Saturday, January 21, 2012

မြန်မာအစိုးရတပ် ခမရ (၃၂၁) က တရုတ်နိုင်ငံသား တဦးကို သတ်ဖြတ်


ပစ်သတ်ခံရသူ ။ ။ ဦးလဖိုင်ဇော်လောန် (Lahpai Zau Lawn)

အသက် ။ ။ ၅၃ နှစ်

အခင်းဖြစ်နေ့ ။ ။ ၁၂-၁-၂၀၁၂ (ကြာသပတေးနေ့) မြန်မာစံတော်ချိန် ည ၁၁ နာရီခန့်

နေရာ ။ ။ လွယ်လုံးကျေးရွာ၊ လွယ်လင်မြို့နယ်၊ လုံချွမ်ခရိုင်၊ ဒေဟောင် ကချင်နှင့်ရှမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ။

ကျူးလွန်သူ ။ ။ မုဘွမ်စခန်းရှိ မြန်မာစစ်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက် ရွှေညောင်ပင် နယ်မြေခံတပ်ရင်း ခမရ(၃၂၁) စစ်သားများ

ဖြစ်စဉ်အကျဉ်း

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒေဟောင် ကချင်နှင့်ရှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လုံချွမ်မြိုနယ်၊ လွယ်လင်မြို့နယ်၊ လွယ်လုံး ကျေးရွာ ရှိ အသက် (၅၃) နှစ်အရွယ် တရုတ်နိုင်ငံသား ကချင်အမျိုးသား လဖိုင်ဇော်လောန်သည် ရွာအနောက်ပိုင်းရှိ သူ၏စောကော့ခြံမှ အိမ်အ ပြန် လမ်းတွင် နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသော မုဘွမ်စခန်းမှ ခမရ (၃၂၁) မြန်မာအစိုးရစစ်သားများမှ ပစ်သတ်ခံရသည်။

ဇန်န၀ါရီလ ၁၂ ရက် မြန်မာစံတော်ချိန်ည ၁၁ နာရီခန့် နယ်စပ်နှင့် လွယ်လုံးရွာကြား တောအုပ်တွင် ထိုသို့ ဖြစ်ပွားခဲ့သည်။

ဆလန် ဇော်လောန်သည် ရင်ညွှန့်တွင် သေနတ်ဒဏ်ရာ ၄ ချက်၊ ဦးခေါင်း နှောက်စေ့ပိုင်းတွင် သေနတ်ဒဏ်ရာ ၂ ချက်၊ မျက်နှာတွင် သေနတ်ဒင်ဒဏ်ရာများဖြင့် သေဆုံးနေသည်။

အလောင်းအား ပစ်သတ်သည့်နေရာမှ လမ်းမအောက်ဘက် တစ်ဖာလုံအကွာအထိ ဆွဲချ၍ စွန့်ပစ်သွားကြသည်။

အလောင်းဆွဲချသွားသည့်လမ်းကြောင်းတွင် ထောင်မိုင်းတစ်ခု၊ ပစ်သတ်သည့်နေရာတွင် တပ်သုံး ဆွယ်တာဦးထုပ် တစ်လုံးရှိနေကာ ထိုဦးထုပ်အနီး နောက်ထပ် ထောင်မိုင်းတစ်ခု ထောင်ထားသည်။ ယခုချိန်ထိ ထိုထောင်မိုင်းများကို တရုတ်အစိုးရမှ မဖယ်ရှားသေးပါ။

အလောင်းကို ဇန်န၀ါရီလ ၁၄ ရက်တွင် လွယ်လုံးရွာသားများတွေ့ရှိကာ တရုတ်အာဏာပိုင်များထံ အကြောင်းကြားအပ်နှံလိုက်သည်။ သက်ဆိုင်ရာက စစ်ဆေးကြပြီးနောက် ထို့နေ့ညနေ ၄ နာရီတွင် မီးသင်္ဂြိုလ်လိုက်သည်။


 မုဘွမ် (Mu Bum)မှ မြန်မာစစ်သားများသည် စားနပ်ရိက္ခာကို တရုတ်နိုင်ငံမှ သယ်ယူနေကြသည်။ ထိုနေ့ညတွင် ခမရ (၃၂၁) က စစ် သား များသည် ရိက္ခာသယ်ရန် တရုတ်ဘက်ခြမ်း ၀င်ရောက်လာကြစဉ် လဖိုင်ဇော်လောန်ကိုမြင်တွေ့လိုက်ရကာ ဖမ်းဆီး ပစ်သတ်ခဲ့ သည် ဟု ယူဆကြသည်။ လွယ်လုံးကျေးရွာသည် နယ်နိမိတ်မှ ၄ မိုင်အကွာတွင်တည်ရှိသည်။ ပစ်သတ်သည့်နေရာမှာ နယ်စပ် မုဘွမ်စခန်းမှ ၃ မိုင်ခန့် အကွာအဝေးရှိသည်။

KIA တပ်မဟာ ၃ ဒေသရှိ မုဘွမ်စခန်းကို မြန်မာစစ်တပ်ကသိမ်းပိုက်စခန်းချလာပြီးနောက် ၁၉၉၂ ခုနှစ်၌ နယ်စပ်တစ်လျှောက်တရုတ် နိုင်ငံဖက်ခြမ်း၌ နွားကျောင်းယင်း မြေမြုပ်မိုင်းနင်းမိ၍ ဒဏ်ရာရသည့် လွယ်လုံးရွာသား ဆလန်မရူလဂျုံး (Maru Lagyung) အား မြန်မာ စစ်တပ်မှ အလောင်းဖျောက်လိုက်သေးသည် ဟု ရွာသားများပြောသည်။

ယမန်နှစ် အောက်တိုဘာ ၂၈ ရက်တွင် မုဘွမ်တောင်ခြေအနီးရှိ မြန်မာနိုင်ငံဘက်ခြမ်းမှ ခိုင်ဘန် ကချင်ရွာသား ၃ ဦးကို မြန်မာ စစ်သား များ ဖမ်းဆီးသွားစဉ် ခင်ပွန်းသည်နှင့် ခင်ပွန်းသည်၏ဖခင်မှာ ထွက်ပြေးလွတ်မြောက်၍ ဇနီးဖြစ်သူဆွမ်လွတ်ရွယ်ဂျားသည် မုဘွမ်စခန်းသို့ ရောက်ရှိသွားပြီး ယနေ့အထိ ပျောက်ဆုံးနေသည်။

မုဘွမ်စခန်းတွင် အမျိုးသမီး ၄ ဦး အမြဲရှိနေတတ်သော်လည်း အောက်တိုဘာ ၃၁ ရက် နောက်ပိုင်းတွင် ရွယ်ဂျားကိုစခန်းထဲ မတွေ့မိ၍ အသတ်ခံရနိုင်သည်ဟု ယူဆကြသည်။ ယခုချိန် ထိုတပ်၌ ကျန်နေသေးသည့် အမျိုးသမီး ၃ ဦးမှာ ပလောင် စကားပြောဆိုကြသည်ဟု ထိုစစ်စခန်းအနီး ချဉ်းကပ်ချောင်းမြောင်းခဲ့သည့် ဒေသခံများပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် မုဘွမ်မှ မြန်မာစစ်သားနှစ်ဦးမှာ မိုင်းတစ်ခု၊ ပလိုင်းတစ်ခုစီဖြင့် တရုတ်ဘက်ခြမ်း လွယ်လုံး ကျေး ရွာ ကြံခင်းတွင် ပုန်းခိုနေကြသည်ကို ရွာသားများတွေ့ရှိကာ ၀ိုင်းဝန်းဖမ်းဆီး၍ တရုတ်အာဏာပိုင်များထံ အပ်နှံလိုက်ကြသည်။


KNG

No comments: