
ကျောင်းကုန်းမြို့ အမှတ် (၃)ရပ်ကွက် ဓမ္မာရုံတွင်
လာရောက်ခိုလုံနေသည့် ရေဘေးသင့် မိသားစုတစ်စု
ဓာတ်ပုံ - မင်းသီဟဇော်
ဓာတ်ပုံ - မင်းသီဟဇော်
ဒီမြင်ကွင်းတွေက ရေကြီးမှုဒဏ်ခံစားခဲ့ရသည့် ဧရာဝတိုင်းဒေသကြီးအတွင်းရှိ သာပေါင်းမြို့နယ်သို့ သွားရောက်သတင်းရယူစဉ်မြင် တွေ့ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်တို့ သွားရောက်သတင်းရယူခဲ့သည့် ဒေသတွေက သာပေါင်းမြို့နယ်နှင့် ကျေးရွာများ၊ ကျောင်းကုန်းမြို့နယ်နှင့် ကျေးရွာများဖြစ်သည်။ သာပေါင်းကို ကျွန်တော်တို့ရောက်တော့ မြို့ထဲမှာ ရေကအနည်းငယ်ပြန်ကျသွားပြီး ကျေးရွာများတွင်မူ အိမ်များ စာသင်ကျောင်းများ ရေနစ်မြုပ်နေဆဲ ဖြစ်သည်။ ကျောင်းကုန်းသို့ ရောက် တော့ မြို့မဈေးနားတွင်ပင် လှေများဖြင့် သွားလာနေရသေးသည်။ ရေဘေးဒဏ်ကြောင့် လာရောက်ခိုလှုံနေသူများတွင် တချို့က ဘုန်းတော်ကြီးကျောင်းများ၊ တချို့က အားကစားခန်းမ၊ တချို့ကဂိုဒေါင်များ၊ တချို့က ကားလမ်းပေါ်ရေ လွတ်သည့်နေရာများတွင် နေထိုင်ကြရသည်။ ရေနစ်မြုပ်ဒဏ်ခံစားရသော်လည်း ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့မနေထိုင်ဘဲ မိမိအိမ်တွင်ပင် အဆင့်ထိုးနေထိုင်သူများက အများအပြားရှိသည်။ မွေးမြူထားသည့် တိရစ္ဆာန်များကိုတော့ ဆင့်ထိုးထားသည့် ခြံများ၊ ရေအနည်းငယ်လွတ်ရာတွင် ထားရသည်ကိုလည်း တွေ့ခဲ့ရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၆ မြို့နယ်ရှိသည့်အနက် မြို့နယ် ၈ မြို့နယ်မှာ ရေကြီးမှုဒဏ်ကို ခံစားနေရပြီး သာပေါင်းတွင် ကယ်ဆယ်ရေးစခန်း ၅၉ ခုနှင့် ကျောင်းကုန်းတွင် ၅၂ ခု ဖွင့်လှစ်ထားသည်။ ဒီမြို့နယ်နှစ်ခုက ကယ်ဆယ်ရေးစ ခန်းဖွင့်လှစ်သည့် အရေအတွက် အများဆုံးဖြစ်ပြီး အဆိုပါစခန်းများတွင် လူဦးရေသောင်းချီ ခိုလှုံနေကြသဖြင့် ရေကြီးမှုဒဏ်ကို အဆိုးဆုံးခံစားရသည့် မြို့နယ်များဟုပင် ပြော၍ရသည်။
သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့သို့ရောက်ရှိစဉ် လင်းတာကျ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ရှင်ကြီးပျောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးကြောင့် လာရောက်ခိုလှုံနေသူများနှင့် တွေ့ခဲ့ရသည်။

သာပေါင်းမြို့၊ ကျေးရွာအချို့တွင် ဖွင့်လှစ်ထားသည့်
ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - မင်းသီဟဇော်
ဓာတ်ပုံ - မင်းသီဟဇော်
''ဒုတိယ၀ါဆိုလပြည့်နေ့ကတည်းက ရေကနေလို့မရအောင်တက်လာလို့ ဘုန်းကြီးကျောင်းမှာ ပြောင်းနေရတာ။ ဒီမှာလာနေတာ အိမ်ထောင်စု ဆယ်စုလောက်ရှိပါတယ်။ ဆန်ကတော့ လှူတာ တစ်ကြိမ်ရပါတယ်။ ဒါပထမဆုံးရတာ ဖြစ်ပါတယ်။ ဒီဘက်တွေက နှစ်စဉ်ရေကြီးနေကျဖြစ်ပေမယ့် အခုလောက် မဆိုးပါဘူး။ အခုတော့ ရေပြန်ကျမှာကိုပဲ စောင့်နေရတယ်။ ရေပြန်ကျမှ အလုပ်အကိုင်က ရှိမှာကိုး။ လောလောဆယ်ကတော့ အစားအသောက် လိုပါတယ်။ ရေပြန်ကျရင် အိမ်တွေဘာ တွေ ပြန်ပြင်ဆောက်ဖို့တော့ လိုတာတွေလည်းရှိတာပေါ့''ဟု ရှင်ကြီးပျောက်ကျေးရွာမှ ဦးကုလားလေးက ဆိုသည်။
သာပေါင်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၉၄ ရွာရှိပြီး ရေကြီးမှုဒဏ်ကို ရပ်ကွက်သုံးခုနှင့်ကျေးရွာ ၃၀၄ ရွာခံစားခဲ့ရပြီး သာပေါင်းမြို့နယ်တစ်ခုလုံးတွင် စပါးစိုက်ဧကတစ်သိန်းကျော်ရှိကာ စိုက်ပျိုးပြီးစပါးဧက ၇၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးဆုံးရှုံးနိုင်ကြောင်းနှင့် ကျန်လယ်ဧကများမှာ ရေကျပြီးနောက်မှ စပါးစိုက်ပျိုးသည့် ရေလွှမ်းကွင်းများဖြစ်သည်။

သာပေါင်းမြို့၊ ကျေးရွာအချို့တွင် ဖွင့်လှစ်ထားသည့်
ကယ်ဆယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
ဓာတ်ပုံ - မင်းသီဟဇော်
ဓာတ်ပုံ - မင်းသီဟဇော်
''လတ်တလော လိုအပ်နေတာက ဆန်ရိက္ခာပါ။ ကျွန်တော်တို့က ထောက်ပံ့ပေးနိုင်လည်း တစ်ပတ်နှစ်ပတ်ပေါ့။ နောက်ပြီး ရေသန့်ဆေးပြားတွေ လိုအပ်ပါတယ်။ ဒီအချိန်မှာ အလုပ်အကိုင်က မရှိကြသေးတော့ ရေဘေးဒုက္ခရောက်သူတွေအတွက် ထောက်ပံ့မှုတွေက လိုအပ်နေဦးမှာဖြစ်ပါတယ်''ဟု သာပေါင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပြခဲ့သည်။ ကျောင်းကုန်းမြို့နယ်တွင် ရေကြီးမှုကြောင့် မြို့ပေါ် ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စု ၄၂ အုပ်စု ရေမြုပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၅၂ ခု ဖွင့်လှစ်ထားကာ လူဦးရေ သုံးသောင်းကျော် ခိုလှုံနေကြရသည်။ စပါးအဓိကစိုက်ပျိုးသည့် ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးပြီး စပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧကနှစ်သောင်းကျော် ထိခိုက်ပျက်စီးနိုင်ကြောင်း ကျောင်းကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်တစ်ဦးက ဆိုသည်။

သာပေါင်းမြို့၊ ကျေးရွာတစ်ခုရှိ မြင်ကွင်း
ဓာတ်ပုံ - မင်းသီဟဇော်
''ဒီမှာက မိုးများလို့ မြစ်ရေတက်ပြီး ရေကြီးတာက ပုံမှန်ပါပဲ။ ဒါပေမယ့် အရင်နှစ်တွေက ဒီနှစ်လောက်မဆိုးဘူး။ ဒီနှစ်ရေက အီနေတာကြာနေတယ်။ ဒီလိုဖြစ်နေတာက ရေထွက်ပေါက်တွေမှာ တာတမံတွေ ပိတ်ထား လို့ဖြစ်ရတာလို့လည်း ယူဆကြတယ်။ ရေကျမြန်ရင် အချိန်မီ နောက်စပါးစိုက်လို့ရသေးတယ်။ အချိန်မမီရင် တော့ ပဲပဲစိုက်ရမှာပါ။ ဒီနှစ်ကစပါး အထွက်ဆုတ်မှာတော့ ကျိန်းသေပါပဲ''ဟု အစုကြီးကျေးရွာအုပ်စုမှ တောင်သူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်သည့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်မှုဒဏ် ခံစားရသည့် မြို့နယ် ၈ မြို့နယ်တွင် သြဂုတ်လ ၂၀ ရက်အထိ စပါးစိုက်ဧက ၁၃၄၉၄၈ ဧက ရေနစ်မြုပ်ခဲ့ပြီး ယင်းအနက် ဧကငါးသောင်း ကျော်မှာ ရေနစ်မြုပ်သည့်ဒဏ်ကြောင့် ပျက်စီးနိုင်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောကြားခဲ့သော်လည်း စပါးစိုက်တောင်သူများ၏ ပြောကြားချက်အရ ကျောင်းကုန်းမြို့နယ်တစ်ခုထဲတွင်ပင် ရေနစ်မြုပ်သည့်စပါး စိုက်ဧက ခုနှစ်သောင်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ယင်းသို့ လယ်ယာများ ရေနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ စပါးအထွက်မှာ ယခင်ထက် သုံးချိုးတစ်ချိုးခန့် လျော့ကျနိုင်မည်ဟုလည်း ခန့်မှန်းကြသည်။ ရောက်ခဲ့သော တချို့ကယ်ဆယ် ရေးစခန်းများတွင် အလင်းရောင်က မရ တရ၊ လေ၀င်လေထွက် မကောင်းတကောင်း၊ သန့်ရှင်းသော သောက်ရေရဖို့ မိုးရေခံပြီး သောက်လျှင်သောက်၊ ထိုသို့မဟုတ်လျှင် ကျောက်ချဉ်တိုက်သောက်နေရတာတွေလည်း ရှိသည်။
ရေမကျသေး၍လားတော့မသိ ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းသည့်အခါတိုင်း သိပ်ကြီးကြီးမားမားမရှိကြပါဟု ဆိုကြသည်။ နှာစေးချောင်းဆိုး ဖျားနာတာလောက်ပဲရှိသည်ဟု ဖြေသူကဖြေသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ် ဦးကလည်း သြဂုတ်လ ၂၀ ရက်နေ့အထိ သဘာဝဘေးကြောင့် သေဆုံးသူမရှိသေးဟု ဆိုသည်။ ကျေးရွာအချို့တွင်တော့ ရေဆင်းချိုးရာမှ ရေနစ်သူတစ်ဦးစ နှစ်ဦးစရှိသည်ဟု ပြောကြသည်။
ရောက်ခဲ့ရသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံနေသူများက မိမိအိမ်တွင်နေလို့မရ၍ ရောက်လာကြသူများဖြစ်ပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများက အများစုဖြစ်ကြသည်။ နာမကျန်းဖြစ်နေသူ တချို့ကိုလည်း တွေ့ရသည်။ သူတို့တွေရဲ့ မျက်နှာတွေက ဖျော့တော့နွမ်းလျလွန်းလှသည်။ မျက်ဝန်းတွေက သောကရောက်နေရသည်ကို ဖော်ညွှန်းနေသည်။ စကားသံတွေက အားမရှိလှ။ ရှေ့ဆက်ရမည့် ဘ၀ခရီးအတွက် သူတို့ကိုယ်တိုင် ရုန်းကန်မည့်စိတ်ရှိကြသော်လည်း ကူညီဖေးမ ကမ်းလင့်လာမည့်လက်များကို စောင့်မျှော်မှုတော့ရှိနေကြသည်။ ရေဘေးသင့်သူများကို မျက်ကွယ်မပြုနိုင်သူများ၏ ကမ်းလင့်လက်များကို သူတို့တွေက ယခုထက်တိုင် မျှော်နေဆဲပင်ဖြစ်သည်။ ကမ်းလင့်လာမည့်လက်များကို ဆွဲကာသူတို့ဘ၀ကို ပြန်လည်ထူထောင်ချင်ကြသည်။ ကမ်းလင့်လာမည့်လက်တွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်သူများက မျှော်နေဆဲ၊ စောင့်နေဆဲဟုပင် ဆိုချင်ပါသည်။
No comments:
Post a Comment