Sunday, September 29, 2013

အမျိုးသားပျက်သုဉ်းမှုကြီး၏ အစလား အဆုံးလား



တပ်မတော်ဟာ အမျိုးသားရေးကို သစ္စာဖောက်တယ်၊ ခုတော့ ဘာသာ သာသနာကိုပါသစ္စာဖောက်ပြီ။ အချိန်တွေပြောင်း လူတွေပြောင်းခဲ့ပေမယ့် လူထုလခရိက္ခာကိုစား လူထုကိုဖိနှိပ်ကျွန်ပြုတဲ့ ဖောက်ပြန်ရေးသမား အမျိုးသားသစ္စာဖောက် စစ်ခေါင်းဆောင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်နေတဲ့ လက်နက်ကိုင်ရဲနဲ့ စစ်တပ်တွေဟာ အမျိုးသားရေးကို သစ္စာဖောက်ခဲ့တာကြာပါပြီ။ ပြောရရင် လွပ်လပ်ရေးရကတည်းကလို့ ပြောရမှာပါ။ ၁၉၃၀ ကျော်နဲ့ ၁၉၄၀ ကျော်ကာလက သခင်အောင်ဆန်း အမှူးရှိတဲ့ ကျောင်းသားတွေက အမျိုးသားလွတ်မြောက်ရေးအတွက် ပေးဆက်မှုပေါင်းများစွာနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA- Burma Independence Army)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF- Patriotic Burma Force)၊ နောက် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA- Burma Defense Army) နဲ့ နောက်ဆုံး ဗမာတပ်မတော် (Burma Army) (မြန်မာ့တပ်မတော်လို့ အဓမ္မပြောင်းထားတယ်) ဟာ တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းတို့ ရည်းမှန်းခဲ့တဲ့ လူမျိုးစုံပြည်သူ အမျိုးသားကာကွယ်စောင့်ရှောက်ရေးနဲ့ ဆန့်ကျင်ပြီး အဓမ္မအာဏာနဲ့ ဖိနှိပ်အုပ်ချုပ်ပြီး အမျိုးသားနိုင်ငံရေးလမ်းကြောင်ကနေ သွေဖီသွားခဲ့တယ်။

ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တပ်မတော်ဟာ မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်စောင့်ရှောက်ကွယ်ပါ့မယ်လို့ ကျမ်းကျိန် သစ္စာပြုထားတဲ့ ဖွဲ့စည်းပုံကိုချိုးဖောက်ဖျက်ဆီးခဲ့တယ်၊ အမျိုးသားရေးကို သစ္စာဖောက်ခဲ့တယ်။ ခုတော့ တိုင်းသူပြည်သားများ ခိုလှုံတည်မှီရာ နယ်မြေ မြို့ရွာတောတောင်နဲ့ ကိုးကွယ်ယုံကြည်ရာ ဓလေ့ဘာသာ သာသနာကိုတောင် သစ္စာဖောက်ခဲ့ပြီ။ စစ်အုပ်စုဟာ တရုတ်ဝမ်ပေါင်ကျွေးတဲ့ အရိုးအရင်းကိုစားပြီး ပြည်သူအများစု ယုံကြည်ကိုးကွယ်ရာ အထိမ်းအမှတ်အဆောက်အအုံကို ဖျက်ဆီးဖို့လုပ်နေပြီ။ သာသနိက အဆောက်အအုံအောက်က သယံဇာတကိုလိုချင်တဲ့ တိုင်းတပါးသားရဲ့ အလိုဆန္ဒအရ ဖျက်ဆီးတာ ဖြစ်တယ်။

တချိန်က ပေါ်တူဂီ ပင်လယ်ရေကြောင်းဓမြ ငဇင်ကာစေတီပုထိုးတွေဖျက်ပြီး လုယက်သလိုမျိုး ဖြစ်တယ်။ ဒီနေ့ တရုတ်ကုမ္ပဏီတွေ ဗမာပြည်အပေါ် ပြုမှုကျင့်ကြံနေတာဟာ ငဇင်ကာရဲ့ ပင်လယ်ဓမြလုပ်ရပ်မျိုး ဖြစ်ပါတယ်။ ဒီနေ့ ဗမာပြည်လက်နက်ကိုင် အဖွဲ့အစည်းတွေကို ချုပ်ကိုင်အမိန့်ပေးနေတဲ့ ဗိုလ်ချုပ်တွေ စစ်အုပ်စုတွေလုပ်ရပ်ကလည်း တံကျင်လျိုသုတ်သင်ခဲ့ရတဲ့ တိုင်းတပါးပင်လယ်ဒမြရဲ့ကျွန် အမျိုးသားသစ္စာဖောက် တောင်ငူဘုရင် နတ်ရှင်နောင်ရဲ့ လုပ်ရပ်မျိုး၊ ဝံပုလွေအုပ်ကို ကြက်ခြံတံခါးဖွင့်ပေးတဲ့ သစ္စာဖောက် ခြံစောင့်ခွေးရဲ့ ဖောက်ပြန်မှုမျိုးး ဖြစ်တယ်။

ဒီနေ့ ဗမာလူထုရဲ့ ကိုးကွယ်ယုံကြည်မှုကို စော်ကားဖျက်ဆီးနေသူတွေဟာ ဘယ်သူတွေလဲ။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုတာ ဒါလား၊ အိမ်နီးချင်းကောင်းပီသတဲ့ဆက်ဆံရေးဆိုတာဒါလား၊ ဖိနှိပ်သူဖက်ကရပ်တည်ပြီး ကိုယ့်အတွက် အမြတ်ထုတ်တာဟာ သူတို့ပြောနေတဲ့ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖက်ရေးဆိုတာ ဒါလား၊ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အိမ်နီးချင်းတွေအတွက်လည်း အကျိုးစီးပွားပါတဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးခြင်ဆိုတာ ဒါလား၊ လူမျိုးစုံ အဖိနှိပ်ခံပြည်သူတွေ အိုးပျောက် အိမ်ပျောက် ခုနောက်ဆုံး ဘာသာ သာသနာကိုပါ စော်ကားခံနေရတာဟာ သူတို့ပြောတဲ့ ငြိမ်းချမ်းစွာဖွံ့ဖြိုးခြင်းလား၊ သူတို့ခေါင်းထောင်လာကတည်းက အိမ်နီးချင်း ဗီယက်နမ်၊ ဖီလစ်ပိုင်၊ ဂျပန်နဲ့ အိန္ဒိယပါမကျန် လုံခြုံရေးစိုးရိမ်သောက ဖြစ်နေတာဟာ သူတို့ပြောတဲ့ ငြိမ်ချမ်းစွာအတူယဉ်တွဲနေထိုင်ရေး ဖွံ့ဖြိုးရေးရဲ့ အဓိပ္ပာယ်လား။ ကိုယ့်ရုပ်ဝတ္ထုအကျိုးအမြတ်အတွက် သူတပါးကိုးကွယ်ယုံကြည်မှုကို စော်ကားဖျက်ဆီးတာဟာ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်လား။

ဒီလုပ်ရပ်တွေဟာ လက်တင်အမေရိကမှာဒေသခံ လူမျိုးစုလေးတွေကို အမြောက်နဲ့ပစ် လူမျိုးတုန်းသတ်ဖြတ်ပြီး သူတို့ဘုရားကျောင်းတွေက ရွှေငွေကျောက်မြက်ရတနာတွေကိုလုယူ နယ်ချဲ့ခဲ့တဲ့ (၁၅-၁၆) ရာစုက စပိန်ပင်လယ်ဓမြတွေရဲ့ ရိုင်းစိုင်းမှုနဲ့ဘာကွာခြားသေးလဲ။ ခေတ်ကွာလို့ လုပ်ဟန်ကွဲပြားတာကလွဲလို့ လူမျိုးချင်းအပေါ် လူသားမျိုးနွယ်ပေါ် ကျူးကျော်အမြတ်ထုတ်တဲ့ ရိုင်းစိုင်းရက်စက်မှုကတော့ အတူတူပါပဲ။ တရုတ်ပြည်မှာ ပိတ်ပင်ခဲ့တဲ့ အဗာတာ (Avatar) ရုပ်ရှင်ထဲကအတိုင်းပါပဲ။ အဖိုးတန်သတ္တုကိုလိုချင်လို့ တခြားဂြိုလ်က မျိုးနွယ်စုတွေထဲ လုပ်ကြံဒလန်ထဲ့ပြီး မျိုးတုန်းသတ်ဖြတ်လုယက်တဲ့ ဇာတ်လမ်းအတိုင်းပါပဲ။ သူတို့လိုချင်ရာ လက်ညိုးထိုးသမျှကို စာချုပ်ချုပ်ရောင်းစားခဲ့သူတွေဟာ ရုပ်ရှင်ထဲက လုပ်ကြံဒလန်တွေနဲ့ ဘာလက္ခဏာတွေတူနေသလဲ၊ ရှာကြည့်ကြပါ။ ဝေဖန်ကြည့်ကြပါ။

မနေ့ကပဲ ရေဒီယိုသတင်းတပုဒ်မှာ “ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူကတော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ဟာကို သမ္မတကြီးနဲ့ ဦးဆောင်မှုအောက်ကို သစ္စာရှိစွာနဲ့ ခံယူသွားမယ်ဆိုတာကို ပြောပါတယ်” လို့ ဖတ်လိုက်ရတယ်။ ဒီလိုဆိုရင်တော့ မဆိုးသေးပါဘူးလို့ တွေးမိသလိုဖြစ်တုန်းမှာပဲ ခုလို ဘာသာ သာသနာကိုပါသစ္စာဖောက်တဲ့ လုပ်ရပ်ကပေါ်လာတယ်။ ဒါလားနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တာ၊ ဒါလား အချုပ်အချာအာဏာကို ကာကွယ်စောင့်ရှောက်တာ၊ ဒါလား ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာ၊ လူတကာနားကလောအောင် ကြွေးကြော်ဝါဒဖြန့်နေတာတွေနဲ့ ဖီလာဆန့်ကျင်တွေချည်းပါလား။ ဟိရိသြတပ္ပ အရှက်အကြောက်တရားတောင် မရှိကြတော့ဘူးလား။

လူတစု စစ်အုပ်စုအကျိုးအတွက် တိုင်တပါးသားရဲ့ အလိုလောဘအတွက် အမျိုးသားရေးကို သစ္စာဖောက်ခဲ့ပြီး ခုတော့ ဘာသာ သာသနာကိုပါ ထိပါးနှောင့်ယှက်ဖျက်ဆီးတာကို အကာအကွယ်ပေး သစ္စာဖောက်တာကို အထက်အမိန့်ကို နာခံရလို့ပါဆိုတဲ့ ဆင်ခြေနဲ့ဖုံးလို့ မရနိုင်ဘူး။ ဘိုးဘွားအမွေကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုသူတွေကို ဖမ်းဆီးရိုက်နှက်နေတာဟာ တပ်မတော်ရဲ့ မျိုးစောင့်တရားလား၊ ဘယ်သူ့အတွက်လဲ.. ဘာအတွက်လဲ၊

တပ်မတော်ဆိုတာ ပြည်သူလူကို အကာအကွယ်ပေးမဲ့ လက်သီးလက်ရုံးတွေဖြစ်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွန်သင်ချက်နဲ့တော့ ပြဒါးတလမ်း သံတလမ်းပဲ။ အမျိုးသားသစ္စာဖောက် လက်တဆုတ်စာ စစ်အုပ်စုရဲ့အမိန့်ကိုနာခံတဲ့ အကျိုးသွားကတော့ ကိုယ်နဲ့ဘဝတူ ကျန်တဲ့ တခြားအောက်ခြေလူတန်းစားတွေအတွက် ငရဲဖြစ်နေတာ၊ အမျိုး ဘာသာ သာသနာကို ထိပါးနှောင့်ယှက် ဖျက်ဆီးတာတွေကိုတော့ ကံကြမ္မာကခွင့်မလွတ်ဖူး၊ ဒေဝဒတ်ကို ဆရာတင်မှားခဲ့တဲ့ အဇာတသတ်ဟာ ပထမသံဃာယနာတင် ဒါယကာအဖြစ်အထိ ကောင်းမှုတွေပြုခဲ့ပေမယ့် အချိန်တန်တော့ သူ့အကုသိုလ်က စီရင်တဲ့အတိုင်း ငရဲလားရတာပဲ။
ရှေးခေတ်လူသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်တာဟာ လူယဉ်ကျေးတို့ရဲ့ တာဝန် (Moral Duty) ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကမ္ဘာ့ကုလသမဂ္ဂ ပညာသိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုက ကမ္ဘာတဝှန်းက သမိုင်းဝင်ယဉ်ကျေးမှုအဆောက်အဦတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေတာ ဖြစ်တယ်။ အဆောက်အဦအများစုဟာ ရှေးခေတ်လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဆိုင်တာတွေက အများစု ဖြစ်တယ်။ တချို့ကိုးကွယ်ယုံကြည်သူတွေ မရှိတော့ဘူး၊ အဆောက်အဦတွေ ကျန်ခဲ့တယ်၊ နောက်လူတွေက စောင့်ရှောက်တယ်။ ဒါကြောင့် လက်ပန်းတောင်တောင်က လယ်တီသိမ်ကိုဖျက်ဆီးမယ့်သူတွေ၊ ဖျက်ဆီးတာကို ခွင့်ပြုကာကွယ်ပေးနေတဲ့ တာဝန်ရှိသူဆိုတာတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက ဘာသာဝင်တယောက်မဆိုထားနဲ့ သာမာန်လူတယောက်ရဲ့အဆင့်တောင် ပေးစဉ်းစားလို့မရပါဘူး။ ရိုင်းပြမှုသက်သက်ပါ။ သွေးစုတ်အမြတ်ထုတ်မှုသက်သက်ဖြစ်ပါတယ်။

လက်ပန်းတောင်းတောင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာမှာ “သို့ပါ၍ အဆိုပါ လက်ပံတောင်းတောင် ကြားတောရ စင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ခသာသနိက အဆောက်အအုံများကို လုံးဝပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတခုခုသို့ ပြောင်းရွေ့ပေးသင့်ကြောင်း၊ ဤကိစ္စကို ကြေးနီတူးဖော်မည့် ကုမ္မဏီသည် ဒေသခံပြည်သူလူထုများ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့နှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။” လို့ ဆိုထားတယ်။
သူတို့ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့တဲ့ကော်မရှင်ရဲ့ အကြံပြုချက်ကိုတောင် ကတိဖျက် ချောင်ထိုးလျစ်လျူရှုတဲ့လုပ်ရပ်ဟာ ဘာသာ သာသနာကိုပါ သစ္စာဖောက်တာပဲ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ မျက်ရှု မျက်နှာဖြစ်နေတဲ့ အမှန်တရားကို ချစ်မြတ်နိုးသူတွေ၊ အမှန်တရားဖက်က ရပ်တည်မယ်ဆိုတဲ့ သူတွေကကော နောက်ကြောင်းပြန်လှည့်မှာ စိုးရိမ်နေကြတုန်းလား၊ ဒီလို အမျိုးဘာသာ သာသနာကို ထိပါးဖျက်ဆီးခံနေရတဲ့ အခြေအနေတွေကြားမှာ ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်တဲ့လုပ်ရပ်တွေကို ဘယ်လို သတ်မှတ်ကြမလဲ၊ ဘာတွေဖြစ်နိုင် ရနိုင်မှာလဲ။ ဗမာ့သမိုင်းတင်မက ကမ္ဘာ့သမိုင်းမှာပါ လူတစုအကျိုးအတွက် တမျိုးသားလုံးကို သစ္စာဖောက်ကျွန်ဇာတ်သွင်းမှုရဲ့ ပြယုဂ် (၂၀၀၈) ဖွဲ့စည်းပုံထဲမှာ လူထုအတွက်ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှာလိုရနိုင်မယ် မျှော်လင့်နေကြတုန်းလား။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ အခြေခံဘုံရည်မှန်းချက် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးဆိုတာ ဘယ်ရောက်သွားကြပြီလဲ။ လူမျိုးစုံ ဘာသာစုံ ယဉ်ကျေးမှုစုံတို့ရဲ့ သဟဇာတဖြစ်မှုကို အခြေခံတဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကို နည်းဗျူဟာမြောက်လုပ်ဟန် အကြောင်းပြချက်တွေနဲ့ ကျောခိုင်းလျစ်လျူရှုတာဟာ တိုင်းပြည်တခုရဲ့ အနာဂါတ်၊ လူမျိုးတခုရဲ့အနာဂါတ်ကို ဖျက်ဆီးတာနဲ့ အတူတူပါဘဲ။ လူကောင်းတွေက အမှန်တရားကို နှုတ်ဆိတ်နေတာဟာ လောကပျက်စီးကြောင်းပဲတဲ့။

သန်းပေါင်း (၆၀) ကျော်ထဲက ဘိုးဘွားအမွေခံ အမွေဆိုင် ပြည်ထောင်စုသားတယောက်အနေနဲ့ မေးပါရစေ။ ကျနော်တို့ တိုင်းပြည် ကျနော်တို့ လူမျိုးတွေဟာ သူတပါးအလိုရှိရင် အမျိုးသားယဉ်ကျေးမှုသမိုင်းကြောင်းတွေနဲ့ ဘိုးဘွားအမွေ အဆောက်အဦတွေကို ဖျက်ဆီးပေးရမယ့်အခြေကို ဆိုက်နေပြီလား။ ဘာသာ သာသနာကိုတောင် တောင်းဆို ကာကွယ်ထိန်းသိမ်းရမည့် အခြေနေသို့ဆိုက်လေပြီ၊ အမျိုးသားပျက်သုဉ်းမှုကြီး၏ အစလား အဆုံးလား။

ရဲဘော်ကျော်သန်း
၃၀၊ ၉၊ ၂၀၁၃

(နေ့သစ် https://naytthit.net/ မှ)

No comments: