Thursday, September 26, 2013

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ဖြင့် ဘိလပ်မြေစက်ရုံ ၉ ရုံ တည်ဆောက်နေပြီး တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁၀ သန်းကျော်အထိ ထုတ်လုပ်နိုင်မည်



မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အသစ်တည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံ ၉ ရုံအထိ ရှိနေပြီး အဆိုပါ ဘိလပ်မြေ စက်ရုံများ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁၀ ဒသမ ၅၃ သန်းအထိ တိုးမြှင့်ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် ဘိလပ်မြေ စက်ရုံ ၃ ရုံနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၂ ရုံအထိ ရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ ထုတ်လုပ်နိုင်မှု ပမာဏမှာ ၄ ဒသမ ၀၂ သန်းဖြစ်ကာ အထက်ပါ စက်ရုံများအား ၂၀၁၅ ခုနှစ်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပြီး ပြီးစီးပါက မြန်မာနိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်အား တိုးမြှင့်ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်လျက် ရှိနေပြီး တိုးတက်မြင့်မားလာသည့် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ကမ္ဘာတစ်ဝန်းရှိ ဘိလပ်မြေ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် လမ်းများ၊ ဆိပ်ကမ်းများ၊ ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများ၊ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများစသည့် စီမံကိန်းများအတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်မည့် အဓိက ပံ့ပိုးသူများ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ဦးမောင်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း လာရောက်မြှုပ်နှံသူများ အနေနှင့် ဘိလပ်မြေ ထုတ်လုပ်မှုဆိုင်ရာ ကုန်ကြမ်းများ ထုတ်ယူသုံးစွဲမှုနှင့် စက်ရုံများမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့များကြောင့် ပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လူမှုရေး နယ်ပယ်များနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များ ပျက်စီးမှုလျော့နည်းစေရန် ရေရှည်ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘိလပ်မြေ ထုတ်လုပ်မှုအတွက် စွမ်းအင်သုံးစွဲမှုနှုန်း လျော့ချရန် လိုအပ်နေပြီး ကာဗွန်ထုတ်လုပ်မှုကဲ့သို့ မလိုလားအပ်သော သက်ရောက်မှုများမှ ကာကွယ်ရန် နည်းလမ်းများ စဉ်းစားရန် လိုအပ်ကြောင်း ဦးမောင်မြင့်က ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ အခြေစိုက် Siam Cement (ဆင်တံဆိပ် ဘိလပ်မြေ) မှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၈၈ သန်းတန် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး Semen Indonesia ကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်။ မြန်မာနိုင်ငံ၏ ဘိလပ်မြေ ၀ယ်လိုအားသည် လာမည့်ငါးနှစ်အတွင်း နှစ်စဉ် ၁၀ ရာခိုင်နှုန်း မြင့်တက်နေမည်ဟု Siam Cement က ခန့်မှန်းထားသည်။

လက်ရှိတွင် ဘိလပ်မြေ ထုတ်လုပ်ရန် စက်ရုံများ တည်ဆောက်နေသည့် နေရာများမှာ မန္တလေးတိုင်းဒေသကြီး၊ မွန်၊ ကရင်၊ ရှမ်းပြည်နယ်စသည့် ဒေသများဖြစ်ပြီး လက်ရှိ မြှုပ်နှံသူ အများစုမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ဖြစ်ကြောင်း သိရသည်။

မက်စ်မြန်မာ အုပ်စု၏ ဘိလပ်မြေ စက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-မက်စ်မြန်မာ)

No comments: