Saturday, September 28, 2013

ပါတီတွင်း ကြပ်မတ် ကွပ်ကဲရန် အထူးလိုနေကြောင်း NLD နာယက ဦးတင်ဦး ပြောကြား




သက်တမ်းရင့် ပါတီဝင်များနှင့် ပါတီဝင်သစ်များအကြား အငြင်းပွားမှုအချို့ ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း ဗဟိုအဆင့်မှ ပြည်နယ်/တိုင်းအဆင့်အထိ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းကာ ကြပ်မတ်ကွပ်ကဲရန် အထူးလိုအပ်နေကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ NLD ပါတီ ရုံးချုပ်ခန်းမတွင် ကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီဝင်များ ကြိုးပမ်းကြရန် မည်သို့ပင် တိုက်တွန်းသော်လည်း ပါတီတာဝန်ရှိ ပုဂ္ဂိုလ်အချို့မှာ ရေလိုက် ငါးလိုက် ပေါ့တန်စွာ ဆောင်ရွက်နေသည်ကို ဝမ်းနည်းစွာ ကြားသိနေရကြောင်း ၎င်းက ဆိုသည်။

ပါတီတွင်း၌ အခွင့်အရေးသမား၊ ဖောက်ပြန်ရေး သမားများ ရှိနေနိုင်ပြီး ယင်းမှာ နိုင်ငံရေး ပါတီများ၏ သဘာဝပင် ဖြစ်ကြောင်း၊ လွန်စွာရင့်ကျက်သည့် ဒီမိုကရေစီ နိုင်ငံများရှိ နိုင်ငံရေးပါတီများ အတွင်း၌ပင် အဆိုပါ ပြဿနာများ ကြုံတွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီဝင်များ အနေနှင့် အလုပ်လုပ်ရန်၊ ကြိုးစားရန်နှင့် အပင်ပန်းခံရန် အသင့်ရှိစေလိုကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွက်လာရေး မူလရည်မှန်းချက်ကို ပါတီဝင်များ မမေ့ရန်လိုကြောင်း NLD ပါတီ ၂၅ နှစ်ပြည့်တွင် ပြောကြားသည့် ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ပါတီစတင်ဖွဲ့စည်းသည်မှ ယနေ့အထိ ခိုင်ခိုင်မာ ရပ်တည်နိုင်ရန် ပါတီဝင်များက အခက်အခဲ အမျိုးမျိုးကို ကြံ့ကြံ့ခံ၍ စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့မှုအပေါ် မည်သူမျှ အထူးအခွင့်အရေး ယူရန် မလိုအပ်ကြောင်း၊ မိမိကြိုက်နှစ်သက်၍ လုပ်ဆောင်သည့် အလုပ်ကို ကျေနပ်ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ နှစ်ဆယ့်ငါးနှစ်တာ သက်တမ်းကာလအတွင်း ပါတီခေါင်းဆောင်များ ဆယ်စုနှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ယခင် တပ်မတော်အစိုးရ၏ ဖိနှိပ်မှုများကြောင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးဦး အပါအဝင် ပါတီဝင် ၄၃ ဦး အကျဉ်းထောင်များတွင် သေဆုံးခဲ့ကြောင်း NLD က ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments: