Tuesday, September 24, 2013

တပ်ချုပ် မင်းအောင်လှိုင် နဲ့ စစ်တက္ကသိုလ် D.S.A

သန်းရွှေ အလွန်ခေတ် မြန်မာစစ်တပ်ကြီးမှာ ဘယ်သူ ထိပ်သီး ဖြစ်လာသလဲ...

တပ်ချုပ် မင်းအောင်လှိုင် နဲ့ စစ်တက္ကသိုလ် D.S.A အပိုင်း(၁)....

ကျွန်တော်တို့ စစ်တက္ကသိုလ်၏ လစဉ်ဝင်ငွေ (နိုင်ငံတော်မှ ထောက်ပံ့မှု မပါ) မည်မျှရှိမည် ထင်သနည်း။ (၁) လ သိန်း (၁၂၀၀) ကျော်ပါသည်။ ၄င်း ဝင်ငွေများသည် ပြင်ဦးလွင် တမြို့လုံး၏ အရက်ဆိုင်များ၊ ကျောင်းပိုင် မြေနေရာများကို စိုက်ပျိုးရေးအတွက် ငှားရမ်းခများ၊ စစ်တက္ကသိုလ်ပိုင် တိုက်တန်းလျားများကို ငှားရမ်းခ များမှ ရရှိနေခြင်း ဖြစ်သည်။

၎င်း လစဉ်ဝင်ငွေသည် စာရွက်ပေါ်မှ ဝင်ငွေများ ဖြစ်ပြီး ၄င်းကဲ့သို့ လုပ်ပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့်များ ရရှိရန်အတွက် ပြင်ဦးလွင် တပ်နယ်မှူးထံသို့ လုပ်ငန်းရှင်များက ချဉ်းကပ်ရချေတော့သည်။ ပြင်ဦးလွင် တပ်နယ်မှူး ဟူ၍ မည်သူနည်းဟု မစဉ်းစားပါနှင့်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးသည် ပြင်ဦးလွင် တပ်နယ်မှူးအဖြစ် အလိုအလျောက် တာဝန်ပေးအပ်ခံရပြီး ဖြစ်သည်။

ဗိုလ်ချုပ် မင်းအောင်လှိုင်အကြောင်း ပြောရမည်ဆိုလျှင် စစ်တက္ကသိုလ် အစဉ်အလာကနေ စရပေမည်။ မြန်မာပြည် စစ်တပ်တွင် စစ်တိုင်းမှူး ဟူသည့် ရာထူး အာဏာသည် မြန်မာပြည် စစ်တပ်၏ အာဏာဘီလူးအဖြစ် လက်သပ် မွေးထားသော အလောင်းအလျာ ဖြစ်မည့် သူများအတွက်ပင် ဖြစ်ပေသည်။

တိုင်းမှူး ဖြစ်ခွင့် ရသူများသည်လည်း ထိပ်ဆုံး လူကြီးနားသို့ အလိုလို ရောက်ရှိသွားသော အနေအထား ဖြစ်ပေသည်။ ၄င်းတိုင်းမှူး နေရာသည် လုံးဝ MAIN POINT အနေဖြင့် အဖားတော်သူများ ဖြစ်ပါက ထိပ်ပိုင်းရာထူးနှင့် အထက်သို့ရောက်ရှိ သွားနိုင်သကဲ့သို့ အမှားအနည်းငယ် ပြုမိသည်နှင့်လည်း ပြုတ်ကျနိုင်သော အနေ အထား ဖြစ်ပါသည်။

တိုင်းမှူးနေရာကို မြန်မာ စစ်ဗိုလ်ချုပ်များ တော်တော့ကို မက်မောကြသည်။ တရားမဝင် ဝင်ငွေများကလည်း သောက်သောက်လဲဝင်သည်ကိုး။ တစ်ခုတော့ ရှိသည်။ တိုင်းမှူး (၁၀) ယောက်တွင် အစတေး ခံရမည့် (ထိုးကျွေးခံရမည့်) ပုဂ္ဂိုလ်များက (၇) ယောက်လောက် ရှိတတ်သည်။ သဘောကတော့ ဘဝတူ တိုင်းမှူးများကို မျက်စိရှေ့တွင်ပင် ဖြုတ် ထုတ် သတ် လုပ်ပြလိုက်သည်။ အလောင်းအလျာ ဖြစ်မည့် သူများကို ကြိုတင် လျာထားပြီးသား။ ၄င်း အလောင်းအလျာများ ဖိန့်ဖိန့်တုန်ပြီ ဆိုသည့် အချိန်မှ အပေါ်ကို ဆွဲတင်တော့သည်။ ဤကား မြန်မာ စစ်အာဏာရှင်များ၏ အာဏာချုပ်ကိုင်ပုံ တစိတ်တဒေသပင် ဖြစ်ပေသည်။

ပြန်ဆက်ရလျှင် ၄င်း စစ်တိုင်းမှူးနေရာနှင့် စစ်တက္ကသိုလ် အစဉ်အလာ ဘာဆိုင်သနည်း ဆိုလျှင် အတော်လေးတော့ ဆိုင်သည်ဟု ပြောရမည်။ အကြောင်းကား စစ်ဗိုလ်ချုပ် တစ်ယောက်ကို တိုင်းမှူး လျာထားပြီ ဆိုပါက စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် (၁) နှစ် တန်သည် (၂) နှစ် တန်သည် ခေတ္တခဏ တာဝန် ထမ်းဆောင် ရသည်ကို ထူးဆန်းစွာ တွေ့ရှိရပေသည်။ (တိုင်းမှူးတိုင်း စစ်တက္ကသိုလ် ကျောင်းအုပ် မဖြစ်ဘူးပေမယ့် စစ်တက္ကသိုလ် ကျောင်းအုပ်တိုင်း နီးပါးတော့ စစ်တိုင်းမှူး ဖြစ်သွားကြသည်)

စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး အသစ်ရောက်လာလျှင် ထို ဗိုလ်ချုပ်သည်ကား တိုင်းမှူး ဖြစ်မည့်သူ ဟု..။ နောက်ထပ် ထူးဆန်းသည်က ၄င်း ကျောင်းအုပ် ဖြစ်လာသူများ မှာ ဘဘ မောင်အေး၏ တပည့်ရင်းများ ဖြစ်နေတတ်ခြင်းပင်။ စစ်တက္ကသိုလ် ကျောင်းအုပ် အဆက်ဆက်တွင် ဗိုလ်မှူးချုပ် တင်ဦးမှတပါး အခြား ကျောင်းအုပ်များ ဖြစ်သော ဗိုလ်မှူးချုပ် ရဲမြင့်၊ ဗိုလ်မှူးချုပ် အုန်းမြင့်နှင့် ဗိုလ်မှူးချုပ် မင်းအောင်လှိုင် အားလုံးမှာ တိုင်းမှူးအသီးသီး ဖြစ်ကုန်ကြသည်။ ဗိုလ်မှူးချုပ် တင်ဦးမှာတော့ ဘာသာရေး လိုက်စားလွန်း၍ တိုင်းမှူး ဖြစ်ခွင့် မရရှာခဲ့။

အငြိမ်းစား အရာရှိတစ်ဦး...
ဲပြင်ဦးလွင်..

No comments: