Monday, January 16, 2012

ဝိုးတ၀ါးရာသီနဲ့ ခရီးရှည်


ဝိုးတ၀ါးရာသီနဲ့ ခရီးရှည်
မောင်ချင့်ချိန်

ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်နဲ့ နှိမ်နှင်း အာဏာသိမ်းခဲ့ကတည်းက မတရားဖမ်းဆီးခံခဲ့ရပြီး ၂၃ နှစ်ကျော် ထောင်ချခံထားခဲ့ရာကနေ လွတ်မြောက်လာတဲ့ မြင်းခြံဆရာတော် ဦးသုန္ဒရရုပ်ပုံကို ဒေါက်တာလွဏ်းဘလော့မှာ ဖူးမြင်လိုက်ရတော့ ထောင်ထဲမှာ အတူတိုက်ပိတ်ခံရစဉ်က ဆရာတော် ရွတ်ပြခဲ့တဲ့ ကဗျာတပုဒ်ကို ပြန်သတိရမိပါတယ်။ အဲဒီတုန်းက ညနေဘက် ထောင်ပိတ်ပြီးသွားရင် တခန်းနဲ့ တခန်း သီချင်းတွေ၊ ကဗျာတွေ ဆိုပြ ရွတ်ပြကြပြီး ပျင်းရိငြီးငွေ့စရာ အချိန်တွေကို ကျော်ဖြတ်ကြပါတယ်။ တညမှာ တခြားအခန်းတွေကနေ ဦးအုန်းမြင့်လွင်၊ ဦးတင်သန်း၊ ဦးတင်အေးကြူ (ကိုမှိုင်း)၊ ကိုသန်းနိုင်ဦး၊ ကိုတင်အေး ... စတဲ့ ရဲဘော်ကြီးတွေက သူတို့ကဗျာတွေ ရွတ်ပြကြပြီး ကျနော်တို့အခန်းအလှည့်ကို ရောက်တော့ ဆရာတော် (ကျနော်တို့အားလုံးရဲ့အခေါ် ဦးသုန်) က “ကျုပ်ရဲ့ကဗျာကို ၀ိုးတ၀ါးရာသီလို့ အမည်ပေးထားပါတယ်။ တိုတိုလေးပါ” ဆိုပြီး သူ့ကဗျာကို ရွတ်ပြပါတယ်။

ဝိုးတ၀ါးရာသီ

နှင်းခေါ်လေနုတံခါးချဲ့
ဂျစ်ပစီတိမ်ငိုမဲ့မဲ့
ကောင်းကင်တခြမ်းပဲ့ …။

ဦးသုန္ဒရ

ဆရာတော် ရွတ်ပြီးသွားတော့ အတူနေတဲ့ နွားထိုးကြီးက ဦးဇဉ်း ဦးဥတ္တမက “ဦးသုန်ကဗျာက မော်ဒန်လား၊ ဟိုက္ကူလား၊ ဘယ်လို ကဗျာအမျိုးအစားခေါ်မလဲ” လို့ မေးတော့ “ဘာအမျိုးအစား ဆိုတာမျိုး သတ်မှတ်ပြီး ရေးလိုက်တာ မဟုတ်ဘူး။ ကျုပ်စိတ်ထဲ ခံစားရတာကို ရေးထားတာ။ နှစ်သက်သလိုသာ တွေးပေတော့” တဲ့။ ဦးသုန်ရဲ့ကဗျာက ဘာကို ပြောချင်မှန်း ရေရေရာရာ မသိပေမယ့် အဲဒီကာလရဲ့ နိုင်ငံရေးအခြေအနေ၊ တိုက်ခန်းကျဉ်းလေးထဲမှာ အပိတ်ခံထားရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ခံစားပြီး နှစ်သက်တာကြောင့် အလွတ်ကျက်မှတ်ထားခဲ့လိုက်ပါတယ်။ ဦးသုန်နဲ့ ကျနော် မတွေ့ဖြစ်တော့တဲ့ ၁၆ နှစ်လောက် အချိန်ကာလမှာ ဦးသုန်အနေနဲ့ သူရေးခဲ့တဲ့ ကဗျာကို သူပြန်မှတ်မိ မမှတ်မိ မသေချာပေမယ့် ကျနော်ကတော့ တိုက်ပွဲဝင် ဆရာတော်ကို အမြဲအမှတ်ရနေခဲ့သလို သူ့ကဗျာစာသားတွေကိုလည်း တလုံးမလွဲ မှတ်မိနေခဲ့ပါတယ်။

ကဗျာသမား၊ စာသမား ရဲဘော်ကြီးတွေနဲ့ အတူနေရလို့ ထောင်ထဲရောက်မှ ကဗျာဝါသနာပါဖြစ်ခဲ့တဲ့ ကျနော်က ထောင်ထဲက ရဲဘော်တွေ ရေးတဲ့ ကဗျာတွေ အများကြီးကို ကျက်မှတ်ဖြစ်ခဲ့ပါတယ်။ အဲဒီကဗျာတွေထဲမှာ လက်တွေ့နိုင်ငံရေးအခြေအနေနဲ့ မကြာခဏလို နှိုင်းယှဉ်ခံစားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးဖြစ်တဲ့ ကဗျာတပုဒ်ကတော့ ဦးတင်အေးကြူ (ကိုမှိုင်း)ရဲ့ “ခရီးရှည်” ဆိုတဲ့ ကဗျာပဲဖြစ်ပါတယ်။

ခရီးရှည်

တောင်ဆိတ်တွေလို
ဒဏ်ရာကို လျှာနဲ့လျက်
ပြီးတော့ ခရီးဆက် ...။

ဦးတင်အေးကြူ (ကိုမှိုင်း)

ဒီကဗျာနှစ်ပုဒ်ကို ပြန်ပြောပြနေရတဲ့ အကြောင်းက ကျနော် ပေးထားတဲ့ ခေါင်းစဉ်၊ ကျနော် ပြောချင်တဲ့ အကြောင်းအရာနဲ့ တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။ ၀ိုးတ၀ါးရာသီနဲ့ ခရီးရှည် ဆိုတဲ့ အသုံးအနှုန်းအတွက် မူရင်းစကားလုံးပိုင်ရှင်တွေ ရှိတယ်ဆိုတာ ကြိုတင်ဝန်ခံထားတာလည်း ဖြစ်ပါတယ်။

လတ်တလော နိုင်ငံရေးအခင်းအကျင်း သို့မဟုတ် “၀ိုးတ၀ါးရာသီ”

၂၀၁၁ ခုနှစ်ထဲမှာ စစ်အုပ်စုရော၊ ဒေါ်အောင်ဆန်းစုကြည်ရောဟာ အများစု တွေးထင်မထားတဲ့ နိုင်ငံရေး ကစားကွက်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ အဓိကကတော့ စစ်အုပ်စုပါ။ ဒေါ်စုက စစ်အုပ်စု ဖန်တီးထားတဲ့ အခင်းအကျင်းထဲကို သူတို့ဖြစ်စေချင်တဲ့အတိုင်း (သိသိနဲ့) ၀င်ကစားပေးခဲ့ရသလိုမျိုးသာ ဖြစ်ပါတယ်။ စစ်တုရင်အသုံးအနှုန်းနဲ့ ပြောရရင် စစ်အုပ်စုဟာ သူတို့ကစားကွက်သစ်ရဲ့ Opening ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ အရပ်ဝတ်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ်တာ၊ စိတ်တိုင်းကျ တဖက်သတ်လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ကြမယ့်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တာ၊ ရွေးကောက်ပွဲရလဒ် စိတ်တိုင်းကျသွားတဲ့အချိန်မှာ အများပြည်သူ မလိုမုန်းတီးနေတဲ့ သန်းရွှေနဲ့ မောင်အေးလို အာဏာရှင်ကြီးတွေ အနားယူပြလိုက်တာ၊ ပွဲဆူလာတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကို ရပ်ထားမယ်ဆိုပြီး ကမ္ဘာသိ ကြေညာလိုက်တာ၊ ပြည်ပရောက်နေတဲ့ မြန်မာပြည်သားတေကို ပြစ်မှုကျူးလွန်ထားတာ မရှိရင် အရေးမယူပါဘူး။ ပြန်လာကြပါလို့ ဖိတ်ခေါ်ပြတာ။ နအဖ နာမည်ခံခေတ်က ဆက်ဆံရေးဝန်ကြီးအဖြစ် သတ်မှတ်ခဲ့တဲ့ ဦးအောင်ကြည် အပါအ၀င် သမ္မတသစ်ရာထူးနဲ့ သရုပ်ဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနေပါပြီ ဆိုပြီး ဟန်ပြတာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံခိုင်မြဲဖို့နဲ့ ဆက်ပြီး စစ်တပ်ကြီးစိုးခွင့် ရနေရေးတို့အတွက် ပုံသဏ္ဍာန်ပြောင်းလိုက်တဲ့ ကစားကွက်သစ်ရဲ့အစပိုင်းပဲဖြစ်ပါတယ်။

စစ်အုပ်စုဘက်ကနေ လူပြောင်းထိုင်လိုက်ပြီး ပွဲဟောင်းကြီးကိုပဲ ကစားကွက်ပြင်ရွှေ့လိုက်တာနဲ့ ပြိုင်ဘက် အတိုက်အခံဆိုသူတွေ ၀ိုးတ၀ါး ဖြစ်ကုန်ကြရပါတယ်။ လူထုနဲ့ အတိုက်အခံတွေဘက်ကနေ မဏ္ဍိုင်ထားပြီး ရွှေ့ကွက်တွေကို ကိုင်ကစားခွင့်ရှိနေတဲ့ ဒေါ်စုနဲ့ NLD ပါတီကြီးကလည်း စစ်အုပ်စုရဲ့ ကစားကွက်ကို ချေဖျက်တဲ့နည်းနဲ့ မကစားဘဲ အလိုက်သင့် စီးမျောတဲ့နည်းနဲ့ ပြန်ကစားလိုက်တော့ အားလုံးက “ဟာ” ကနဲ ဖြစ်သွားခဲ့ကြရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ရလဒ်၊ ရွှေဂုံတိုင်ကြေညာစာတမ်း၊ ပြည်သူကို ၀န်ချတောင်းပန်ခဲ့တဲ့ NLD ပါတီရဲ့ ကြေညာချက်၊ ဒီပဲရင်းမှာ ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ကြရသူတွေကိစ္စ၊ ဒုတိယပင်လုံညီလာခံ၊ ပါတီက တရားဝင်ပြီးသား၊ မှတ်ပုံပြန်တင်ဖို့မလို ဆိုတာတွေအားလုံးကို ရေငုံနှုတ်ပိတ်ပြီး ၂၀၀၈ ကြံ့ဖွတ်ဖွဲ့စည်းပုံဥပဒေအောက် ခေါင်းလျှိုဝင်၊ ပါတီပြန်မှတ်ပုံတင်ခဲ့တာ၊ စစ်တပ်သြဇာလွှမ်းနေဆဲ လွှတ်တော်ထဲကို ၀င်ခွင့်ရဖို့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရအောင် ကြိုးစားတာတွေဟာ စစ်အုပ်စုကို မလိုလားတဲ့သူအချင်းချင်းကြားမှာတောင် အငြင်းပွား ပဋိပက္ခဖြစ်ကြရတဲ့အထိေ၀၀ါးကုန်ကြရပါတယ်။

ဒေါ်စုနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရတာတွေ၊ တိုက်ပွဲဖော်ဆောင်တဲ့နည်းမဟုတ်ဘဲ စစ်အုပ်စုရဲ့ ပိုက်ကွန်ထဲကို တိုးဝင်တဲ့နည်းက မထိရောက်နိုင်ဘူး၊ စစ်အုပ်စုကို ဘယ်လိုအခြေအနေမှာမှ မယုံကြည်သင့်ဘူး ဆိုတာတွေ ကျနော်အပါအ၀င် ဆောင်းပါးရေးသူတချို့က ပုံစံအမျိုးမျိုးနဲ့ ရေးသားထောက်ပြခဲ့ကြပါတယ်။ အဲဒီမှာ ဒေါ်စု ဘာလုပ်လုပ် မှန်တယ်ဆိုသူတွေနဲ့ အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒေါ်စုရဲ့ ပြောင်းလဲမှုအပေါ် အမှန်အမှား ငြင်းခုန်ကြရင်း ပြဿနာရဲ့အရင်းခံဖြစ်တဲ့ စစ်အုပ်စုရဲ့ ကောက်ကျစ်မှု၊ သွေးခွဲမှု ဆိုတာတွေ ပျောက်ကွယ်ေ၀၀ါးခဲ့ကြရပါတယ်။ လူထုတိုက်ပွဲနည်းနဲ့ကလည်း မဖြစ်နိုင်၊ လက်နက်ကိုင်တော်လှန်ရေးကလည်း အားရစရာမရှိဆိုတဲ့ အခြေအနေမို့ ဒေါ်စုက လိုက်လျောညီထွေအဖြစ်ဆုံး နည်းလမ်းကို ရွေးလိုက်ရတာနေမှာပဲ ပြောပြော၊ ခေါင်းဝင်ကိုယ်ဆံ့သီအိုရီနဲ့ တွေ့တဲ့ အပေါက်ကျဉ်းကျဉ်းလေးကနေ ရသလောက် တိုးဝင်ကြည့်နေတာနေမှာပါလို့ပဲ ခန့်မှန်း ခန့်မှန်း၊ သူ့နာမည်၊ သူ့ဂုဏ်သိက္ခာ၊ သူ့သမိုင်းအားလုံးကို ပုံအောပြီး ရဲရဲဝံ့ဝံ့ လောင်းကြေးထပ်လိုက်တာ နေမှာလို့ပဲ ယူဆ ယူဆ၊ စစ်အုပ်စုလိုချင်တဲ့ ကစားကွက်ပုံစံထဲမှာပဲ ရှိနေတယ် ဆိုတာတော့ အမှန်ပါပဲ။

ကျနော် ပြောတာ သေချာစဉ်းစားကြည့်ကြပါ။ နှစ်ပေါင်းများစွာကြာအောင် မကောင်းမှုမျိုးစုံလုပ်၊ အပျိုအအိုမရွေး မုဒိမ်းကျင့်၊ ရဟန်းသံဃာမချန် သတ်ဖြတ်ခဲ့တဲ့ လူယုတ်မာတွေကို နောင်တရ ပြုပြင်ပြီး သူတော်စင်တွေပဲ ဖြစ်သွားသယောင် ထင်ကြတာမျိုး ကောက်ကာငင်ကာ ဖြစ်လာတယ်။ စစ်ခွေးလို့ ခေါ်နေကြတာကနေ သမ္မတကြီး၊ သမ္မတကြီးနဲ့ ဖြစ်တဲ့သူတွေ ဖြစ်လာတယ်။ စစ်အာဏာရူးတွေဆိုတဲ့ အခေါ်အဝေါ်နေရာမှာ အစိုးရသစ်လို့ ဖြစ်လာတယ်။ အပြုသဘောဆောင်လာတဲ့ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုတယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်း ၀င်ဆံ့တဲ့ အခြေအနေမျိုး ပြန်ဖြစ်လာတယ်။ စစ်ရာဇ၀တ်မှုအမျိုးမျိုး ကျူးလွန်ထားတဲ့သူတွေအပေါ် ဒဏ်ခတ်အရေးယူမှု ပြုထားတာတွေ ရုပ်သိမ်းပေးတော့မယ့် အခြေအနေတွေ ဖြစ်လာတယ်။ စစ်အုပ်စုအနေနဲ့ အဲဒီလို အမြတ်တွေ အများကြီး ရသွားခဲ့တယ်။

စစ်အုပ်စုဟာ ဗမာပြည်နိုင်ငံရေးကျားကွက်ပေါ်က အရှိတရားကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အဓိက အားကိုးအားထားပြု ရပ်တည်နေရတဲ့ စစ်တပ်ထဲက အောက်ခြေအဆင့် တပ်သားကနေ ဗိုလ်ချုပ်ကြီးတွေအထိ အခြေအနေ၊ ရဲလို ပြည်ထဲရေးဌာန အပါအ၀င် ၀န်ကြီးဌာနအသီးသီးမှာ ရှိနေတဲ့ ၀န်ထမ်းတွေရဲ့အခြေအနေ၊ ပြည်သူတွေရဲ့အခြေအနေ၊ ဖမ်းဆီးထိန်းသိမ်းထားရတဲ့ နိုင်ငံရေးသမားတွေရဲ့ အခြေအနေ၊ ဒေါ်စုနဲ့ ပြည်တွင်းပြည်ပ အတိုက်အခံတွေရဲ့အခြေအနေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခြေအနေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့သဘောထား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထား၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ဖိအားဆိုတာတွေကို သူ့ဘက်ကိုယ့်ဘက် ကစားရုပ်တရုပ်ချင်းရဲ့ တည်ရှိမှုကို ချစဉ်းစားသလိုမျိုး အသေအချာ တွက်စစ်ပြီးမှ Middle Game လို့ ခေါ်တဲ့ ပွဲအလယ်ပိုင်း ရွှေ့ကွက်တွေကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ မီဒီယာထိန်းချုပ်မှုတွေ ဖယ်ရှားပေးလိုက်တယ်။ ကိုဇာဂနာနဲ့ နိုင်ငံရေးသမားတချို့ကို လွှတ်ပေးလိုက်တယ်။ လွတ်လပ်ခြင်းအနုပညာ ပြောပြော၊ ရုပ်ရှင်ပွဲတော် ပြောပြော၊ အနုပညာနဲ့ ဘယ်လို ဆော်ပလော်တီးတီး ခွင့်ပြုထားလိုက်တယ်။ လမ်းပေါ်ထွက် ဆန္ဒပြဖို့ လူစုတာမဟုတ်ရင် ပြီးရော၊ ဒေါ်စု ဘာလုပ်မလဲ၊ လွှတ်ပေးထားလိုက်တယ် (ပါတီမှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမယ် ဆိုကတည်းက သူတို့လိုချင်တဲ့ ရွှေ့ကွက်ကို ဒေါ်စုက ရွှေ့ပေးလိုက်ပြီကိုး)၊ အိတ်ပေါက်ထဲကနေ ပြန်ထွက်ကျသွားတဲ့ DKBA ကို ပြန်ဆွဲစေ့တယ်။ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဆိုတာနဲ့ ပြည်ပအတိုက်အခံတွေကြားထဲ လိုက်မွှေတယ်။ KNU ကို အဓိက ခေါင်းတည်ပြီး အပစ်ရပ်ဖို့ ကမ်းလှမ်းတယ်။ အဲဒီအချက်တွေအားလုံးကို တချက်ချင်း တကွက်ချင်း ရွှေ့နေရင်း ကချင်နဲ့ ကရင်နီဒေသတွေမှာ စစ်ရေးအရ ထိုးစစ်ဆင်နေတာတွေကိုလည်း မရပ်မနားပဲ ဆက်လုပ်နေခဲ့တယ်။

သူတို့အချင်းချင်းကြားမှာလည်း အခုလို ရွှေ့ကွက်တွေဟာ အရင်းအနှီးများလွန်းသွားမလား၊ သိပ်ပြီး (Sacrifice) လုပ်ရာ၊ စွန့်စားလွန်းရာများကျနေမလား ဆိုတာမျိုး အငြင်းပွားနေခဲ့ကြပုံရတယ်လို့ ယူဆရပါတယ်။ ပျော့ပြောင်းတော့မယောင် သမ္မတအမည်ခံ ပုဂ္ဂိုလ်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးမှာပါ ပြောလိုက်၊ ဥပဒေအရ အရေးယူထားသူတွေပဲ ရှိပါတယ်လို့ ပြောလိုက် အမျိုးမျိုး ဗလောင်းဗလဲ ပြောခဲ့တာတွေ၊ အချိန်တိုတိုအတွင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးတဲ့ နိုင်ငံလို့ ကမ္မည်းတင်ရလောက်အောင် အခေါက်ခေါက် လုပ်နေတာတွေ၊ ကာလုံအဖွဲ့က တိုင်းပြည်တည်ငြိမ်ရေး စိတ်မချရသေးဘူးဆိုပြီး တားလို့ ကြေညာကာနီးမှ ပြန်ရုပ်သိမ်းထားရပါတယ် ဆိုတာတွေဟာ သိန်းစိန်ကိုပဲ ဒေါ်စုကို ယှဉ်ပြိုင်ဖို့ နာမည်ကောင်းတခုရအောင် တမင်လုပ်နေတာလား၊ ချီတုံချတုံ တကယ်ပဲ ဖြစ်နေကြတာလားဆိုတာ စဉ်းစားစရာပါ။

၂၀၁၁ ခု နိုဝင်ဘာလထဲမှာ မိတ်ဆွေဒေါက်တာကြီးနဲ့ ဆွေးနွေးခွင့်ရတုန်းလေးခဏက ဒေါက်တာကြီး သုံးသပ်ပြတာတွေ မှတ်မိနေပါသေးတယ်။ “ကိုပေါ်ဦးတို့ကို လွှတ်ပေးလိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်ဗျ။ ပြီးမှ ပါတီထောင်ဖို့တို့၊ ရွေးကောက်ပွဲဝင်ဖို့တို့ကို ဒေါ်စုကနေတဆင့်ပဲဖြစ်ဖြစ် စည်းရုံးသွားနိုင်တယ်။ ကိုပေါ်ဦးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ဒီကောင်တွေ ကြိုးဆွဲရာ မကလောက်ဘူး မျှော်လင့်ရတာပါပဲ။ ခက်တာက ခုအခြေအနေမှာ ဘယ်သူ့ဘယ်သူကိုမှ အရမ်းကြီး ကြိုတွေးထားလို့ မရနိုင်တာပါပဲ။ ကျနော်တို့ရဲ့ဒေါ်စုတောင် ကြောက်စရာကောင်းလောက်အောင် ဂငယ်ကွေ့ ကွေ့ချလိုက်တာသာ ကြည့်တော့” တဲ့။

၂၀၁၂ နှစ်ဦးမှာ လျှော့ပေါ့သက်သာခွင့် ဆိုတဲ့ အမိန့်ထုတ်ပြန်ပြီးလို့ ၁၀ ရက်ဆိုတဲ့အချိန်၊ ကိုမင်းကိုနိုင်တို့ကို လွှတ်မပေးလို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုတွေ စတင်လာတဲ့အချိန်၊ တော်လှန်ရေးအဖွဲ့ကြီးအဖြစ် ၆၃ နှစ်ကာလ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ KNU နဲ့ အပစ်ရပ်ရေးစာချုပ်တွေ ချုပ်ပြီးတဲ့အချိန်၊ စစ်အုပ်စု နိုင်ငံရေးကစားခဲ့သမျှထဲမှာ ရွှေ့ကွက်အလှဆုံးနဲ့ အစွန့်စားဆုံး ဖြစ်နိုင်တယ်လို့ မှတ်တမ်းတင်ရမယ့် ကစားကွက်လို့ပဲ ပြောရမလား၊ Middle Game ကနေ ကစားကွက်အသာနဲ့ End Game ကို ကူးပြောင်းတော့မယ်လို့ ပိုင်ပိုင်နိုင်နိုင်ပဲ တွက်ဆုံးဖြတ်ခဲ့လေသလား၊ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေးသမား အများစုကို ထောင်က လွှတ်ပေးလိုက်ပါတော့တယ်။ တကွက်ချန်ထားသေးတာကတော့ သူတို့ကို နည်းလမ်းမျိုးစုံနဲ့ ထိထိရောက်ရောက် တိုက်ပွဲဝင်ခဲ့လို့ နိုင်ငံတော်ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့မှာ ပါဝင်မှု၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ ဖောက်ခွဲရေးပြုလုပ်မှု၊ လူသတ်မှု ... စတဲ့ ပုဒ်မတွေ အမျိုးမျိုးတပ် ဖမ်းဆီးထားတဲ့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ရာ ပုဂ္ဂိုလ်တွေ လွှတ်ပေးတဲ့အထဲမှာ မပါသေးတာပဲ ဖြစ်ပါတယ်။

“သမ္မတကြီး ဦးသိန်းစိန် တကယ် ငြိမ်းချမ်းရေး လိုလားပါပြီ။ အစိုးရကောင်းတရပ်ဖြစ်ဖို့ တကယ် ကြိုးစားနေတာ သေချာလောက်ပါပြီ” လို့ ထင်သူတွေ ထင်ကြတယ်။

“တွေ့လား၊ ဒေါ်စုရဲ့အရင်းအနှီးက အလကားမဟုတ်ပါဘူးကွ၊ သူ့ရဲ့ တွေ့ဆုံဆွေးနွေးမှု ဘယ်လောက် အောင်မြင်လဲ တွေ့ပြီမဟုတ်လား”

“မဟုတ်ဘူး၊ KNU နဲ့ လက်နက်ကိုင်အင်အားစုတွေက အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ အချက်တွေထဲမှာ ပါနေလို့ လွှတ်တာ”

“တခုမှ မဟုတ်ပါဘူးကွာ၊ နိုင်ငံတကာက ဒါပဲ အထပ်ထပ် တောင်းဆိုနေလို့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သွားအောင် လွှတ်ပေးလိုက်တာပါ”

ထင်ကြေးတွေ အမျိုးမျိုး ကြားနေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် မတရား အကျဉ်းကျခံနေရတာကနေ ကိုယ့်ရဲဘော်တွေ လွတ်မြောက်လာခဲ့တဲ့အတွက် အခြေအနေကောင်းတခုလို့ မှတ်ယူရမှာပါပဲ။ တိုင်းပြည်အပြောင်းအလဲဖြစ်ပြီ မဖြစ်သေးဘူးဆိုတာက ပြည်သူတွေရဲ့ လက်တွေ့ဘ၀ကနေပဲ တိုင်းတာနိုင်မယ်ဆိုတဲ့ ကျနော့်ဆောင်းပါးတခုမှာ “ကိုမင်းကိုနိုင်တို့ကို လွှတ်ကောင်းလွှတ်နိုင်တယ်၊ အရင်ကလည်း လွှတ်ပေးခဲ့ဖူးတာပါပဲ၊ သူတို့အာဏာရှိနေသမျှ ဖမ်းချင်တဲ့အချိန် ပြန်ဖမ်းနိုင်တာပဲဟာ၊ သူတို့လွတ်ခြင်း မလွတ်ခြင်းက ကျနော်တို့ လိုချင်တဲ့ အခြေအနေတွေထဲက တခုမျှသာဖြစ်ပြီး သူတို့ အဖမ်းမခံရခင်က တောင်းဆိုခဲ့ကြတဲ့အချက်တွေ ပြည်သူတွေ ခံစားရရှိနေပြီလား၊ မရသေးရင် ဘာဆက်လုပ်ကြမလဲ ဆိုတာက အဓိကဖြစ်တယ်” ဆိုတာ ရေးခဲ့ဖူးပါတယ်။ ခုလည်း ဒီအချက်ကိုပဲ ထပ်ပြောရမှာပါ။

၂၀၁၁ ခု နိုဝင်ဘာလထဲမှာ မိတ်ဆွေဒေါက်တာကြီးနဲ့ ဆွေးနွေးခွင့်ရတုန်းလေးခဏက ဒေါက်တာကြီး သုံးသပ်ပြတာတွေ မှတ်မိနေပါသေးတယ်။ “ကိုပေါ်ဦးတို့ကို လွှတ်ပေးလိမ့်မယ်လို့ ကျနော်ကတော့ ထင်တယ်ဗျ။ ပြီးမှ ပါတီထောင်ဖို့တို့၊ ရွေးကောက်ပွဲဝင်ဖို့တို့ကို ဒေါ်စုကနေတဆင့်ပဲဖြစ်ဖြစ် စည်းရုံးသွားနိုင်တယ်။ ကိုပေါ်ဦးနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ ဒီကောင်တွေ ကြိုးဆွဲရာ မကလောက်ဘူး မျှော်လင့်ရတာပါပဲ။ ခက်တာက ခုအခြေအနေမှာ ဘယ်သူ့ဘယ်သူကိုမှ အရမ်းကြီး ကြိုတွေးထားလို့ မရနိုင်တာပါပဲ။ ကျနော်တို့ရဲ့ဒေါ်စုတောင် ကြောက်စရာကောင်းလောက်အောင် ဂငယ်ကွေ့ ကွေ့ချလိုက်တာသာ ကြည့်တော့” တဲ့။

ဟုတ်ပါတယ်။ အခြေအနေက ၀ိုးတ၀ါးရာသီလို ဖြစ်နေတဲ့အတွက် ဘာကိုပဲဖြစ်ဖြစ် ကြိုတင်ခန့်မှန်းလို့ မရနိုင်တော့ဘူးဆိုတာမျိုး ပြောရမလိုဖြစ်နေပါပြီ။ စစ်အုပ်စုရဲ့အခြေအနေကို ခန့်မှန်းတွက်ချက်တဲ့နေရာမှာ အင်မတန် ထောင့်စေ့လေ့ရှိတဲ့ “ဗကပ” က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး မဖြစ်နိုင်ဘူးဆိုတာမျိုး သုံးသပ်ချက်ထွက်ပြီး ၅ ရက်မပြည့်ခင်မှာပဲ ကိုပေါ်ဦးတို့ကို လွှတ်ပေးလိုက်တာကို ကြည့်ရင် ခန့်မှန်းရခက်မယ့် ၀ိုးတ၀ါးရာသီဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် “ဗကပ” ရဲ့ မမှားနိုင်တဲ့ သုံးသပ်ချက်ကိုလည်း သတိပြုမိကြဖို့တော့ လိုမယ်ထင်ပါတယ်။ အဲဒါက “နိုင်ငံရေးအကျဉ်းသားဆိုတာ အာဏာရှိသူက နိုင်ငံရေးအရ ပြန်ပေးဆွဲထားတာဖြစ်တယ်။ နိုင်ငံရေးစုဘူး ဖြစ်တယ်။ လိုသလောက် ထုတ်သုံးမှာ ဖြစ်တယ်။ သူတို့တောင်းတဲ့ကြေး မပေးရင် လွှတ်မှာမဟုတ်ဘူး” ဆိုတာပဲဖြစ်ပါတယ်။ စစ်အုပ်စု လိုချင်တဲ့ကြေး (အချက်အလက်တွေ) ရသွားလို့ လွှတ်ပေးလိုက်တာပါ။ ဘယ်သူတွေဆီက ရသွားခဲ့လဲ၊ ဘာအချက်တွေရသွားလဲ၊ တကယ်လို့ အဲဒီအချက်တွေ ပြန်ဆုံးရှုံးမယ်ဆိုရင် ခုလွှတ်ပေးလိုက်တဲ့ သူတွေကိုရော တခြားသူတွေကိုရော ပြန်ဖမ်း မဖမ်းဆိုတာ သတိထားစရာပါ။ နောက်တချက်က စစ်အုပ်စုရဲ့ အခြေခံစရိုက်လက္ခဏာနဲ့ နောက်ကွယ်က ထောက်တိုင်တွေအကြောင်း ပြောထားတဲ့အချက် ဖြစ်ပါတယ်။ “တပ်ပြိုကွဲအောင် မလုပ်နဲ့၊ စစ်အာဏာရှင်စနစ် ယိမ်းယိုင်အောင် မလုပ်နဲ့၊ အာဏာပြိုင်မလုပ်နဲ့” လုပ်ရင် အောင်ကြီး၊ ခင်ညွန့်တို့လို ဇာတ်တူသားတောင် စားတာ၊ မတတ်သာလို့ ချစ်ဟန်ဆောင်နေသူရတွေ လောက်ကိုတော့ ဆိုဖွယ်ရာမရှိပါဘူး။

ဒီလိုအချက်တွေနဲ့ ၀ိုးတ၀ါးအခြေအနေတွေကို ဒေါ်စုလည်း တွေးမိပုံရပါတယ်။ စစ်ယူနီဖောင်းဝတ်တွေနဲ့ ယူနီဖောင်းချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေကြားထဲ မြေခွေးတွေ ကြားရောက်နေတဲ့ ယုန်သူငယ်လိုမျိုး လွှတ်တော်တက်ရမယ့် အခြေအနေမတိုင်ခင် ရွေးကောက်ခံကြရမယ့် အခြေအနေကိုတောင် တွေးပူနေတဲ့သဘော ရှိနေပါတယ်။ ဒေါ်စု ၀င်ပြိုင်ဖို့ ရန်ကုန်မြို့ပြင် မြစ်တဘက်ကမ်းက ကော့မှူးမြို့နယ်ကို ရွေးချယ်ထားတာ ကြည့်ပါ။ ပြည်သူလူထုကိုပဲဖြစ်ဖြစ်၊ အခြေအနေတွေကိုပဲဖြစ်ဖြစ် ယုံကြည်မှုရှိပါတယ်ဆိုရင် ဒေါ်စုအတွက် နေရာတိုင်း ကိုယ့်မြို့ကိုယ့်ရွာပဲ မှတ်တယ် ဖြစ်နေရမှာပါ။ (၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က အခြေအနေတွေကို သတိရနေမိပါတယ်ဗျာ)။ ဆိုတော့ … ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာ ကျင်းပဖြစ်၊ ဒေါ်စုနဲ့ NLD ပါတီဝင်တွေ ကြံ့ဖွတ်လွှတ်တော်ကြီးထဲရောက်၊ တရားဥပဒေစိုးမိုးရေးကို အလေးထားမယ်ဆိုတဲ့ ဒေါ်စုနဲ့ နောက်ကွယ်က ထောက်တိုင်တွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးမယ့် စစ်တပ်ကိုယ်စားလှယ်တွေ အာဏာပြိုင် ဆိုတာတွေ ဖြစ်လာမလား။ (သေချာတာတော့ ဒေါ်စုက “နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်၊ ကျွန်မကို နိုင်တဲ့ မယားနိုင်မင်းတော့ ဖြစ်မှာ ဧကန်ပင်” ဆိုတဲ့ သီချင်းလို၂၀၀၈ ကြံ့ဖွတ်ဖွဲ့စည်းပုံအရ သမ္မတနဲ့ ဒုတိယသမ္မတနေရာတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်။ စစ်အုပ်စု ကြိုတင်စီစဉ်ထားမယ့် အလှူခံဝန်ကြီးတနေရာထက် ပိုပြီး ဖြစ်လာမယ်မထင်ပါ)။

လွတ်လာတဲ့ ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကရော ဘာတွေ ဆက်လုပ်ကြမှာလဲ။ အများပြည်သူ မျှော်လင့်ကြိုဆိုနေတဲ့အတိုင်း ပြည်သူရှေ့ကနေ ဦးဆောင်တိုက်ပွဲဝင်ပေးမယ့်သူတွေအဖြစ် ဆက်ရပ်တည်နိုင်ကြပါဦးမလား။ တိုင်းပြည်ချောက်ထဲကျတော့မယ့် အခြေအနေတွေ ပြန်ဖြစ်လာလို့ လက်နှစ်လုံးအလိုမှာ ကယ်တင်လိုက်ရပြန်ပါပြီဆိုပြီး စစ်တပ်က အာဏာသိမ်းပြန်တာမျိုး၊ လူတွေ ပြန်ဖမ်းတာမျိုးတွေ ကြုံရဦးမလား။ ဘယ်သူမှ အတတ်ပြောနိုင်မှာမဟုတ်ဘဲ ငြင်းခုန်နေကြရဦးမယ့် ၀ိုးတ၀ါးရာသီမျိုးပေါ့။

ခရီးရှည် … သို့မဟုတ် ဆက်ရှိနေဦးမှာဖြစ်တဲ့ တော်လှန်ရေး 

KNU တဖွဲ့လုံးနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးလိုက်ကြပြီ၊ ABSDF ကိုတောင် အပစ်ရပ်ရေး ဆွေးနွေးဖို့ ကမ်းလှမ်းလာပြီ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာကြပြီ ... စသည်ဖြင့် သတင်းတွေ ဆူညံပွက်လောရိုက်ပြီး ကြားရသူတိုင်း ပျော်ရွှင်နေတဲ့အချိန်မှာ ကျနော်က (ထူးထူးခြားခြားကို) စိတ်မကောင်းဖြစ်နေမိပါတယ်။ စစ်အုပ်စု စိတ်တိုင်းကျ ကစားကွက်ခင်းနေတဲ့ အခြေအနေ၊ ထောင်တွေထဲမှာ ကျန်နေသေးတဲ့ ရဲဘော်တွေ၊ KNU က အပစ်ရပ်လိုက်တော့ ကချင်တွေတော့ ဖိတိုက်ခံရတော့မှာပဲ ဆိုတဲ့အတွေး၊ မနည်း မာန်တင်းရပ်တည်နေရတဲ့ ကျောင်းသားတပ်မတော်အပေါ် အနည်းနဲ့အများ ဆိုသလို ရှိလာမယ့် သက်ရောက်မှုတွေ ... စသည်ဖြင့်ပေါ့လေ။

ထောင်ထဲမှာ တယောက်တည်း တိုက်ပိတ်ခံထားရတဲ့ ရက်တွေတုန်းကတောင် အဲဒီနေ့လောက် တခါမှ ထိုင်မတွေးဖြစ်ခဲ့ဖူးပါဘူး။ အဓိကကတော့ မလွတ်ဘဲ ကျန်နေခဲ့တဲ့ ရဲဘော်ရဲဘက်တွေနဲ့ သူတို့မိသားစုတွေအတွက် ကိုယ်ချင်းစာမိတဲ့ ခံစားမှုပါ။ ယုံကြည်ရာကို လုပ်ခဲ့ကြလို့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မတရားဖမ်းဆီး ထောင်ချခံကြရသူချင်းအတူတူ လွတ်သူတွေက လွတ်သွားကြတော့ ကျန်နေခဲ့သူတွေ ဘယ်လိုခံစားနေကြရမယ်ဆိုတာ တွေးကြည့်နေမိပါတယ်။ စိတ်မာတဲ့သူတွေ ဖြစ်ကြမယ်ဆိုတာ ယုံကြည်ပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ပုထုဇဉ်တွေပဲဆိုတော့ စိတ်မကောင်းဖြစ်နေကြမှာတော့ အမှန်ပါပဲ။ ၆၅ နှစ်ကျော် ထောင်ကျတဲ့သူတွေတောင် လွတ်တာ၊ ငါမောင်၊ ငါ့သား၊ င့ါယောက်ကျားလည်း လွတ်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ထောင်ပေါက်ဝနား သွားစောင့်နေပြီး နေကုန်လို့ ပါမလာတော့တဲ့အချိန်မှာ စိတ်ထိခိုက်ပြီး ပြန်ကြရတဲ့ မိသားစုဝင်တွေရဲ့ခံစားမှုကရော ဘယ်လောက်များ ကြေကွဲထိရှနေကြလေမလဲပေါ့။

“တခြားသတင်းသမားတွေလို လွတ်လာတဲ့သူတွေနောက် လျှောက်လိုက်ပြီး အင်တာဗျူးတွေ လုပ်မယ့်အစား မလွတ်ဘဲ ကျန်နေခဲ့သူတွေရဲ့ မိသားစုတွေဆီ သွားပြီး သူတို့ကို ဗျူး၊ သူတို့ခံစားမှုတွေ အကျယ်တ၀င့် ဖော်ပြတာမျိုး လုပ်သင့်တယ်” လို့ ရင်းနှီးတဲ့ သတင်းသမားတယောက်ဆီကိုတောင် ဖုန်းလှမ်းဆက်မိပါတယ်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲ ကြေညာချက်တွေ အကြိမ်ကြိမ် အမျိုးမျိုးထုတ်ပြီး အလီလီ ခွဲလွှတ်ပေးနေတာ ဘာကြောင့်လဲ။ တနိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲ ကြေညာရမယ့်အစား လူမျိုးတမျိုးချင်း၊ တဖွဲ့ချင်းကိုပဲ လိုက်ဆွေးနွေးပြီး ထိုးစစ်ဆင်တဲ့ နေရာတွေမှာ ဆင်နေတာကရော ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်နေတာလဲ။ ရိုးသားချင်ယောင်ဆောင်နေတဲ့ မြေခွေးငစဉ်းလဲရဲ့ လုပ်ဆောင်ချက်တွေဆိုတာ သတိမပေါ့လျော့ကြစေချင်ပါဘူး။

အဲဒီတော့ ဘယ်လိုပဲ ၀ိုးတ၀ါးရာသီချိန်မျိုး ဆိုပေမယ့်လို့ မောင်ချင့်ချိန် ပြောနိုင်တာတခုတော့ ရှိပါတယ်။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားစင်စစ် ဧကန်ဖြစ်မယ့်အကြောင်း သုဒ္ဓေါဓနမင်းကြီးရှေ့မှာ ကွဏ်းတင်္ညက လက်ညှိုးတချောင်းတည်း ထောင်ပြီး ဟောခဲ့သလို မောင်ချင့်ချိန်ကလည်း ညာဘက်လက်သီးဆုပ်ကို လေထဲ ဆန့်တန်းမြှောက်ပြီး ပြောလိုက်ပါ့မယ်။ “ကျနော်တို့ တော်လှန်ရေး မပြီးသေးပါဘူး။ ဆက်တိုက်ကြရဦးမှာပါ” လို့။

သေချာပါတယ်။ စစ်အုပ်စုမှာ အခြေခံရိုးသားမှုမရှိတဲ့အတွက် တိုင်းရင်းသားတွေနဲ့ အပစ်ရပ်လည်း ခဏပဲ ဖြစ်မှာပါ။ ပြည်တွင်းမှာ ဥပဒေတွင်းတိုက်ပွဲထဲ ရပ်မယ်ဆိုတဲ့သူတွေအတွက် လုပ်ပိုင်ခွင့်ကလည်း အကန့်အသတ်တွေနဲ့ ပြန်ဖြစ်လာမှာပါ။ စစ်အုပ်စုရဲ့ End Game ကစားကွက်တွေဟာ ၁၉၇၄ ဖွဲ့စည်းပုံ ခိုင်သွားတဲ့အချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အမည်ခံပြီး စစ်တပ်ကြီးစိုးရေး လုပ်ခဲ့သလို ရွှေ့ကွက်တွေ ဖြစ်လာတော့မှာပါ။ ၁၉၈၈ ခုနှစ်ကျမှ လူထုအရေးတော်ပုံကြီး ဖြစ်လာပြီး မဆလကို ဖြုတ်ချနိုင်တာမျိုး ဖြတ်သန်းကြရဦးမယ့် အချိန်ကာလကို ခန့်မှန်းနိုင်ဖို့ခက်မှာဖြစ်တဲ့အတွက် ခရီးအရှည်ကြီး ချီတက်ကြရတော့မယ်လို့ပဲ ဆိုရမှာပါ။

“ရေရှည်မြှုပ်နှံ၊ အခွင့်အခါကောင်းကို စောင့်” ဆိုတဲ့ ဗကပရဲ့ UG သီအိုရီကို ကျင့်သုံးကြဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ ယုံကြည်ချက်တွေ ယိုင်လဲမသွားဖို့ လိုပါတယ်။ ပြည်သူတွေကို နှစ်ပေါင်းများစွာ အနိုင်ကျင့် နှိပ်စက်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်ကောင်တွေနဲ့ သမားယိုးကျ စစ်ပြေငြိမ်းသွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကျနော်တို့ ဆက်တိုက်ကြရဦးမှာပါ။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်အချိန်မှာ တိုက်ကြမလဲ။ ဘယ်သူတွေက ရန်သူနဲ့ အကြွင်းမဲ့ ပူးပေါင်းသွားပြီး ရန်သူလေးတွေ ပြန်ဖြစ်လာမလဲ။ ဘယ်သူတွေက ရန်သူ့ရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတဲ့အတိုင်း ပူးပေါင်းတိုက်ပွဲဝင်လာကြမလဲဆိုတာ ဖြတ်သန်းကြရဦးမယ့် ခရီးရှည်အပေါ်ကနေ စောင့်ကြည့် ဆုံးဖြတ်ကြရတော့မှာပဲ ဖြစ်ပါတယ်။

အရာရာ ပေးဆပ်ခဲ့ပြီးဖြစ်သော ရဲဘော်များ၊ ပြည်သူများအတွက် မည်သည့်အခြေအနေကမှ ပြေငြိမ်းကျေအေးအောင် မစွမ်းဆောင်နိုင်ပါ။

မောင်ချင့်ချိန်

No comments: