Wednesday, January 25, 2012

ချင်းတွင်းမြစ်နှင့် ဥရုမြစ်အတွင်းသွား ရှော်တယ်များ ရေကြောင်းကျပ်၍ အချို့နေရာများတွင် ခရီးသည်များ ဆင်းတွန်းရ


4433
ဥရုမြစ်တွင်းသွား ရှော်တယ်တစ်စင်း ရေကြောင်းကျပ်၍ သောင်တင်ပြီးနောက် ခရီးသည်များ ဆင်း၍ တွန်းနေစဉ်
ချင်းတွင်းမြစ်နှင့် ဥရုမြစ်အတွင်း သွားလာနေသော ရှော်တယ်များသည် မြစ်အတွင်း ရေကြောင်းကျပ်သောကြောင့် အချို့နေရာများတွင် ခရီးသည်များမြစ်အတွင်းသို့ ဆင်းတွန်း ခဲ့ကြရသည်ဟု သိရှိရပါသည်။
“ကျွန်တော်တို့အထက် ဆယ်စင်းဘက်ကပြန်လာတာ လမ်းမှာ ရေကြောင်းမကောင်းတော့ ဆင်းတွန်း ကြရတယ်။ ဒီလိုရေနည်းကာလမှာ ဆို ဥရုမြစ်အတွင်းမှာက ရေကြောင်း က တော်တော်လေးကျပ်တယ်။ ကုန်မော်တော်ကြီးတွေဆိုရင် ဥရုမြစ်ဝမှာ ရှော်တယ်၊ စက်လှေအသေးလေးတွေ နဲ့ ကုန်တွေကိုကဲ့ပြီးမှ ဥရုမြစ်ထဲကို ၀င်ကြရတယ်။ ဥရုမြစ်ဖျားမှာရှိတဲ့ ကျောက်လုပ်ငန်းနဲ့ မြစ်လယ်မှာရှိတဲ့ ရွှေလုပ်ငန်းတွေကြောင့် ဥရုမြစ်က ပျောက်ဆုံးလု နီးပါးဖြစ်နေတာ အတော်ကိုကြာပါပြီ။ အရင်ကဆိုရင် ဥရုမြစ်ဖျားမှာ မြစ်ကြောင်းကိုလွှဲပြီး ကျောက်ရှာကြတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်”ဟု အဆိုပါဒေသမှ ပြန်လာသူတစ်ဦးက ပြောကြားခဲ့သည်။
ချင်းတွင်းမြစ် အတွင်းတွင်လည်း  မုံရွာတံတားအနီးရေကြောင်း၊ ကနီ မြို့အနီးမှ ရေကြောင်း၊ မင်းကင်းမြို့ အနီးမှရေကြောင်း၊ မော်လိုက်မြို့ အနီးမှရေကြောင်း၊ ရိုးလာရေကြောင်း၊ ဟုမ္မလင်းမြို့ရှေ့မှ ရေကြောင်းများ နှင့်အထက်ပိုင်းတွင်လည်း ရေကြောင်း ကျပ်သည့် နေရာအများအပြား ရှိသေးသည်ဟု သိရှိရပါသည်။
“ကျွန်တော် ပြန်လာခဲ့တုန်းက ရေကြောင်းက တော်တော်ကျပ်တယ်။ ရှော်တယ်က သောင်ပေါ်ကို တစ်စင်းလုံးတင်သွားတာ တစ်နာရီကျော်ကျော်လောက် ကြာတယ်။ ဒါတောင်ရှော်တယ်ပေါ် မှာ ရာဂဏန်းလောက်ပါခဲ့လို့။ ဒါမှ မဟုတ်ရင် မလွယ်ဘူး။ မှုန်အိုးနဲ့ သဲတွေကိုစုပ်ထုတ်ပြီး၊ ရှော်တယ်ကို သောင်တင်တာ ပြန်ကျအောင် လုပ်ကြရတာ။ ခုတော့ လူအားနဲ့ပြီးသွားတယ်။ တကယ် မြစ်လယ်ကောင်မှာ သောင်တင်ပြီး ရေလယ်မှာဆင်းတွန်း ခဲ့ကြရတာပါ”ဟု အဆိုပါဒေသမှ ပြန်လာသူကလေးမြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
ချင်းတွင်း မြစ်ကြောင်း ရေလမ်းကောင်းမွန်ရေး အတွက် ကုမ္ပဏီများသို့ ရေလမ်းထိန်းသိမ်းရန် လုပ်ကွက်များ ချပေးခဲ့သော်လည်း ကုမ္ပဏီများမှ ရွှေလုပ်ငန်းကို ဇောင်းပေးလုပ်ခဲ့ပြီး ရေလမ်းများပိုမို ပျက်စီးခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဓါတ်ပုံ- အောင်သူထွန်း (ကလေးမြို့)

No comments: