Tuesday, September 24, 2013

* ပြည်သူက ရွေးချယ်ပါလိမ့်မည် *


===================
The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်(24.9.2013)

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့၌ စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ်တွင် ခေါင်းဆောင်မှု အကြောင်းနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ မိန့်ခွန်းတွင် ခေါင်းဆောင်ကောင်း ဆိုသည်မှာ ကိုယ်လုပ်တဲ့အရာ တစ်ခုသည် ကိုယ့်တိုင်းပြည် ကောင်းကျိုးအတွက် မှန်ကန်သည်ဟု ယုံကြည်လျှင် နောက်ရွေးကောက်ပွဲတွင် အနိုင်ရရေး တစ်ခုတည်းကို မကြည့်ဘဲ တိုင်းပြည် အကျိုးအတွက် လူမုန်းခံပြီး ဆောင်ရွက်နိုင်ရဲသည့် သူတစ်ယောက် ဖြစ်သည်။ ပြည်သူက လေးစားသည့် ခေါင်းဆောင် ဆိုသည်မှာ ပြည်သူအတွက် လေးလေးစားစားနှင့် အလုပ်လုပ်ပေးသည့် သူမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခြင်္သေ့အုပ်ချုပ်သော မြည်းတပ်သည် မြည်းအုပ်ချုပ်သော ခြင်္သေ့တပ်ထက် ပိုမိုအင်အား တောင့်တင်းသည် ဆိုသည့် ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရေးပါမှုကို ညွှန်းဆိုထားသော ဆိုရိုးစကားတစ်ခု ရှိပါသည်။ မည်သည့် အဖွဲ့အစည်းမျိုးမှာမဆို ဦးဆောင်မောင်းနှင်ရာ ဖြစ်သည့် ခေါင်းဆောင်တို့၏ အရည်အသွေးသည် ထိုအဖွဲ့အစည်း၏ အောင်မြင်မှုအပေါ် အဓိက အဆုံးအဖြတ် ပေးရာဖြစ်သည်။ ခေါင်းဆောင်၏ အရည်အချင်း ရှိသလောက် အဖွဲ့အစည်း၏ အောင်မြင်မှု ကြီးမားရသည်။ ထို့အတူပင် နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုအပေါ် အဆုံးအဖြတ် ပေးနိုင်သည့် အရာများထဲတွင် ခေါင်းဆောင်မှု စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များ ရှိနေခြင်းသည် အဓိက အကြောင်းရင်း တစ်ခုဖြစ်သည်။ ချမ်းသာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ကြွေးကြော်၍ တိန့်ရှောင်ဖိန်သည် ဆင်းရဲနွမ်းပါးနေသော တရုတ်ပြည်ကို ချမ်းသာကြွယ်ဝပြီး အင်အားတောင့်တင်းသော ခေတ်သစ် တရုတ်ပြည် ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံကို အမီလိုက်မည် ဟုဆိုကာ လီကွမ်ယုသည် စင်ကာပူကို အရှေ့တောင် အာရှတွင် အတောင့်တင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တစ်နှစ်အတွင်း တစ်နိုင်ငံလုံး လွတ်လပ်ရေး ရစေရမည်ဟု ကတိပေးပြီး မြန်မာနိုင်ငံအတွက် လွတ်လပ်ရေးကို အရဆောင်ကြဉ်း ပေးခဲ့သည်။ တိုင်းပြည်နှင့် ပြည်သူ့အတွက် အလုပ်လုပ်သည့် ခေါင်းဆောင် ကောင်းများကြောင့် ကံကြမ္မာ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ကြရသည်။

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခေါင်းဆောင်မျိုးကြောင့် အစကောင်းခဲ့ သော်လည်း မြန်မာနိုင်ငံသည် ခေါင်းဆောင်မှု ညံ့ဖျင်းပြီး ကိုယ့်တစ်ဖို့တည်း အတွက်သာ ကြည့်တတ်သည့် သူများ၏ နှစ်ပေါင်း ၅၀ ကျော်ခန့် တစ်ကိုယ်ကောင်း ဆန်ခဲ့မှုကြောင့် ယခုအခါ ကမ္ဘာ့အလယ်တွင် မျက်နှာငယ်ရသည်။ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ကိုယ်ကျိုးရှာခဲ့သည့် ခေါင်းဆောင် မပီသသည့် သူများကြောင့် ကမ္ဘာက လေးစားခဲ့ရသည့် ခေါင်းဆောင်ကောင်းများ ထွက်ရှိခဲ့သော နိုင်ငံမှ ပြည်သူများသည် နိုင်ငံတကာ အလယ်တွင် မ၀ံ့မရဲ ဖြစ်နေကြရသည်။ ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော် အချိန်က မြန်မာနိုင်ငံ၏ အခြေအနေ မိုးနဲ့မြေလို ကွာခြားခဲ့ရသည်မှာ ညံ့ဖျင်းသော ခေါင်းဆောင်မှု အလွဲများကြောင့်ပင် ဖြစ်သည်။

ယခင်ခေါင်းဆောင်များ ညံ့ဖျင်းခဲ့သည့် အတွက် ကိုယ်ကျိုးရှာခဲ့သည့် အတွက် တိုင်းပြည် ဆင်းရဲခဲ့ရသည်။ အခွင့်အရေးကောင်း ရှိလာသည့် ယခုအချိန်တွင် နိုင်ငံနှင့် ပြည်သူ့မျက်နှာကိုသာ ကြည့်၍ တိုင်းပြည်အတွက် ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်မျိုးကို မြန်မာပြည်သူတို့ အမျှော်လင့်ကြီး မျှော်လင့်နေကြပြီ ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်ကြာ ကိုယ်ကျိုးရှာခဲ့ကြသည့် ထူးမခြားနား ခေါင်းဆောင်များကို အလိုမရှိတော့ပါ။ တစ်ခါသေဖူးခဲ့သည့် ပြည်သူတို့သည် ပျဉ်ဖိုးကောင်းကောင်း နားလည်သွားပြီ ဖြစ်သည်။ ရွေးချယ်ခွင့် ရှိလာချိန်တွင် မိမိတို့ အကျိုးအတွက် အကောင်းဆုံး လုပ်ပေးမည့် ခေါင်းဆောင်များကိုသာ ရွေးချယ်ကြတော့မည် ဖြစ်သည်။ ထို့ကြောင့် ပြည်သူနှင့် နိုင်ငံအကျိုးအတွက် မကြည့်ဘဲ ကိုယ်ကျိုးစီးပွားကို အဓိကထားပြီး နောက်ရွေးကောက်ပွဲတွင် အနိုင်ရရေးနှင့် ပါတီအကျိုး အတွက်သာ ကြည့်တတ်သည့် သူများ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပြည်သူလူထု၏ လျစ်လျူရှုခြင်းကိုသာ ခံစားရမည် ဖြစ်ကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

No comments: