by Myat Thi Ha on Thursday, January 12, 2012 at 5:05pm
By featured, အေးချမ်းမြေ့ on January 12, 2012 4:26 pm in သူ့အတွေး သူ့အမြင်
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာလူထုအတွက်တော့ ဘရန်း (Brand) တခုဖြစ်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ်၊ ဘာပြောပြော၊ ဘာမှမလုပ်ဘဲ နေချင်လည်းနေသူဟာ ဘရန်းတခု ဖြစ်သွားပြီလို့ ဆိုချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုတော် သရုပ်ဆောင် ချစ်သုဝေ (ဓာတ်ပုံ - ဇာဂနာ facebook မှ)
ရန်ကုန်မြို့ ပြည်လမ်းမပေါ်က တော်ဝင်ပလာဇာမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် လာမှာမို့လို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးဟာ သူ့ကို တွေ့ရဖို့ မသေချာပါဘူး။ ကားပေါ်က ဆင်းတယ်ဆိုတာနဲ့ ဓာတ်လှေခါးထဲ တန်းဝင်ပြီး အပေါ်ထပ်ကို တက်မှာဖြစ်ပါတယ်။ ကားပါကင်နေရာအထိလည်း လူတွေကို ဝင်ခွင့်ပေးတာ မဟုတ်ပါဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရဖို့တောင် မသေချာတဲ့ လူအုပ်ကြီးဟာာ ဘာဖြစ်လို့ အပင်ပန်းခံ စောင့်နေရတာလဲ ဆိုတဲ့ မေးခွန်းမေးစရာ ရှိလာပါတယ်။ အခန်းအနားတိုင်း၊ ပွဲတိုင်း၊ သူသွားတဲ့ နေရာတိုင်းမှာ ဒါမျိုးတွေကြုံရတယ်လို့ သိရပါတယ်။
အခုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘာလုပ်တာ၊ ဘာပြောတာထက်၊ ရွေးကောက်ပွဲ ဝင်လိုက်ပြီ၊ နိုင်ငံရေး ပါတီအဖြစ် တရားဝင်မှတ်ပုံတင်လိုက်ပြီ ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည် ဆိုတာကိုပဲ လူတွေပိုစိတ်ဝင်စား နေတာ တွေ့ရပါတယ်။ NLD ဆိုတာဟာလည်း NLD မဟုတ်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပဲ ဖြစ်လို့နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေ၊ ပြောဆိုမှုတွေကို ပြည်တွင်း ပြည်ပ နိုင်ငံရေးနယ်ပယ်၊ မီဒီယာနယ်ပယ်က ဝေဖန်တာ၊ ကန့်ကွက်တာ၊ ဆန့်ကျင်တာ၊ တချို့ဆို ပယ်ပယ်နယ်နယ် မကောင်းပြောတာမျိုးတွေ ရှိနေပေမယ့် လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်လုပ်၊ ဘာပြောပြော ကြည်ညို လေးစား၊ ချစ်ခင်နေတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည်ဟာ ဘရန်း တခုလို့ ပြောမိတာပါ။
ပုဂံမှာ၊ ပခုက္ကူမှာ၊ မိထ္ထီလာမှာ တွေ့လိုက်ရတဲ့ အဖြစ်အပျက်တွေကလည်း ဒီလို ပြောချင်စရာဖြစ်အောင် တွန်းပို့လို့ နေပါတယ်။
ပုဂံနဲ့ ပခုက္ကူမှာဆို ထမင်းဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေနဲ့ ပြည့်နေတာ တွေ့ရ ပါတယ်။ တချို့ဆိုင်တွေဆို ဒေါ်အောင်ဆန်းစုကြည် လာလည်တုန်းက တွဲရိုက်ထားတဲ့ ပုံတွေကို ဂုဏ်ယူစွာ ပုံကြီးချဲ့ ချိတ်ဆွဲထားတာပါ။ မိထ္ထီလာမှာဆိုရင်လည်း ကွမ်းယာဆိုင်မှာတောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို အမျိုးမျိုး အနေအထားနဲ့ ချိတ်ထားတာ တွေ့ရ ပါတယ်။
ရန်ကုန်နဲ့ အနီးတဝိုက်ကတော့ ပိုစတာဆိုင်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေ တင်ထားပါတယ်။ အလှူနဲ့ ကထိန်ခင်းရာမှာတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံက မလွတ်ပါဘူး။ ပိုစတာတင်မကဘူး သော့ချိတ်တွေ၊ ပြက္ခဒိန်တွေမှာပါ ဒေါ်အောင်ဆန်းစုကြည်က နေရာယူထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရုပ်ရှင် မင်းသမီးလည်း မဟုတ်ပါဘဲ ရုပ်ရှင်မင်းသမီး တယောက်ထက်ကို လူတွေရဲ့ အားပေး ချစ်ခင်မှုကို ခံနေရတာပါ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေတောင် သူနဲ့ အတူ ဂုဏ်ယူစွာ ဓာတ်ပုံ တွဲရိုက် ချင်ကြတာ အများသိပြီးဖြစ်ပါတယ်။ ကြားခဲ့ရတဲ့ သတင်းတခုအရ ပွဲတပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံ တွဲရိုက်ချင် သူတွေက သရုပ်ဆောင် အကယ်ဒမီ မင်းသားတလက်ကို ကင်မရာပေးပြီး ရိုက်ပေးပါဦး ပြောတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အကယ်ဒမီ မင်းသမီး ထက်ထက်မိုးဦးရဲ့ တီဗီကြော်ငြာတွေ ကြောက်ခမန်းလိလိ ပေါက်စဉ်ကာလ ၂၀၀၁၊ ၂၀၀၂ ဝန်းကျင် တုန်းက လူတွေဟာ ထက်ထက်မိုးဦးက ကုန်ပစ္စည်းကို ကြော်ငြာနေရုံတင်မကဘူး သူကိုယ်တိုင်ကိုက ကြော်ငြာနေတဲ့ ကုန်ပစ္စည်းတခု ဖြစ်နေတာလို့ ပြောဖူးကြပါတယ်။ ထက်ထက်မိုးဦးဟာ ဘရန်းတခု ဖြစ်ခဲ့ဖူးပါတယ်။
အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရန်းတခု ဖြစ်နေပြီလို့ဆိုချင်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူနဲ့ မိတ်ကပ် လိမ်းသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင်ကို ဘယ်သူက ရွေးချယ်ပေးနေသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဘာအရောင် ဝတ်သလဲ က စလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ် Life Style ဘယ်လိုရှိလဲ၊ ဘာတွေ စားသောက်နေလဲ၊ သူ့ရဲ့ ဖက်ရှင်က ဘာလဲ ဆိုတာတွေကို လူတွေ စိတ်ဝင်စားကြတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။
အပေါ်က ထက်ထက်မိုးဦး ဥပမာကို မကြိုက်ကြဘူး ဆိုရင်တော့ နောက်ထပ် ဥပမာ ပေးလို့ရပါသေးတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံက ဥပမာပါ။ ထိုင်းနိုင်ငံမှာ ထိုင်းဘုရင်ကြီး ဘာမှ မလုပ်နိုင်ဘဲ ဒီအတိုင်း ထိုင်နေရင်တောင် အလကားနေရင်း လေစား နေကြသလိုပဲ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလိုလိုနေရင်း ဘာမှမပြောဘဲ ဒီတိုင်း ထိုင်နေလည်း လေးစား နေကြတဲ့ သဘော တွေ့ရပါတယ်။ သူ တခုခု ပြောလိုက်ရင်လည်း ဘာပြောပြော လက်ခုပ်တီး အားပေးဖို့ အသင့်ရှိနေတာ တွေ့ရပါတယ်။ ဒါ အငြင်းပွားစရာမလိုတဲ့ အချက်ပါ။
ထိုင်းဘုရင်ကြီးကို မဟုတ်မဟတ် တခုခု ပြောမိရင် ထိုင်းတွေရဲ့ ရန်ဝိုင်းတွေ့မှုကို ခံရမှာဖြစ်သလို၊ ကံမကောင်းရင် ရာဇဝတ် သင့်နိုင်သလိုပဲ ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း တခုခု လူထုရှေ့ပြောမိရင် တယောက်တချက် ဝိုင်းအားပေးကြမလား မပြောတတ်ပါဘူး။
“ဒေါ်စု၊ အမေစု၊ အန်တီစု၊ လေဒီ” စသည်ဖြင့် လူထုက ချစ်စနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ပြည်တွင်း ဂျာနယ်တွေမှာပါလာရင် ရောင်းကောင်းတယ် ဆိုတာအားလုံးအသိပါ။ ဒီ ဘရန်းက လူကြိုက်များတာကိုး။
ဒေါ်အောင်ဆန်းစုကြည်က ကယ်တင်ရှင်ကြီးမဟုတ်ဘူး၊ စနစ်တခုကို ရုတ်တရက် ပြောင်းလိုက်နိုင်တဲ့ စွမ်းအား ပိုင်ရှင်လည်း မဟုတ်ဘူး၊ အပ်ချလောင်းဆိုပြီး မြန်မာလူထု တရပ်လုံး ချမ်းသာသွားအောင်၊ မြန်မာ့စီးပွားရေး တိုးတက်ပြောင်းလဲသွားအောင် လုပ်ပေးမယ့် မျက်လှည့်ဆရာမလည်း မဟုတ်ဘူး ဆိုတာ ပြည်သူလူထုက သိပါတယ်။ ဒါကြောင့် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်တယ်၊ မလုပ်ဘူး ဝေဖန်မနေဘဲ ဒီအတိုင်း ဘရန်းတခုကို ရူးသွပ်သလို သူ့ကို လေးစားချစ်ခင် နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရှင်ကြီးလို့ ယူဆ နေရာပေးပြီး အားမလိုအားမရ ဖြစ်နေတာ၊ သူ မလုပ်ပေးနိုင်တာကို မကျေမနပ် ဖြစ်နေတာက လူတစုလောက်ပဲ ရှိလိမ့်မယ်လို့ ယူဆပါတယ်။
ကျမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘရန်းတခုလို့ ပြောလိုက်တာဟာ မလေးမစားပြုတာ မဟုတ်ပါဘူး။ လူတွေဟာ ဘရန်းကို စွဲလမ်းကြတာ အားလုံးအသိပါ။ မန်ယူ ဘာလုပ်လုပ်ကောင်းတယ် ဆိုတဲ့သူတွေ ဒုနဲ့ဒေးမဟုတ်လား။ မန်ယူ ရှုံးသွားရင် ရည်းစားပူမိသလို အိပ်မပျော်ကြတာဟာ ဘရန်းကို စွဲလမ်းတာကြောင့်လို့ ထင်ပါတယ်။ မန်ယူ မနိုင်မှန်းသိပေမယ့် မန်ယူဘက်ကပဲ လောင်းမယ်ဆိုတဲ့သူတွေ ဒုနဲ့ဒေးပါ။ ဘယ်လိုပဲ နာမည်ကြီးကားတွေ ပေါ်လာပေါ်လာ၊ အသစ်အသစ်တွေ ဘာတွေလာလာ မာစီဒီးကိုမှ စီးချင်တယ်၊ ဘောက်စ်ဝက်ဂွန်လေးပဲ စီးမယ်ဆိုတာလည်း ဘရန်းကို စွဲလမ်းတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ဟာလည်း မြန်မာလူထုကြီးက စွဲလမ်းနေတဲ့ ဘရန်းတခု၊ ဘရန်းတောင်မှ လစ်မစ်တက် ဘရန်း၊ တခုတည်းသော လစ်မစ်တက် ဘရန်း၊ ပြည်သူတရပ်လုံးက အားပေးတဲ့ ဘရန်းလို့ ဆိုချင်ပါတယ်။

No comments:
Post a Comment