Thursday, September 26, 2013

ပါတီသစ်ကိုးခု မှတ်ပုံတင်ခွင့်ပြုရေး ကြန့်ကြာ



ရန်ကုန်၊ စက်တင်ဘာ ၂၆

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီသစ် ကိုးခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင် လျှောက်ထားရာ ခွင့်ပြုချက် ရရှိရေးတွင် ကြန့်ကြာနေကြောင်း အဆိုပါပါ တီများထံမှ စုံစမ်းသိရှိရသည်။

ပါတီ မှတ်ပုံတင်ရန်အတွက် သြဂုတ်လဆန်းတွင် ရွေးကောက်ပွဲ ကော်မရှင် ထံ လျှောက်ထားခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားချက် မရှိသေးကြောင်း၊ ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကိုပင် သတင်းစာတွင် မထည့်သွင်းသေးကြောင်း ပါတီသစ် လျှောက်ထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီမှ တာဝန်ခံ ဦးစောသန်းမြင့်က ပြောကြားသည်။
“အကြောင်းအမျိုးမျိုးကြောင့် ပြည်ထဲရေးမှာ ကြန့်ကြာနေတယ်လို့ ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ထားဝယ် တိုင်းရင်းသားများပါတီ တည်ထောင်ခွင့်အတွက် ဇူလိုင်လတွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပြီး လက်ရှိအချိန်ထိ တည်ထောင်ခွင့် မကျသေးကြောင်း အဆိုပါ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဦးက ပြောဆိုသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားလာသည့် အခါ ပြဋ္ဌာန်းချက်များနှင့် ညီ မညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ ပေးပို့စစ်ဆေးရပြီး အဆိုပါ စစ်ဆေးချက်များ ပြန်လည် ရရှိမှသာ တည်ထောင်ခွင့်အတွက် ကော်မရှင်ကို ထပ်မံတင်ပြရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ရှင်းပြသည်။
“လုပ်ငန်းစဉ်အရ ကြာနေတာ။ ကျွန်တော်တို့ဆီမှာ ကြာနေတာ မဟုတ်ဘူး။ စိစစ်နေဆဲမို့ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ စိစစ်သည့်အဆင့်မှာ အခြားဝန်ကြီးဌာနများ၏ လုပ်ငန်းစဉ် ဖြစ်သည့်အတွက် အချိန်မည်မျှ ထပ်မံကြာမြင့်မည်ကို မပြောနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ပါတီ မှတ်ပုံတင်ရန်အတွက် ထားဝယ် တိုင်းရင်းသားများပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီနှင့် ကချင် ပြည်နယ်မှ ပါတီသစ်နှစ်ခု အပါအဝင် စုစုပေါင်း ပါတီကိုးခု ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

No comments: