ့လူနာ၊ လူနာရဲ့ ရောဂါအခြေအနေနဲ့ ကြုံတွေ့ရပါတော့တယ်။

အဲဒီမှာတင် သာမန်မဟုတ်တဲ့ရင်ခုန်ဘွယ် စိတ်ဝင်စားမှုခံစားချက် စပါတော့တယ်။ ဆရာဝန်အသစ် ချပ်ကျွပ်ကလေး ဒေါက်တာ အင်ဒရူးမေ ဆန်ဟာ လူနာရဲ့အဖျားရောဂါအမျိုးအစားကို တိကျတဲ့အဖြေမထုတ်နိုင်တဲ့ အကြပ်အတည်းပါ။ ကျောင်းမှာ စာတော်ခဲ့တဲ့ ဆရာဝန်ကျောင်း သားကလေးကို လက်တွေ့ လူနာရဲ့စိန်ခေါ်ချက်က အတော့်ကို သဲထိတ်ရင်ဖိုဖြစ်ရပါတယ်။ ဖျားနေတာတော့ သေချာတယ်။ ဘယ်လို အ ဖျားမျိုးလဲ။ ချက်ချင်း ရောဂါအမျိုးအစားကို ကောက်ချက်မချနိုင်တဲ့မေဆန်ဟာ လူနာရှင်ကို ဆေးလာယူဖို့ပြောရင်း သူ့ဆေးခန်းကလေးကို ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မကျေနပ်စိတ်၊ ပြဿနာရဲ့အဖြေက ဘာလဲ ... ဖျားတာတော့ ဖျားနေတာ အမှန်ပဲ။ ဒါပေမဲ့ ဘယ်လိုအဖျားမျိုးလဲ ....။

စိတ်ထဲရှုပ်ထွေးနေတဲ့ ဒေါက်တာအင်ဒရူးမေဆန်ဟာ သူ့လူနာကို သောက်ဆေးပေးဖို့ ဆေးစပ်နေပါတယ်။ ချမ်းစိမ့်ပြီး ဖျားနာနေတဲ့ လူနာ ကို လုံးဝမမှားယွင်းစေဘဲ တိုက်ကျွေးလို့ရမယ့် အခြေခံသောက်ဆေးကို ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှုတွေနဲ့ ဖေါ်စပ်နေတယ်။ ဒီအချိန်မှာပဲ ခွေးကလေးတကောင်နဲ့ လူတယောက် ရောက်လာတယ်။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ဧည့်သည်။ ဧည့်သည် ၀တ္တရားကို လိုက်နာခြင်း မရှိဘဲ ပိုင်စိုးပိုင်နင်း ၀င်လာတဲ့လူ။ တမြို့လုံးက သုံးမရတဲ့အရက်သမားလို့ သတ်မှတ်ထားသူ။ အသက်သုံးဆယ်အရွယ်၊ ဒေါက်တာ အင်ဒ ရူးမေဆန်လို ဆရာဝန်တယောက်။ ကုမ္ပဏီစာရင်းဝင် ဆရာဝန်ကြီး ဒေါက်တာနီကိုးရဲ့ လက်ထောက်ဆရာဝန် ဖီးလစ်ဒင်နီ ...။

ဒင်နီက မေဆန်ကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းပါတော့တယ်။ သူ့ငေါ့လုံး၊ ထေ့လုံးတွေက မေဆန်ကို ဒေါသထွက်စေတယ်။ ဒီတောင်ကြား မှာ ရှိနေတဲ့ ဆရာဝန်တွေအားလုံး အသုံးမကျတဲ့ ဖွတ်ကြားတွေလို့ ပြောပါတယ် ...။ ဒင်နီရဲ့ အင်ဒရူးမေဆန်ကို မေးပြော ပြောလိုက်ပုံက ...

`ဒါနဲ့ စကားမစပ် မေးပါရစေဦး။ စပ်စုတယ်လို့မထင်ပါနဲ့။ ခင်ဗျား ဘာပြုလို့ ဒီအရပ်ကိုလာရတာလဲ´
အပိုင်း (၂)
စိတ်ရှုပ်ထွေးနောက်ကျိနေတဲ့ အင်ဒရူးမေဆန်နဲ့ ဖိလစ်ဒင်နီတို့ရဲ့ တွေ့ဆံမှုခန်းအစဟာ ထင်မှတ်မထားတဲ့ စိတ်ဝင်လှုပ်ရှားမှုတွေနဲ့ အတိပြီး ပါတယ်။ ဒင်နီက မေဆန်မသိသေးတဲ့ ဒရင်းဖီးမြို့ရဲ့ ကျန်းမာရေး အခြေအနေ လက်တွေ့အသေးစိပ်ကို သူ့ဟန်အတိုင်း မိတ်ဆက်ပေးတယ်။ အင်ဒရူးကလည်း အသုံးမကျတဲ့ ဖွတ်ကျားတွေထဲမှာ ခင်ဗျားလဲပါတာပေါ့လို့ ပြန်ပက်တယ်။ ဒင်နီက အင်ဒရူးစပ်နေတဲ့ဆေးကို စပ်စပ်စုစု ကြည့်ရင်း သရော်တော်တော် ထောက်ခံတယ်။ ဆရာဝန်တဦးချင်းရဲ့ အသုံးမကျတဲ့အလွဲတွေကို အားမနာတမ်း ဖေါက်သည်ချတယ်။ သူ့ ကိုယ်သူလဲ `အတင်းအဖျင်းပြောတဲ့နေရာမှာပဲ အသုံးကျတယ်၊ အရက်ကို ငါးတကောင် ရေသောက်သလို သောက်နေတဲ့အကောင်´ လို့လဲ ၀န်ခံတယ်။ အင်ဒရူးဆီကပြန်ခါနီးမှာ ဒင်နီက ...

`ကျနော်သာ ခင်ဗျားနေရာမှာလုပ်ရရင်တော့ ဂလိုင်းဒါးရပ်မှာ မကြာမကြာ ဖြစ်ဖြစ်နေတတ်တဲ့ တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျားရောဂါ)ကို သတိထားမှာပဲ။ ဖျားတဲ့လူတိုင်းကို တိုက်ဖွိုက်ဖျားလို့ပြောလို့တော့ မရဘူးပေါ့လေ။ ဒါပေမဲ့ ဖြစ်ဖို့က များနေတယ်´

ဒင်နီပြောခဲ့သည့်အတိုင်း ဖြစ်နေတာကို အင်ဒရူး ကြုံရတော့တယ်။။ အင်ဒရူး၏လူနာများတွင် ကူးစက်လွယ်သော တိုက်ဖွိုက် အူရောင် ငန်းဖျားရောဂါ ဖြစ်နေတယ်။ ပြဿနာက ပေါ့သေးသေး ပြဿနာမဟုတ်တော့။

ဆရာဝန်ကြီး ဒေါက်တာပိတ်ခ်ျကို အင်ဒရူးမေဆန် ၀င်တွေ့တယ်။ ကူးစက်အဖျားရောဂါကိစ္စရှင်းပြပြီး ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ အကူအညီတောင်းတယ်။ ဆရာဝန်ကြီးက ဖြေရှင်းရခက်တဲ့အကြောင်း ဘာမှမတတ်နိုင်ရင် ခရိုင်ဆရာဝန် ဒေါက်တာဂရမ်ဖ်ဆီ ဖုန်းဆက် ဖို့ပြောတယ်။ ဒေါက်တာဂရမ်ဖ်က ဒရင်းဖီးနဲ့ ၁၅ မိုင်အကွာ တိုနီဂရမ်မှာနေတယ်။

အင်ဒရူး ခရိုင်ဆရာဝန်ကြီးဆီ ဖုန်းဆက်တယ်။ ဖုန်းကိုင်သူက ဒေါက်တာဂရမ်ဖ် မရှိဘူးပြောတယ်။ ဂေါက်ရိုက်ထွက်သွားတယ်လို့လည်း တဆက်တည်း ပြောပါတယ်။ ဒါကို အင်ဒရူးက လိမ်တယ်လို့ ခံစားရတယ်။ ဖုန်းကိုင်သူဟာ ဂရမ်ဖ်ကိုယ်တိုင်ဖြစ်တယ်လို့လဲ စိတ်ထဲ သင်္ကာမကင်း ဖြစ်တယ်။ ချုပ်တော့ ခရိုင်ဆရာဝန်ဆီက ဘာမှအားကိုးသုံးစားမရနိုင်ဘူးဆိုတာပဲ ဖြစ်တယ်။

တနေ့လုံး လူနာတွေကိုကြည့်ရင်း တိုက်ဖွိုက်အဖျားရောဂါ အကြောင်းကို စဉ်းစားနေတယ်။ ဒီအတိုင်းနေလို့မရတော့ဘူး။ တခုခုလုပ်မှ ဖြစ် မယ်ဆိုတာကို အင်ဒရူးမေဆန်သိနေတယ်။ ဘယ်သူ့ကိုမှ တိုင်ပင်အားကိုးမရတဲ့အခါ ဒီအကြောင်းကို အစဖေါ်ဖေးတဲ့ ဒေါက်တာဖီးလစ် ဒင်နီကို သတိရလာတယ်။ သူ့ကို အင်ဒရူးအနေနဲ့ အတော့်ကို စိတ်နှလုံးမသတီစရာလူလို့ ခံစားမကျေနပ်ဖြစ်နေတာ။ ဒါပေမဲ့ သူ့ဆီကို သွား ရတော့မှာပဲ။ ဒင်နီနဲ့ တိုင်ပင်မှ ဖြစ်မယ်။ အသိမိတ်ဆွေတွေ တားဆီးနေတဲ့ကြားက အင်ဒရူးမေဆန် ဒေါက်တာ ဒင်နီရှိရာကို သွားပါတော့တယ် ...။ တွေ့တွေ့ချင်းမှာတင် ဒင်နီက ...

`ဘယ်လိုလဲ၊ ခုအချိန်အထိတော့ ခင်ဗျား လူမသတ်ခဲ့သေးဘူးမဟုတ်လား´

အင်ဒရူးအနေနဲ့ ဒေါသကိုထိန်းရင်း ဒင်နီနဲ့ တိုင်ပင်ရတယ်။ ဒင်နီက သူ့ အခန်းထဲက မိုက်ကရိုစကုပ်ကိုညွှန်ပြပြီး ကူးစက်ပိုးမွှားတွေကို ကြည့်စေတယ်။ ပါရာတိုက်ဖွိုက် ကူးစက်ရောဂါဟာ ဒရင်းဖီးမြို့မှာစနေပြီ။ ဖြစ်ရတဲ့အကြောင်းရင်းမြစ်က မြေအောက် မိလ္လာပြွန် အပေါက်အပြဲ တွေဖြစ်တယ်။ အဲဒီကနေ သုံးရေ၊ သောက်ရေတွေထဲ စိမ့်ဝင်နေတယ်။ အဲဒီကနေတဆင့် ရောဂါပိုးတွေဟာ ဒရင်းဖီးမြို့ကလူတွေကို ကူး စက်ပျံ့ပွားနေတာ ဖြစ်တယ်။ ဒါကို အင်ဒရူး မငြင်းနိုင်တော့ဘူး။ လက်ခံလိုက်ရတော့တယ်။ ဒီတော့ ဘာဆက်လုပ်ကြမလဲပေါ့ ...

`ဒရမ်ဖ်ဆိုတဲ့လူက ကောင်စီကို ဘာပြဿနာမှမတင်ရဲဘူး။ တင်ပြလိုက်လို့ ကောင်စီလူကြီးတွေနဲ့အဆင်မပြေဖြစ်ရင် သူ့ရဲ့လစာကို အ လျှော့ခံရမှာ၊ အဖြတ်ခံရမှာ သိပ်ကြောက်တယ်လေဗျာ´

အင်ဒရူးမေဆန်ရဲ့စိတ်ထဲ ဒင်နီ့ကို အရင်လိုမဖြစ်တော့။ ဒင်နီ့လုပ်ရပ်တွေကြောင့် ခင်မင်လာခဲ့တယ်။ ဒင်နီကို နှုတ်ဆက်ပြန်ခဲ့တယ်။ ဒင်နီ ပြောသလို ကူးစက်ရောဂါဟာ ရေတွင်းတွေထဲကလာနေတာဖြစ်လို့ ရေကိုကျိုချက်သောက်ဖို့ လူတွေကိုအသိပေးမယ်လို့ ပြောတယ်။ ဒင်နီ က `ရေကိုကျိုချက်လို့ ရောဂါမပျောက်နိုင်ဘူးဗျ´ ဆိုပြီး အော်ဟစ်ပေါက်ကွဲတယ်။ ဒေါက်တာ ဂရမ်ဖ်တို့ကို ပေါက်ကွဲတာပါ။ မေဆန်ကို ကျုပ်တို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်လို့ ပြောပြီး နှုတ်ဆက်လမ်းခွဲလိုက်ကြတယ်။

အင်ဒရူးမေဆန်က ပြောတဲ့အတိုင်းလုပ်ပါတယ်။ `ရေကို ကျိုချက်သောက်ရမည်´ ဟု ညွှန်ကြားချက်ကို အရပ်ထဲမှာ တင်းတင်းကျပ်ကျပ် ပေးခဲ့တယ်။ ကျန်းမာရေးပညာပေးမှု၊ တားဆီးမှုတွေကို အင်တိုက်အားတိုက်လုပ်တယ်။ တိုက်ဖွိုက်ရောဂါတိုက်ဖျက်ဖို့ကို ထက်ထက်သန် သန်လုပ်ခဲ့တယ်။ သူ့လူနာများဟာ ဒင်နီ့လူနာများထက် မြန်မြန်ဆန်ဆန် ပျောက်ကင်းလာပုံကိုကြည့်ပြီး ဂုဏ်ယူပီတိဖြစ်ခဲ့တယ်။

ဒင်နီနှင့် တွေ့တိုင်း ဒင်နီရဲ့ ပျက်ရယ်ပြုမှုကို ခံရတယ်။ ဒါပေမဲ့ အင်ဒရူးဟာ ဒင်နီကို အရင်ကလို မုန်းတီးမှုမဖြစ်တော့။ ပို၍ ခင်မင်လာတယ်။ တနေ့မှာ ဆေးပညာ စာအုပ်ကြီးတခုကို ဖတ်ရင်းက ဒင်နီ့အကြောင်းကို သိလိုက်ရပါတော့တယ်။

ဒင်နီဟာ ကိန်းဘရိတ်နဲ့ ရိုင်းတက္ကသိုလ်တို့မှ ဂုဏ်ထူးဆောင်ကျောင်းသားတဦးဖြစ်တယ်။ ဆေးပညာ မဟာသိပ္ပံဘွဲ့ အမ်အက်စ်ကို အင်္ဂလန် မှ ရယူထားသူဖြစ်တယ်။ ဒင်နီဟာ လီဘိုးရိုးမြို့မှာ ဂုဏ်ထူးဆောင် ခွဲစိတ်ဆရာဝန်ကြီးအဖြစ် အလုပ်လုပ်ခဲ့သူဖြစ်တယ်။

နိုဝင်ဘာလ ၁၀ရက်နေ့ နေ့ခင်းပိုင်းမှာ ဒင်နီက အင်ဒရူးကို သူနဲ့လာတွေ့ဖို့ ဖုန်းဆက်ခေါ်ခဲ့တယ်။

သေသွားတဲ့ တိုက်ဖွိုက်လူနာ တယောက်အကြောင်းကို ဒင်နီကပြောပြတယ်။ တဆက်တည်းမှာ မိလ္လာပြွန်ပေါက်တွကိစ္စပြောတယ်။ အင်ဒ ရူးက ကျန်းမာရေးဝန်ကြီးဌာနကိုစာရေးရင် မကောင်းဘူးလားလို့ အကြံပြုတယ်။ စာဒါဇင်ပေါင်းများစွာရေးခဲ့ပြီးပြီ ဘာမှတာဝန်ယူ လုပ်မပေး ကြောင်း ဒင်နီက ရှင်းပြတယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ ဒင်နီ့မှာ ဘာအကြံအစည်ရှိနေသလဲ။ ဒင်နီပြောတဲ့အတိုင်း မလ္လာပြွန်ပေါက်တွေ ကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနေပါက ဘယ်လိုကုသ ... ကုသ၊ ဘယ်လို ကြိုတင် ပညာပေး တားဆီး ... ဆီး ဘယ်လိုမှမရနိုင်။ မအောင် မြင်နိုင်။

ထူးဆန်းတဲ့ အကြံအစည်ကို ဒင်နီကပြောပြပါတယ်။ တကယ်လုပ်ဖို့လဲ ပိုင်းဖြတ်ပြီး ဖြစ်တယ်။ အဲဒီအလုပ်မှာ အင်ဒရူးမေဆန်က ဒင်နီ့ကို ကူဖို့ပဲ။ ရဲဘော်အဖြစ်နဲ့ပေါ့။ ဒါကို ပေါက်ကြားသွားရင် အန္တရာယ် သိပ်ကြီးတယ်။ ဆရာဝန်လက်မှတ်လဲ အသိမ်းခံရမယ်။ ထောင်တန်းတွေလည်း ကျနိုင်တယ်။

ဒင်နီ့အကြံက မိလ္လာပိုက်တွေကို မိုင်းခွဲဖျက်ဆီးပစ်ဖို့ ဖြစ်တယ်။

အင်ဒရူးမေဆန် အကြောက်အကန်ငြင်းဆန်နေတဲ့ကြားက ဒင်နီ့အစီအစဉ်ကို လက်ခံလိုက်တယ်။ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ဟုတ်တယ် မိလ္လာပိုက်တွေ ပေါက်နေတယ်။ ဆိုင်ရာက လျစ်လျူရှုထားတယ်။ ဒီတော့ ကြာရင်ဒုက္ခရောက်မှာက မိုင်းအလုပ်သမား အများစုနဲ့ မြို့ခံလူထု။ ဒီတော့ ဆရာဝန်ဖြစ်နေပေမဲ့ ဒီမိလ္လာပိုက်တွေကို ဖျက်ဆီးပစ်မှရမယ်။ အတော့်ကိုကြောင်စီစီနိုင်တဲ့အစီအစဉ်ဆိုပေမဲ့ တကယ်လုပ်မှ ဖြစ် မယ့်ဘ၀ လက်တွေ့ဖြစ်တယ်ဆိုတာ အင်ဒရူးမေဆန်လက်ခံလိုက်တယ်။ မိုင်းအလုပ်သမားတဦးဆီက လျှို့ဝှက်စည်းရုံးရယူထားတဲ့ စနက် တံပါ ယမ်းတောင့်ခြောက်တောင့်ကို ရင်တထိတ်ထိတ်သယ်ဆောင်ရင်း ပေါက်နေတဲ့မြေအောက်မိလ္လာပိုက်တွေကို ညအမှောင်ထဲမှာ စွန့် စားခွဲပစ်လိုက်တယ်။ မိလ္လာပိုက်တွေ ကွဲထွက်သွားတယ်။

နောက်တနေ့မှာ ဆိုင်ရာက မိလ္လာပိုက်အသစ်တွေကို ဒရင်းဖီးမြို့အတွက် လဲလှယ်တပ်ဆင်ပေးလိုက်ရတယ်။ နောက်ပိုင်းမှာ ကူးစက်အဖျား ရောဂါ ပါရာတိုက်ဖွိုက်ဟာ ဒရင်းဖီးမြို့ကလေးကနေ ပျောက်ကွယ်သွားပါတော့တယ်။

(စကားချပ်။ ။ ၀တ္ထုရဲ့ပထမပိုင်း အဖွင့်ဇာတ်လမ်းကလေးတခုပါပဲ။ ဒါပေမဲ့ ကျနော့်အတွေးထဲ အများကြီး အသိပညာတွေပေးနေတယ်လို့ ခံစားရတယ်။ ဒီဇာတ်လမ်းကနေ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး လက်တွေ့ဖြစ်စဉ်တွေကို ပြေးမြင်ယောင်နေမိတယ်။ ဇာတ်လမ်းထဲက သက် ဆိုင်ရာအဖွဲ့အစည်းတွေကို ဒီနေ့လွှတ်တော်နဲ့ ဗိုလ်သိန်းစိန် အစိုးရလို့ ခံစားလာရတယ်။ ၂၀၀၈ စစ်အုပ်စု အခြေခံဥပဒေရဲ့ အကျိုးရလဒ်တွေ အဖြစ် မိလ္လာပိုက်တွေကို မြင်လာတယ်။ ရောဂါဖြစ်နေတဲ့လူနာတွေဟာ ပြည်တွင်းက ဒုက္ခပေါင်းမျိုးစုံကိုခံစားနေရတဲ့လူထုလို့ မြင်လာ တယ်။ ဇာတ်ကောင်ဆရာဝန်တွေဖြစ်တဲ့ ဒင်နီနဲ့ အင်ဒရူးမေဆန်က ဘယ်သူတွေ ဖြစ်လာလေမလဲလို့ ...)

No comments: